မြန်မာပြည်က ငုယင်ဗန်ထရွိုင်း - ရန်ကြီးအောင် ဦးစိန်ဝင်း (Maung Too)


သက်ရှိပန်းချီ - အပိုင်း (၁၂)

မောင်တူး၊ ဇန်န၀ါရီ ၁၀၊ ၂၀၁၄

မြန်မာပြည်က ငုယင်ဗန်ထရွိုင်း - ရန်ကြီးအောင် ဦးစိန်ဝင်း





(ငုယင်ဗန်ထရွိုင်း)

ဗီယက်နမ် နယ်ချဲ့ ဆန့် ကျင်ရေး သူရဲကောင်း ငုယင်ဗန်ထရွိုင်းကို သေဒါဏ်ပေးရန် ငိုဒင်ဇီယင် အစိုးရ အဖွဲ့ က အမိန့် ချမှတ်လိုက်သည်။ သေဒါဏ် ပေးခါနီးတွင် လက်ပြန်ကြိုး တုပ်ထားသော ဗန်ထရွိုင်း ပုံမှာ ကမ္ဘာကျော်သွားသည်။ သတင်းထောက်များ ရိုက်ကူးထားသော ဓါတ်ပုံထဲတွင် ငုယင် ဗန်ထရွိုင်းသည် ၀တ်စုံဖြူနှင့် လက်နှစ်ဖက်ကို ဖြန့် ချ ခေါင်းကို မော့ထားသည်။ ပါးစပ်ကို တင်းတင်းစေ့ အကြောက်အလန့် မရှိ ဦးခေါင်း မော့ထားသော သူ့ ပုံရိပ်မှာ လူတိုင်း၏ ရင်ထဲ စွဲထင် သွားစေသည်။ ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း အမှတ် ၂၄၅ ပါ ဆရာထက်မြက်၏ ဦးခေါင်းနှင့်ဆံပင် ဆောင်းပါးမှ . . . . .

ရန်သူကို ဦးမညွှတ် ခေါင်းမငုံ့  ဒူးမထောက်တဲ့ ဗီယက်နမ် သူရဲကောင်း ငုယင်ဗန်ထရိုင်း အကြောင်း ကျနော် ပြန်ဖတ်ရပါတယ်။ ဆရာ ထက်မြက် ရေးခဲ့တာပါ။ ငုယင်ဗန်ထရွိုင်းဟာ် သေဒါဏ် မခံရမီ ရန်သူကို ဦးခေါင်းမော့ ရင်ဆိုင်ခဲ့ပါတယ် . . တဲ့။


 
ရန်ကြီးအောင်  

‘ရန်ကြီးအောင် ကိုစိန်ဝင်း’ လို့ ပြောမှ ပြီးပြည်စုံပါမယ်။

ရန်ကုန်တိုင်း၊ သုံးခွမြို ၊့ ရန်ကြီးအောင်ရွာမှာ မွေးဖွားခဲ့တာမို့ ရန်ကုန်တက္ကသိုလ်ရောက်ပြီး တကသ (တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ) ဒုဥက္ကဌ ဖြစ်လာချိန် သူ့ ကို ရန်ကြီးအောင် လို့ သာ ခေါ်ကြ သတဲ့။ သူဟာ ကျောင်းသားခေါင်းဆောင် လုပ်စဉ် ဦးနေ၀င်း မဆလ အစိုးရရဲ့ အဖမ်းခံ ထောင်ချ နှိပ်စက် တကျွန်းပို့ ခံခဲ့ရသလို၊ ၈၈၈၈ အရေးတော်အပြီး အဖမ်းခံရလို့ ထောင်ဆေးရုံမှာ ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၈ ရက်မှာ ကျဆုံးခဲ့ရသူပါ။ ဒါကြောင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၈ ရက်မှာ သူ ကျဆုံးခဲ့တာ ၂၃ နှစ် ရှိပါပြီ။ သူနဲ့ ငုယင်ဗန်ထရွိုင်း ဘာတွေများ တူနေသလဲ။

ရန်သူကို ခေါင်းမော့ ရင်ကော့ပြီး ရင်ဆိုင်ပုံချင်း တူပါတယ်။ ရန်ကြီးအောင် ဦးစိန်ဝင်း ကျနော့်ကို လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ပြောလေ့ရှိတဲ့ စကားတွေထဲမှာ ရန်သူကို ဦးမငိုက်၊ ဒူးမထောက် ရင်ဆိုင် ဘို့  ဆိုတာဘဲ ဖြစ်ပါတယ်။

၁၉၆၀ ၀န်းကျင် ကာလတွေမှာ အစိုးရ ပုလိပ်တွေ စစ်တပ်တွေနဲ့ ဆန္ဒပြပွဲတွေမှာ ရင်ဆိုင်ရရင် သူတို့  ရိုက်လို့ ၊သူတို က့ သေနပ်နဲ့ ပစ်လို့ ကိုယ်က လဲကျရင် ရှေ့ ကို ငိုက်မကျအောင် အမြဲကျိုးစားတယ်။ ဘာလို့ လဲ ဆိုတော့ သူတို့ ကို ခေါင်းစိုက်ပြီး သေမိမှာစိုးလို့ ။ ကိုယ့် ကိုယ်ကို နောက်ကို လန်ပြီးတော့ပဲ လဲ ကျအောင် အမြဲကျိုးစားတယ်။ ဘယ်တော့မှ ရန်သူရှေ့ ခေါင်းမငုံ့ ချင်ဘူး။  

ဒါက ရန်ကုန်တိုင်း၊ သုံးခွမြို့ မှာ သူနဲ့ ကျနော် အတူရှိစဉ် ရန်ကြီးအောင် ဦးစိန်ဝင်း မကြာခန ပြောလေ့ရှိတဲ့ စကားပါ။ အခု နှစ် ၂၀ ကျော်ကြာ အထိ ကျနော် မှတ်မိနေပါတယ်။ သူပြောခဲ့တဲ့ အတိုင်း အတိအကျတော့ မဟုတ်။ ဒါပေမယ့် သူ ပြောခဲ့တာကတော့ ကျနော် ရေးပြတဲ့ သဘောပါဘဲ။ နေ၀င်း စစ်တပ်နဲ့ ဆန္ဒပြပွဲတွေမှာ ရင်ဆိုင်ရချိန် အရိုက်အနှက်ခံရလို့ အပစ်သတ်ခံရလို့ သေရင်တောင် နောက်ကို လှန်ပြီးတော့ သေမယ်။ ငုံ့ ပြီး မသေဘူး ဆိုတဲ့ သဘောပါ။

