(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၇၉၊ ဇန်နဝါရီလ ၉ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၁၈)
မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၄၉ )
မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၄၉ )
အောင်ဒင်၊ ဇန်န၀ါရီ ၁၃၊ ၂၀၁၃
အပိုင်း (၄၉) လွှတ်တော်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်
#လွှတ်တော်ထက် အာဏာကြီးတဲ့ ရွေးကောက်ပွဲကော်မရှင်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်ဆိုတာ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး ဥပဒေပြုအဖွဲ့အစည်းဖြစ်သလို ပြည်ထောင်စုအစိုးရအဖွဲ့၊
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့နဲ့ တန်းတူ
အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်၊ ဒါပေမည့် ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်ကြောင့်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုလွှတ်တော်ထက်
အာဏာပိုမြင့်သလို ဖြစ်နေပြန်ပါတယ်၊
၂၀၀၈
ဖွဲ့စည်းပုံအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ပြည်ထောင်စုလွှတ်တော်ရဲ့
သဘောတူညီမှုနဲ့ နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးတဲ့ ပုဂ္ဂိုလ်များနဲ့
ဖွဲ့စည်းတဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်ပြီး လွှတ်တော်အဆင့်ဆင့်
ရွေးကောက်ပွဲများ စီစဉ်ကျင်းပခြင်း၊ ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်း၊
မဲဆန္ဒနယ်များ သတ်မှတ်ခြင်း၊ မဲစာရင်းများ ပြုစု၊ ပြင်ဆင်ခြင်း၊
ရွေးကောက်ပွဲကျင်းပရန်အခြေအနေမပေးသော မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို
ရွှေ့ဆိုင်းခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွါးမှုများကို စစ်ဆေးခြင်း၊
နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်းနှင့် ကြီးကြပ်ခြင်း စတဲ့
အဓိကတာဝန်များရှိပါတယ်၊ တစ်ချိန်တည်းမှာပဲ ရွေးကောက်ပွဲကော်မရှင်မှာ
လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်များထက်မြင့်တဲ့ အာဏာတွေ ရှိနေပါတယ်၊
အဲဒီအာဏာများကတော့ ကြားဖြတ် ရွေးကောက်ပွဲများကျင်းပခြင်းနဲ့
လွှတ်တော်ကိုယ်စားလှယ်များအား စုံစမ်းစစ်ဆေးအရေးယူခြင်းတို့ ဖြစ်ပါတယ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၀၂) အရ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ၊
ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ နိုင်ငံရေးပါတီဆိုင်ရာ
ဥပဒေအရဆောင်ရွက်သော ကိစ္စရပ်များ အားလုံးအတွက်
"ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့်
ဆောင်ရွက်ချက်များသည် အပြီးအပြတ် အတည်ဖြစ်စေရမည်" လို့ပြဋ္ဌန်းထားပါတယ်၊
ဒါကြောင့် သမ္မတခန့်အပ်သော ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းထားတဲ့
ရွေးကောက်ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်များကို ရွေးကောက်ခံကိုယ်စားလှယ်များက
စောဒကတက်ခွင့် မရှိပါ၊
#ကြားဖြတ်ရွေးကောက်ပွဲများ
လွှတ်တော်သက်တမ်းတစ်ခုအတွင်းမှာ
လွှတ်တော်ကိုယ်စားလှယ်နေရာများ အကြောင်းအမျိုးမျိုးနဲ့ လစ်လပ်တတ်ပါတယ်၊
