(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၈၇၊ မတ်လ ၆ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၁၈)
မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် - ၅၆
အောင်ဒင်၊ မတ် ၈၊ ၂၀၁၄
အပိုင်း (၅၆) လွှတ်တော်နှင့် “ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ”
၂၀၁၄
ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ထုတ် အစိုးရသတင်းစာများမှာ
ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌန်းတဲ့ ဥပဒေအမှတ် (၂/၂၀၁၄)၊
"ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ" ကို
ထုတ်ပြန်ကြေညာခဲ့ပါတယ်၊ ထူးခြားတာက သမ္မတဦးသိန်းစိန်က လက်မှတ်မထိုးတာပါ၊
သမ္မတရဲ့မှတ်ချက်နဲ့ ပြန်လည်ပေးပို့လာတဲ့ ဥပဒေကြမ်းတစ်ခုကို
ပြည်ထောင်စုလွှတ်တော်မှ ထပ်မံအတည်ပြုပြီး (၇) ရက်အတွင်းမှာ ဥပဒေအဖြစ်
အသက်ဝင်လာရမယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၀၆)၊ ပုဒ်မခွဲ (ဂ) အရ
သမ္မတလက်မှတ်မထိုးပေမည့် ဒီ "ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေကို
ပြင်ဆင်သည့်ဥပဒေ" ဟာ အတည်ပြု၊ အသက်ဝင်လာပြီ ဖြစ်ပါတယ်၊
နောက်တစ်ရက်
ဇန်နဝါရီလ ၂၇ ရက်နေ့ထုတ်၊ အစိုးရသတင်းစာတွေမှာ သမ္မတဦးသိန်းစိန်ရဲ့
အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက် (၁/၂၀၁၄)
ဖော်ပြပါရှိပါတယ်၊ ဒီကြေညာချက်က သမ္မတက ဘာ့ကြောင့် ဒီဥပဒေကို
လက်မှတ်မရေးထိုးရသလဲဆိုတာကို အသေးစိတ်ရှင်းပြပါတယ်၊ ဒီဥပဒေကြမ်းကို
ပြည်ထောင်စုလွှတ်တော်က ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အတည်ပြုပြီး
သမ္မတထံ လက်မှတ်ရေးထိုးထုတ်ပြန်ဖို့ ပေးပို့ခဲ့ပါတယ်၊ သမ္မတက လက်မှတ်မထိုးပဲ
သူသဘောမတူတဲ့ အချက် (၁၆) ချက်ကို ဘာကြောင့်သဘောမတူရသလဲဆိုတဲ့
မှတ်ချက်တွေနဲ့ ပြည်ထောင်စုလွှတ်တော်က ပြန်လည်စဉ်းစားဖို့ နိုဝင်ဘာလ ၂၂
ရက်နေ့မှာ ပြန်လည်ပေးပို့ခဲ့ပါတယ်၊ အဲဒီနောက် ပြည်ထောင်စုလွှတ်တော်က သမ္မတရဲ့
မှတ်ချက် (၁၆) ချက်ထဲက (၂) ချက်ထဲကိုသာ ပြင်ဆင်ပြီး
ကျန်အချက်တွေအားလုံးကို လွှတ်တော်ရဲ့ မူလသဘောထားအတိုင်း ထပ်မံအတည်ပြုပြီး
