သီတဂူဆရာတော်၏ “အလွတ်သဘော” ဆိုသည်ကို ဆန်းစစ်ကြည့်ခြင်း
တူမောင်ညို (၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်)
“အလွတ်သဘော” ဘုန်းကြီးက ပြောသည်ဆိုလျှင် “ဝိနည်းလွတ်”
ပြောတာပဲဖြစ်လိမ့်မည်ဟု ယူဆပါသည်။
ဤသို့ပြောဆိုမှုသည် ဒုဗ္ဘာသီအာပတ် (မကောင်းသောပြောဆိုမှုအဖြစ်
လူအများ ကဲ့ရဲ့ဖွယ်အပြစ်) သင့်ပါလိမ့်မည်။
ဝိနည်းဓိုရ် ဘုန်းကြီးဆိုလျှင် “အလွတ်သဘော” ပြောလိမ့်မည်မဟုတ်ပါ။
“၂၂၇ သွယ်သောဝိနည်း” ဟုဆိုထားပါသည်။ ဝိနည်းတရားတော်သည် သာသာနာ၏ အသက်ဖြစ်ပါသည်။ (ဝိနယော
နာမ ဗုဒ္ဓသာသနဿ အာယု)
ထို့ကြောင့် “ဝိနည်းလွတ်” ဆိုသည်မှာ တကယ်တော့ ရဟန်းတော်များလိုက်နာရမည့်
ဥပဒေကို လက်တစ်လုံးခြားချိုး ဖောက် ခြင်းသာဖြစ်ပါသည်။
တကယ်တော့“အလွတ်သဘော”ဆိုသည်မှာ လောကီကိစ္စ။
နိုင်ငံရေးစနည်းနာကြခြင်းဖြစ်သည်။ တစ်ပါတီနှင့်တစ်ပါတီ၊ တစ်ဖွဲ့ နှင့် တစ်ဖွဲ့ တရားဝင်ဆွေးနွေးပွဲမစခင်၊
အလျော့အတင်းမလုပ်ကြခင် အပြန်အလှန်ကြိုတင် တီးခေါက်ကြည့်ကြသည့် သဘောဖြစ်သည်။
ဘုန်းကြီး၏ “အလွတ်သဘောပြောဆိုမှု” သည် ကျောင်းတိုင်ခေါင်းထဲက
“ဖွတ်” ကို စားချင်သော ကျောင်းထိုင်ဘုန်းကြီးမှ ကျောင်းသားများအား “ဝိနည်းလွတ်” မိန့်ကြားပုံမျိုးနှင့်ဆင်တူနေသည်။
ပုံပြင်ထဲကဘုန်းကြီးက “ဖွတ်သား”စားချင်တာဖြစ်သော် ယခု ကိုယ်တော်ကြီးကမူ “ကြံ့ဖွတ်သမ္မတ”ကို ဗြောင်အားပေးဖို့ သြဝါဒပေးနေတာဖြစ်သည်။
မဲဆွယ်နေတာဖြစ်သည်။
“ဟေ့ - ကြံ့ခိုင်ဖွံ့ဖြိုးရေးက၂၀၀၈ အခြေခံဥပဒေမပြင်ဘူး၊
ဒီအတိုင်းသွားမယ်ဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည်သမ္မတမဖြစ်နိုင် ဒါကြောင့် ဗိုလ်သိန်းစိန်ပဲဆက်လက်အားပေးကြ”
ဟူ၍ဖြစ်သည်။ ဘုန်းကြီးသည် နိုင်ငံရေးကို ဤမျှစိတ်ဝင်စားနေပါလျှင် ကြံ့ဖွံ့ပါတီက
အခြေခံဥပဒေမပြင်ခဲ့လျှင် “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
အားပေးကြဟေ့လို့ အလွတ် သဘော အဘယ့်ကြောင့်ထည့်သွင်းမပြောခဲ့ပါသလဲ။ ပြင်ဆင်ရေးဘက်မှ ဆရာတော်ကိုယ်တိုင်ရှေ့ကမားမားရပ်ပြီး
ပြင်ဆင်ကြဖို့ သြဝါဒ မပေးသင့်ပါလား။ အခုတော့ “သမ္မတကြီး
ဦးသိန်းစိန်ကို ဆက်လက်အားပေးသွားတာ ကောင်းတယ်” ပြောခဲ့သည်။ဆရာတော်၏ “အလွတ်သဘော”
