အယ်ဒီတာ့လက်ရေး - ၃၁
စနစ်တကျဆုတ်ခွာသွားသော
တပ်မတော်ကြီး၊ ရေလေးတစက်လောက် ချန်ခဲ့ပါ
မောင်ရစ်၊ ဇန်န၀ါရီ ၁၀၊
၂၀၁၄
၂၀၁၀
မှာ တပ်မတော်ကြီးက နိုင်ငံရေးမျက်နှာစာကနေ ၂၀၀၈ အခြေခံဥပဒေကို အကာအကွယ်ယူပြီး စနစ်တကျဆုတ်ခွာသွားပါတယ်။
သူတို့ဆုတ်ခွာသွားလို့ လစ်လပ်သွားတဲ့နေရာတွေမှာ ကြံ့ဖွံ့ပါတီ၊ အရေခွံလဲထားတဲ့ အစိုးရနဲ့
သူတို့အလိုကျ ခရိုနီနဲ့ အပေါင်းအပါတွေ ထားရစ်ခဲ့တယ်။ ဒီတခေါက် အလှည့်အပြောင်းမှာ သူတို့တွေက
အရင်တုန်းက န၀တ၊ နအဖ နဲ့ ထောက်လှမ်းရေး လွဲပြောင်း/ ဖျက်သိမ်းလုပ်ကြတုန်းကလို တဗိုလ်ကျ
တဗိုလ်တက် ဒိုင်းဝန်ထက်ကဲတဲ့ မောင်ပုလဲတွေ မဟုတ်ကြတော့ဘဲ၊ အကန့်အသတ်မဲ့ အာဏာပါဝါ အလွဲသုံးစားခွင့်တွေကို
စည်းကမ်းပြည့်ဝသော ပွင့်လင်းမြင်သာဘောင်ထဲမှာပဲ လုပ်စားကြဖို့ အမှာစကားထားခဲ့တယ် ထင်ပါရဲ့
… အရင်တုန်းကလို အပေါ်ဆုံးကနေ အောက်ဆုံးအထိ အာဏာပိုင်တွေ ခရိုနီကြီးတွေ အဆင့်ဆင့်ဟာ
ကြမ်းကြမ်းရမ်းရမ်း ရိုင်းရိုင်းစိုင်းစိုင်း သိပ်မဟုတ်တော့ဘူး။ စည်းကမ်းရှိတဲ့ အာဏာရှင်၊
ငွေရှင်ကြီးတွေ ဖြစ်လာကြပုံပါပဲ။
တကယ်တန်းမှာတော့
သူတို့တွေနဲ့ သူတို့အသိုင်းအ၀ိုင်းတွေ ချယ်လှယ် မင်းမူထားတဲ့ လုပ်ငန်း လုပ်ကွက် အခန်းကဏ္ဍတွေမှာ
ပြည်သူတွေဟာ နည်းနည်းလေး အသက်ရှုချောင်ခွင့်၊ ဖိစီးနေတဲ့ ၀န်ထုပ်ဝန်ပိုးတွေ အလေးချိန်အနည်းငယ်မျှ
လျော့ခွင့်ကလေးရတာပါ။ ကိုအော်ပီကျယ်ကာတွန်းထဲကလို ကျောက်တုန်းအကြီးတတုံး၊ အသေးတတုံး
ထမ်းထားရလို့ တစာစာညီးနေသူဆီက ကျောက်တုန်းလေး တတုံး လျော့ပေးလိုက်လို့ ထိုထမ်းထားရသူခင်မျာ
‘အခုမှပဲ ပေါ့သွားတော့တယ်’ ပြောရရှာသလိုပေါ့။ ကျနော်တို့ကျောပေါ်မှာ အာဏာရှင်စနစ်အမြစ်တွယ်
လှိုက်စားနေတဲ့ ကျောက်တုန်းအကြီးကြီး ထမ်းထားရတုန်းပါပဲ။
ကားတွေလည်း
ဈေးတွေကျလို့ ပေါပေါများများ ဖြစ်ကုန်လို့ လူတချို့တွေ ကားတွေ ၀ယ်စီးနိုင်ကုန်ကြပြီ
