အင်းစိန်မြို့ နယ် စန္ဒီမယ်တော် ဘုရားကျောင်း မယ်တော် ပူဇော်ပွဲ

ရန်နောင် (ဗိုလ်တထောင်)
ဇန်န၀ါရီ ၂၁၊ ၂၀၁၄



အင်းစိန်မြို့ နယ်တွင် ဟိန္ဒူဘာသာဝင်များအများအပြား နေထိုင်လျက်ရှိရာ  သက်ဆိုင်ရာလအလိုက် ပွဲတော်များကိုလည်း စည်ကားသိုက်မြိုက်စွာ ပြုလုပ်လေ့ ရှိသည်။   

တောင်သူကုန်း၊ ပိန္နဲကုန်း၊  နံ့ သာကုန်း၊ ရွာမ အစရှိသော ရပ်ကွက် အသီးသီးတွင် ဟိန္ဒူဘုရားကျောင်းများ တည်ရှိကြသည်။   

တနင်္ဂနွေနေ့က   စန္ဒီမယ်တော် ဘုရားကျောင်းတွင် မယ်တော် ပူဇော်ပွဲ ပြုလုပ်ခဲ့သည်။  

ပူဇော်ပသသူတချို့က ပါးစောင်နှစ်ဖက်အား သံချောင်းများနှင့် ဖောက်၍ လည်းကောင်း၊   ကျောကုန်းတွင်သံချိတ် ဖေါက်ကာအုန်းသီးများ ဆွဲ၍လည်းကောင်း ပူဇော်ကြသည်ကို တွေ့ရသည်။
တစ်ယောက်သောသူကတော့  တမူထူးခြားစွာ light truck ကားတစီး ဆွဲကာ ပူဇော်ခဲ့သည်။  

             ''ကျွန်တော်က မယ်တော်ကို ပူဇော်တာ လေးနှစ်ရှိပါ ပြီ။   အချိန်တန်ရင်မပူဇော်ဘဲ မနေနိုင်ပါဘူး။ 
အခုလည်း အလုပ်ကနေ ခွင့်တောင်းပြီး လာရောက် ပူဇော်တာပါ '' ဟု မီးနင်းပူဇော်သူ ကိုပိုင်မျိုးအောင်က ပြောသည်။

  ``ခဏနေရင် သူစကားပြောလို့ မရတော့ပါဘူး၊ သူက ငယ်ငယ် ကတည်းက မီးနင်းတာပါ၊ အသက် ( ၁၁ )နှစ်သားလောက် ကပေါ့ ``
ဟု သူ၏မိခင်ဖြစ်သူ ဒေါ်တင်တင်နုက ပြောသည်။ 
                
 သူတို့ အား ဘုရားကျောင်းမှ ဆရာက   သံချောင်းများသွင်းပေးခြင်းကို မြင်တွေ့ ရသည်မှာလည်း အသဲထိတ်ဖွယ် တွေ့ခဲ့ရသည်။ 
ဟိန္ဒူဘာသာဝင်များ၏ ပွဲတော်ဖြစ်သော်လည်း ဗုဒဘာသာ-၀င်များလည်း ၀င်ရောက်ပူဇော်သည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။ 

တချို့က မီးနင်း၍ ပူဇော်ကြသည်။               မီးနင်းမည့် သူများသည် သက်သတ်လွတ်စားကာ  ဥပုသ်သီလဆောက်တည်ကြရသည်။

             မီးပုံကြီးအား ဖိုထားပြီး မယ်တော်၏ နွားလှည်းလာသောအချိန်မှသာ မီးကို ငြှိမ်းသတ်ပြီး  အရှိန်မသေးသော မီးခဲများပေါ် တက်နင်း လမ်းလျှောက်သွားခြင်းဖြစ်ပါသည်။ 

 တစ်ကြိမ်မက အခေါက်ခေါက် အခါခါ နင်းနေသူတချို့ကိုလည်း တွေ့ခဲ့ရသည်။  

              ဇာတ်ညွှန်းမောင်မောင်သိန်း မိသားစုက မီးနင်းပွဲလာ ဘုရားဖူးပရိတ်သတ်ကို သက်သတ်လွတ်ချစ်တီး ထမင်းဖြင့် တည်ခင်းဧည့် ခံ ကျွေးမွေးခဲ့ပါသည်။