သည် ကြံ့ဖွံ့ပါတီ ဘက်ပင်းသော အလွတ်သဘောဖြစ်နေသည်။
ထို့အပြင်သီတဂူဆရာတော်သည်
ကြံ့ဖွံ့ပါတီကိုအားပေးရာ၌ “ဒကာဗိုလ်ရွှေမန်းဂိုဏ်း” ထက် “ဒကာဗိုလ်သိန်းစိန်ဂိုဏ်း” ဘက်
ပိုညွတ်နေတာပေါ်လွင်ထင်ရှားသည်။
“ရခိုင်ကိုယ်တော်တစ်ပါးက
ခံစားချက်နှင့်အသုံးချသွားတာ” ဟု မိန့်ကြားသည်ကလည်း လူမျိုးရေးဆန်လွန်းပြီး တမင်လွှဲချ
သလိုဖြစ်နေပါသည်။ သီတဂူကိုယ်တော်ကြီးပြောသည့်စကားကို ပြန်လည် ပဲ့ထင်ထပ်သည့်ကိုယ်တော်မှာ
သာမင်ညောင်ညကိုယ်တော် မဟုတ်ပါ။ တိပိဋကကိုယ်တော်တစ်ပါးဖြစ်ပါသည်။
သီတဂူကိုယ်တော်ကြီးသာ အလွတ်သဘောဝိုင်းထိုင်ပြီး
“အလွတ်စကား” မမိန့်ကြားခဲ့သော် ဤကိစ္စပေါ်လာစရာ အကြောင်း လုံးဝမရှိပါ။ မီးမရှိဘဲ၊မီးခိုး
မထွက်နိုင်သကဲ့သို့ပင်။ ယခုတော့ ငါးမျှားနေသည့်ကိုယ်တော်ကို အခြားကိုယ်တော်တစ်ပါးက
တီးတူးရင်း တွေ့ကြပုံမျိုးဖြစ်နေသည်။ ဤအချက်က ဘုန်းကြီးထိပ်သီးများကြားထဲ၌ ကြံ့ဖွံ့နိုင်ငံရေးစိမ့်ဝင်နေမှုကို
အထင်အရှားဖော်ပြနေသည်။
သမ္မတနှင့်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တွဲပြီး
ဘုန်းကြီးလော်ဘီခရီးတွေ ထွက်သလို၊ ကာချုပ်ကလည်း ဘုန်းကြီးတွေနဲ့ နီးကပ်ပြနေသည်။
စင်စစ် ယနေ့ဖြစ်ပွားနေသော ဘာသာရေး/လူမျိုးရေး
အကြမ်းဖက်မှုများကို အဓိကကြိုးကိုင်စီမံဖန်တီးနေသူမှာ သမ္မတ ဗိုလ် သိန်းစိန်ကြံ့ဖွံ့အစိုးရဖြစ်ပါသည်။
ရခိုင်ပြည်နယ်က “ရာဇဝတ်မှုမီးပွား”ကို “ဘာသာရေး/လူမျိုးရေး အကြမ်းဖက်မှုတောမီးကြီး” ဖြစ်လာ
အောင် ဆီလောင်းမီးရှို့ပေးခဲ့သူလည်းဖြစ်သည်။ သို့ဖြင့် “ဘာသာရေး/လူမျိုးရေး အကြမ်းဖက်မှုတောမီးကြီး”
ကို ရှမ်းပြည်နယ် (လားရှိုး)၊ မန္တလေးတိုင်းဒေသကြီး(မိတ္တီလာ)၊ စစ်ကိုင်းတိုင်းဒေသကြီး(ထန်းကုန်း)တို့တွင်
အရှိန်ကောင်းကောင်း၊ အချိတ်အဆက်မိမိ၊ ဆက်လက် ခုန်ကူး လောင်ကျွမ်းစေခဲ့သည်။
စိတ်ကြိုက် သေကျေလောင်ကျွမ်းပြီးကာမှ လက်ပိုက်ကြည့်နေသော
အာဏာပိုင်များသည် စတိသဘောအရေးယူ ဆောင်ရွက် မှုအချို့ကိုပြခဲ့ကြသည်။ “ဆီးဂိမ်း” တွင်
ထိုင်ခုံဖျက်ဆီး၊ အလံမီးရှို့သည့် “ဘောလုံးမျိုးချစ်များ”ကိုပင် ခရီးစရိတ်ပေးပြန်လွှတ်ပေးခဲ့သည့်