ကြုံလို့ ပြောရင် ဇန်န၀ါရီလထဲမှာ ကျဆုံးခဲ့သူတွေအကြား ကျနော် သတိတရ ရှိနေသူတွေက ၃ ဦး ဖြစ်ပါတယ်။  ဦးစိန်ဝင်း အပြင် ဦးတင်မောင်ဝင်းလဲ ပါပါတယ်။ နောက်တဦးကတော့ ကဗျာဆရာကြီး ဦးတင်မိုးပါ။ ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၈ ရက်မှာ ဦးစိန်ဝင်း ကွယ်လွန်ခဲ့သလို တနှစ်ထဲ တလထဲမှာဘဲ ဇန်န၀ါရီ ၁၈ ရက်မှာ ဦးတင်မောင်ဝင်း ဟာလဲ အင်းစိန်ထောင်မှာဘဲ ကျဆုံးခဲ့ပြန်တာပါ။ ဦးတင်မိုး က တော့ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်ကျမှ ကွယ်လွန်ပါတယ်။ ဒါပေမယ့် ၃ ဦးစလုံးကို တပြိုင်ထဲ သတိရနေရင်းက အခု ဦးစိန်ဝင်း အကြောင်းကို အရင် ရေးနေမိပါတယ်။

ဦးစိန်ဝင်းက ရန်ကုန်တိုင်း၊ သုံးခွမြို့ က ဖြစ်သလို ဦးတင်မောင်ဝင်းကလဲ မြို့ ချင်းကပ်လျှက် ခရမ်းမြို့ က ဖြစ်ပါတယ်။ သူတို့ ဟာ သူငယ်ချင်း တွေပါ။ နှစ်ယောက်စလုံး ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ခဲ့ပါ တယ်။ သမိုင်းမှာ အထင်ကရ ၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင် ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ တပြိုင်ထဲ မှာပဲ ဗကသများ အဖွဲ့ ချုပ်ရဲ့ အမှုဆောင်တွေလဲ ဖြစ်ကြပါတယ်။ အခု ရက်ပိုင်းတွေမှာ သူတို့  ၃ ဦးကို သတိရနေပေမယ့် ကျနော်က ဒီဗွီဘီ ရုပ်မြင်သံကြားမှာ သတင်းတွေ၊ အပတ်စဉ် အစီအစဉ်တွေနဲ့ နေ့  စဉ် လုံးခြာလိုက် နေတာမို့ ရေးသားဘို့ အချိန်မရ သလိုကို ဖြစ်နေခဲ့ပါတယ်။ တီဗွီ အစီအစဉ်တွေမှာ ကိုယ်တိုင်လဲ သတင်းကြေညာသူအဖြစ်လဲ အလှည့်ကျ လုပ်ရ၊ ကိုယ်တိုင်ဘဲ နေ့ စဉ် သတင်းစာ ဖတ်ကြားခြင်း အစီအစဉ် ရေးသား ဖတ်ကြား တည်းဖြတ် ထုတ်လွင့်ရင်းက ကိုယ်တိုင်ကလဲ တီဗွီ အပတ်စဉ် နေ့ စဉ် ပရိုဂရမ်တွေကို ကြီးကြပ်သူ တာဝန်ခံ ဖြစ်နေတာကလဲ စာရေးဘို့ အချိန်တွေ တိုစေခဲ့ပါတယ်။ ဒါပေမယ့် ကျနော်ရေးမှကို ဖြစ်မယ်ဆိုတဲ့ အသိက ရှိနေပြန်ပါတယ်။ ပထမဆုံး ဇန်န၀ါရီ ၈ ရက် မှာ ကျဆုံး ခဲ့သူ ဦးစိန်ဝင်းအကြောင်း ရေးကို ရေးမယ်လို့ ဆုံးဖြတ်ထားချိန် ဆရာ ထက်မြက်ရဲ့ ဦးခေါင်းနှင့် ဆံပင် ရသစာတမ်းကို ဖတ်မိတော့ ရန်သူကို ဒူးမထောက်ချင်တဲ့ ဦးစိန်ဝင်း အကြောင်းကို ရေးမိပါတော့တယ်။

ရန်ကြီးအောင် ဦးစိန်ဝင်းအကြောင်းကို ကျနော် မှတ်မိသမျှ ဆက်မပြောခင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) က ထုတ်ဝေထားခဲ့တဲ့ ရှစ်စက္ကန့် ငြိမ် စာအုပ်မှာ ပါတဲ့  ဦးစိန်ဝင်း အကြောင်း အရင် ဖတ်ကြည့်ကြပါဦး။
 

ဦးစိန်ဝင်း

ရန်ကုန်တိုင်း၊ သုံးခွမြို့ ၊ ရန်ကြီးအောင် ကျေးရွာတွင် အဖ ဦးအောင်ပွင့်၊ အမိ ဒေါ်ရွှေခင် တို့ မှ ၁၉၃၇ ခုနှစ် မွေးဖွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၅၄ နှစ်ရှိသည်။ ၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် အဖမ်းခံရသည်။ ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့ တွင် အင်းစိန်ထောင် ဆေးရုံမှာ ကွယ်လွန်သည်။

နိုင်ငံရေး နောက်ခံ။ ။ ရန်ကုန်တိုင်း၊ သုံးခွမြို့ ၊ ရန်ကြီးအောင် ကျေးရွာမှာ မွေးဖွားခဲ့သဖြင့် ရန်ကြီးအောင်ဟု ခေါ်သည်။ ဦးစိန်ဝင်းသည် သုံးခွမြို့ တွင် ကျောင်းစနေခဲ့ပြီး ၁၉၅၉ - ၆၀ ခုနှစ်တွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) ၏ အမှူဆောင် ဖြစ်လာသည်။ ထို့ နောက် တကသ ဒုဥက္ကဌ ဖြစ်လာခဲ့သည်။ ကျောင်းသားခေါင်းဆောင် ဘ၀တွင် ဦးစိန်ဝင်း၏ ဦးဆောင်မှူ၊ တိုက်ပွဲဝင် လှုပ်ရှားမှူများ များစွာရှိခဲ့သည်။ တက်ကြွခြင်း၊ ရဲရင့်ခြင်း၊ ပြတ်သားခြင်းတို့ ကြောင့် ကျောင်းသားများ ၏ အားထားခြင်း ခံခဲ့ရသည်။ ၁၉၆၁ ခုနှစ်တွင် ပြုလုပ်သည် နယ်ချဲ့ ဆန့် ကျင်ရေး လှုပ်ရှားမှူ ဆန္ဒပြပွဲ တွင် (ပထစ) အစိုးရ ပုလိပ်များ၏ တုတ်ရိုက်ချက် ခံရပြီး ခါးတွင် ထိခိုက်ခဲ့သည်။ ခါးမသန်သူ ဖြစ်ခဲ့ရ သည်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် အရေးတော်ပုံ ကျောင်းသားခေါင်းဆောင် တဦး ဖြစ်သည်။ ၁၉၆၃ ခုနှစ် ပြည်တွင်း ငြိမ်းချမ်းရေး တွေ့ ဆုံဆွေးနွေးပွဲ ကာလတွင် ငြိမ်းချမ်းရေး တပ်သား တဦး ဖြစ်ခဲ့သည်။ ဆွေးနွေးပွဲ ပျက်ပြီးနောက် မဆလ အစိုးရ၏ အဖမ်းခံခဲ့ရပြီး ကိုကိုးကျွန်း အပို့ ခံခဲ့ရသည်။ ကျွန်း ဖျက်သိမ်းရေး ၅၃ ရက်ကြာ အစာငတ်ခံ သပိတ်တိုက်ပွဲတွင် ပါဝင်ခဲ့သည်။

