မဟုတ်တရုတ် အရှုပ်ထုပ်
ဂါမဏိ၊ မတ် ၂၂၊ ၂၀၁၄
အာဖရိကတိုက်က ဘော့စဝါနာနိုင်ငံကလေးရဲ့ လှပသပ်ရပ်တဲ့
ဂါဘိုရုန်းမြို့တော်ထဲ ကားမောင်းရတာ ကြည်နူးစရာ ကောင်းပါတယ်။ ဒီနိုင်ငံမှာ စုတ်ပြတ်မွဲတေလွန်းတဲ့လူ
မရှိပါ။ ကားလမ်းတွေမှာလည်း စည်းကမ်းတကျသွားလာနေကြ ပြီး မြေအနေအထားဖန်တီးထားတာတွေက သဘာဝအတိုင်း
တတ်နိုင်သမျှလိုက်ထားတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်က ညနေဖက် လေကောင်းလေသန့်ရှူကားစီးရင်း
ပတ်ဝန်းကျင်ကိုခံစားနေချိန်မှာ ရုတ်တရက် မီးပျက်သွားလို့ အရာခပ်သိမ်း ရပ်တန့်ကုန်ပါတယ်။
မီးပွိုင့်တွေတောင် သေသွားလို့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာ ရာမှာ အားသန်လှတဲ့ နာမယ်ကျော်ဘော့စဝါနာပြည်သားတွေ
ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်ပါတယ်။ အဲ့တော့မှ ကျနော့် ကားမောင်းတဲ့ ဒေသခံဒရိုင်ဗာဟာ တရုတ်ကို
စ,ဆဲပါတော့တယ်။
ဘော့စဝါနာနိုင်ငံကို တရုတ်နိုင်ငံက အခြေခံအဆောက်အအုံတိုးတက်ရေးအတွက်ဆိုပြီး
ဧရာမအထောက်အပံ့တွေ ပေးပြီး ဆောက်လုပ်ရေးတွေ အကြီးအကျယ်လုပ်နေပါတယ်။ ဒီနိုင်ငံလေးဟာ
လူဦးရေနည်းပါးပြီး ပင်လယ်ထွက် ပေါက်မရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်ပေမဲ့ အလယ်အလတ်တန်းဝင်ငွေရှိတဲ့နိုင်ငံ၊
တနည်းအားဖြင့် လူတဦးချင်း ဂျီဒီပီ ဒေါ်လာ ၇၆၀၀ ရှိပါတယ်။ ဒီနိုင်ငံမှာ အစစအရာရာ အဆင်ပြေပေမဲ့
လျှပ်စစ်ဓာတ်အားပိုင်းမှာတော့ တော်တော့်ကို ချို့တဲ့နေပါတယ်။
ဒီလိုနဲ့ သိတ်မကြာခင်နှစ်တွေက ငွေတထောကြီးနဲ့
တရုတ်တွေရောက်လာပြီး ဘော့စဝါနာနိုင်ငံကို စွမ်းအင်ဖူလုံရေး ဖြစ်စေမယ့် ဓာတ်အားတည်ဆောက်ရေးစီမံကိန်းကြီးတွေ
တဟုန်ထိုးစတင်ခဲ့ပါတော့တယ်။ အခုတော့ ဘော့စဝါနာ နိုင်ငံသားတွေဟာ ဘယ်လိုမှ ခွင့်မလွှတ်နိုင်
မမေ့ပျောက်နိုင်အောင် တရုတ်ကဆော်သွားတာကို သဘောပေါက်နေကြ ပါပြီ။
၂၀၀၈ ခုနှစ်မှာ တရုတ်အစိုးရပိုင် CNEEC ကုမ္ပဏီဟာ
ဒေါ်လာ သန်း ၉၇၀ တန် ၆၀၀ မီဂါဝတ် ကျောက်မီးသွေး သုံးလျှပ်စစ်ဓာတ်အားပေးရုံ တည်ဆောက်ရေး
၎ နှစ်စီမံကိန်းအတွက် ကန်ထရိုက်ရခဲ့တယ်။ ၄ နှစ်ပြည့်တဲ့အချိန် ၂၀၁၂ ခုမှာတော့ စီမံကိန်းဟာ
နည်းနည်းဘဲပြီးစီးခဲ့ပြီး ပြီးသမျှမှာလည်း နည်းပညာပိုင်းချို့ယွင်းချက်တွေ ဆိုးဆိုးဝါးဝါး ရှိနေပါတယ်။ နောက်ဆုံးတော့ ဒေါသထွက်နေတဲ့ ဘော့စဝါနာအစိုးရဟာ CNEEC ကို ကန်ထုတ်ပစ်လိုက်ရပါတော့