အထိ မျိုးချစ်စိတ်ဓါတ်ထက်သန်မှုကို အထင်အရှားပြသခဲ့သည် မဟုတ်ပါလော။
ဘာသာရေးကို နိုင်ငံရေးအတွက် ခုတုံးလုပ်အသုံးမချသင့်။
သို့သော်လည်း အုပ်စိုးသူအဆက်ဆက်သည် ခုတုံးလုပ် အသုံးချမြဲ အသုံးချခဲ့ကြသည်။ အသုံးချနေဆဲဖြစ်သည်။
ထိုသို့အသုံးချခဲ့သူများအနက်တွင်ပို၍လက်စောင်းထက်မှာဝန်ကြီးချုပ်ဟောင်းဦးနုဖြစ်သည်။
သူ့ကိုယ်သူ ဒီမိုကရေစီသမားကြီး ပါဟု တွင်တွင်ဝါဒဖြန့်သူ ဦးနုသည် ကွန်မြူနစ်ဆန့်ကျင်ရေးအတွက်
ဘာသာရေးကို ခုတုံးလုပ် အသုံးချခဲ့ပြီး၊ သူ့ပါတီအနိုင်ရရှိရေး အတွက်လည်း “နိုင်ငံတော်ဘာသာ” ဖြင့်တိုင်းရင်းသား သွေးစည်းညီညွတ်မှုကို
ဖျက်ဆီးပစ်ခဲ့သူဖြစ်သည်။ ပြည်တွင်းစစ်မီးကို ပို၍အရှိန် ကောင်းအောင်ဖန်တီးခဲ့သူဖြစ်သည်။
ယနေ့ဖြစ်ပေါ်နေသော ဘာသာရေးခုတုံးလုပ်နေမှု၊
လူမျိုးရေးမုန်းတီးမှု လှုံ့ဆော်နေမှုများကို သမ္မတဗိုလ်သန်းစိန်အစိုးရက လက်ပိုက်ကြည်နေခဲ့သလို၊
(မဟန) အဖွဲ့ကြီးက လည်း ထိထိရောက်ရောက် ဟန့်တားမှုမပြုဘဲ ဝစီပိတ်နေတော်မူခဲ့သည် သို့မဟုတ်
ဝစီပိတ်နေရန်ညွန်ကြားခြင်းခံနေခဲ့ရပုံပေါ်ပါသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့က မန္တလေးမြို့၌ကျင်းပသည့်
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည် - မန္တလေး) ညီလာခံတွင် တက်ရောက်သော
သံဃာသုံးသောင်းကျော်ဆိုသည်မှာလည်း နုနယ်ငယ်ရွယ်လှသည့် သံဃာငယ်များသာ အများစု ဖြစ်နေပါသည်။
ထုတ်ပြန်ကြေညာချက်ကလည်း အစိုးရကြိုက်ချည်းဖြစ်နေသည့်အချက်ကလည်း မေးခွန်းထုတ် စဉ်းစား
စရာ ဖြစ်ပါသည်။ သီတဂူဆရာတော်သည် ထိုပွဲတွင် “အလွတ်သဘော” ပြောသင့်ပါ၏လော။ မေးခွန်းထုတ်စရာ၊
စဉ်းစားစရာပင်။
ကြံ့ဖွံ့အစိုးရသည် တိပိဋကဘုန်းတော်ကြီးအချို့ကိုပင်
လူမျိုးရေးဘာသာရေးအတွက် ခုတုံးလုပ် အသုံးချနေသည့်အချက်မှာ ကွက်ကွက် ကွင်းကွင်းပေါ်လွင်နေပါသည်။
လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပြည်သူများ
အထူးသတိရှိကြပါ။ ထေကြီးဝါကြီးဆရာတော်ကြီးများကလည်း မျက်နှာတော် မလွှဲဘဲ၊ ထိုက်သင့်သလို
အရေးယူဆောင်ရွက်ပေးပါရန် လျှောက်ထားတောင်းပန်အပ်ပါသည်။
ညွန်း
-
သီတဂူဆရာတော်
မှ (RFA) သို့ မိန့်ကြားချက် (၁၇-၁-၂၀၁၄)
-
Photo
– Irrawaddy Online