၁၉၈၈ ခုနှစ်တွင် ကျောက်တန်း၊ ခရမ်းနှင့် သုံးခွ ၃ မြို့ နယ် ပူးတွဲ သပိတ်ကော်မတီအား ဦးဆောင်မှု ပေးခဲ့သည်။ ဦးစိန်ဝင်းသည် ကျောင်းဆရာ တဦးဖြစ်ကာ သူ၏နယ်တွင် သြဇာရှိပြီး လူချစ်လူခင် ပေါသူ ဖြစ်သည်။ ထို့ ကြောင့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလတွင် သပိတ်ခေါင်းဆောင် ဖြစ်ခဲ့သည်။ ဒေသခံ ရဲတပ်ဖွဲ့ ဝင်များက သူ့ ထံသို့ လက်နက်များ သွားရောက် ပုံအပ်ကြသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ထို လက်နက်များနှင့် ပတ်သက်ပြီး ဦးစိန်ဝင်းအား ဖမ်းဆီး တရားစွဲဆိုခဲ့သည်။ သို့ သော် အမိန့် ချမှတ်ခြင်း မရှိ။ ရုံးချိန်း အများအပြား ရွှေ့ ဆိုင်းခဲ့သည်။ အင်းစိန် အကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့သည်။

သေဆုံးပုံ

အကျဉ်းထောင်တွင် အစားအသောက် ဆိုးရွား ညံ့ဖျင်းမှူ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှူ၊ ရေ မသန့် ရှင်းမှု တို့ ကြောင့် ဦးစိန်ဝင်းသည် အူမကြီး၊ အသည်းတို့ တွင် ရောဂါများ ဖြစ်ပေါ်လာခဲ့သည်။ သို့ သော်လည်း အာဏာပိုင်များထံမှ ဆေးကုသမှု မရခဲ့ပါ။ နောက်ဆုံးတွင် ရေ နှင့် အစားအစာများ စားနိုင် သောက်နိုင် ခြင်း မရှိတော့ပေ။ ထိုသို့ ရောဂါ ကျွမ်းချိန် ရောက်မှ အာဏာပိုင်များက ဆေးကုပေးရန် သဘောတူခဲ့ သည်။ ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့ တွင် အင်းစိန် ထောင် ဆေးရုံသို့ တက်ရောက် ခွဲစိတ်ခွင့် ပြု ခဲ့သည်။ ဦးစိန်ဝင်းသည် ခြေထောက်တွင် ခြေကျင်း ခတ်လျှက် တန်းလန်းနှင့် ခွဲစိတ်ကုသမှု ခံယူခဲ့ ရသည်။ ခွဲစိတ်မှု မအောင်မြင်ဘဲ ထိုနေ့ ည ၈ နာရီခန့် တွင် သေဆုံးသွားခဲ့သည်။

မှတ်ချက်။ ။ ၁၉၇၂ ခုနှစ်၊ မဆလ အစိုးရလက်ထက် အင်းစိန်ထောင်တွင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးသည့် အခမ်းအနား ကျင်းပခဲ့သည်။ ထိုအခမ်းအနားတွင် အာဏာပိုင်များက အကျဉ်းသားများ ကို လက်ဆွဲ နှုတ်ဆက်ခဲ့သည်။ ဦးစိန်ဝင်းက လက်ဆွဲ နှုတ် မဆက်ဘဲ လက်ကို နောက်ပစ်ထားလိုက် ပြီးနောက် (ကျုပ် ရန်သူနဲ့ ဘယ်တော့မှ လက်မဆွဲဘူး) ဟု ပြတ်ပြတ်သားသား ပြောဆိုငြင်းပယ်ခဲ့သည်။

ဦးစိန်ဝင်း ထောင်တွင် ကျဆုံးစဉ် အင်းစိန်ထောင် အရာရှိများ

ထောင်ပိုင်ကြီး (တာဝန်ခံ အရာရှိ) ဦးအုန်းဖေ ထောင်မှူး (တာဝန်ခံ)   ဦးမြသိန်းထောင်တာဝန်ခံ ဆရာဝန် ဒေါက်တာစိုးကြည်  တို့ ဖြစ်ကြသည်။

( သစ္စာစကား )

 အို . . .

သူငယ်ချင်းများ . . .

မိတ်ဆွေများ . . .

ရဲဘော်များ . . .



ငါ . . .

ပန်းပွင့်နှလုံးသား . . .

ပြုံးထားမျက်နှာ

နှုတ်လွှာချိုမြ

စမ်းလ ပမာနှယ်

ကြင်နာနုသက်

ကြာမုံလက်နှင့်

နှုတ်ဆက်ပါသည် . . . ထာဝရ။



ဟေ့ . . .

အဓမ္မ သမား

ဝံပုလွေများ . . .

သင်တို့ အတွက်

ကျောက်သားမျက်နှာ

အသဲမှာ သံမဏိ

အမုန်းပန်းအတိပြည့်

ထိကြည့်စမ်း . . . မီးလိုနေလို

ဆိုမည် . . . သစ္စာ

မကြိုငါ့လက် . . . နှုတ်မဆက်ဘူး ထာဝရ။ ။

- ညံဇံ (၈. ၁. ၁၉၉၁ နေ့ တွင် အင်းစိန် အကျဉ်းထောင်တွင်း ကွယ်လွန်သွားသူ ကိုစိန်ဝင်း (သုံးခွ) အတွက် အမှတ်တရ)


အထက်ပါ ညံဇံ ၏ ကဗျာနှင့် မှတ်တမ်းစာများသည် အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့် ရှောက်ရေး အသင်းမှ ထုတ်ဝေသော ရှစ်စက္ကန့် ငြိမ် စွန့် လွှတ်သူတို့ ၏ ရာဇ၀င်    စာအုပ်မှ ကူးယူ ဖေါ်ပြတာ ဖြစ်ပါတယ်။