အဲဒီအခါမျိုးမှာ ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာမဲဆန္ဒနယ်မှာ
ကြားဖြတ်ရွေးကောက်ပွဲများကျင်းပပြီး လစ်လပ်နေတဲ့
လွှတ်တော်ကိုယ်စားလှယ်များကို အစားထိုးရွေးကောက်တင်မြှောက်ရမှာပါ၊ ဒါပေမည့်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာရော၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ
(၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၃) မှာပါ
ကြားဖြတ်ရွေးကောက်ပွဲများကို အချိန်အပိုင်းအခြားသတ်မှတ်ပြီး ကျင်းပပေးဖို့
ပြဋ္ဌန်းထားတာ မပါဝင်ပါ၊ ဒါကြောင့်မို့လို့ ကြားဖြတ်ရွေးကောက်ပွဲများကို
ရွေးကောက်ပွဲကော်မရှင်က ဆန္ဒရှိမှ ကျင်းပပေးပြီး ဆန္ဒမရှိရင်
မကျင်းပပဲထားနိုင်တဲ့ အခွင့်အာဏာရှိသလို ဖြစ်နေပါတယ်၊
၂၀၁၃
ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့က ကျင်းပတဲ့ ပထမအကြိမ်ပြည်သူ့လွှတ်တော်၊
သတ္တမအစည်းအဝေး၊ ဒုတိယနေ့မှာ ကြားဖြတ်ရွေးကောက်ပွဲများကျင်းပရေးအတွက်
လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် (ပုသိမ်မဲဆန္ဒနယ်) နဲ့ ဦးဖေသန်း
(မြေပုံမဲဆန္ဒနယ်) တို့ရဲ့ မေးခွန်းများကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ
ဦးတင်အေးက "ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၃၁ အရ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနေရာအချို့ လစ်လပ်နေစေကာမူ
ပြည်သူ့လွှတ်တော်လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိသည်" ဟု ပြဌန်းထားတာကို
ကိုးကားပြီး ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲများကို
"အခါအားလျော်စွာ" သတ်မှတ်ကျင်းပပေးရန် စီစဉ်ထားကြောင်း၊ ယခုအချိန်မှာ ၂၀၁၅
ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်နေရလို့
ကြားဖြတ်ရွေးကောက်ပွဲများကို "လောလောဆယ်" ကျင်းပရန် အစီအစဉ်မရှိကြောင်း
ဖြေကြားပါတယ်၊
တကယ်တော့
ပြည်သူ့လွှတ်တော် (သို့မဟုတ်) အမျိုးသားလွှတ်တော်မှာ
ကိုယ်စားလှယ်အင်အားအပြည့်တက်ရောက်လို့ဖြစ်စေ၊ ကိုယ်စားလှယ်အချို့
လစ်လပ်နေသော်လည်း သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းပြည့်လို့ဖြစ်စေ
လွှတ်တော်အစည်းအဝေးများကျင်းပနိုင်ခြင်း(သို့မဟုတ်)
မကျင်းပနိုင်ခြင်းဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်မဟုတ်ပါ၊
ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်က မဲဆန္ဒနယ်တိုင်းကို ကိုယ်စားပြုတဲ့
လူထုကိုယ်စားလှယ်များ အပြည့်အဝရွေးကောက်တင်မြှောက်ထားပြီး ဖြစ်ဖို့ပါ၊
ဒါကြောင့် ကိုယ်စားလှယ်လစ်လပ်တဲ့ မဲဆန္ဒနယ်များမှာ
ကြားဖြတ်ရွေးကောက်ပွဲများကို အမြန်ဆုံးကျင်းပပေးဖို့ တာဝန်ရှိပါတယ်၊
၂၀၁၅
ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေနဲ့ အလုပ်များနေလို့ ဆိုတာလည်း လုံလောက်တဲ့
အကြောင်းပြချက်မဟုတ်ပါ၊ ကြားဖြတ်ရွေးကောက်ပွဲများဟာ ၂၀၁၅
ရွေးကောက်ပွဲအတွက် အကြို၊ အစမ်းလေ့ကျင့်သလိုဖြစ်တာမို့
ပိုပြီးတောင်အကျိုးရှိပါသေးတယ်၊ အခုတော့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့
ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၆ခု၊ အမျိုးသားလွှတ်တော်
မဲဆန္ဒနယ် ၄ခုနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁၅ ခုမှာ
ပြည်သူလူထုကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်တွေ ဆုံးရှုံးနေရပါတယ်၊
#လွှတ်တော်ကိုယ်စားလှယ်များကို စုံစမ်းစစ်ဆေးအရေးယူခြင်း
၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှ
ပြန်လည်ရုပ်သိမ်းခွင့်ကို ပြဋ္ဌန်းထားပါတယ်၊ ပုဒ်မ (၃၉၆) ပုဒ်မခွဲ (ခ) အရ
သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုံးက
တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပါတ်သက်သည့်
တိုင်တန်းချက်ကို ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရပါမယ်၊ ပုဒ်မခွဲ (ဂ) အရ
ရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရပါမယ်၊ ပုဒ်မခွဲ (ဃ)
မှာ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ စွပ်စွဲချက်၊ စုံစမ်းစစ်ဆေးမှုကို
ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်လည်းကောင်း
ချေပခွင့်ရှိကြောင်း ပြဋ္ဌန်းထားပါတယ်၊ ပုဒ်မခွဲ (င) အရ
ရွေးကောက်ပွဲကော်မရှင်က စွပ်စွဲချက်သည်မှန်ကန်ကြောင်း၊ စွပ်စွဲခံရသူသည်
လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း သဘောရရှိလျင်
ရွေးကောက်ပွဲကော်မရှင်သည် ဥပဒေနှင့်အညီဆောင်ရွက်ရမည်လို့ ပြဋ္ဌန်းထားပါတယ်၊
ဒီပြဋ္ဌန်းချက်မှာ
ကိုင်တွယ်ကျင့်သုံးရမည့် "လွှတ်တော်ကိုယ်စားလှယ်များအား တာဝန်မှ
ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ" ကိုတော့ အခုအချိန်အထိ
ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌန်းခြင်းမရှိသေးပါ၊ ဒါပေမည့်လည်း
ဥပဒေတိုင်းဟာ နိုင်ငံတော်ရဲ့ ပင်မဥပဒေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့
ကိုက်ညီရမှာမို့ ဒီဥပဒေပြဋ္ဌန်းရင်လည်း ရွေးကောက်ခံကိုယ်စားလှယ်များအား
တိုင်တန်းချက်အရ စုံစမ်းစစ်ဆေးအရေးယူခွင့်အာဏာကို ရွေးကောက်ပွဲကော်မရှင်ထံ
အပ်နှံရမှာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်ဟာ အပြီးအပြတ်
အတည်ဖြစ်မှာပါ၊ ရွေးကောက်ခံကိုယ်စားလှယ်များနဲ့ ပါတ်သက်ပြီး လွှတ်တော် အသီးသီးမှာ
လွှတ်တော်ကိုယ်စားလှယ်များပါဝင်တဲ့ ကျင့်ဝတ်ကော်မတီများ ဖွဲ့စည်းလို့
စုံစမ်းစစ်ဆေး၊ အရေးယူရမည့် အစား သမ္မတခန့်အပ်တဲ့ ကော်မရှင်ကို
အာဏာအပ်နှင်းထားတာမို့ ရွေးကောက်ပွဲကော်မရှင်ဟာ
လွှတ်တော်ကိုယ်စားလှယ်များရဲ့ ကံကြမ္မာကို ဆုံးဖြတ်နိုင်တဲ့ အာဏာရှိနေပါတယ်၊
#အာဏာပိုင်အဖွဲ့အစည်းတစ်ခု
၂၀၀၈
ဖွဲ့စည်းပုံအရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော်သမ္မတထံ၊
ဥပဒေပြုအာဏာကို ပြည်ထောင်စုလွှတ်တော်ထံ နဲ့ တရားစီရင်ရေးအာဏာကို ပြည်ထောင်စု
တရားလွှတ်တော်ချုပ်ထံ အပ်နှံထားတယ်လို့ ဆိုပါတယ်၊
ဒါပေမည့်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံရေးပါတီများကို ဖွဲ့စည်းခွင့်၊
ဖျက်သိမ်းခွင့်၊ မဲဆန္ဒနယ်များ သတ်မှတ်ခွင့်၊ ပြင်ဆင်ခွင့်၊
ကြားဖြတ်ရွေးကောက်ပွဲများကို ကျင်းပခွင့်၊ ရွှေ့ဆိုင်းခွင့်၊
လွှတ်တော်ကိုယ်စားလှယ်များကို စုံစမ်းစစ်ဆေးခွင့်၊ အရေးယူခွင့်တွေနဲ့၊
အဲဒီကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာလည်း အပြီးအပြတ် အတည်ဖြစ်တာမို့
ဗဟိုအာဏာပိုင်အဖွဲ့အစည်း တစ်ခုဖြစ်နေပါတယ်၊ ရွေးကောက်ပွဲကော်မရှင်ကို
အခုလောက် အာဏာများ များအပ်နှင်းထားခြင်းဟာ လွှတ်တော် အသီးသီးနဲ့
လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများရဲ့ အခန်းကဏ္ဏကို
သေးသိမ်စေသလို "နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်" လို့
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၈)၊ ပုဒ်မခွဲ (ခ) မှာ အတိအလင်းပြဋ္ဌန်းထားတဲ့
"ပြည်ထောင်စုတရားလွှတ်တော်ချုပ်" ရဲ့ တရားစီရင်ရေးအာဏာကို လည်း အားနည်းစေပါတယ်၊
#သမာသမတ်ကျခြင်း၊ မကျခြင်း
၂၀၁၄
ခုနှစ်အတွင်းမှာ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေးနဲ့ ပါတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ကြမှာပါ၊
လွှတ်တော်ကိုယ်စားလှယ်အများစုက ထောက်ခံတဲ့ အချက်တွေကို ပြင်ဆင်ဖို့
ဥပဒေကြမ်းတင်တာတွေ၊ မဲခွဲဆုံးဖြတ်တာတွေ လုပ်ကြမှာပါ၊ လက်ရှိဖွဲ့စည်းပုံအရ
ဖွဲ့စည်းပုံပြင်ဆင်ရာမှာ ပြည်ထောင်စုလွှတ်တော်ရဲ့ ကိုယ်စားလှယ်စုစုပေါင်းရဲ့
၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှ ပြင်ဆင်လို့ရမှာပါ၊
ပြည်ထောင်စုလွှတ်တော်မှာ လိုအပ်တဲ့ ၇၅
ရာခိုင်နှုန်းကျော်ထောက်ခံမဲရရင်တောင်မှ " ပုဒ်မ ၅၉ (ဃ)၊
၅၉(စ)" လို နိုင်ငံတော်သမ္မတအရည်အချင်းနဲ့ ပါတ်သက်တဲ့ ပြဋ္ဌန်းချက်အပါအဝင်
အချို့ပုဒ်မတွေအတွက် လူထုဆန္ဒခံယူပွဲကျင်းပရမှာဖြစ်ပြီး
မဲဆန္ဒပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ထောက်ခံမှ ပြင်ဆင်ခြင်း
အတည်ဖြစ်မှာပါ၊ ဒါကြောင့်မို့လို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၁၄
ခုနှစ်အတွင်းမှာ ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကျင်းပရေးတာဝန်ကိုပါ
ထမ်းဆောင်ရနိုင်ပါတယ်၊
လက်ရှိအခြေအနေမှာ
ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်များက ၂၅
ရာခိုင်နှုန်းအပြည့်ရှိပေမည့် ရွေးကောက်ခံကိုယ်စားလှယ်များက ၇၅ ရာခိုင်နှုန်း
အပြည့်မရှိပါ၊ ၂၀၁၄ ခုနှစ်အတွင်းမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ
မကျင်းပပေးဘူးဆိုရင် လစ်လပ်နေရာတွေကို မဖြည့်နိုင်လို့
ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းရာမှာ ရွေးကောက်ခံကိုယ်စားလှယ်များဘက်က
အားနည်းမှာပါ၊
လူထုဆန္ဒခံယူပွဲနဲ့
ရွေးကောက်ပွဲများ သန့်ရှင်းမျှတဖို့မှာ ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်က
သန့်ရှင်းမျှတဖို့ လိုအပ်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈၊ ပုဒ်မခွဲ
(ခ) မှာလည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နှင့်
အဖွဲ့ဝင်များသည် "ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်သည့်
အရည်အချင်းများနှင့် ပြည့်စုံရမည်၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူဖြစ်ရမည်၊
နိုင်ငံရေးပါတီဝင် မဟုတ်သူဖြစ်ရမည်။" စတဲ့ အရည်အချင်းတွေ ပြဋ္ဌန်းထားပါတယ်၊
မလုံလောက်ပါ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များသာမက
ဒေသအလိုက် ကော်မရှင်ခွဲအဆင့်ဆင့်မှာ ပါဝင်သူများ၊ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ ဒေသအလိုက်ကော်မရှင်ခွဲရုံးများမှာ
ခန့်အပ်ထားတဲ့ အရာထမ်းများအားလုံးပါ ပါတီနိုင်ငံရေးကင်းရှင်းဖို့လိုအပ်သလို
တပ်မတော်နဲ့လည်း ကင်းရှင်းဖို့လိုအပ်ပါတယ်၊
ဖွဲ့စည်းပုံအခြေဥပဒေပြင်ဆင်ရေးနဲ့ပါတ်သက်ပြီး ဆုံးဖြတ်ချက်ပေးနိုင်တဲ့
