ရောက်တတ်ရာရာအတိုအစများ
အက်ဆန် အွန်ထရာပန် (Essen, Antwerpen) မှသည်
ကန်မြဲရွာသို့
မောင်ရင်ငတေ၊ ဖေဖော်ဝါရီ ၅၊ ၂၀၁၄
အက်ဆန်မြို့သို့ နယ်သာလန်မှ အဝင်လမ်း (ဓါတ်ပုံ မရငတ)
ဒီတပတ် မောင်ရင်ငတေ ရောက်ရှိနေတာက
Essen ဆိုတဲ့ ဘယ်လ်ဂျီယံနဲ့ နယ်သာလန်နယ်စပ်က တောမြို့ကလေးပါ၊ ရောက်ရှိခဲ့ရတဲ့ အကြောင်းရင်းက
ကုန်းလမ်းခရီးနဲ့ သွားမယ်ဆိုရင် ကီလိုမီတာ တသောင်းနှစ်ထောင်ကျော် မိုင်ပေါင်း ခုနှစ်ထောင့်နှစ်ရာကျော်
ကွာဝေးတဲ့ မြင်းခြံ တောင်သာနယ် ကန်မြဲရွာသား
ကဗျာဆရာကြီးရဲ့ ခွန်နှနှစ်မြောက် နှစ်ပတ်လည်နေ့ကြောင့်ပါ၊ အက်ဆန်မြို့လေးမှာ ရောက်ရှိအခြေချ
နေထိုင်နေကြတဲ့ ကဗျာဆရာကြီးရဲ့ သမီးတွေက ပါရီဘုန်းတော်ကြီး ဦးကုမရကို နှစ်စဉ်လို ပင့်ဖိတ်
ကုသိုလ်ယူနေကြပါ၊ အဲဒါကို မောင်ရင်ငတေက ကပ်မြှောင်အဖြစ် လိုက်ပါသွားခဲ့ တာပါ၊ အက်ဆန်မြို့နယ်လေးဟာ
လူဦးရေသောင်းဂဏန်းကျော် နေထိုင်ကြတယ်လို့ စာရင်းရှိပေမဲ့ မြို့ကလေးဟာ တိတ်တိတ်ဆိတ်ဆိတ်
အေးအေးချမ်းချမ်းနဲ့ ဥရောပရဲ့ကျေးလက်ပီပီသသ ရှိနေတဲ့ နေရာပါဘဲ၊ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံ
နှစ်နိုင်ငံနယ်စပ်မျဉ်းပေါ်မှာ ခွလျက်ရှိနေတဲ့ မြို့ကလေးပါ၊ နယ်စပ်မြို့ဆိုပေမယ့် ရှုတ်ထွေးပွေလီတဲ့
ပုံစံမရှိပါဘူး၊ ကားလမ်းကူးတာနဲ့ ဟိုဘက်တနိုင်ငံ တပြည် ခြားသွားပါပြီ၊ အက်ဆန်အမည်နဲ့
အဲဒီနား တဝိုက်မှာ ငါးနေရာလောက် ရှိပါတယ်၊ ဘယ်လ်ဂျီယံမှာ တမြို့ နယ်သာလန်မှာ ရွာနှစ်ရွာနဲ့
ဂျာမဏီမှာ မြို့နှစ်မြို့ရှိပါတယ်၊ အဲဒါကြောင့် လက်မှတ်ဝယ်မယ် ဆိုခဲ့ရင် နိုင်ငံအမည်ပါ
ထည့်ပြောမှသာလျှင် သေခြာပါလိမ့်မယ်၊ ဂျာမဏီက Essen မြို့က ပိုကြီးပြီး ပိုမို ထင်ရှားတဲ့မြို့ပါ၊
ဂျာမဏီရဲ့ နဝမမြောက် အကြီးဆုံး အက်ဆန်နဲ့ ဘယ်လ်ဂျီယံ အက်ဆန်မြို့က မိုင်ပေါင်း ၁၃၀
ကျော်ခန့် ကွာဝေးပါတယ်၊ အဲဒီ ဘယ်လ်ဂျီယံနိုင်ငံ အက်ဆန်မြို့ကလေးမှာတော့ ထူးထူးခြားခြား
ဘာတခုမှ မရှိသလို ခရီးသွားသူ ဧည့်သည်တွေအတွက် ဆွဲဆောင်စရာ ဘာတခုမှ မတွေ့ရှိရပါဘူး၊
နယ်သာလန် နယ်စပ်ဖြစ်လို့ ပြင်သစ်စကားပြောသူ နည်းပါးပြီး နယ်သာလန် စကား ဖြစ်တဲ့ Dutch
လိုသာ ပြောကြသူတွေ များပါတယ်၊ လမ်းအမည် ဆိုင်အမည်နဲ့ လမ်းညွှန်ဆိုင်းဘုတ် တွေကို နယ်သာလန်
Dutch ဘာသာစကားနဲ့ ရေးထားတာကို တွေ့ရပါတယ်၊ ဥရောပ မြို့ကြီးတွေ အများစုမှာ တွေ့ရလေ့ရှိတဲ့
လူမည်း လူဝါ လူညိုတွေ အတွေ့ရနည်းပါးပြီး လူဖြူတွေကိုသာ အတွေ့ ရများတဲ့ ကျေးလက်ဒေသမျိုးပါ၊
နယ်စည်းမခြားခေတ်ရဲ့ ဘယ်လ်ဂျီယံနဲ့ နယ်သာလန် ခပ်ပါးပါး နယ်ခြားစည်း
(ဓါတ်ပုံ မရငတ)
ဒီအက်ဆန်မြို့လေးမှာ အထူးခြားဆုံးကွ ဆိုပြီးတော့ ပြောလို့ရတာ တခုသာရှိတယ် ဆိုရမှာပါ၊
အဲဒါ ကတော့ မြို့ရဲ့မြောက်ဘက်စွန်းလမ်းရဲ့ ဟိုဘက်ခြမ်းဒီဘက်ခြမ်းကိုပိုင်းပြီး နိုင်ငံနှစ်ခု
ဖြစ်နေတာပါ၊ ဒီမြို့က ဘယ်လ်ဂျီယံနိုင်ငံရဲ့ မြောက်ဘက်စွန်းမြို့ဖြစ်ပြီး ဒီမြို့ရဲ့
နယ်နမိတ်မျဉ်းက နယ်သာလန်နဲ့ နယ်ခြားမျဉ်းလည်း ဖြစ်ပါတယ်၊ နိုင်ငံနှစ်နိုင်ငံရဲ့ ပိုင်းခြားထားရာ