+ + + + + + + + + + + + + + + + + + + + +


ကဗျာ အဖွဲ့ အနွဲ့ နဲ့ ဦးစိန်ဝင်းရဲ့ စိတ်ဓါတ် တကယ် တူညီပါတယ်။ လိုက်ဖက်ပါတယ်။ ကဗျာဆရာ ညံဇံကိုလဲ ကျေးဇူးတင်ပါတယ်။ ကျနော်ဟာ စာများများ မဖတ်ဘူးခဲ့ပါ။ ကျောင်းစာ ကဗျာတွေကို အလွတ်ကျက် စာဖြေလေ့ရှိပေမယ့် ပြင်ပ ကဗျာတွေကိုတော့ အဖတ်နည်းပါးပါတယ်။ စာအုပ်တွေလဲ အဖတ်နည်းပါတယ်။ ဒါကြောင့် စာရေးအားလဲ မကောင်းပါ။ ၂၀၁၃ ခုနှစ်မှာကျမှ ကျောင်းသား တပ်မတော်ကို မကောင်းပြောသူတွေ များလွန်းလို့ ဟယ်. . .  ကျောင်းသားတပ်မှာလဲ အသက်ပေး တိုက်ပွဲဝင်သွားကြသူတွေ အများကြီး ရှိပါတယ်ဆိုတာ ပြချင်လို့ စာတွေကို နဲနဲ စရေးလာတာပါ။ ဒီအခါ ကျောင်းသားတပ်မှူး ရဲဘော် တိုက်မောင်း၊ ရဲဘော်ဝလုံး၊ ရဲဘော် ဇာဇာတို့ အကြောင်းတွေ တခြား ကျဆုံး ရဲဘော်တွေ အကြောင်းတွေ ရေးချင်စိတ်ဖြစ်လာခဲ့လို့ ရေးလာမိခဲ့တာပါ။ ဒီတော့လဲ ကျနော့် အကြောင်း ကျနော့် ပါဝင်ခဲ့တဲ့ ကျောင်းသား တပ်မတော် အကြောင်း ကျနော့် ဇာတိမြို့ သုံးခွမြို့  အကြောင်းနဲ့ သုံးခွက တကသ သူရဲကောင်း ရန်ကြီးအောင် ကိုစိန်ဝင်း၊ ခရမ်း ကိုတင်မောင်ဝင်း အကြောင်းတွေ ပါလာရတာပါ။

ညံဇံ ရဲ့ ဂုဏ်ပြု ကဗျာအတွင်းမှာ ပါသလို ရန်ကြီးအောင် ဦးစိန်ဝင်းဟာ လူငယ်ကျောင်းသားတွေ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ သာမန် အရပ်သူ အရပ်သား ရွာသူရွာသားတွေကို ပန်းပွင့်နှလုံးသား အပြုံးထား မျက်နှာနဲ့ သာ ပြောဆို ဆက်ဆံသူ ဖြစ်ပါတယ်။ ဦးစိန်ဝင်းဟာ အသက် ၅၀ ၀န်းကျင် အရွယ်အထိ ယောက်ျားပီသတဲ့ ရုပ်ရည် ရှိသူဖြစ်ပါတယ်။ ကျောင်းသားဘ၀ ဆန္ဒပြပွဲအတွင်း ခါးမှာ ရတဲ့ ဒါဏ်ရာနဲ့  စစ်ကြောရေးမှာ ခြေသလုံးကို ဒလိမ့်တုံးနဲ့ လှိမ့်ထားတဲ့ ဒါဏ်တွေကြောင့် ခြေထောက် မသန်ဘဲ ဖြစ်နေတာတောင်မှ သူဟာ နေ့ စဉ် ကျန်းမာရေး လေ့ကျင့်လေ့ရှိပြီး သာမန်လူတွေလို လမ်း ကောင်းကောင်း လျှောက်နိုင်အောင် လေ့ကျင့် နေခဲ့သူဖြစ်ပါတယ်။ အပြောချိုသာတယ်။ သူတပါး ပြော တာကို ဆုံးအောင် နားထောင်တယ်။ ပြီးမှ သူ့ အယူအဆကို ပြန်ပြောလေ့ ရှိတယ်။

ခရမ်းနဲ့ သုံးခွ နယ်မြေဟာ တချိန်က ကွန်မြူနစ် နယ်မြေဖြစ်ခဲ့ပြီး ဦးတင်မောင်ဝင်း၊ ဦးစိန်ဝင်းတို့ ကို ကွန်မြူနစ် ကျောင်းသားတွေလို့ ဒေသခံ မြို့ သူ မြို့ သား နယ်သူနယ်သားတွေက သတ်မှတ်ထားခဲ့ကြပါတယ်။ ဘုန်းကြီး မရှိခိုးသူတွေ ဘာသာရေး မလိုက်စားသူတွေလို့  သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် သူတိုနဲ့  ကျနော် သွားလာစဉ်မှာ ဆရာတော်ကြီးတွေနဲ့ သူတို့ ဇာတိရွာတွေက သံဃာတွေတင်မက ကိုရင်ကလေးတွေကိုပါ ရှိခိုးတာတွေ့ ရတော့ တခြားသူတွေ ပြောတာနဲ့ လွဲနေတယ်ဆိုတာ ကျနော် သိလိုက်ရပါတယ်။

 ဒီတော့ ကျနော် မေးကြည့်တယ်။ ဆရာဦးစိန်ဝင်းခင်ဗျာ။ ဘုန်းကြီး မကိုးကွယ်ဘူး လို့ သိရပါတယ်။ အခု ဘာလို့ ကိုရင် ကိုတောင် ရှိခိုးသလဲ ခင်ဗျာ။ ကျနော်မေးကြည့်တယ်။ သူက ပြောတာက ဘုန်းကြီး အယောင်ဆောင် စစ်ထောက်လှမ်းရေးရဲ့ အဖမ်းအဆီးကိုလဲ ခံခဲ့ရဘူးတယ်တဲ့။ ရန်ကုန်နေ ကျောင်းသား ဘ၀မှာ ဘုန်းကြီး အယောင်ဆောင် ခါးပိုက်နှိုက်၊ ပြည့်တန်ဆာခေါင်း စသဖြင့် တော်တော်များများ တွေ့ ဘူးတယ်တဲ့။ အဲသည်နောက်ပိုင်း ဘုန်းကြီးမြင်တိုင်း မရှစ်ခိုး မကိုးကွယ်တော့ ဘဲ ကိုယ် အတိအကျ သိနေတဲ့ သံဃာတွေကိုသာ ကိုးကွယ် ရှိခိုးပါတယ်တဲ့။ ကိုရင်လေးတွေကို ရှိခိုးရတာကတော့ သာမဏေတွေ ဖြစ်လို့ ပါတဲ့။ သာသနာမှာ ရှင်သာမဏေတွေဟာ ၁၀ ပါးသီလကို ထိမ်းလို့ ကိုယ့်မွေးထားတဲ့ သားကလေးကို ကိုရင် ၀တ်ရင်တောင် ဖခင်ဖြစ်သူက ရှိခိုးရမတဲ့။ ဒါက ဦးစိန်ဝင်းရဲ့ ဆုံးမစကား ဖြစ်ပါတယ်။