သမ္မတထံ လက်မှတ်ရေးထိုးဖို့ ဇန်နဝါရီလ (၁၇) ရက်နေ့မှာ
ပြန်လည်ပေးပို့ခဲ့ပါတယ်၊ သမ္မတက လက်မှတ်မထိုးပေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ
ဇန်နဝါရီလ (၂၄) ရက်နေ့မှာ ဥပဒေအဖြစ် စတင်အသက်ဝင်ပါတယ်၊ သမ္မတကတော့
ဒီဥပဒေနဲ့ပါတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့
ညီညွတ်ခြင်းမရှိလို့ သံသယရှိတာကြောင့်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ အဆုံးအဖြတ်ကို
တောင်းဆိုလိုက်ပါတယ်၊
သမ္မတတင်ပြတဲ့ သဘောမတူညီမှု (၁၆) ချက်ထဲက အောက်ပါအချက် (၃) ချက်ကို ဆွေးနွေးချင်ပါတယ်၊
# ပြည်ထောင်စုလွှတ်တော်ရုံးဖွဲ့စည်းမှု
ဒီဥပဒေ
ပုဒ်မ (၂)၊ ပုဒ်မခွဲ (ဆ) မှာ "ပြည်ထောင်စုလွှတ်တော်ရုံး ဆိုသည်မှာ
ညွှန်ကြားရေးမှူးချုပ်တစ်ဦးက ဦးဆောင်သည့် ပြည်ထောင်စုလွှတ်တော်၏
ရုံးလုပ်ငန်းနှင့် အုပ်ချုပ်မှုကိစ္စအဝဝကို ဆောင်ရွက်ရန် ဖွဲ့စည်းသော ရုံးကို
ဆိုလိုသည်" ဟု ပြဋ္ဌန်းထားပါတယ်၊ သမ္မတက ဒီပြဋ္ဌန်းချက်ကို သဘောမတူပါ၊ သမ္မတက
အမျိုးသားလွှတ်တော်ရုံးနဲ့ ပြည်သူ့လွှတ်တော်ရုံးများ
ဖွဲ့စည်းပြီးဖြစ်တာကြောင့် ပြည်ထောင်စုလွှတ်တော်ရုံး သီးခြားဖွဲ့စည်းမှု
မလိုအပ်ကြောင်း ထောက်ပြပါတယ်၊
ပြည်ထောင်စုလွှတ်တော်ဆိုတာ
သီးခြားဖွဲ့စည်းထားတာမဟုတ်ပါ၊ အမျိုးသားလွှတ်တော်နဲ့
ပြည်သူ့လွှတ်တော်နှစ်ခုပေါင်းအစည်းအဝေးကို ခေါ်တာပါ၊
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးဆိုတာလည်း အမြဲတမ်းကျင်းပနေတာမဟုတ်ပဲ
လွှတ်တော်သက်တမ်းတစ်ခုရဲ့ အစပိုင်း၊ သမ္မတအဆိုပြုတဲ့
အစိုးရအဖွဲ့ဝင်လောင်းများကို အတည်ပြုတဲ့အချိန်၊ သမ္မတတင်သွင်းတဲ့
ပြည်ထောင်စုဘဏ္ဏာငွေ အရ၊ အသုံးဥပဒေကြမ်းကို ဆွေးနွေး၊ အတည်ပြုတဲ့အခါနဲ့
ဥပဒေကြမ်းတစ်ခုအပေါ် လွှတ်တော်နှစ်ရပ်သဘောထားကွဲလွဲမှသာ ကျင်းပရတာပါ၊
ပြည်ထောင်စုလွှတ်တော်နာယက ဆိုတာလည်း အသစ်ထပ်မံရွေးချယ်တာ မဟုတ်ပါ၊
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တို့က လွှတ်တော်သက်တမ်း
ငါးနှစ်အတွင်း နှစ်နှစ်နဲ့ ခြောက်လစီ အလှည့်ကျတာဝန်ထမ်းဆောင်ကြတာပါ၊