ဆိုရအောင် အရင်တုန်းက သူတို့ပဲ သည်ကားဈေးကွက်ကို ပိတ်ထားခဲ့တာပါ။ အခုမှ သူတို့ပိတ်ထားတာကို
သူတို့ပဲ ဖွင့်ပေးလိုက်တာပါ။ တယ်လီဖုန်းတွေလည်း ဈေးတွေကျ၊ လူ ၁၀၀၀ မှာ တဦးလောက် ဟင်းဖုံးတွေ
ဖြစ်ကုန်ကြပြီဆိုတာကလည်း သူတို့ပဲ မပေးချင်တုန်းက မပေးဘဲထားတဲ့ဟာကို အခုပေးချင်လို့
ပေးလိုက်တာပါပဲ။ ချပေးတဲ့သူတွေကလည်း သူတို့ပဲ။ ပြီးတော့ သူတို့ဆီက ဖုံးတွေပဲ ပြန်ဝယ်ပြီး
ကျနော်တို့က သုံးနေရတာပဲ မဟုတ်လား။
လမ်းတွေ
တံတားတွေကို သူတို့ကုမ္မဏီတွေနဲ့ပဲ ပါမစ်တွေ ချပြီး လမ်းခင်း၊ တံတားဆောက်တွေ လုပ်၊ ပြီးတော့
ဖြတ်သန်းခတွေကို ပြည်သူတွေဆီက ပြန်တောင်း၊ အရင်တုန်းကလို လမ်းပျက် တံတားပျက်ကို ပေလယကံပစ်မထားတော့ဘဲ
ကြည့်ကောင်းလေး ပြင်ဆင်ထားတော့ အခုလမ်းတွေ ‘သူတို့’ ပုဂ္ဂလိကလက်ထဲမှာ ဟိုတုန်းကထက်စာရင်
ကောင်းတယ် ဆိုရမှာပေါ့။ အဲဒါလည်း သူတို့တွေ လက်ထဲမှာပဲ မဟုတ်လား။ ဓာတ်ဆီကို လွတ်လပ်စွာ
အစစ်အဆေးအမေးအမြန်းမရှိ တဂါလံကို ၄ ထောင် နှုန်းလောက်နဲ့ ၀ယ်လို့ရတာကို ကျနော်တို့က
ကျေးဇူးတွေ တင်လို့။ တဂါလံ ၄ထောင်ကျပ်ဆိုတာက အမေရိကန်ဈေးဗျာ။ မြန်မာပြည်လိုမျိုးမှာက
သည်ထက်ပို ဈေးပေါလို့ မရဘူးလား။ အဲသည် ဓာတ်ဆီဈေး အသွင်း အထုတ်၊ ဒေါ်လာငွေနဲ့ အလဲအလှယ်မှာလည်းပဲ
သူတို့ဘဏ်ကြီးတွေပဲ လစဉ်၊ အပတ်စဉ် ငွေလွှဲနှုန်းအပေါ်လိုက်ပြီး အမြတ်အစွန်းအကြီးအကျယ်တွေ
ရကြတာပဲလို့ ဆိုပါတယ်။ ဒါလည်း သူတို့တွေချည်း အတွက် မဟုတ်ဘူးလား။
ဟောဗျာ
… မီဒီယာတွေ တယ်လီဗေးရှင်းတွေ၊ ရေဒီယိုတွေကလည်း လိုင်းပေါင်းစုံ၊ နေရာပေါင်းစုံကနေ
မျိုးပေါင်းစုံလင်စွာ ဖွင့်လို့ ဖျော်ဖြေလို့ ဆိုနေပေမယ့် သူတို့တတွေရဲ့ ကုမ္မဏီတွေ
လက်ခွဲတွေကပဲ စီမံခန့်ခွဲ လုပ်ကိုင်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ သူတို့တွေထံမှာ မီဒီယာသမားတွေက