ဒါပေမယ့် ရန်သူကို မြင်ရင်တော့ ဦးစိန်ဝင်းဟာ ကျားရဲတကောင်ကို ရန်လို တတ်ပါတယ်။ ဦးစိန်ဝင်းဟာ သုံးခွမှာ အင်္ဂလိပ်စာ ကျူရှင်သင်ပါတယ်။ စာအသင်ကောင်းလို့ သူ့ ကျောင်းမှာ ကျောင်းသားတွေက များပါတယ်။ လခကို ကျောင်းသားကြီးတွေကဘဲ သတ်မှတ်ပြီး ပေးရပါတယ်။ ဒါပေမယ့် ဆရာဦးစိန်ဝင်းကို သွားပေးရင် မယူတဲ့အပြင် ငွေပေးရင် သင်မပေးဘူး ဆိုတဲ့ ပြတ်ပြတ် သားသား ပြောတာကို ကြားရပါတယ်။ ဒီတော့ သူ့ ဟာက ကျူရှင်သာ သင်တယ်ဆိုတယ် အသင်အပြ ကောင်းလို့ သာ သူ့ ကျောင်းမှာ တက်နေရတယ်။ ကျူရှင်ခ မပေးရတော့ ကျောင်းသားတွေကလဲ ကလိကလိ ဖြစ်ခဲ့ကြရပါတယ်။ ဒါပေမယ့် ဆရာဦးစိန်ဝင်းရဲ့ အမအကြီးဆုံး (သူနဲ့ အတူနေသူ အမ အပျိုကြီး) ကို သွားပေးဘို့ ကျနော်တို့ ကျောင်းသားတွေ ဆုံးဖြတ်ကြပါတယ်။ တိတ်တိတ်ကလေး သူ့  အမကြီးကို ကျူရှင်ခ ပေးခဲ့ရပါတယ်။ နောက်ပိုင်း သိသွားတဲ့အခါ သူ့ အမကြီး (ဒေါ်အုန်းတင်၊ ကျနော်တို့ ကျောင်းသားတွေကတော့ ဒေါ်ကြီးလို့ ပဲခေါ်ပါတယ်။ အခုတော့ ဆုံးလောက်ပါပြီ) အဲ့သည်  သူ့ အမ ကိုလဲ ဦးစိန်ဝင်းက ဆူပါတယ်။ မောင်က အမကို ပြန်ဆူတာပါ။ သူ့ အမကြီးက မောင်စိန်ဝင်း ရယ်၊ မင်းလဲ အလုပ်မရှိ ငါတို့ လဲ ဒီလိုဘဲ စားနေ သောက်နေ ကြရင်း အသက်တွေ ကြီးလာတော့ ၀င်ငွေက မရှိတော့ ကျောင်းသားတွေကလဲ အတင်းလာပေးတော့ ငါက ယူမိတာပါ ဆိုတော့မှ နောက်ပိုင်း ဘာမှ မပြောတော့တာ ဖြစ်ပါတယ်။

ဦးစိန်ဝင်း ရန်သူလို့ သတ်မှတ်ထားသူတွေက စစ်ထောက်လှမ်းရေးတွေ၊ မဆလ အစိုးရအပြင် တကသ မှာ အတူ တိုက်ပွဲဝင်ခဲ့ကြရင်းက သစ္စာဖေါက်သွားတဲ့ ကျောင်းသားတွေ ဖြစ်ပါတယ်။ သစ္စာမရှိတဲ့ ကောင်တွေ လို့ မကြာမကြာ ပြောလေ့ရှိပါတယ်။ ၁၉၈၄ ခုနှစ်လောက်မှာ ကျူရှင်သင်နေရင်းက အိမ်ရှေ့ ကို ဂျစ် ကားတစင်း ဆိုက်လာပါတယ်။ ကားပေါ်က ဆင်းလာသူက ဦးစိန်ဝင်းရဲ့ သူငယ်ချင်း တကသ ကျောင်းသားဟောင်း တယောက်ပါ။ လက်ရှိမှာတော့ ဗိုလ်မှူး အဆင့်နဲ့ စစ်တပ်ကလို့  နောက်မှ သိရပါတယ်။ ဦးစိန်ဝင်း ဘာလုပ်တယ် ထင်ပါသလဲ။ အိမ်လာလည်တဲ့ သူငယ်ချင်း ဗိုလ်မှူးကို မတွေ့ ချင်လို့  စာသင်နေရာက သူ့ အိပ်ခန်းထဲ ခပ်သုတ်သုတ် ၀င်သွားပြီး တံခါးပိတ်လိုက်ပါတယ်။ ဘယ်လိုမှ ခေါ်လို့ မရ။ ထွက်လာခိုင်းလို့ မရပါ။ နောက်ပိုင်း သူငယ်ချင်း ဗိုလ်မှူးက ကားပေါ်တက် ကားမောင်းပြီး ပြန်ထွက်သွားတော့မှ အိပ်ခန်းထဲက ထွက်လာပါတယ်။ လက်ဆောင် ပေးသွားတဲ့ ပုဆိုး၊ တိုက်ပုံ တွေနဲ့ စားစရာ ကိတ်မုန့် တွေကို ဆုတ်ဖြဲပစ်၊ ကိုင်ပေါက် ဖျက်ဆီး လိုက်ပါတယ်။

ဒီအချိန် သူ အော် ပြောခဲ့တာက။ (သွေးနဲတဲ့ ပုဇွန်လို ကောင်မျိုး၊ ကျောရိုးမဲ့တဲ့ မျှော့လိုကောင်မျိုး၊ ကျောင်းသားထု အပေါ် သစ္စာဖေါက်တဲ့ ကောင်တွေ ပေးတာ မယူဘူး၊ ကျွေးတာမစားဘူး။) ဆိုတာပါဘဲ။  ဦးစိန်ဝင်းရဲ့ အမကြီးက ၀င်ပြောပါတယ်။ မောင်စိန်ဝင်းရယ်၊ ကိုယ့်သူငယ်ချင်းဘဲ။ ခနတော့ တွေ့ လိုက်ပေါ့တဲ့။

ဒီအချိန် ဦးစိန်ဝင်း ပြန်ပြောလိုက်တာက (ဘာသူငယ်ချင်းလဲ။ သူငယ်ချင်း မဟုတ်ဘူး။ မိတ်ဆွေလဲ မဟုတ်ဘူး၊ သစ္စာဖေါက်၊ ကျောင်းသားထုကို သစ္စာဖေါက်တာ။ လူလဲ မတွေ့ ချင်ဘူး၊ သူပေးတာလဲ မယူဘူး။ အသံတောင် မကြားချင်ဘူး။ စိတ်ကူးထဲတောင် ထည့်မတွေးဘူး။ ) တဲ့ . . .