ဖြစ်နေသော်လည်းဘဲ ဒီနယ်စပ်သူ နယ်စပ်သား ဌာနေဖွားသူများ အချင်းချင်း ဘာပြဿနာမှ ရှိဟန်
မတူပါဘူး၊ ကတ္တရာလမ်းကလေး တခုသာခြားပြီး တနိုင်ငံစီ ဖြစ်နေကြပေမယ့်လည်း ကားနဲ့ခြေလျှင်နဲ့
သော်လည်းကောင်း စက်ဘီးနဲ့ သော်လည်းကောင်း အေးအေးလူလူ ကူးသန်းသွားလာ နေကြတာပါ၊ ကမ္ဘာရွာဆိုတာမျိုးက
ဒါမျိုးပါ၊ ကမ္ဘာ့ငပွကြီးဆိုတဲ့ နိုင်ငံကြီး နိုင်ငံကလေး တချို့မှာတော့ ခြံစည်းရိုးတွေခတ်
အုတ်တံတိုင်းတွေကာ လုံခြုံရေး အထပ်ထပ်ထား အမိနိုင်ငံ အမိနိုင်ငံအတွက် ဆိုပြီး ကာကွယ်ပြီးရင်း
ကာကွယ်နေရတော့
အဲဒီလို နေရာတွေမှာ ကမ္ဘာရွာရဲ့ အဓိပ္ပါယ်ကြီးဟာ အဓိပ္ပါယ်မရှိ ဖြစ်နေရပါတယ်၊
Royaume
de Belgique(fr) Koninkrijk België(nl) Königreich Belgien(de) (ဓါတ်ပုံ မရငတ)
ဘယ်လ်ဂျီယံနိုင်ငံရဲ့လူဦးရေက
၁၁ သန်းရှိပြီး အကျယ်အဝန်းစတုရန်းမိုင် တသောင်းနှစ်ထောင်ခန့် ရှိတာဖြစ်လို့ လူဦးရေ ထူထပ် သိပ်သည်းတယ်လို့ ပြောလို့ရပါတယ်၊ ပြင်သစ်ဘက်အခြမ်း မြို့တော် ဘရူဆဲလ်နယ်အထိ ပြင်သစ်စကား ပြောကြတာများပြီး မြောက်ဘက် နယ်သာလန်ဘက် အခြမ်းက Dutch စကားကိုပြောကြပါတယ်၊ အရှေ့တောင်ဘက် ဂျာမန်နယ်ဘက်ကသူတွေကတော့ ဂျာမန် စကားကို ပြောကြပါတယ်၊ အများအားဖြင့်ကတော့ ဒီလို သုံးဘာသာစလုံးအပြင် အင်္ဂလိပ်စကားကို ပြောတတ်ကြပြီး ပြင်သစ်ပြည်က ပြင်သစ်လူမျိုးတွေလို အင်္ဂလိပ်စကားပြောရမှာကို ဝန်လေးသူများ မဟုတ်ကြပါဘူး၊ ဥရောပကို လာရောက်လည်ပတ်ကြသူတိုင်းရဲ့ ပါးစပ်ဖျားမှာ ဘယ်လ်ဂျီယံပြည်က သွားကိုသွားရမယ်ဆိုပြီး ရေပန်းစားထင်ရှားတဲ့ နေရာဒေသ တခုမျိုးတော့ မဟုတ်ပါဘူး၊ ပြင်သစ်တို့ ဂျာမဏီတို့ အီတလီတို့ရောက်ပြီးနောက် ကြုံကြိုက်မှသာ ရောက်ရှိဖူးကြတဲ့ နိုင်ငံမျိုးပါ၊ အများစုက ဖြတ်သာသွားတယ်မနားတယ်ဆိုတဲ့ နိုင်ငံမျိုးပါ၊ မြို့တော်ဘရူဆဲလ်ကိုတော့ သိရှိသူများကြပေမယ့် တခြား
ဘယ်လ်ဂျီယံနိုင်ငံရဲ့
မြို့ကြီးများကိုတော့ သိရှိကြသောသူတွေ တော်တော်နည်းပါးပါတယ်၊ Néerlandophone
ခေါ်တဲ့ နယ်သာလန် Dutch စကားကို ပြောကြတဲ့ Flemish Community မြို့ကြီးများကတော့ Antwerpen,
Gent, Brugge, Essen, Leuven မြို့များဖြစ်ကြပြီး မြို့တော် Bruxelles အပါအဝင် Liège,
Mons, Charleroi, Namur စတဲ့မြို့များကတော့ ပြင်သစ်စကားပြော နယ်မြေများ ဖြစ်ကြပါတယ်၊
၁၈၁၅ ခုနှစ် ပြင်သစ်ဘုရင်နပိုလီယံနဲ့ အင်္ဂလိပ်တို့ရဲ့ ဥရောပကို စိုးမိုးဖို့ ဗိုလ်လုတဲ့စစ်ပွဲ
နာမည်ကျော် ဝါးတားလူးစစ်ပွဲ ဖြစ်ပွားခဲ့ရာ Waterloo မြို့ကတော့ ဘရူဆဲလ် မြို့တော်ဧရိယာ
အနီးမှာ တည်ရှိပါတယ်၊
Antwerpen မြို့လယ် ဒဏ္ဍာရီထဲက လက်တဖက် (ဓါတ်ပုံ မရငတ)
အဲဒီကို မောင်ရင်ငတေ သွားခဲ့တဲ့ ခရီးလမ်းကြောင်းကတော့ မော်တော်ကားလမ်းနဲ့ပါ၊
ပါရီမြို့ကနေ Eurolines ဘတ်စ်ကားနဲ့ သွားခဲ့တာပါ၊ ပါရီကနေ အရှေ့မြောက်ဘက် မိုင် ၂၁၀
ကျော်ကွာဝေးပြီး ဘယ်လ်ဂျီယံရဲ့ ဒုတိယ လူဦးရေ အထူထပ်ဆုံးမြို့ ပြင်သစ်လို အွန်ဗဲရ်