လက်ဝေခံပြီး လက်ခစား ၀င်လုပ်နေကြရတဲ့ အဆင့်ပါပဲ။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မကျင်းပခင်ကတည်းကစပြီး
မြို့ရွာ အဆောက်အအုံတွေ၊ လယ်ယာမြေတွေ၊ လုပ်ကွင်းလုပ်ကွက်တွေ အားလုံးကို သူတို့တတွေချည်း
စနစ်တကျ ခွဲဝေသိမ်းပိုက်ရယူပြီးတော့မှ ကျနော်တို့တတွေကို ငှက်ကလေးတွေလို ပိတ်ဆို့ တားဆီးထားတဲ့
လှောင်ချိုင့်တွေကနေ လွှတ်ပေးလိုက်သလိုပါပဲ။ ဘယ်အကိုင်းနားနား အရှင်ကြီးတွေရဲ့ ကိုင်းတွေချည်းပဲလို့
ပြောရမှာပါ။
အင်တာနက်တွေ
လျပ်စစ်မီးတွေ ပိတ်ထားတော့လည်း သူတို့၊ ပြန်ဖွင့်ပေးတော့လည်း သူတို့။ သူတို့တွေ ရောင်းဝယ်လည်ပတ်
ဖောက်ကားနေတဲ့ မြို့တွင်းပြေး၊ မြို့ပြင်ပြေး ဘတ်စကားကြီးငယ်တွေ၊ အငှားယာဉ်တွေ၊ ကုန်တင်ကုန်သည်ကားကြီးတွေ
လေယာဉ်ပျံကြီးတွေ …ဒါတွေပေါ်မှာ ကျနော်တို့ ခရီးသည်တွေက စီးနင်းလိုက်ပါရင်းကနေ မောင်မင်းကြီးသားများ
ကျန်းမာချမ်းသာကြပါစေလို့ မေတ္တာပို့နေရတဲ့ အဖြစ်လို့ မြင်မိတော့တာပဲ။
တွေးမိတာလေး
တခုကတော့ တပ်မတော်ကြီးနဲ့ စစ်အာဏာရှင်တွေဟာ ၂၀၀၈ အခြေခံဥပဒေကို အကာအကွယ်ယူပြီး စနစ်တကျဆုတ်ခွာကြချိန်မှာ
သူတို့တွေအချင်းချင်းထဲက မိုးရွာတုန်း ရေမခံပဲ ပျော်ပျော်ပါးပါး မိုးရေချိုးနေခဲ့ကြတဲ့
အစုအဖွဲ့တွေဟာ အချိန်နှောင်းမှ သတိဝင်လာပြီး မမြိုနိုင် မဆို့နိုင် မစုနိုင် မဆောင်းနိုင်နဲ့
ကိုးလိုးကန့်လန့်ဖြစ်ကုန်ကြ၊ ခိုးကောင်းတုန်း မီးထွန်းခံရသလို ဖြစ်ကုန်ကြတဲ့သူတွေလည်း
ရှိမယ် ထင်မိတယ်။ သူတို့တတွေကျတော့ သတိဝင်လာတဲ့ နိုးထလာတဲ့ ပြည်သူတွေနဲ့ ပြသနာတွေတက်၊
နင်ပဲ ငဆ ရန်တွေဖြစ်ကြ ဆဲကြဆိုကြ ဖြစ်ကုန်ကြတာပေါ့လေ။ ရွှေဂက်စ် ပိုက်လိုင်းကြီး ခင်းကောင်းကောင်းနဲ့
ခင်းလိုက်တာ တရုတ်ပြည်တောင် ရောက်သွားပြီဆိုတဲ့အချိန်မှာ မြစ်ဆုံမှာ ပြသနာတွေဖြစ်၊
လက်ပံတောင်းမှာ မီးတွေလောင်၊ ဒီလိုမျိုး အဖြစ်တွေလည်း ကြုံရမှာပေါ့လေ။ နယ်ရွာအသီးသီးမှာ