တယ်။ ဒါပေမဲ့ အစိုးရဟာ ငွေတွေတအားကုန်ခဲ့ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေကို မကျော်လွှားနိုင်လို့
လူထု ရဲ့ မကျေနပ်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။
(CNEEC
ဟာ ဗမာပြည်မှာ ပဲခူးတိုင်း ရဲနွယ်ရေအားလျှပ်စစ်၊ ရှမ်းပြည်တောင်ပိုင်းက ကျိုင်းတောင်းရေအားလျှပ်စစ်၊
မြိတ် ကျောက်မီးသွေးသုံးလျှပ်စစ်စီမံကိန်းတို့ကို လုပ်ခဲ့တဲ့အဖွဲ့ ဖြစ်ပြီး အရှေ့တောင်အာရှမှာအကြီးဆုံး
ရေအား လျှပ်စစ်စီမံကိန်းလို့ နာမယ်ကျော်ခဲ့ပြီး နောက်ဆုံးမှာတော့ လျှပ်စစ်မထွက်ဘဲ ငွေဘဲ
သောက်သောက်လဲကုန်ခဲ့တဲ့ နာမယ်ပျက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှာလည်း ပါခဲ့တယ်။)
အာဖရိကတိုက်ရဲ့ "အမြန်ဆုံး ဓာတ်အားပေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု"
ပြယုဂ်လို့ ကြွားခဲ့တဲ့ တရုတ်တွေရဲ့ ဧရာမအခြေခံ အဆောက်အအုံကုမ္ပဏီတွေဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာအဆင့်နိမ့်မှု၊
နည်းပညာဆိုင်ရာအဆင့်နိမ့်မှုတွေ ဘွားဘွားကြီး ပေါ်ထွက်လာပါတယ်။
စီမံကိန်းကာလမှာ တရုတ်လုပ်ငန်းခွင်ထဲ အလုပ်သမားအခွင့်အရေးစံနှုန်းတွေ၊
စက်မှုလုပ်ငန်းဆိုင်ရာသတ်မှတ်ချက် တွေကို ထပ်တလဲလဲချိုးဖောက်လို့ ဘော့စဝါနာလုံခြုံရေးတပ်ဖွဲ့တွေ
လုပ်ငန်းခွင်ထဲဝင်ပြီး တရုတ်လုပ်ငန်းရှင်တွေကို ကိုင်ရတာတွေ ရှိခဲ့တယ်။ တရုတ်ကုမ္ပဏီတွေဟာ
တခြားအရင်းရှင်ကုမ္ပဏီတွေထက်ကို ခေါင်းပုံဖြတ်သွေးစုတ်တဲ့ နေရာမှာ ပိုဆိုးတယ်လို့ အာဖရိကတိုက်သားတွေကြား
ပြောစမှတ်ဖြစ်သွားပါတယ်။
"ကျနော်တို့က
ကိုယ့်သယံဇာတ ကိုတင် ပြန်ယူရတာမဟုတ်ဘူး၊ တရုတ်တွေ ဖျက်ဆီးပစ်လိုက်တဲ့ ကိုယ့်ရဲ့အစိုးရမှုစံတွေကိုပါ
ပြန်တည်ဆောက်ရ တယ်" လို့ ဘော့စဝါနာပညာတတ်တယောက်က ပြောပါတယ်။
ဘော့စဝါနာဟာ အာဖရိကတိုက်မှာ လာဘ်ပေးလာဘ်ယူအနည်းဆုံးနိုင်ငံဖြစ်တဲ့အတွက်
တရုတ်တွေလုပ်နေကျ အကြံ အဖန်ကွက်တွေလည်း လုပ်မရဖြစ်ခဲ့ပါတယ်။ ၂၀၁၄ ခု နှစ်ဆန်းမှာ ဘော့စဝါနာအစိုးရဟာ
ဂျာမန်ကုမ္ပဏီတခုကို ခေါ်ပြီး တရုတ်တွေလုပ်ခဲ့တဲ့စက်ရုံကို ဦးစီးခိုင်း၊ ချို့ယွင်းချက်တွေ
ပြင်ခိုင်းခဲ့ရပါတယ်။ အဲဒါကြောင့် ကုန်ကျစရိတ် ထပ်များသွားပါတယ်။
တရုတ်တွေဟာ ဘော့စဝါနာရဲ့ ကျောက်မီးသွေးလျှပ်စစ်နယ်ပယ်တင်မက
