Microsoft ဦးဆောင်သူအဖြစ် အိန္ဒိယသား Satya Nadella ကို ခန့်အပ်၊ အိန္ဒိယသားတို့ ၀မ်းမြောက် ဂုဏ်ယူ


Microsoft ဦးဆောင်သူအဖြစ် အိန္ဒိယသား Satya Nadella ကို ခန့်အပ်၊ အိန္ဒိယသားတို့ ၀မ်းမြောက် ဂုဏ်ယူ
လောကဓာတ်ခန်းသာဂိ၊ ဖေဖော်ဝါရီ ၆၊ ၂၀၁၄
ဖေဖော်ဝါရီ ၄၊ ၂၀၁၄ က ကမ္ဘာထိပ်တန်းဆော့ဝဲကုမ္မဏီကြီးဖြစ်တဲ့ မိုက်ခရိုဆော့က ယခင် ဘီဂိတ်ရဲ့ နေရာ စီအီးအိုရာထူးကို အိန္ဒိယပြည်ဖွား၊ အမေရိကန်နိုင်ငံသား စက်ယာ နာဒယ်လာ ကို ခန့်အပ်လိုက်ပါတယ်။ လက်ရှိမှာ စီအီးအိုအဖြစ် ပေါဘယ်မားက ထမ်းဆောင်နေရာက သူအနားယူတော့မယ်လို့ မနှစ်က ကြေညာအပြီး ယခုကဲ့သို့ လုပ်သက် ၂၂ ရှိ ကုမ္မဏီအတွင်းလူ ဆော့ဝဲသမား၊ အိန္ဒိယလူမျိုးတဦးကို တင်မြှောက်လိုက်ကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။
တကမ္ဘာလုံးက စိတ်ဝင်စားကြတဲ့ ထိပ်တန်းဆော့ဝဲကုမ္မဏီရဲ့ ထိပ်တန်းရာထူးကို immigrant (တပြည်တရွာက ပြောင်းရွေ့လာသူ) တဦးကို ခန့်လိုက်တာရယ်၊ ကမ္ဘာမှာ ဆော့ဝဲပညာကျွမ်းကျင်သူတွေ မွေးထုတ်ရာ အိန္ဒိယပြည်ဖွားတဦး ဖြစ်နေတာရယ်ကြောင့် အများပြည်သူတို့ကြား၊ သတင်းဌာနများအလယ်မှာ လှုပ်ရှားမှုဂယက်များ ထခဲ့ပါတယ်။ အထူးသဖြင့် အိန္ဒိယပြည်သားများက သူတို့လူမျိုးတဦး ရဲ့ အောင်မြင်မှုကို ၀မ်းသာအားရ ဂုဏ်ယူကြတာတွေ တွေ့ရပါတယ်။
လက်ရှိမှာ မိုက်ခရိုဆော့ကုမ္မဏီဟာ အခြားထိပ်တန်းဆော့ဝဲလုပ်ငန်းတွေဖြစ်တဲ့ ဂူးဂဲ၊ ဖေ့စ်ဘွတ်၊ ရာဟူးတို့နဲ့ ယှဉ်ပြိုင်နေရာမှာ လက်ရှိ ပေါဘယ်မားလက်ထက် အားရစရာ  မရှိတာတွေ၊ တွက်ကိန်းတွေ လွဲချော်တာတွေ ရှိနေရာက ၁၉၉၂ ကတည်းက ဆော့ဝဲသမားအဖြစ် ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာ ထင်ရှားတဲ့ မိုက်ခရိုဆော့ ထုတ်ကုန်တွေဖြစ်တဲ့ skydrive, cloud, Bing, Skype, Xbox Live, Office 365 စတာတွေ၊ စီးပွားရေးသုံး ၀န်ဆောင်မှုဆော့ဝဲဆားဗစ်တွေက ဦးဆောင်သူတဦးဖြစ်တဲ့ အသက် ၄၆ နှစ်အရွယ်သာ ရှိသေးတဲ့ မစ္စတာ နာဒယ်လာကို ရွေးချယ်လိုက်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ သုံးသပ်တဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။ လက်ရှိစီအီးအို ပေါဘယ်မားက မိုဘိုင်းကွန်ပျုတင်းတို့၊ ကလောက်ဒ်တို့နဲ့ ပတ်သက်ရင် သိပ်ပြီး အားမပေးခဲ့ဘဲ အခြား ရုံးလုပ်ငန်းသုံးဆော့ဝဲတွေကိုသာ အားစိုက်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ အင်တာနက် အွန်လိုင်းအားကိုးခေတ်နဲ့ မိုက်ခရိုဆော့ဟာ ကွာဟခဲ့တာကြောင့် ဈေးကွက်မှာ အခြားထိပ်တန်းဆော့ဝဲလုပ်ငန်းတွေနောက်ကို ရောက်ခဲ့ရတယ်လို့ ဝေဖန်ကြပါတယ်။
အိန္ဒိယပြည်က နိုင်ငံသားတွေကတော့ သူတို့လူမျိုးတဦးက မိုက်ခရိုဆော့ ဦးဆောင်သူ ရာထူးကို ဆက်ခံလိုက်တဲ့အတွက် အလွန်ကို အားရ၊ ဂုဏ်ယူ ၀မ်းမြောက်နေကြတာကို တွေ့ရပါတယ်။ အိုင်တီလောကမှာ အိန္ဒိယသားတွေ ရှေ့တန်းရောက်နေခဲ့တာကနေ ရှေ့ဆုံးကိုပါ ထွက်လာပြီလို့ ပြောဆိုနေကြပါတယ်။
သူက အိန္ဒိယပြည်က Hyderabad မှာ အထက်တန်းကျောင်းပြီးခဲ့ပါတယ်။ ကျောင်းက ငယ်ချစ်နဲ့ လွန်ခဲ့တဲ့ ၂၂ ကတည်းက လက်ထပ်ယူပြီး သား ၂ဦး သမီး ၁ဦး ထွန်းကားပါတယ်။ အိန္ဒိယပြည် Mangalore တက္ကသိုလ်ကနေ လျပ်စစ်အင်ဂျင်နီယာဘွဲ့ ရခဲ့ပါတယ်။ မဟာသိပ္ပံ ၂ ဘွဲ့ကို University of Wisconsin, Milwaukee နဲ့ University of Chicago ကနေ ရယူခဲ့ပါတယ်။ တခုက ကွန်ပျူတာ၊ တခုက စီမံခန့်ခွဲမှုပညာ ဖြစ်ပါတယ်။
မစ္စတာ နာဒယ်လာကို မိုက်ခရိုဆော့ စီအီးအို ခန့်လိုက်တဲ့သတင်းဟာ ဂူးဂဲပေါ်မှာ ဟစ်အများဆုံး၊ ဖေ့စ်ဘွတ်မှာ ရှယ်အလုပ်ဆုံး ဖြစ်ခဲ့တယ်လို့ စီအန်အန်သတင်းဌာနက ပြောပါတယ်။ သူ့ကို မိုက်ခရိုဆော့ခေါင်းဆောင်အဖြစ် ခန့်လိုက်တာကြောင့် အိန္ဒိယစီလီကွန်ဗယ်လီလို့ ထင်ရှားတဲ့ ဘန်ဂလိုးက အိုင်တီလုပ်ငန်းတွေ၊ ပညာရှင်တွေ မျက်နှာပွင့်ကြ၊ ခေတ်စားကြတာအပြင် မိုက်ခရိုဆော့နဲ့ အခြားအမေရိကန်အိုင်တီလုပ်ငန်းတွေကလည်း သူတို့ဆီမှာ ရင်းနှီးမြုပ်နှံမှုတွေ စီးပွားရေးလုပ်ငန်းတွေ သည်ထက်ပိုပြီး တိုးချဲ့ လုပ်ကိုင် ထွန်းကားလာလိမ့်မယ်လို့ အိန္ဒိသားတွေက တက်ကြွစွာ ဟောကိန်းထုတ်နေကြပါတယ်။