နောက်ပိုင်းမှ တဖြည်းဖြည်း သိရတာက တကသမှာ သူငယ်ချင်းတွေ အတူတူ နေခဲ့ကြတယ်။ အဖမ်းခံ ရတဲ့အခါ တခြားသူတွေက ကျောင်းသားလှုပ်ရှားမှု လုပ်ငန်းစဉ်တွေကို စစ်ထောက်လှမ်းရေးတွေဆီမှာ အကုန် ဖေါ်ထုတ် လက်နက်ချ ခဲ့ကြတယ်။ ဦးစိန်ဝင်းကတော့ စစ်သမျှ ဘူး ခံသူ။ မေးသမျှ ဘူး ဘဲ ခံသူ။ တခွန်းမှ ပြန်မပြော။ တခုမှ မဖေါ်ပဲ၊ ပါးစပ်ပိတ်၊ အရိုက်ခံ၊ အနှိပ်စက်ခံပြီး အသေသာ ခံမည့်သူ။ စစ်ဆေးရင်းက မေ့မျောသွားလို့ သူ့  ကို ဆေးရုံပို့ ရတာလဲ အကြိမ်ကြိမ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံး နှိပ်စက်နည်းမျိုးစုံနဲ့  ရက်စက်ခံရ ခြေထောက် ၂ ဖက်လုံး မသန်တော့ ကိုကိုးကျွန်း အပို့ ခံ ခဲ့ရသူ။ ကျွန်း ဖျက်သိမ်းရေး ၅၃ ရက်ကြာ အစာငတ်ခံခဲ့ပြီး အသေစာရင်း အသွင်းခံရပြီးမှ ပြန်ရှင်လာ သူပါ။ နွားနို့ ရေရော ခပ်ကျဲကျဲကို ရက်ရှည်သောက်ခဲ့ပြီး ဆံပြုတ်ကျဲကျဲ နဲနဲ နဲနဲစီ သောက်ရင်းက အူနဲ့  အစာ အကျင့်ရလာပြီး ထမင်းပြန်စား လာနိုင်သူ ဖြစ်ပါတယ်။ (ကိုကိုကျွန်း အစာငတ်ခံ ၅၃ ရက် အတွင်းမှာ မသေဘဲ နောက်ပိုင်းမှ ချက်ခြင်း ထမင်းပြန်စားလို့ သေသွား တဲ့ ရဲဘော်တွေလဲ ရှိတယ် ကွာ) လို့ ကျနော်တို့ ကို မကြာခန ပြောပြတတ်ပါတယ်။

နောက်တခါ ကြုံရတာကတော့ ဘုန်းမော် အရေးအခင်း ဖြစ်အပြီး ၁၉၈၇ ခုနှစ်လည်လောက်မှာ ရန်ကုန်တိုင်း၊ သုံးခွမြို့ ၊ အမှတ် ၂ ရပ်ကွက်၊ တပင်ရွှေထီးလမ်းက ဦးစိန်ဝင်းရဲ့ အိမ်မှာ ၀ိုင်းထိုင်ပြီး ကျနော်တို့ စကားပြောနေချိန် အိမ်ရှေ့ကို ဂျစ်ကား တစီး ဆိုက်လာပါတယ်။ ကျနော်တို့ သုံးခွမှာက အဲသည်အချိန် ဂျစ်ကား အနီကလေးတွေဘဲ ရှိပါတယ်။ ဇိမ်ခံကား အသေးကလေးတွေ တခြား ပုံစံနဲ့  သိပ်မရှိသေး။ ကားပေါ်က နံ့ သာရောင် တိုက်ပုံနဲ့ လူ ၂ ဦး ဆင်းလာပါတယ်။ ဒီလူတွေက ဦးစိန်ဝင်း ရှိပါသလား ဆိုပြီး အိမ်ပေါ်တက်လာပါတယ်။ ဦးစိန်ဝင်းကို တွေ့ တာနဲ့ ကျနော် ထောက်လှမ်းရေး အမှတ် ဘယ်လောက်က ဗိုလ် ဘယ်သူပါ ဆိုပြီး လက်ဆွဲ နှုတ်ဆက်ဘို့ လက်ကမ်းပေးလိုက်တဲ့ အခါ ဦးစိန်ဝင်းက ( ၀မ်းနည်းပါတယ်။ ကျုပ် . . . သွေးစွန်းနေတဲ့ စစ်ထောက်လှမ်းရေးလက်နဲ့  ဘယ် တော့မှ လက်ဆွဲ နှုတ်မဆက်ဘူး။) . . . လို့ ပြောလိုက်တဲ့အခါ အိမ်ပေါ်တက်လာတဲ့ ထောက်လှမ်းရေး ဗိုလ်လဲ ခပ်ရှက်ရှက် ဖြစ်သွားပါတယ်။ မျက်နှာ ခပ်နီနီနဲ့ ဘဲ ထောက်လှမ်းရေးဗိုလ်က ဆရာဦးစိန်ဝင်း လာမယ့် အရေးအခင်းတွေ သပိတ်တွေ အစိုးရ ဆန့် ကျင်ရေးတွေမှာ မပါစေချင်တဲ့ အကြောင်း ပြောပြီး ပြန်သွားပါတယ်။ ဦးစိန်ဝင်းကတော့ အစိုးရကို ဆန့် ကျင် လက်နက်ကိုင် တော်လှန်ရေး အကြမ်းဖက်နည်း လုံးဝ မသုံးဘူး၊ ဒါပေမယ့် ကျောင်းသားထု အခွင့်အရေး၊ ဒီမိုကရေစီ ပညာရေးအတွက်ကတော့ သေသည်အထိ တိုက်ပွဲဝင်မယ့်အကြောင်း အရေးကြုံလာရင် ပါဝင် တိုက်ပွဲဝင်မယ့် အကြောင်း မင်းတို့ မဆလ ခေါင်းဆောင်တွေကို ပြန်ပြောပြလိုက် ဆိုပြီး ထောက်လှမ်းရေး ဗိုလ်ကို ချက်ခြင်း အဖြေပေးလိုက်ပါတယ်။

ဦးစိန်ဝင်းဟာ ရန်သူကို ပြတ်သားပြီး မုန်းတီး တိုက်ပွဲဝင်သလို သစ္စာဖေါက်တွေကိုလဲ ရန်သူနဲ့ တဖွဲ့ ထဲလို့ သတ်မှတ်ထားသလို ချစ်သူကိုတောင် သူ့ တော်လှန်ရေး ခယောင်းလမ်းထဲ မပါလာအောင် မေတ္တာ သံယောဇဉ်ကြိုးကို ဖြတ်နိုင်ခဲ့သူပါ။ စောစောက ပြောခဲ့သလို ပင်လယ် ကမ်းခြေကျေးရွာ ဖြစ်တဲ့ ရန်ကြီးအောင်ရွာသားတွေ ဖြစ်ပေမယ့် သူ့ ရဲ့ မိဘတွေဟာ သားသမီးတွေကို မြို့ တက် ပညာသင်စေခဲ့လို့ ဦးစိန်ဝင်းတို့ ညီအကိုမောင်နှမတွေဟာ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ ဖြစ်ခဲ့ကြပါတယ်။ ပညာတတ်သလို ဥပဓိရုပ်တွေကလဲ ကောင်းကြတယ်။ ဦးစိန်ဝင်း ဆိုရင် အသားဖြူ အရပ်ရှည် ဗလကောင်း ရုပ်ချောသူလို့ ဆိုရမယ်။ သူ့ မေတ္တာဘက်ဟာလဲ သုံးခွမြို့ မှာ ကွမ်းတောင်ကိုင် အချောအလှပါဘဲ။ ဒါပေမယ့် အချစ်ရယ် မင့်ကို ချစ်လို့ အဆက်ဖြတ်ပါတယ်။ ငါတို့ ကျောင်းသား တော်လှန်ရေး ခရီးဟာ အဖမ်းခံ ထောင်ကျ နှိပ်စက်ခံ သေဆုံး စတဲ့ ဘ၀ဆိုးတွေ ဖြစ်မှာမို့ မင်း ငါ့ဘ၀ထဲ မပါစေချင်ဘူး ဆိုတဲ့သဘော ဖြတ်စာကို သူ့ ရည်းစားကို ပေးခဲ့ပါတယ်။