Anvers နယ်သာလန်လို Antwerpen အွန်ထရာပန်မြို့ပါ၊ ကားခက အထူး သက်သာလှပြီး အသွားအပြန်ကိုမှ
ယူရို ၃၀ သာ ပေးရပါတယ်၊ ရထားနဲ့ သွားမယ်ဆိုရင်တော့ ယူရိုတရာလောက် ပေးရပါလိမ့်မယ်၊ မြောက်ပင်လယ်
ဆိပ်ကမ်းမြို့များမှာ နယ်သာလန်ရဲ့ ရော့တာဒမ်ဆိပ်ကမ်းပြီးရင် ဒုတိယအကြီးဆုံး ဆိပ်ကမ်းဖြစ်ပြီး
ကမ္ဘာပေါ်မှာ ၁၇ ခုမြောက် အကြီးဆုံးသောဆိပ်ကမ်း ဖြစ်ပါတယ်တဲ့၊ နယ်သာလန် ဘာသာစကားနဲ့ Schelde
ပြင်သစ်လို Escaut အင်္ဂလိပ်လို Scheldt လို့ခေါ်ဆိုကြတဲ့ မြစ်ဝမှာ တည်ရှိပေမယ့် မြစ်ရဲ့
ပင်လယ်ထွက်ပေါက် အပိုင်းက နယ်သာလန်နိုင်ငံရဲ့ ပိုင်နက်နယ်မြေ ဖြစ်နေလို့ ဒီမြို့ ဒီဆိပ်ကမ်းရဲ့
တိုးတက်ဖွင့်ဖြိုးလာမှုတွေ နှေးကွေးခဲ့ရပါတယ်လို့ ပြောကြပါတယ်၊ သမိုင်းတလျှောက် ရေကြောင်း
စစ်ပွဲတွေမှာလည်း မပါမဖြစ် ပါဝင်ခဲ့ရတဲ့ အချက်အခြာ လမ်းကြောင်းပေါ်မှာ ရှိနေလို့ နယ်သာလန်
ပြင်သစ် ဂျာမန် အင်္ဂလန်တို့ရဲ လွှမ်းမိုးချယ်လှယ်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ရတဲ့ နယ်မြေပါ၊
မူလလက်ဟောင်း Station Antwerpen-Centraal 1905 (Photo Google)
ခေတ်သစ် Station Antwerpen-Centraal 2007 (ဓါတ်ပုံ မရငတ)
ဒီမြို့မှာ နောက်ထပ်လူသိများထင်ရှားတာ တခုကတော့ မူလလက်ဟောင်း ဘူတာအဆောက်အဦး
ကြီးကို မဖျက်စီးပစ်ဘဲနဲ့ မူလ တဖက်ပိတ် ရထားလမ်းဘူတာကနေ နှစ်ဖက်ဖွင့်ဘူတာအဖြစ်
ပြုပြင်
တည်ဆောက်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ စတင်ဖွင့်လှစ်အသုံးပြုတဲ့ ကမ္ဘာ့အကောင်းဆုံး
ဗိသုကာလက်ရာ ဘူတာစာရင်းဝင် Antwerpen-Centraal ဘူတာ ဖြစ်ပါတယ်၊ ဒီဘူတာကြီးက အထပ်လေးထပ်ရှိပြီး
အောက်ထပ်နှစ်ထပ်နဲ့ အပေါ်ဆုံးထပ်က ရထားများ ဝင်ထွက်သွားလာနိုင်ပြီး မြေညီတတိယထပ်က ဘူတာခန်းမဆောင်နဲ့
ဈေးဆိုင်များ စားသောက်ဆိုင်များ ဖွင့်လှစ်ထားရှိပါတယ်၊ အောက်ဆုံးထပ်က ရထားလမ်းကတော့
၂၀၀၇ ခုနှစ်မှာ ဖောက်လုပ်ခဲ့တဲ့ မြေအောက်ဥမင် ရထားလမ်းပါ၊ ဒီဥမင်ကနေ ဥရောပရဲ့ နာမည်ကျော် အနီရောင်ရထား Thalys နဲ့တကွ
အခြားသော မြန်နှုန်းမြင့် သွားလာနိုင်တဲ့ ရထားများ ဖြတ်သန်းသွားနိုင်ခဲ့လို့ Paris,
Brussels, Antwerp, Rotterdam, Amsterdam မြို့တွေ သွားတဲ့ခရီးစဉ်တွေဟာ ပိုမိုပြီးတိုတောင်းမြန်ဆန်လာခဲ့တာပါ၊
အွန်ထရာပန်မြို့ရဲ့မူလလက်ဟောင်း ဘူတာရုံကြီးကိုတော့ ၁၉၀၅ ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ၊
ရှေးအဟောင်းတွေကိုလည်း မပစ်ပယ် ခဲ့ပါဘဲ ခေတ်ဟောင်းနဲ့ ခေတ်သစ်ကို လိုက်ရောညီထွေ ပေါင်းစပ်တည်ဆောက်နိုင်ခဲ့ရာမှ
ဒီဘူတာ အမည်က နာမည်ကျော်ခဲ့တာပါ၊ ဒါပေမယ့်လည်း ဒီလို ဘူတာအသစ်ကြီးက သွားရေးလာရေးတွေ
ပိုမိုချောမွေ့ အစဉ်ပြေကောင်း ပြေနိုင်စေပေမယ့်လည်း မောင်ရင်ငတေရဲ့ မျက်လုံးတွေထဲမှာတော့
မူလလက်ဟောင်းအတိုင်း ကျန်ရှိနေဆဲသော တခြားတခြားသောဥရောပမြို့ကြီးများက ဘူတာရုံအို ဟောင်းဟောင်းကြီးတွေကိုသာ
မြင်ယောင်နေမိတာပါ၊ တော်သေးတာကတော့ သူတို့ဟာ ဘူတာရုံ အဆောက်ဦးကြီးကိုတော့ မူလလက်ရာမပျက်ထားရှိပြီး