ရေအားလျှပ်စစ်နယ်ပယ်မှာလည်း ဝင်ရှုပ်ခဲ့ ပါတယ်။ ရေကာတာကြီးတွေ၊ ဟိုင်းဝေးလမ်းမသစ်ကြီးတွေ၊
လေဆိပ်အသစ်တွေလည်း အုတ်အော်သောင်းနင်း ဆောက်ခဲ့ပါသေးတယ်။ တရုတ်အစိုးရပိုင် Sinohydro
ကုမ္ပဏီဟာ လုပ်ငန်းကြန့်ကြာပြီး အချိန်မှီမပြီးတာ၊ နည်းပညာ ညံ့ဖျင်းတာ၊ အချောသတ်မကောင်းတာနဲ့
အပိုဆားဒါးကုန်ကျရာမှာ CNEEC ထက်တောင် လွန်ခဲ့ပါတယ်။ ဘော့စဝါနာ နိုင်ငံမှာ Sinohydro
ရဲ့ စီမံကိန်းကာလ နှစ်စေ့သွားတဲ့အခါ ပိုင်ဆိုင်မှုတွေ တက်သုတ်ရိုက်ရောင်းထုတ်၊ အိပ်ရာလိပ်ပြီး
ကသောကမျောထွက် သွားခဲ့ပါတယ်။ အကျင့်ပျက်ခြစားမှု အတော့်ကိုနည်းတဲ့ နိုင်ငံမှာ ဆက်ပြီး
ကလိမ်ကျဖို့ မဖြစ်နိုင် လို့ ထွက်သွားတာ ဖြစ်ပါတယ်။
(Sinohydro
ကုမ္ပဏီဟာ ဗမာပြည်မှာ သဖန်းဆိပ်ရေကာတာကို တည်ခဲ့ပြီး ကရင်ပြည်နယ် ဟတ်ကြီးရေကာတာ၊ ပဲခူးတိုင်း
ကျွန်းဆည်ရေကာတာတွေ ဆောက်ဖို့လည်း အစီအစဉ်ရှိထားပါတယ်။ နာမယ်ဆိုးနဲ့ကျော်တဲ့ မြစ်ဆုံစီမံကိန်း
နဲ့ နာမယ်ပျက် ရဲရွာစီမံကိန်းတွေမှာလည်း တစိတ်တပိုင်းပါဝင်ပါတယ်။)
အာဏာရှင်သက်တမ်း ၃၄ နှစ်ရှိတဲ့ မူဂါဘီနဲ့ အကျင့်ပျက်ခြစားမှု
ကြီးစိုးနေတဲ့ ဇင်ဘာဘွေနိုင်ငံမှာတော့ တရုတ် ကုမ္ပဏီတွေ ပန်းပန်နေဆဲ လှီးနေ ရိတ်နေနိုင်ဆဲ
ဖြစ်ပါတယ်။
တရုတ်ဟာ စီးပွားရေးအရ သဲကြီးမဲကြီးသွေးစုတ်မှုကို
ဖုံးကွယ်နိုင်ဖို့အတွက် ဘော့စဝါနာနိုင်ငံမှာ ယဉ်ကျေးမှုဖလှယ် ရေး အစီအစဉ်တွေ အဆောက်အဦးတွေကို
လုပ်ပေးပါသေးတယ်။ ကွန်ဖျူးရှပ်သိပ္ပံ ဆိုတာကို ဖွင့်ခဲ့ပြီး တက္ကသိုလ်တွေ မှာ တရုတ်ရေးရာလေ့လာရေးနဲ့
တရုတ်ဘာသာစကားဘွဲ့ကြို ဘွဲ့လွန်သင်တန်းတွေကို ထောက်ပံ့ပေးခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့
ကြီးကျယ်မြင့်မားတဲ့ နှစ် ၄၀၀၀ သက်တမ်းယဉ်ကျေးမှုအကြောင်း၊ တရုတ်နိုင်ငံရဲ့ "ဆွေမျိုးပေါက်ဖော်"
ဆက်ဆံရေးမူဝါဒအကြောင်း၊ "ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး" နိုင်ငံခြားရေးပေါ်လစီတွေအကြောင်း
ဝါဒဖြန့်ဖို့ ဖြစ်ပါတယ်။ အဲ့ဒိတက္ကသိုလ်တွေဆီ တရုတ်သံတမန်တွေ၊ တရုတ်နိုင်ငံခြားရေးဌာနအရာရှိကြီးတွေ
ချောင်းပေါက် မတတ် လာလေ့ရှိပါတယ်။
ဒါပေမဲ့ ဘော့စဝါနာနိုင်ငံမှာ လမ်းပေါ်ကလူတွေကတော့
တရုတ်ကုမ္ပဏီတွေရဲ့ လုပ်ရပ်တွေအပေါ် အံ့သြတုန်လှုပ်မှု နဲ့ ဒေါသတို့ဘဲ ပွားနေကြပါတယ်။ တရုတ်ကုမ္ပဏီတွေနဲ့