ပြည်သူတွေဟာ ဒူးနဲ့ မျက်ရည်သုတ်ပြီး လူမသိ သူမသိနဲ့ လယ်တွေ မြေတွေ ရွာတွေ မြစ်ချောင်း
အင်းအိုင်တွေက ဖယ်ရှားခံရ၊ နှိပ်ကွပ်ခံလိုက်ရတာတွေလည်း အများကြီး ရှိနိုင်တယ် မဟုတ်ပါလား။
ဒီလိုမျိုး
ပြည်သူတွေနဲ့ နိုင်ငံတော်ရဲ့ အရင်းအမြစ်၊ စီမံခန့်ခွဲမှုတွေကို ပြန်လည်ဖြေရှင်းနိုင်ဖို့ဆိုတာ
အစိုးရတွေ လွှတ်တော်တွေကနေ နိုင်ငံရေးနည်းလမ်းများ၊ ဥပဒေနည်းလမ်းများနဲ့အညီ တင်ပြ ထုတ်ပြန်
ဆွေးနွေး အရေးယူ စစ်ကြောတဲ့ အလှည့်ကာလကို ရောက်နိုင်မှ ဖြစ်လိမ့်မယ်လို့တော့ မျှော်လင့်မိတယ်။
ဒါမှမဟုတ်ရင်လည်း လူထုခုံရုံးကနေ မတရားစော်ကားသူတွေကို လူထုနည်းနဲ့ ဖော်ထုတ် အရေးယူရမလို
ဖြစ်လာလိမ့်မယ်။
သူတို့တတွေကတော့
နောက်ပြန်လည်း မလှည့်တော့ပါဘူး။ ပြောင်းပြန်လည်း မသွား၊ ဇောက်ထိုးလည်း မလျောက်တော့ဘူးလို့
ထင်မိတယ်။ သူတို့တတွေရဲ့ စနစ်တကျ စည်းကမ်းရှိရှိ ဖောက်လုပ်လိုက်တဲ့ လမ်းကြီးမှာ ဒီမိုကရေစီကလွဲလို့
အကုန်ရနေပြီပဲ ဘာလိုသေးလဲလို့ ကျနော်တို့ကို ပြန်မေးလိမ့်မယ် ထင်တယ်။ ဆန္ဒပြချင်သလား၊
သပိတ်စခန်းကော ဖွင့်ချင်သေးသလား။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး လုပ်ချင်သလား။ ဟိုဟာပြင်
ဒီဟာပြင် ဘာတွေ တန်ဆာဆင်ချင်သေးလဲလို့ မေးလိမ့်မယ်။
ကျနော်တို့က
သူတို့အကောက်ကြေးတောင်းတဲ့ လမ်းပေါ်မှာ ချယ်ရီကားလေးကိုစီး၊ တရုတ်ဓာတ်ဆီကို ထည့်၊ ဟိုစီးတီးအက်ဖ်အမ်ကို
နားထောင်၊ စကိုင်းနက်ရုပ်သံကြည့်မလား၊ မြ၀တီကြည့်မလား၊ ဘာကြည့်မလဲ စဉ်းစားခန်းလေးဝင်၊
သူတို့သိမ်းထားပြီးတဲ့ လယ်တွေ မြေတွေ တိုက်ခန်း အဆောက်အအုံတွေမှာ ဘဲဥအစရှာမရသလို အကြံတွေ
အိုက်၊ … တကယ်တန်းမှာတော့ ကျနော်တို့တတွေက စနစ်တကျဆုတ်ခွာသွားတဲ့တပ်မတော်ကြီးကို တခုလေး
တောင်းဆိုရမှာက … ရေလေးတစက်တော့ ထားခဲ့ဖို့။ သည်ရေစက်ကလေးနဲ့ သူတို့စိတ်ကြိုက်ဆွဲခဲ့တဲ့
၂၀၀၈ ဟိုဟာကြီးကို ‘တိုက်’ကြဖို့ပေါ့။ ။