အတွင်းပိုင်း ရထားတွေသွားတဲ့ လမ်းနေရာ ကိုသာ ပြင်ဆင်တည်ဆောက်ခဲ့တာကြတာပါ၊ အဲဒီ မြေအောက်ဥမင်လှိုဏ်ဟာ
လေးကီလိုမီတာခန့်
ရှည်လျှားပြီး စုစုပေါင်း ၁၁ နှစ်ခန့်ကြာအောင် ဖောက်လုပ်ခဲ့ရပါတယ်၊ အဟောင်းနဲ့
အသစ်ကြားမှာ အငြင်းပွားစရာတွေ ဘယ်လိုပင်များများ ပါရီ ဘရူဆဲလ် အမ်စတာဒမ် ခရီးစဉ်ကို
ရထားစီးသွားမယ် ဆိုခဲ့ရင်ဖြင့် ပိုမိုမြန်ဆန်လာတာကတော့ အမှန်ပါ၊
စိန်ရပ်ကွက် (Antwerp diamond district) (ဓါတ်ပုံ
မရငတ)
ဒီမြို့ကို ရောက်ရင်တော့ဖြင့် မရောက်မဖြစ် ဆိုသလို ရောက်ရှိကြရမှာကတော့
Diamant kwartier Antwerpen ခေါ်တဲ့စိန်ရပ်ကွက်ပါ၊ မောင်ရင်ငတေကတော့ လမ်းညွှန်စာတွေထဲမှ
ဖတ်ဖူးခဲ့ပေမယ့် ကိုယ်နဲ့ မပတ်သက်တဲ့ နေရာမို့ သိပ်စိတ်မဝင်စားပါဘူး၊ အဲဒီ စိန်ရပ်ကွက်ဟာ
ကမ္ဘာ့စိန်လောကရဲ့ စိန်သွေးတဲ့ စိန်ဈေးဖြတ်တဲ့ နေရာမှာ နာမည်ကြီးတာပါ၊ သို့သော်စာအုပ်တွေထဲမှာကတော့
နာမည် ကြီးလှတယ်လို့ ဆိုကြပေမယ့် မောင်ရင်ငတေ မျက်မြင်တွေ့ရှိခဲ့ရတဲ့ ဟိုးရှေးတချိန်က
မဟာရန်ကုန် မြို့တော်ကြီးရဲ့ မဂိုလမ်းက ရွှေဆိုင်များလောက်တောင်မှ ခန်းနားကြီးကျယ်မှုကို
မတွေ့ရှိပါဘူး၊ အဲဒီ စိန်ရပ်ကွက်ကြီးကို ဝေးဝေးလံလံ သွားပြီး ရှာနေဖို့တော့ မလိုပါဘူး၊
အွန်ထရာပန် ဘူတာကြီးကနေ ထွက်လိုက်တာနဲ့ ရောက်ပါပြီ၊ သူတို့တတွေရဲ့ အပြောအရတော့ ကမ္ဘာ့စိန်ဈေးကွက်
၈၀ ရာခိုင်နှုန်း ကျော်ထိအောင် လွှမ်းမိုးခဲ့တယ်လို့ပါ၊ မောင်ရင်ငတေတို့ ဘဝကတော့ ရွှေခေတ်မှာလည်း
ရွှေမရှိ စိန်ခေတ်မှာလည်း စိန်မရှိ ရှာဖွေကာလည်း မစားတတ်ဆိုတော့ နာမည်ကြီးလှတဲ့ အရပ်တွေကို
သွားချင်လွန်းလို့သာ ခရီးစရိတ် သက်သာမယ့် လမ်းကြောင်းကိုရှာ ရွေးချယ်ပြီး နေစရာ တည်းစရာ
စရိတ်ငြိမ်းမှ သွားနိုင်တာမို့ ဒီစိန်ရပ်ကွက်ကိုတော့ စိတ်မဝင်စားရိုးအမှန်ပါ၊ ရောက်တုန်းရောက်ခိုက်
လိုက်ပို့ညွှန်ပြတဲ့သူက ညွှန်ပြလို့သာ ဓါတ်ပုံရိုက်ကာ မှတ်တမ်းတင်ရုံမျှသာပါ၊
ရူဘန်ရဲ့ ပန်းချီစတူဒီယိုအိမ် Rubenshuis Museum 1610 (ဓါတ်ပုံ မရငတ)
Flemish Baroque ပန်းချီဆရာကြီး Peter Paul Rubens ကို ၁၅၇၇ မှာ ယခုဂျာမဏီနိုင်ငံ
Siegen မြို့မှာမွေးဖွားခဲ့ပြီး အသက် ၁၂ နှစ်အရွယ် ၁၅၈၉ ခုနှစ်မှာ အွန်ထရာပန်မြို့သို့
ပြောင်းရွှေ့နေထိုင်ခဲ့ ပါတယ်၊ ၁၆၀၀ ခန့်မှာ အီတလီနဲ့ စပိန်သို့သွားပြီး ပန်းချီပညာရပ်များ
လေ့လာ၍ အွန်ထရာပန်ကို ပြန်လာပါတယ်၊ ပြန်ရောက်ပြီး နောက်တနှစ် ၁၆၁၀ ခုမှာ Rubenshuis ပန်းချီစတူဒီယိုနဲ့ အိမ်ကို သူကိုယ်တိုင်
ဒီဇိုင်းရေးဆွဲ ဆောက်လုပ်နေထိုင်ခဲ့ရင်း ၁၆၄၀ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်၊ အဲဒီ ရူဘန်ရဲ့
ပန်းချီစတူဒီယိုအိမ်ကို အွန်ထရာပန်မြူနီစပယ်အဖွဲ့က ဝယ်ယူပြင်ဆင်ခဲ့ပြီး ၁၉၄၆ ခုနှစ်မှာ
ပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့တာပါ၊ ၁၇ ရာစု ခေတ်ဦးပိုင်းကာလ ပန်းချီရေးဟန်များအတိုင်း
လူပုံတူများ ရေးဆွဲရာမှာ နာမည်ကျော်ခဲ့တဲ့ ပန်းချီဆရာကြီးရဲ့ နာမည်ကျော် မူရင်းပန်းချီကား