ဒါကြောင့် ရှိပြီးသား ပြည်သူ့လွှတ်တော်ရုံးနဲ့ အမျိုးသားလွှတ်တော်ရုံးတို့က
ပြည်ထောင်စုလွှတ်တော်ရုံးတာဝန်ကို နှစ်နှစ်နဲ့ ခြောက်လစီ အလှည့်ကျတာဝန်ယူတာက
နိုင်ငံ့ဘဏ္ဏာကို ချွေတာသုံးစွဲရာ ရောက်ပါလိမ့်မယ်၊
ညွှန်ကြားရေးမှူးချုပ်တစ်ဦးခေါင်းဆောင်တဲ့
လွှတ်တော်ရုံးအဖွဲ့ဆိုတာလည်း သေးသေးလေးမဟုတ်ပါ၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၃၀)
ရက်နေ့မှာ ထုတ်ပြန်တဲ့ ပြည်ထောင်စုလွှတ်တော် အမိန့်ကြော်ငြာစာ အမှတ်
(၅၀/၂၀၁၃) အရ ပြည်သူ့လွှတ်တော်ရုံးကို ညွှန်ကြားရေးမှူးချုပ် တစ်ဦးအပါအဝင်
အရာထမ်း ၄၀၆ ဦး၊ အမှုထမ်း ၁၂၃၅ ဦး၊ စုစုပေါင်း ဝန်ထမ်း (၁၆၄၁) ဦးနဲ့
ဖွဲ့စည်းပြီး အမျိုးသားလွှတ်တော်ရုံးကို ညွှန်ကြားရေးမှူးချုပ်တစ်ဦးအပါအဝင်
အရာထမ်း ၂၇၃ ဦး၊ အမှုထမ်း ၇၈၀ ဦး၊ စုစုပေါင်း ဝန်ထမ်း (၁၀၅၃) ဦးနဲ့
ဖွဲ့စည်းထားတာပါ၊ ထပ်မံဖွဲ့စည်းမည့် ပြည်ထောင်စုလွှတ်တော်ရုံး
ဖွဲ့စည်းမှုဟာလည်း ညွှန်ကြားရေးမှူးချုပ်တစ်ဦးအပါအဝင် ဝန်ထမ်းအင်အား
တစ်ထောင်ကျော်မယ်လို့ ခန့်မှန်းရပါတယ်၊ ဒီ ရုံးအဖွဲ့အစည်းများအတွက်
နိုင်ငံ့ဘဏ္ဏာထဲက ငွေကြေးအမြောက်အများသုံးစွဲရမှာပါ၊ “ ပြည်သူလူထုရဲ့
ဆင်းရဲနွမ်းပါးမှုကို လျှော့ချရေး” ဆိုတဲ့ ကြွေးကြော်သံကို
လှောင်ပြောင်နေသလိုပါ၊
ပိုက်ဆံရှိလို့
သုံးမှဖြစ်မယ်ဆိုရင်လည်း အမှန်တကယ် လိုအပ်နေတာက အရွေးချယ်ခံ
လွှတ်တော်ကိုယ်စားလှယ်များအတွက် နေပြည်တော်က လွှတ်တော်အဆောက်အအုံကြီးမှာ
ကိုယ်ပိုင်ရုံးခန်းတွေ ရှိဖို့နဲ့ အထောက်အကူပြုဝန်ထမ်းများ
ခန့်ခွင့်ရဖို့ပါ၊
အရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များဟာ
လွှတ်တော်ဆိုင်ရာ ဥပဒေပြုရေးလုပ်ငန်းများကို
ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ နဲ့ နေပြည်တော်ကို ရောက်လာကြမည့်
မဲဆန္ဒရှင်ပြည်သူများကို လက်ခံတွေ့ဆုံဖို့ သီးခြားရုံးခန်းတွေ
ရှိဖို့လိုပါတယ်၊ ဥပဒေအကြံပေး၊ လက်ထောက်တွေလိုအပ်ပါတယ်၊
ပြည်ထောင်စုလွှတ်တော်ရုံးဖွဲ့စည်းမှုအတွက် သုံးစွဲရမည့် ငွေကြေးပမာဏဟာ
အရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များ (၄၉၈ ဦး) အတွက်