လုပ်ငန်းရှင်တွေရဲ့ အောက်တန်းကျတဲ့အမူအကျင့်တွေဟာ ပြောစမှတ်ဖြစ်နေပါတယ်။ ဘော့စဝါနာနိုင်ငံမှာတင်
ဒါမျိုးဖြစ်တာမဟုတ်ဘဲ တောင်အာဖရိကနိုင်ငံမှာလည်း ဒီလို သဘောထားတွေ ရှိနေပါတယ်။
၂၀၀၈ ခုတုံးက တောင်အာဖရိကနိုင်ငံ ကွာဇူလူး-နေတယ်လ်ပြည်နယ်
ဒါဘန်ဆိပ်ကမ်းမှာ အလုပ်သမား ၁၀၀ လောက်ဟာ ဇင်ဘာဘွေကိုပို့မယ့် လက်နက်တွေ တရုတ်သင်္ဘောပေါ်ကချတာကို
အောင်မြင်စွာကန့်ကွက်တားဆီး နိုင်ခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲမှာပါခဲ့တဲ့ တက်ကြွလှုပ်ရှားသူ
ဆင်းရဲသားအမျိုးသမီးတဦးက တောင်အာဖရိကနိုင်ငံမှာ တွင် ကျယ်လာနေတဲ့ တရုတ်ကုမ္ပဏီတွေရဲ့
ခမ်းခမ်းနားနားရုံးတွေရှေ့ကဖြတ်သွားတိုင်း ဒေါသတွေ လှိုက်လှိုက်တက်လာ ပြီး "ဓာတ်ဆီဗုံးတလုံးလောက်
ပစ်သွင်းချင်စိတ် ပေါ်မိတယ်" လို့ ပြောပါတယ်။
အာဖရိကတိုက်မှာ နဂိုကစိုးမိုးခဲ့တဲ့ ဥရောပတိုက်သားတွေနဲ့
အမေရိကန်တွေကို တရုတ်နိုင်ငံက အစားထိုးဝင်လာပုံကို ပညာရှင်တွေတော်တော်များများ ဘက်ပေါင်းစုံက
လေ့လာသုံးသပ်ထားကြပြီး တရုတ်ပြည်ဟာ အာဖရိကတိုက်ရဲ့ စီးပွားရေးကို ကစားတဲ့ နံပတ် ၁ နိုင်ငံဖြစ်လာတာကို
အနောက်တိုင်းသားဝေဖန်ရေးသမားတွေက မနာလိုဝန်တိုဖြစ် နေကြပါတယ်။ ဒါပေမဲ့ အာဖရိကတိုက်က
အစိုးရပိုင်းအထက်လွှာတွေကတော့ အကြံအဖန်တွေ မျိုးမျိုးမျက်မျက် ရတာရယ်၊ ရက်ရောလှတဲ့ တရုတ်လက်ဆောင်တွေမှာ
ပွင့်လင်းမြင်သာဖို့မလိုဘဲ နှောင်ကြိုးမပါတာရယ်ကို သဘော ကျ အားရနေပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် အာဖရိကပြည်သူတွေကတော့ အာဖရိကတိုက်ကြီးကို
နေ့ခင်းကြောင်တောင်အနုကြမ်းစီးနေတဲ့ တရုတ်နိုင်ငံရဲ့ ဆိုးကျိုးတွေကို တနေ့တခြားပိုလို့သဘောပေါက်
သိမြင်လာနေကြပါတယ်။ အာဖရိကတိုက်သားတွေ အနေနဲ့ တရုတ်နေရာမှာ ကိုလိုနီလက်သစ်အနောက်တိုင်းရဲ့
နှောင်ကြိုးတွေကို ပြန်တမ်းတလို့ အကျိုးမထူးဘဲ ဘာကိုမဆို အသိပညာရှိရှိနဲ့ သတိရှိရှိ
ကိုင်တွယ်ရင်ဆိုင်ဖို့ဘဲ လိုပါတယ်။ အထူးသဖြင့် ဘော့စဝါနာလို သန့်ရှင်းတဲ့ အစိုးရတွေနဲ့
တောင်အာဖရိကလို နိုင်ငံရေးအရတက်ကြွလှုပ်ရှားတဲ့လူထုတွေဟာ တရုတ်ကြောင်သူတော် တောသူဌေးတွေအတွက်
အဆုံးစွန်သောဖျက်မြင်းတွေ ဖြစ်နေပါလိမ့်မယ်။
ဂါမဏိ
ရည်ညွှန်း။
Asian Age စာစောင်ပါ ဂျင်ဒါးလ်နိုင်ငံတကာရေးရာကျောင်းမှ ပါမောက္ခ ဆရီးယာရမ် ချောင်လီယာ၏
ဆောင်းပါး