Adam and Eve ကို ဒီပြတိုက်မှာ ပြသထားတယ် ဆိုပါတယ်၊ အဲဒီ ပြတိုက်အရှေ့ ရောက်နေအခိုက်
မောင်ရင်ငတေ ဒီနယ်မြေကို ရောက်ရှိလာရင်းအကြောင်းနဲ့ ဆက်စပ်စဉ်းစားမိလိုက်တဲ့အခါမှာ
မောင်ရင်ငတေတို့ရဲ့ ရွှေပြည်တော်ကြီးရဲ့ အထင်ရှားဆုံး ကဗျာဆရာကြီးတဦးရဲ့ သူမွေးဖွားခဲ့ရာ
သူနေထိုင်ခဲ့ရာ နေအိမ် တွေကိုလည်း သူဖန်တီးခဲ့တဲ့ အနုပညာတွေနဲ့အတူ ဒီလိုမျိုး အမှတ်တရ
ရှိနေကြရင် ကောင်းမှာလို့ တွေးမိလိုက်ရင်း တခါတုန်းက ရောက်ခဲ့ဖူးတဲ့ ကန်မြဲရွာဆီသို့
မောင်ရင်ငတေရဲ့စိတ်တွေ ပြန်လည် ရောက်သွားခဲ့ပါတယ်၊
ကဗျာဆရာကြီးရဲ့ ကချေသည်ကို နားဆင်နေခိုက် (ဓါတ်ပုံ မရငတ)
တကယ်တော့ ဒီနယ်မြေကို ရောက်ရှိခဲ့ရတာက လမ်းတွေတံတားတွေ ရဲတိုက်တွေပြတိုက်တွေကို
သွားရောက် လေ့လာဖို့ကို မဟုတ်ပါဘူး၊ ၂၀ ရာစုခေတ် ရွှေပြည်တော်ကြီးရဲ့ အထင်ရှားဆုံးသော
ကဗျာဆရာကြီးတဦး အနုပညာသမားတဦး ရောက်ရှိနေထိုင်ဖူးခဲ့ရာ ဒေသဖြစ်သလို ကဗျာဆရာရဲ့ မျိုးဆက်
သမီးတွေ မြေးတွေ အခြေချ နေထိုင်ရာဒေသကို ရောက်ဖူးချင်စိတ်နဲ့ သွားရောက်ခဲ့တာပါ၊
ဒီ Essen မြို့မှာ ကဗျာဆရာကြီးရဲ့ သမီးအလတ်နှစ်ဦး ရောက်ရှိနေထိုင်နေတာကို ကြားသိခဲ့တာ
ကြာပြီဖြစ်ပေမယ့် အကြောင်းမတိုက်ဆိုင်ခဲ့လို့ တခါဖူးမျှမဆုံတွေ့ခဲ့ဖူးပါဘူး၊ ဒီတနှစ်တော့
ပါရီမြို့က ဘုန်းတော်ကြီး ဦးကုမရ ကျေးဇူးကြောင့် အကြောင်းတိုက်ဆိုင်ပြီး ရောက်ရှိခဲ့ရပါတယ်၊
ထူးခြားတဲ့ အခမ်းအနား ဘာတခုမှ မပါပါဘူး၊ ဧည့်သည်လည်း များများစားစား မလာပါဘူး၊ ကဗျာဆရာကြီးရဲ့
သမီးနှစ်ဦးအိမ်မှာ အနီးစပ်ဆုံးလာရောက်နိုင်တဲ့ ပါရီဆရာတော်ကို ပင့်ဖိတ်ဆွမ်းသွပ်အမျှဝေတာပါ၊
ပါရီဆရာတော် အပါအဝင် မောင်ရင်ငတေတို့ လေးဦးရယ် နယ်သာလန်က နှစ်ဦးရယ် အင်္ဂလန်က တဦးရယ်
ဧည့်သည်အဖြစ် လာပါတယ်၊ ဘယ်လ်ဂျီယံမှာက ရွှေပြည်တော်သားတွေ များများစားစား မရှိပါဘူး၊
အရင်ရှိခဲ့ဖူးသူတွေကလည်း နိုင်ငံပြောင်းပြေးသွားကြသူနဲ့ ပြည်တော်ပြန် သွားကြသူတွေ ပြန်သွားကြတယ်လို့
ပြောပါတယ်၊ ဒါကြောင့် လက်ရှိနေထိုင်နေတဲ့ ရွှေပြည်တော်သား တယောက် နှစ်ယောက်ကိုသာ တွေ့ဆုံခဲ့ရပါတယ်၊
ကဗျာဆရာကြီးရဲ့ အမှတ်တရပွဲမှာ ကဗျာရွတ်သံ မကြားရ တာကတော့ စိတ်မကောင်း ဖြစ်မိရပါတယ်၊
ကန်မြဲရွာသို့အလွမ်းရယ်မပြေ (ဓါတ်ပုံ မရငတ)
ကန်မြဲရွာကို ဘယ်နေရာ ဒေသမှာ ရှိတယ်လို့ ရွှေပြည်တော်သား တော်တော်များများ သိကြမယ်လို့
မထင်ပါဘူး၊ မောင်ရင်ငတေကတော့ ကံကောင်းတယ် ဆိုရမလား လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် သုံးဆယ်ကာလတွေက
မြင်းခြံ ကျောက်ပန်းတောင်း ပုပ္ပား တောင်ဇင်း ညောင်ဦး လက်ပန်ချေပေါ် ငသရောက် တောင်သာ ဝဲလောင် ဆီမီးကန် မလှိုင်စတဲ့ အဲဒီဘက်
နယ်တကြောကို အလုပ်ကိစ္စနဲ့ အပျော်အလည်အနေနဲ့ မကြာခဏ ဆိုသလိုကို ရောက်ဖူးခဲ့ပါတယ်၊ အမှန်တကယ်
ပြောရရင်တော့ အဲဒီနယ်တကြောက နာမည်ကြီး လူကောင်းတွေရော လူဆိုးတွေပါ ပေါ်ထွက်ရာ ဒေသလို့
နယ်ခံ တွေက ပြောဆိုကြပေမဲ့ မောင်ရင်ငတေအနေနဲ့ သိပ်စိတ်ဝင်တစား မရှိခဲ့မိပါဘူး၊ စားသောက်မယ်
