ဖျပ်ကနဲ ဖြတ်
ဆောင်းယွန်းလ
ဇန်န၀ါရီ ၂၂၊ ၂၀၁၄
စိုးစေ့မျှ မရှိတော့တာကိုပဲ
တလုံးချင်း အမှည့်ခြွေခြွေပြီး စီနေခဲ့ရ…
ချုပ်ရိုးဖြေပြီးခါစ အိပ်မက်က
ပလတ်စတစ် ပန်းတခြင်းကို
ညတွင်းနက်ကြီးထဲ ဗုံးကျဲချသွားခဲ့တယ်….
ဂျုန်းဂျူန်းဂျက်ဂျက်
ဝင်သက်ထွက်သက်မှာ
အတိတ်ရဲ့အရိပ်ကို ပွတ်ကြိတ်သံက တခမ်းတနား
အမှောင်ကို လက်ထိုးအန်နေတဲ့
အဆိပ်တက်ခြင်းတွေက တရိပ်ရိပ်…
နံပါတ်သုံးကြိုးပြတ် ဂီတာတလက်ရဲ့
ဖလက်တံပေါ်မှာ
သံသရာရဲ့ အသက်ရှုသံဟာ ထိလွယ်ရှလွယ်….
မိုးပျံပူပေါင်းဟာ
တိုက်ခန်းရဲ့ အမြင့်ဆုံးမျက်နှာကျက်အထိ
လွင့်ရင်းပျံရင်း တိုးတိုးညင်းညင်း
မုန်တိုင်းရနံ့တွေ ဆွတ်ထားတဲ့ ဖုန်းတလုံးမြည်သံထဲ
သံဝေဂတရားတွေ မှိုစွဲလို့…..
လောကဓံနှုတ်ခမ်းသားပေါ်က
နှုတ်ခမ်းနီပါးကွက်ကြားမှာ
သံသယ သွေးစက်တွေ တဖားဖားနဲ့….
ရှင်ပြန်ထမြောက်ခြင်း အသက်သွင်းထားတဲ့
နေရောင်အောက်က ၉၇ ပါးရောဂါကတော့
ကွက်ကြားမိုးတွေ ရွာလို့….
ခူးစရာ ကြယ်တပွင့်မှမရှိတော့တဲ့
ကောင်းကင်မှာ
သီစရာ ကြိုးတမျှင်မရှိတာ ဆန်းသလား…..
ကံကြမ္မာရေ
လေထဲ တဖျပ်ဖျပ်သပ်နေတဲ့
နင့်ဆံပင်တွေကို
အပြီးအပိုင်သာ သံယောဇဉ်ဖြတ်လိုက်ပါတော့….။