ရုံးခန်းသေးသေးတစ်ခန်းစီနဲ့ လက်ထောက် နှစ်ယောက်၊ သို့မဟုတ်
သုံးယောက်လောက်စီ ငှါးရမ်းခွင့်ပေးဖို့ လုံလောက်လိမ့်မယ် ထင်ပါတယ်၊ (တပ်မတော်သားကိုယ်စားလှယ်များကတော့
ပြည်သူလူထုကို ကိုယ်စားပြုတာမဟုတ်တဲ့အပြင် ဘာတွေဆောင်ရွက်ရမယ်ဆိုတဲ့
ညွှန်ကြားချက်တွေကို အထက်ဗိုလ်ချုပ်ကြီးများထံကနေ လက်ခံရရှိကြမှာမို့
သီးခြားရုံးခန်းနဲ့ အထောက်အကူပြုဝန်ထမ်း မလိုအပ်ပါ၊)
# လျှို့ဝှက်မဲခွဲဆုံးဖြတ်ခြင်း
ဒီဥပဒေ
ပုဒ်မ (၂၂)၊ ပုဒ်မခွဲ (ဃ) မှာ "နာယကသည် လွှတ်တော်အစည်းအဝေးများတွင်
အဆုံးအဖြတ်ယူရာ၌ စက်ခလုတ်အသုံးပြု၍ လျှို့ဝှက်စွာ
ဆန္ဒပြုသည့်နည်းလမ်းဖြင့်သော်လည်းကောင်း၊ ဆန္ဒမဲလက်မှတ်အသုံးပြု၍
လျှို့ဝှက်စွာ ဆန္ဒမဲပေးသည့် နည်းလမ်းဖြင့်သော်လည်းကောင်း၊ မတ်တပ်ရပ်၍
ဆန္ဒပြုသည့် နည်းလမ်းဖြင့်သော်လည်းကောင်း၊ သင့်လျော်သည့် အခြား
နည်းလမ်းတစ်ခုခုဖြင့်သော်လည်းကောင်း၊ ဆောင်ရွက်နိုင်သည်၊" ဟု
ပြဋ္ဌန်းထားပါတယ်၊ သမ္မတ သဘောမတူရတာက "မတ်တပ်ရပ်၍ ဆန္ဒပြုသည့် နည်းလမ်း" သည်
လျှို့ဝှက်၍ လွတ်လပ်စွာဆန္ဒမဲပေးနိုင်သည့် ဒီမိုကရေစီကျင့်စဉ်နှင့်
မညီညွတ်သောကြောင့်လို့ အကြောင်းပြပါတယ်၊ ဒီနေရာမှာတော့ လွှတ်တော်ဥက္ကဋ္ဌများနဲ့
နိုင်ငံတော်သမ္မတတို့ဟာ "ပွင့်လင်းမြင်သာမှု" ဆိုတဲ့
"ကောင်းမွန်သန့်ရှင်းသော အုပ်ချုပ်မှု" ရဲ့ အခြေခံအရည်အချင်းတစ်ခုကို
အတူတူဖျက်ဆီးလိုက်ကြတာပါ၊ ပြည်သူတွေကို ကိုယ်စားပြုတဲ့
ပြည်ထောင်စုလွှတ်တော်မှာ "လျှို့ဝှက်မဲဆန္ဒပြုခြင်း" ဆိုတာ လုံးဝမရှိသင့်ပါ၊
ပြည်သူလူထုက
သူတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်းမှာ သူတို့ကို
ကိုယ်စားပြုပြီး ဘာတွေဆောင်ရွက်ကြသလဲ ဆိုတာ သိချင်ကြပါတယ်၊
သိခွင့်လည်းရှိပါတယ်၊ သိရှိအောင် ဖန်တီးပေးဖို့လည်း
လွှတ်တော်ကိုယ်စားလှယ်များမှာ တာဝန်ရှိပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့
ဆောင်ရွက်ချက်တွေကို သိမှပဲ မဲဆန္ဒရှင်ပြည်သူတွေက သူတို့ရဲ့
လွှတ်တော်ကိုယ်စားလှယ် လွှတ်တော်ထဲမှာ တာဝန်ကျေပွန်မှု ရှိမရှိ၊
ပြန်လည်ခေါ်ယူသင့်၊ မခေါ်ယူသင့်၊ နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ မဲပေးသင့်၊