မရောက်ဖူးသေးတဲ့နေရာ ရွာရိုးကိုးပေါက်ကို လျှောက်သွားမယ် စိတ်ထဲမှာ အဲဒါမျိုးသာ ရှိခဲ့ပါတယ်၊
အဲဒီခေတ်အခါကာလက မြင်းခြံ ကျောက်ပန်းတောင်းဆိုတာ မန်ကျည်း ထန်းလျှက် ဆေးရွက်ကြီး ဆေးပေါ့လိပ်
စီးပွားရေး ကောင်းမွန်လှတဲ့ နယ်မြေဒေသတွေပါ၊ မောင်ရင်ငတေရဲ့ ကျောင်းနေဖော် သူငယ်ချင်း
အများစုကလည်း ကျောင်းတက်ရင်း မိဘပိုက်ဆံ ဖြုန်းနေကြသူတွေပါ၊ အဲဒါကြောင့် အဲဒီနယ်က သူငယ်ချင်းတွေဆီ
အလည်ရောက်ခဲ့တဲ့ အခါတွေမှာ သောက်ရင်းစားရင်း လေကန်ရေး ဝေဖန်ရေးတွေနဲ့သာ အချိန်ကုန်ခဲ့ရတာ
များပါတယ်၊ မှတ်မှတ်ရရ ကဗျာရူးစာရူး သူငယ်ချင်းတဦး ဖြစ်သူ ဆီမီကန်ရွာသား သူဋ္ဌေးသားလေး
မောင်မောင်တိုးဆိုသူက ကဗျာဆရာကြီးရဲ့ ခလေးကဗျာ တချို့ကို ထထပြီး ရွတ်တတ်တာတော့ သတိရမိပါရဲ့၊
ကန်မြဲ ဝဲလောင် တောင်သာ မြင်းခြံ
(ဓါတ်ပုံ မရငတ)
တကယ်တမ်းကတော့ ကန်မြဲရွာရဲ့ အကြောင်းက ရာဇဝင်အရကော သမိုင်းအရမှာ ထူးထူးခြားခြား
မှတ်သားဘွယ်ရာ ရှာမတွေ့ရပါဘူး၊ ရွာတည်ရှိရာ နေရာကလည်း တော်တော်ကိုခေါင်ခိုက်လှတာပါ၊
မောင်ရင်ငတေ မှတ်မိသမျှနဲ့ ဆိုရရင်တော့ ခေါင်းထဲမှာက မှတ်ထားခဲ့ရတာကလည်း များနေတော့
ဂူဂဲလ်မှာ ရှာတော့လည်း ဝါးတားတားသာ မြင်ရတာ ဖြစ်သမို့ တောင်သာ ဝဲလောင် ဆီမီးကန် ပုပ္ပား
ဗျတ္တပန်းဆက်လမ်းရယ် မြင်းခြံ လက်ပန်ချေပေါ် ပုဂံ ညောင်ဦးလမ်းမရဲ့ အလယ်ခေါင်ခပ်ကျကျမှာ
တည်ရှိတာလောက်သာ မှတ်မိပါတော့တယ်၊ အဲဒီဒေသ တခွင်လုံးဟာ အခုတော့ ဘယ်လောက်ထိ
တိုးတက်လာပြီလဲ မသိပါဘူး၊ မောင်ရင်ငတေရောက်ခဲ့ဖူးတဲ့ တထောင်ကိုးရာရှစ်ဆယ်ကျော်နှစ်များ
အတွင်းမှာရော နှစ်ထောင်ပြည့်နှစ်မတိုင်မီက နောက်ဆုံးအကြိမ် ရောက်ဖူးခဲ့တဲ့ အချိန်တုန်းကရော
တော်တော်ကို အခြေအနေ ဆိုးဝါးလွန်းလှတာပါ၊ မောင်ရင်ငတေတောင်မှ ကျောင်းနေစဉ်ကာလက ဆီမီးကန်သား
သူငယ်ချင်းတဦးကောင်းမှုကြောင့် ရောက်ခဲ့ဖူးတာရယ် ကိုးဆယ်ရှစ်ခုနှစ်နောက်ပိုင်း သူငယ်ချင်းများနဲ့
ပိုးသတ်ဆေး ဖြန့်ချီရေး အလုပ်လုပ်နေစဉ်မှာ ရွှေပြည်တော်တဝှန်းက ကျေးလက် တောရွာ တော်တော်များများကို
သွားခွင့်ရခဲ့လို့သာ အဲဒီနယ်ကို ရောက်ဖူးခဲ့ရတာပါ၊ တော်ရုံတန်ရုံနဲ့ သွားလည်ဖြစ်ကြမယ့်
နေရာဒေသ စာရင်းထဲမှာ မပါပါဘူး၊ အဲဒီဒေသဟာ အခုအခါမှာ မြေဈေးတွေ ခေါင်ခိုက်နေအောင် ဈေးတက်နေတယ်ဆိုတဲ့
ပုဂံညောင်ဦးဒေသပုပ္ပားဒေသတွေနဲ့ ဘယ်လောက်မှ ဝေးကွာလွန်းလှတာ မဟုတ်ပေမယ့် သွားရေးလာရေးကတော့
ခက်ခဲလွန်းလို့ ရောက်ဖူးသူတွေ နည်းတာကတော့ မဆန်းလှပါဘူး၊ တခါတုန်းက သွားခဲ့ဖူးတဲ့ နေပူပူ
ဖုန်ထူထူ လှည်းလမ်းကြမ်းခရီး တွေကိုတော့ လွမ်းမိပါရသေးတယ်၊ အခုတော့ ကတ္တရာလမ်းပေါက်ပြီလို့တော့
ပြောကြတယ်၊
ကဗျာဆရာကြီး ခပ်ငယ်ငယ်က သမီးဖြစ်သူနှင့်အတူ (ဓါတ်ပုံ မရငတ)
သက္ကရာဇ် ၁၂၉၅ ခုနှစ်(၁၉၃၃) နတ်တော်လဆန်း ၃ ရက်နေ့မှာ ငယ်နာမည် မောင်ဘဂျမ်းလေးကို
မြင်းခြံခရိုင် တောင်သာမြို့နယ် ကံမြဲရွာတွင် မွေးဖွားခဲ့ပါတယ်၊ ဇဂျမ်းရွာ အလယ်တန်းကျောင်းသား