ကျနော်တို့ က ဦးစိန်ဝင်း တူတွေ တူမတွေနဲ့ မှ ရွယ်တူ ဖြစ်တော့ သူ့ အိမ်မှာ ကစားကြရင်က ဦးစိန်ဝင်း တာမွေက ကျူရှင်ဆရာ ဦးမြသန်း အိမ်ကို သွားလည်ချိန် ခရီးထွက်စဉ် ကာလမျိုးမှာ သူ့ ရဲ့ ရီးစားစာတွေကို ခိုးဖတ်ခဲ့ကြရတာပါ။ အခုအချိန်မှာတော့ အတိအကျ ပြန်မမှတ်မိပေမယ့် သူဟာ ချစ်သူ ချစ်လျှက်နဲ့  အိမ်ထောင်ရေးထက် ကျောင်းသားတော်လှန်ရေး ဆင်းရဲသား ပြည်သူတွေ အရေးကို ဦးစားပေးသွားခဲ့သူ တကယ်မြင့်မြတ်သူ အဖြစ် အခုမှ ပြန် စဉ်းစားမိလာတာဖြစ်ပါတယ်။

သူ့ ကို သူရဲကောင်းလို့ ပြောရတာကတော့ စစ်ကြောရေးမှာ အသက်အသေခံ ဒါဏ်ရာ အရခံပြီး ကျောင်းသားထု တော်လှန်ရေး လျှို့ ဝှက်ချက်တွေကို မဖေါ်ထုတ်တာမို့ ပါ။ သူ ဖေါ်ကောင် လုပ်လိုက်တာနဲ့ သူ့ သူငယ်ချင်း ရဲဘော်တွေ တသီတတန်းကြီး အဖမ်းမခံရရေး သူ့ သာလျှင် စစ်ဖိနပ် ဖိနင်း ဒါဏ်တွေ၊ စစ်ကြောသူရဲ့ တုတ်ချက်တွေကို အံကြိတ် ခံသွားခဲ့သူ။ တခါကဆိုရင် ကိုဇာဂနာရဲ့ နောက်ဆုံးထွက်တဲ့ စာအုပ်ထဲမှာ ပါသလို သူ့ ကို ခွေးတိုက်ထဲမှာ ထားပါတယ်။ ပါးစပ် စွပ်ထားပြီး ကိုက်မရတဲ့ ခွေးတွေက ဦးစိန်ဝင်းကို လက်တွေနဲ့ လာကုပ် လာဖိ လုပ်တယ်တဲ့။ ကြာကြာနေတော့ မခံနိုင်ဖြစ်လာပြီး ဒီလောက်တောင် ဖြစ်တဲ့ ခွေးတွေဆိုပြီး ခွေးကြောကုန်းကို သွားနဲ့ တအား ကိုက်ပစ် လိုက်တာ ခွေးတွေ သူ့ အနား မကပ်ရဲတော့ ဘူးတဲ့။ ခွေးတိုက်မှာ သူ့ ကို အဲ့သည်လောက်ထိ နှိပ်စက်ခဲ့တာကို သူ ပြန်ပြောပြခဲ့တာပါ။

ကိုကိုးကျွန်းမှာလဲ ကျွန်းဖျက်သိမ်းရေး အစာအငတ်ခံ ၅၃ ရက်မှာ ဦးစိန်ဝင်း ပါခဲ့ပါတယ်။ ၅၃ ရက်အပြည့်မှာ မဆလ ဦးနေ၀င်း အစိုးရက ဗိုလ်မှူကြီး သူရကျော်ထင်ကို အစာငတ်ခံနေရာ ကိုကိုးကျွန်းဆီ လွှတ်ပြီး ညှိနှိုင်းခိုင်းခဲ့ပါတယ်။ ၅၃ ရက်ပြည့်လို့ သေလုနီးပါး မျက်လုံးတွေ ၀ါးနေ၊ အသက်မှန်မှန် မရှူနိုင်တော့ဘဲ စကားကို ကြိုးစားပြောနေရတဲ့ ကိုစိန်ဝင်းနဲ့  စီးကရက် အသောက်မပျက်ဘဲ လာတွေတဲ့ မဆလ ဗိုလ်မှူးကြီး သူရကျော်ထင်တို့ တွေ့ ကြတဲ့အခါ။ မင်းတို့  အစာငတ်ခံ တောင်းဆိုလို့  ကျွန်းကို ဖျက်ပြီး မင်းတို့ ကို ရန်ကုန် ပြန်ပို့ မယ်ဆိုပြီးလာပြောချိန် ဦးစိန်ဝင်းဟာ အသက်ထွက်လု စကားမပြောနိုင်ဘဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲသည်တုန်းက သူ့ အသက်မသေပဲ သူ့ ကို လူနာတင်စင်ပေါ် တင်ပြီး မြှုတ်နှံဘို့ သွားချိန်မှာ သတိ ပြန်ရလာသလို သူ့ ကို စီးကရက် အသောက်မပျက် လာရောက် ညှိနှိုင်းတဲ့ မဆလဗိုလ်မှူးကြီး သူရ ကျော်ထင်ကိုလဲ မှတ်မှတ်ရရ ရှိသွားခဲ့ပါတယ် ဆိုတာ သတိရတိုင်း ကြုံတိုင်း ပြန်ပြောလေ့ရှိပါတယ်။

ကိုကိုးကျွန်းမှာ မသေပဲ ၈၈၈၈ အပြီး ၁၉၉၁ ခုနှစ် ဇန်န၀ါရီ ၈ ရက်မှာမှ အင်းစိန်ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှူ ညံ့ဖျင်းလို့ သူ ကျဆုံးခဲ့ရတာပါ။

အမှတ် ၂၄၅ ဧပြီ ၂၀၁၀ ထုတ် ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်းမှာ ဆရာထက်မြက် ရေးတဲ့ ရသစာတမ်း အတွင်း ပြန်ဖတ်ကြည့်မိတော့. . .