မပေးသင့်၊ မှန်မှန်ကန်ကန်ဆုံးဖြစ်နိုင်ကြမှာပါ၊ ဒါကြောင့်မို့ လွှတ်တော်မှာ
အဆိုများ၊ ဥပဒေကြမ်းများမဲခွဲရာမှာ လျှို့ဝှက်ဆန္ဒမဲဆိုတာ မရှိသင့်ပါ၊
ဗြောင်မဲပေးစနစ်ကိုပဲ ကျင့်သုံးရမှာပါ၊ ဘယ်ကိုယ်စားလှယ်က ဘယ်လို မဲပေးတယ်၊
ဘယ်လိုရပ်တည်တယ်ဆိုတာ ပြည်သူတွေ သိခွင့်ရှိရမှာပါ၊
လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲမှာ လျှို့ဝှက်မဲပေးစနစ်ကို ကျင့်သုံးတာဟာ
ဒီမိုကရေစီစနစ်ပါ၊ ဒါပေမည့် လွှတ်တော်အတွင်းအစည်းအဝေးတွေမှာ
လွှတ်တော်ကိုယ်စားလှယ်များက လျှို့ဝှက်မဲပေးကြတယ်ဆိုတာ
ဒီမိုကရေစီစနစ်မဟုတ်ပါ၊ ပြည်သူကို လိမ်လည်လှည့်ဖျားချင်တဲ့ အာဏာရှင်စနစ်ရဲ့
နည်းလမ်းတစ်ခုသာဖြစ်ပါတယ်၊
# နိုင်ငံတကာစာချုပ်များ၊ ကွန်ဗင်းရှင်းများနှင့် ပါတ်သက်၍
ဒီဥပဒေပြင်ဆင်ချက်အရ
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ(မူလ)ဥပဒေ၊ ဇယား (၂) မှာပါဝင်တဲ့
"အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့် သဘောတူညီချက်များ၊
ဒေသဆိုင်ရာစာချုပ်များနှင့် သဘောတူညီချက်များဆိုင်ရာ ကိစ္စ၊
အခွန်အကောက်များနှင့် သက်ဆိုင်သည့်ကိစ္စ၊ သဘာဝစွမ်းအင်များ၊
သယံဇာတပစ္စည်းများ ထုတ်ဖော်မှုနှင့် သက်ဆိုင်သည့်ကိစ္စနဲ့
လျှပ်စစ်ဓာတ်အားစီမံကိန်းများကိစ္စ" စတဲ့ "လွှတ်တော်ရဲ့
အတည်ပြုချက်ရယူရန်မလိုပဲ နိုင်ငံတော်သမ္မတက ဆောင်ရွက်ခွင့်ရှိသည့်
စာချုပ်များနှင့် သဘောတူညီချက်များ" ဟာ ဇယား (၁) ကို ရွှေ့ပြောင်းပြီး
"လွှတ်တော်၏အတည်ပြုချက်ဖြင့်သာ ဆောင်ရွက်ခွင့်ရှိသည့် စာချုပ်များနှင့်
သဘောတူညီချက်များ" ဖြစ်လာပါတယ်၊ သမ္မတက ဒီပြင်ဆင်ချက်ကို သဘောမတူပါ၊
ဒီကိစ္စတွေဟာ အုပ်ချုပ်မှုဆိုင်ရာအဖွဲ့အစည်းက စီမံခန့်ခွဲရမည့် ကိစ္စများနဲ့
သမ္မတက ဆောလျင်စွာဆုံးဖြတ်ဆောင်ရွက်ရမည့် ကိစ္စများဖြစ်တယ်လို့
အကြောင်းပြပါတယ်၊
ကျနော့်အမြင်မှာတော့
ဒီပြင်ဆင်ချက်ဟာ မှန်ကန်တဲ့ ပြင်ဆင်ချက်ဖြစ်ပါတယ်၊ တိုင်းပြည်ရဲ့
ကံကြမ္မာနဲ့ ရေရှည်အကျိုးစီးပွါးအပေါ် သက်ရောက်မှုအကြီးအကျယ်ရှိတဲ့