ရေစကြိုအထက်တန်းကျောင်းသား မန္တလေးတက္ကသိုလ် ရန်ကုန်တက္ကသိုလ်ကျောင်းသား ကလေး ကဗျာဆရာ
နိုင်ငံရေးလူမှုရေးကဗျာဆရာ ကျေးလက်ကဗျာဆရာ နိုင်ငံတကာခရီးသွားကဗျာဆရာ အက်ဆေးဆရာ တဦးပါ၊
ဒီကဗျာဆရာကြီးရဲ့ အမည်က ရွှေပြည်တော်ရဲ့ စာမျက်နှာများ အပေါ်မှာ နှစ်တော်တော်များများ
ဖျောက်ဖျက်ထားတာကိုခံခဲ့ရသောကြောင့် ရွှေပြည်တော်သား လူငယ်တချို့ (တချို့ကတော့ လူကြီးတွေပါ)
တင်မိုးနဲ့တင်မိုးရဲ့ကဗျာများကို တွဲပြီးမသိကြတော့တာ ထင်ပါတယ်၊ တင်မိုး ပိန်သလားဝသလားဆိုတာ
မသိရင်ထား တင်မိုး ဘာတွေရေးခဲ့သလဲဆိုတာကို မသိရင်ထား တင်မိုး ကဗျာဆရာ ဆိုတာလောက် သိရင်ကိုပဲ
တော်ပါပြီဆိုတဲ့ အနေအထားကို မရောက်ပါစေနဲ့ လို့သာ ဆုတောင်းမိပါတယ်၊
ရန်ကုန်မင်းသားကြီး ဦးအောင်ကိုနဲ့ ကဗျာဆရာကြီး ဦးတင်မိုး
၂၀၀၂ ပါရီမြို့ (Photo AK 77)
ကဗျာဆရာကြီးနဲ့ ပါရီမှာ ဆုံတွေ့ခဲ့ရတာက ၂၀၀၂ နှစ် အကုန်ပိုင်းလောက်ပါ၊ မောင်ရင်ငတေတော့
ရက်စွဲတွေဘာတွေ သေချာမမှတ်မိတော့ပါဘူး၊ မှတ်တမ်းမှတ်ရာ မှတ်ထားတဲ့အလေ့က ဒိုင်ယာရီ ရေးရင်
အကြွေးစာရင်းနဲ့ သောက်စားမူးရစ်တဲ့အကြောင်းတွေသာ ထပ်လာနေခဲ့ရတော့ နောက်ပိုင်း ဒိုင်ယာရီစာအုပ်
ဝယ်တောင် မဝယ်ဖြစ်ခဲ့တာ တော်တော်ကြာပါပြီ၊ မောင်ရင်ငတေ ပါရီက ရန်ကုန် မင်းသားကြီးအိမ်မှာ
ဒုက္ခသည်အဖြစ် သောင်တင်နေစဉ်မှာ ကဗျာဆရာကြီးဟာ ဂျာမဏီပြည်သို့ ရောက်ရှိနေတဲ့ကြတဲ့ အတိုက်အခံ
နိုင်ငံရေးလှုပ်ရှားနေသူများနဲ့ အတူတူ လာရောက်လည်ပတ်ခဲ့ တာပါ၊ အဲဒီမှာ နှစ်ညသုံးည ဆက်တိုက်ဆိုသလို
အိပ်ချိန်တန် မအိပ်ကြဘဲ စကားတွေ ထိုင်ပြောခဲ့ ကြတာပါ၊ စကားစပ်မိလို့ ပြောကြရင်းနဲ့
မောင်ရင်ငတေ အမျိုးထဲက ယောက်ျားနောက်လိုက်ပြေး သွားတာမှာ ဇာတ်ဆရာအဖြစ် လုပ်ပေးခဲ့ပုံတွေ
ရန်ကုန်မင်းသားကြီး ရေးခဲ့တဲ့ ဘာသာပြန်ဝတ္ထုကို ရေးသူအမည် အောင်မျိုး (ပြင်သစ်စကားပြန်)
အဖြစ် မှတ်မိနေပုံတွေ မောင်ရင်ငတေတောင်မှ မသိ တော့တဲ့ ခေတ်ပေါ်အဆိုတော်လေးတယောက်အကြောင်း
ပြောပြပုံတွေဟာ လက်ဖျားခါလောက်ပါ ပေတယ်၊ နောက်ထပ် ဆုံတွေ့ခွင့်ရခဲ့တဲ့ အကြိမ်တိုင်းလိုမှာလည်း
ခဏတာမျှ နာရီပိုင်းလောက်သာ ဆိုပေမယ့် ကဗျာဆရာကြီးဟာ တွေ့ခဲ့တာ ပြောခဲ့တာ အားလုံးလိုလိုကို
မှတ်မိနေဆဲပါ၊
ရွှေပြည်အေးရဲ့ ကချေသည် (Photo KyawLwinSan HZA)
ကချေသည် တေးရေး ရွှေပြည်အေး တေးဆို ခေတ္တရာတမာချို
ကွမ်းဆိပ်ရွာသားမင်းသားကြီးနဲ့ ကန်မြဲရွာသားကဗျာဆရာကြီး နှစ်ဦးရဲ့အလယ်မှာ အသံဖမ်းစက်နဲ့
အသံသွင်းယူခဲ့ထားခဲ့တဲ့ အသံကတော့ သူတို့နှစ်ဦးရဲ့ ပြောတဲ့စကားများအပြင် အမှတ်တရအနေနဲ့
ကျန်ရှိခဲ့တာကတော့ ကဗျာဆရာကြီးရဲ့ အတီးလုံးဝမပါ အဆိုသက်သက် ပင်ကိုယ်သံနဲ့ သီဆိုခဲ့တဲ့
ကချေသည်အမည်ရ သီချင်းတပုဒ်ပါ၊ ကဗျာဆရာကြီးက သီချင်းကို ကဗျာလုပ် ရွတ်ဆိုသွားခဲ့သလို
ပါဘဲ၊ ကဗျာဆရာကြီးရဲ့ မှတ်ဥာဏ်ကလည်း ရှာမှရှားပါ၊ ကဗျာဆရာကြီးက နေ့စဉ်လိုလို မှတ်တမ်း
ဒိုင်ယာရီရေးမှတ်တဲ့အကျင့် ရှိတဲ့အကြောင်း သမီးဖြစ်သူမမိုးနှင်းက ပြောပြပါတယ်၊ မောင်ရင်ငတေ
တို့လို ဘာမှမဟုတ်တဲ့ ကမြောက်ကချောက်ကောင်နဲ့ တွေ့ဆုံခဲ့ဖူးတာကိုတောင်မှ နေ့စဉ်မှတ်တမ်း