ကဗျာဆရာ ဟင်နလေ၏ အနိုင်မခံ (Invictus) ကဗျာကို ဗိုလ်ချုပ် အောင်ဆန်း စွဲလမ်းခဲ့သည်မှာ ဦးခေါင်းနှင့် ပတ်သက်သည်။ အာဇာနည်များသည် ဦးညွှတ်ခြင်းကို လက်မခံကြပေ။ ဦးညွှတ်ခြင်းသည် အရှုံးပေးခြင်း လက္ခဏာ တရပ် အဖြစ် ယူဆကြသည်။ ဒူး မထောက် ခေါင်းမငုံ့ ဘဲ ရန်သူကို ရင်ဆိုင်ကြသည်။ ထို့ ကြောင့် (ငါ၏ ဦးခေါင်းသည် သွေးများဖြင့် ချင်းချင်း နီသော်လည်း ငါကား ဦးမညွှတ်) My head is bloody but unbowed ဆိုသော ဟင်နလေ၏ ကဗျာကို ဗိုလ်ချုပ်အောင်ဆန်း အသည်းစွဲခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ကျနော်ကတော့ ငုယင်ဗန်ထရွိုင်းကို မြင်မိပါတယ်။ ဗီယက်နမ် သူရဲကောင်းဟာ ခေါင်းမော့ ရင်ကော့ ပြီး သေဒါဏ် အပေးခံခဲ့ပါတယ်။ သူ လုပ်ခဲ့တဲ့ ကြီးမြတ်တဲ့ တော်လှန်ရေး တာဝန်တွေအတွက် ဂုဏ်ရောင်ပြောင် ၀င့်ကြွားစွာနဲ့ ဘ၀နိဂုံး အဆုံးသတ်ခဲ့ပါတယ်။

ရန်ကြီးအောင် ဦးစိန်ဝင်းကရော ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၈ ရက် အင်းစိန် ထောင်ဆေးရုံမှာ သူ့ ကို ခွဲစိတ်ခန်းထဲ မသွင်းခင် သူ့ ရဲ့ အကိုကြီး အမကြီး ညီ ညီမ အကိုတွေကို တွေ့ ခွင့်ပေးခဲ့တယ်။ နောက်ဆုံး တွေ့ ကြတာဖြစ်ပါတယ်။ သူလဲ သိနေပါတယ်။ နောက်ဆုံး ဆိုတာကို။ ဒါပေမယ့် သူဟာ တချက်မှ မျက်နှာမပျက်။ ခေါင်းထောင်လျှက်။ မျက်လုံးတွေ အရောင်တောက်လျှက်။ စကားပြောသံ ခပ်မာမာ ဖြစ်လျှက်။ အကိုတို့ အမတို့ ကျနော် ဘာမှမဖြစ်ဘူး အော်ပရေးရှင်းဝင် ခွဲစိပ်လိုက်ရင် ကောင်းသွားမှာဆိုပြီး တည်တည်ငြိမ်ငြိမ်ပြောခဲ့ပါတယ်။ အေးအေးဆေးဆေး ပြန်ကြပါ။ လယ်ယာ လုပ်ငန်းခွင်တွေမှာ ပြန်လုပ်ကြပါ။ ကျနော့်အတွက် မစိုးရိမ်နဲ့ ကျနော် ဘာမှ မဖြစ်ဘူး။ ကောင်းသွားမှာ တဲ့

ကိုယ်ထဲမှာ ၀မ်းကိုက်ပိုးတွေက အသည်းအထိ ဖျက်ဆီးနေချိန်၊ ထောင် အာဏာပိုင်တွေရဲ့ ကုသမှူ အချိန်မီ မရဘဲ ရောဂါလွန်မှ ရောဂါကျွမ်းမှ ထောင်ဆေးရုံ အပို့ ခံရသူ။ သူ့ နောက်ဆုံး အချိန်ကို သိနေ လျှက်က ဘေးက စောင့်ကြည့်နေတဲ့ အာဏာပိုင်တွေအမြင်မှာ တော်တော့်ကို စိတ်ဓါတ်မာသူ၊ သံမဏိ လူသား ကျောင်းသား တော်လှန်ရေး သမားအဖြစ် ခံယူ သွားခဲ့သူ။

ဦးစိန်ဝင်းကို နောက်ဆုံးတွေ့ ခဲ့ရတဲ့ သူ့ အကိုကြီး ဦးသန်းက သူ့ ညီကွယ်လွန်ပြီးနောက် ဈာပန လာသူ တွေကို ပြောပြခဲ့ပုံကတော့

 (သူ စကားပြောတာလဲ လူကောင်းလိုပဲဗျာ။ သေမယ်လို့ လုံးဝကို ထင်စရာ မရှိဘူး။ မျက်နှာ အနေအထား၊ လေယူ လေသိမ်း အားလုံး ပုံမှန်ဘဲ။ သေတော့မယ့် လူမမာနဲ့ ကို မတူ ဘူး။ သူက ပြန်ခိုင်းလို့  ကျနော်တို့ အကို အမတွေ ဆေးရုံက ထွက်လာကြပြီး ခဏမှာပဲ သူဆုံးပြီတဲ့ဗျာ။ ဘယ်လိုမှ မယုံနိုင်ဘူး။ ဘယ်လိုမှ မယုံနိုင်ဘူးဗျာ။ ။)

မောင်တူး

၂၀၁၄ ဇန်န၀ါရီ ၈ ရက် ရန်ကြီးအောင်စိန်ဝင်း ကွယ်လွန်ခြင်း ၂၃  နှစ်အဖြစ် ဇန်န၀ါရီ ၈ ရက် ည စရေး ဇန်န၀ါရီ ၉ ရက်မနက် အဆုံးသတ်။ သူ့ သမိုင်း သူ့ ဂုဏ်ရောင်ပြောင်မှူကို ဒီလောက် ရေးယုံနဲ့ မလုံလောက်။ သို့ သော် ရေးတတ်သလောက် ရေးပါတယ်။ ရေးချင်မိလို့ ။ ပန်းချီဆိုလျှင် ဆေးသား မပီပြင်ပါက ရေးသူ ကျနော့်ရဲ့ စုတ် ချက် ညံ့ဖျင်းမှူကို ၀န်ခံပါတယ်။ ဒါပေမယ့် ဘယ်လောက် အရေးကောင်းသူ ရေးရေး ဘယ်လောက် စုတ်ချက် ကောင်းသူ ချယ်မှုန်း ချယ်မှုန်း သူ့ ရုပ်သွင် သူ့ တန်ဖိုး သူ့ သမိုင်း သူ့ ဂုဏ်ရောင်ပြောင်မှူ အလုံးစုံကိုတော့ ရေးသား ချယ်မှုန်း သီကုံးနိုင်မယ်လို့ မထင်ပါ။ ။