အခွန်အကောက်ကိစ္စများ၊ အပြည်ပြည်ဆိုင်ရာနဲ့ ဒေသဆိုင်ရာ သဘောတူစာချုပ်များ၊
သဘာဝစွမ်းအင်၊ သယံဇာတ တူးဖော်ထုတ်လုပ်ရေးစာချုပ်များနဲ့
လျှပ်စစ်ဓာတ်အားစီမံကိန်းကြီးများကို လွှတ်တော်ရဲ့ သဘောတူညီမှုဖြင့်သာ
ဆောင်ရွက်ရမည်ဆိုတာ အင်မတန် မှန်ကန်တဲ့ ပြဋ္ဌန်းချက်ဖြစ်ပါတယ်၊
လွှတ်တော်မရှိခဲ့တဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်းမှာ
စစ်အုပ်ချုပ်ရေးခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ တိုင်းပြည်ရဲ့
ရေရှည်အကျိုးစီးပွါးကို ထိခိုက်တဲ့ စီမံကိန်းတွေကို လက်လွတ်စပယ်
စာချုပ်ချုပ်ဆိုခဲ့လို့ ဒီနေ့ခေက်ပြည်သူတွေ နာကျင်ခံစားနေကြရတာ
အထင်အရှားပါ၊ အဲဒီအမှားမျိုး နောက်ထပ် ထပ်မမှားသင့်ပါ၊
ဒါပေမည့်
ကျနော်က ဒီပြင်ဆင်ချက်ဟာ မပြည့်စုံသေးဘူးလို့ ယူဆပါတယ်၊ လွှတ်တော်အနေနဲ့
အုပ်ချုပ်ရေးပိုင်းက ယခင်ခေတ်ကတည်းက လက်မှတ်ရေးထိုးခဲ့တဲ့ စီမံကိန်းများ၊
စာချုပ်များကိုလည်း စစ်ဆေးခွင့်၊ ပယ်ဖျက်ခွင့်ရှိသင့်ပါတယ်၊ ဒါမှပဲ နဝတ၊
နအဖလက်ထက်က တရုတ်အစိုးရနဲ့ ချုပ်ဆိုခဲ့တဲ့ သယံဇာတနဲ့
သတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ၊
ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများကို လွှတ်တော်က စစ်ဆေးခွင့်၊
ပြင်ဆင်ခွင့်၊ ပယ်ဖျက်ခွင့်၊ နှုတ်ထွက်ခွင့် ရှိမှာဖြစ်ပါတယ်၊
ဇန်နဝါရီလ
၁၆ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ချောက်မဲဆန္ဒနယ်
လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်က "ယခင်အစိုးရလက်ထက်တွင် သဘောတူထားသည့်
နားလည်မှုစာချွန်လွှာများ၊ နားလည်မှုသဘောတူစာချုပ်များ၊
စီးပွါးရေးစာချုပ်များကို ပြန်လည်သုံးသပ်အတည်ပြုရန် အစီအစဉ်ရှိ၊ မရှိ"
မေးမြန်းခဲ့ပါတယ်၊
အစိုးရကိုယ်စား
အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး
ဒေါက်တာဒေါ်ခင်စန်းရီက အဲဒီမေးခွန်းကို အခုလို ဖြေပါတယ်၊
"ယခင်အစိုးရလက်ထက်တွင် အမျိုးသားစီမံကိန်းနှင့်
ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဋ္ဌာနမှ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည့်