ရေးသွားခဲ့တာဆိုတော့ ကျန်တဲ့ မြန်မာ့ရေးရာ ကမ္ဘာ့ရေးရာများကတော့ ဆိုဘွယ်ရာ မရှိတော့ပါဘူး၊
ကချေသည် တေးရေး ရွှေပြည်အေး တေးဆို ဦးတင်မိုး (Photo KyawKyawLin DK)
<iframe width="560" height="315" src="http://www.youtube.com/embed/2k0GAnGlkqI?list=UUGHw5WvoKRGQGC-qwNia5uA" frameborder="0" allowfullscreen></iframe>
အဲဒီလို ရန်ကုန်မင်းသားကြီးရဲ့အိမ်မှာ ကဗျာဆရာကြီး နှစ်ညအိပ်သွားခဲ့တာမှာ အထူးခြားဆုံးသော
အမှတ်တရအဖြစ် ကျန်ရှိခဲ့တာကတော့ ကဗျာဆရာကြီးရဲ့ သီချင်းကဗျာရွတ်သံပါဘဲ၊ ကချေသည် အမည်ရ
အဲဒီ သီချင်းကဗျာကို ကက်ဆက်တိတ်ခွေနဲ့ အသံသွင်းယူပြီး သိမ်းဆည်းထားတဲ့ ရန်ကုန် မင်းသားကြီး
ဦးအောင်ကိုရဲ့ ခွင့်ပြုချက် ကဗျာဆရာကြီး သမီးများရဲ့ ခွင်ပြုချက်များအရ ဒီနေရာမှာ
ဖော်ပြလိုက်ပါတယ်၊ ကချေသည်သီချင်းအကြောင်းကို မောင်ရင်ငတေရဲ့ မိတ်ဆွေဖြစ်သူ အွန်လိုင်း
ဖေ့ဘွတ်ခ် စာမျက်နှာများမှာ မြန်မာ့ဂီတရဲ့ ခေတ်သစ် ခေတ်ဟောင်း သီချင်းပေါင်းစုံကို
စုဆောင်း သုတေသန ပြုနေသူ ဟင်္သာတသား ကိုကျော်လွင်ဆန်းထံမှာ စုံစမ်းမေးမြန်း ကြည့်တဲ့အခါမှာတော့
ပိုပြီး အံသြရပါတယ်၊ ကချေသည်သီချင်း နှစ်ပုဒ် ရှိပါတယ်၊ ဒေါ်မေစီ သီဆိုခဲ့တဲ့ ကချေသည်သီချင်း
စာသားက ဘုတလင်ချစ်လေးရေးခဲ့တဲ့ ကဗျာကို တေးရေးမင်းချစ်သူရဲ့အဖေ စန္ဒယားအောင်ခင်က သီချင်းအဖြစ်
ဖန်တီးအသွင်ပြောင်းခဲ့တာပါ၊ ကဗျာဆရာကြီး သီဆိုခဲ့တဲ့ကချေသည်ကို ရေးတဲ့သူက ရွှေပြည်အေးဖြစ်ပြီး
သီဆိုခဲ့တဲ့သူကတော့ ခေတ္တရာ တမာချို ဖြစ်ပါတယ်၊ မာမာအေးလည်း ပြန်ဆို ဖူးတယ် ပြောကြပါတယ်၊
မြန်မာ့ဂီတကို နှစ်သက်ခံစားကြသူများတောင် နားမထောင်ဖူးကြကြောင်း သိရှိသူ အတော်နည်းတဲ့
သီချင်းတပုဒ်ဖြစ်ကြောင်း ကိုကျော်လွင်ဆန်းက ရှင်းပြခဲ့ပါတယ်၊ အဲဒါကို ကဗျာဆရာကြီးက
အလွတ်လက်တန်းကို သီဆိုပြခဲ့တာပါ၊ ကဗျာဆရာကြီးရဲ့ စာတွေ ကဗျာတွေက များပြားလွန်းလှတာမို့
မောင်ရင်ငတေ ရှင်းမပြတတ်ပါဘူး၊ ကဗျာဆရာကြီးရဲ့ အရုပ်အရိပ်အရောင် တွေကို သွားရောက်တွေ့ဆုံခွင့်ရခဲ့တာ
ကျေနပ်မိရင်း ရောက်ခဲ့ဖူးတဲ့ ကဗျာဆရာကြီးရဲ့ ဇာတိမြေကို နောက်တခေါက် သွားရောက်ဖြစ်ခဲ့ရင်တော့
Tin Moe House ဆိုတာမျိုးလေးကို မြင်တွေ့ခွင့်ရချင်မိ ကြောင်းပါခင်ဗျား၊
ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကိုပြန်ပို့ကြပါလေ၊
(ဓါတ်ပုံ မရငတ)
တွေ့ဆုံ ဧည့်ခံ ကျွေးမွေး တည်းခို ခွင့်ပြုခဲ့တဲ့ ကဗျာဆရာကြီးရဲ့ သမီးများဖြစ်ကြတဲ့
ဒေါ်မိုးမိုးအေး ဒေါ်မိုးမိုးနှင်း မိသားစုများကို ကျေးဇူးအထူးတင်ကြောင်းနှင့် စာမူဖြစ်မြောက်ရေးမှာ
ကူညီခဲ့ကြသော ရန်ကုန်မင်းသားကြီး ဦးအောင်ကို၊ ကချေသည် သီချင်းစာသား အကြောင်းတွေကို
ရှင်းပြခဲ့သော ဦးကျော်လွင်ဆန်း ရုပ်သံဖန်တီးပေးသော ဦးကျော်ကျော်လင်း (ဒိန်းမတ်) တို့ကို
ကျေးဇူးအထူးတင် ရှိပါကြောင်း၊

+Koninkrijk+Belgi%C3%AB(nl)+K%C3%B6nigreich+Belgien(de).jpg)

.jpg)