(ဗီတို) အာဏာကို ကိုင်တွယ်ထားတဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်အောက်ခံ
တပ်မတော်အရာရှိများက ရွေးကောက်ပွဲကော်မရှင်နဲ့
ကင်းကင်းရှင်းရှင်းရှိသင့်ပါတယ်၊
၂၀၁၃
ခုနှစ်၊
ဒီဇင်ဘာလ ၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အမိန့်ကြော်ညာစာ အမှတ် ၄၇/၂၀၁၃ နဲ့
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ရာထူးခန့်ချုပ်ရုံးက လွှဲပြောင်းပေးတဲ့
ဗိုလ်မှူးအဆင့် တပ်မတော်အရာရှိ ၅၈ ဦးကို
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်မှာ လက်ထောက်ညွှန်ကြားရေးမှူး
ရာထူးများမှာ ခန့်အပ်တာဝန်ပေးလိုက်ပါတယ်၊ အဲဒီနေ့မှာပဲ ထုတ်ပြန်တဲ့
အမိန့်ကြော်ညာစာအမှတ် ၄၈/၂၀၁၃ နဲ့ တပ်မတော် (ကြည်း) က ဗိုလ်ကြီးအဆင့်
တပ်မတော်အရာရှိ ၃ ဦးကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးအဆင့်ဆင့်မှာ
ဦးစီးအရာရှိများအဖြစ် ခန့်အပ်လိုက်ပြန်ပါတယ်၊ တစ်နေ့တည်းမှာ
တပ်မတော်အရာရှိ ၆၁ ဦးကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်မှာ
အဆင့်မြင့်အရာရှိများအဖြစ် ခန့်အပ်လိုက်တာပါ၊ နောက်ထပ်လည်း တပ်မတော်အရာရှိတွေ ရွေးကောက်ပွဲကော်မရှင်ရုံးကို ထပ်မံရောက်ရှိလာနိုင်ပါသေးတယ်၊
ဒီရာထူးနေရာတွေမှာ
ခန့်အပ်ဖို့ အရည်အချင်းပြည့်မီသူတွေ အရပ်ဘက်ဝန်ထမ်းများထဲမှာ မရှိဘူးလို့
ပြောရင် လက်ခံနိုင်စရာမရှိပါ၊ ကြားဖြတ်ရွေးကောက်ပွဲများကျင်းပဖို့
လိုအပ်နေတဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒခံယူပွဲ
ကျင်းပကောင်း ကျင်းပရနိုင်တဲ့ ၂၀၁၄ ခုနှစ် မတိုင်မီမှာ
ရွေးကောက်ပွဲကော်မရှင်ရုံးတွေမှာ တပ်မတော်အရာရှိတွေက
အဆင့်မြင့်ရာထူးများကို အလုံးအရင်းနဲ့ ဝင်ရောက်နေရာယူတာ
သံသယဖြစ်စရာရှိပါတယ်၊ ဒု-ဗိုလ်ချုပ်ကြီးဟောင်းနဲ့
ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ဟောင်းတစ်ဦးက ဦးဆောင်တဲ့
ရွေးကောက်ပွဲကော်မရှင် နဲ့ တပ်မတော်အရာရှိများက
အဆင့်မြင့်ရာထူးများကို ကိုင်တွယ်ထားတဲ့
ရွေးကောက်ပွဲကော်မရှင်ရုံးအဖွဲ့များရဲ့ ရွေးကောက်ပွဲ/ ဆန္ခခံယူပွဲ
ကျင်းပပုံ၊ ကြီးကြပ်ပုံများအပေါ်မှာ မေးခွန်းထုတ်စရာရှိလာပါလိမ့်မယ်၊
#အချိန်မီ ပြင်ဖို့လိုအပ်ပါသည်၊
အခုလို
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ လွှတ်တော်၊
လွှတ်တော်ကိုယ်စားလှယ်များနဲ့ နိုင်ငံရေးပါတီများကို ကြီးကြပ်ဖို့
အလွန်အကျွံအာဏာတွေရှိနေတာဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့
အားနည်းချက်ဖြစ်ပါတယ်၊ ရွေးကောက်ပွဲကော်မရှင်ဟာ
အာဏာပိုင်အဖွဲ့အစည်းမဖြစ်သင့်ပါ၊ ဒီအချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေးမှာ ထည့်သွင်းစဉ်းစားသင့်ပါတယ်၊ ကြားဖြတ်ရွေးကောက်ပွဲတွေကို
အချိန်ကာလသတ်မှတ်ပြီး မပျက်မကွက်ကျင်းပဖို့နဲ့
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနဲ့ ကော်မရှင်ရုံးအဆင့်ဆင့်က
အရာထမ်းများအားလုံး နိုင်ငံရေးပါတီများနဲ့ ကင်းရှင်းဖို့၊
တပ်မတော်အရာထမ်းများမဖြစ်ဖို့ ကန့်သတ်တဲ့ ပြဋ္ဌန်းချက်များကိုထည့်သွင်းပြီး
"ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ" ကို ပြန်လည်ပြင်ဆင်သင့်ပါတယ်၊
လေးစားစွာ၊
အောင်ဒင်
ဇန်နဝါရီလ ၅၊ ၂၀၁၄
ဇန်နဝါရီလ ၅၊ ၂၀၁၄