စာချုပ်စာတမ်း (၉၁) ခုအနက် ဆောင်ရွက်ပြီးလုပ်ငန်း (၈၆) ခု၊ ဆောင်ရွက်ရန်
(၅) ခု၊ အခြားဝန်ကြီးဋ္ဌာနများမှ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည့်
စာချုပ်စာတမ်း (၉၈၂) ခုအနက် ဆောင်ရွက်ပြီးလုပ်ငန်း (၁၆၁) ခု၊ ဆောင်ရွက်ရန်
(၈၂၁) ခုတို့မှ ဆက်လက် အသက်ဝင်ဆောင်ရွက်လျက် ရှိပါတယ်၊
လက်ရှိအသက်ဝင်လျက်ရှိနေသည့် စာချွန်လွှာများ၊ နားလည်မှုစာချွန်လွှာများနှင့်
သဘောတူစာချုပ်များ အကောင်အထည်ဖော်ရာတွင် ပြဿနာတစ်စုံတစ်ရာမရှိပါက
ပြန်လည်ဆန်းစစ်ရန်မလိုပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်၊" တဲ့၊
ဒီကနေ့
မြန်မာနိုင်ငံ အနှံ့အပြားမှာ ပြည်သူလူထုက တိုင်းပြည်နဲ့ လူမျိုးရဲ့
ရေရှည်အကျိုးစီးပွါးကို ထိခိုက်စေတဲ့ စီမံကိန်းကြီးတွေကို ဖျက်သိမ်းဖို့
တောင်းဆိုနေကြပါတယ်၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း၊
ဧရာဝတီမြစ်ဖျားနဲ့ မေခ၊ မလိခမြစ်များမှာ ရေအားလျှပ်စစ်ထုတ်ဖို့ ဆည်ကြီး (၆)
ခုတည်ဆောက်မည့် စီမံကိန်း၊ သံလွင်မြစ်ကြီးထဲမှာ ရေကာတာတွေ
ဆောက်မည့်စီမံကိန်း၊ မြန်မာနိုင်ငံ အနောက်ဖက်ကမ်းလွန်ကစလို့ ရခိုင်ပြည်နယ်၊
မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်များကို ဖြတ်သွားတဲ့
ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြီးများ၊ စသဖြင့်
တရုတ်အစိုးရနဲ့ချုပ်ဆိုခဲ့တဲ့ တရုတ်အကျိုးစီးပွါးစီမံကိန်းတွေကို
ဖျက်သိမ်းဖို့ တောင်းဆိုနေကြတာပါ၊ ဒေါ်ခင်စန်းရီရဲ့ ပြောကြားချက်အရ
တစ်နိုင်ငံလုံးမှာ အရင်စစ်အစိုးရက ချုပ်ဆိုသွားတဲ့ စီမံကိန်းတွေ စုစုပေါင်း
(၈၂၆) ခု ဆက်လက်အသက်ဝင်နေပြီး အဲဒီ စီမံကိန်းစာချုပ်များကို
ဦးသိန်းစိန်အစိုးရက "ပြဿနာတစ်စုံတစ်ရာမရှိဘူး" ဆိုတဲ့ ယုံကြည်ချက်နဲ့
ပြန်လည်သုံးသပ်ဖို့ အစီအစဉ်မရှိဘူးဆိုတာ သိရပါတယ်၊ အစိုးရက တာဝန်မယူရင်
လွှတ်တော်က တာဝန်ယူစစ်ဆေးသင့်ပါတယ်၊ လွှတ်တော်မှာ အဲဒီ
စီမံကိန်းစာချုပ်များကို ပြန်လည်သုံးသပ်စစ်ဆေးပြီး အတည်ပြုခွင့်၊
ဖျက်သိမ်းခွင့်၊ နှုတ်ထွက်ခွင့်အာဏာ ရှိသင့်ပါတယ်၊
လေးစားစွာ၊
အောင်ဒင်
ဖေဖော်ဝါရီ ၁၁၊ ၂၀၁၄
ဖေဖော်ဝါရီ ၁၁၊ ၂၀၁၄