ခေတ်မီတဲ့အနာဂတ်ရောက်ဖို့ မီးနဲ့ ဘီးကို ထားခဲ့ကြ
မောင်ရစ်၊ မတ် ၁၄၊ ၂၀၁၄
(မတ်လ ၂၀၁၄ ထုတ် အတွေးအမြင်မဂ္ဂဇင်းကနေ ပြန်လည်ကူးယူဖော်ပြပါတယ်)
သမိုင်းမှာ
ကျောက်ခေတ်ကနေ သံခေတ်၊ ကြေးခေတ်၊ နည်းပညာခေတ်တွေ ရောက်ဖို့
မူလခြေတလှမ်းအဖြစ် လူသားတွေ မီးကို စတင် ရှာဖွေတွေ့ရှိတာက စတယ်လို့
ပြောကြတယ်။ နောက်တခုကတော့ ဘီးကို တီထွင်လိုက်နိုင်တာ။ မီးကို
တွေ့ပြီးနောက် ဘီးကို တီထွင်လိုက်နိုင်တဲ့နောက်ပို င်း လူသားတွေဟာ
လောကီဈာန်တွေ အတုံးလိုက်အတစ်လိုက် ရကုန်ပြီး မြေလျိုး၊ မိုးပျံ၊
အကြားအမြင်တွေ ရကုန်တာပဲ။ ကမ္ဘာကြီးကို ခါးစောင်းတင်လိုက်တော့တာပဲ
မဟုတ်လား။
အင်ဂျင်စက်၊
မော်တော်ယျာဉ်၊ လေယျာဉ်ပျံ၊ မော်တော်ဘုတ်၊ သဘောင်္၊ ဒုံးပျံတွေ
အကုန်လုံးမှာ မီးပါတယ်၊ ဘီးပါတယ်။ ဘီးမဟုတ်ဘူး ဆိုရင်တော့
ခြာခြာလည်နေတဲ့ ပန်ကာတွေ၊ ဒလက်တွေတော့ ပါတယ် မဟုတ်လား။ အဲသည် ၂ ခုနဲ့
လူ့လောကကြီးလည်း ခေတ်မီ ဖွံဖြိုးတိုးတက်တဲ့ သိပ္ဗံခေတ်ကြီးကို
ဖြတ်ကျော်နေခဲ့ပေါ့။
နောက်ပြီးတော့
လူသားတွေရဲ့ တီထွင် ဖန်တီးတဲ့စိတ်၊ အသစ်အဆန်းနဲ့ အနာဂတ်ကို
မျှော်ကြည့်တဲ့ စိတ်တွေ ဒါတွေဟာ သိပ္ဗံခေတ်ကြီးကို ရှေ့တိုးအောင်
မောင်းနှင်တွန်းပို့ခဲ့တယ်။ အကောင်းဆုံးဥပမာကတော့ ကလေးဘ၀ကနေ
လူကြီးအဖြစ်တိုင်အောင် လူတိုင်းဟာ သိပ္ဗံဆန်းကြယ် အနာဂတ်ဇာတ်အိမ်ပြု
ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေကို စွဲစွဲလမ်းလမ်း ဖတ်ရှုခံစားခဲ့ကြတာပဲ
ဖြစ်တယ်။
သိပ္ဗံဇာတ်ကားတွေထဲက
စက်ရုပ်၊ ရုပ်မြင်သံကြား ဖုန်း၊ ယာဉ်ပျံတွေ၊ မြေလျိုး မိုးပျံတာတွေ၊
လက်နက်ဆန်းတွေဟာ လွန်ခဲ့တဲ့ အနှစ် ၅၀ တုန်းက ရုပ်ရှင်ပိတ်ကားပေါ်ကနေ
သရုပ်ဖော်ခဲ့ရာက အခု အနှစ် ၂၀ လောက်အတွင်း အပြင်လောကမှာ တကယ်ကို
ဖြစ်ပေါ်လာခဲ့တယ်။ သိပ္ဗံနဲ့ နည်းပညာ ဆန်းသစ်မှုတွေ ရှာဖွေမှုတွေဟာ
လူသားတွေကို သဘာဝရဲ့ လျို့ဝှက်ချက်နဲ့ ထူးခြားမှုတွေကို ဖော်ထုတ်ပြီး
လက်ညိုးညွှန်ရာ ရေဖြစ်အောင် လုပ်လာနိုင်ခဲ့တယ်။
ဒါကြောင့်လည်း
ဆယ်စုနှစ် ခေတ်တခုတိုင်းမှာ လူတွေကို ဖျော်ဖြေရာ
ရုပ်ရှင်အနုပညာတွေမှာ အနာဂတ်လွန် ဇာတ်လမ်း ရှုခင်းတွေ ပါ မပါနဲ့
တိုင်းတာစောင့်ကြည့်ကြတယ်။ အနာဂတ်သိပ္ဗံကားတွေ ခေတ်မစားတဲ့ အချိန်နဲ့
နေရာတွေမှာ လူတွေဟာ အတိတ်ကနေ ရုန်းမထွက်နိုင်တဲ့ အကြပ်အတည်းတွေနဲ့
နစ်မြုပ်ကြရတယ်။ အငြင်းအခုံတွေ ပွားကြတယ်။ စစ်မက်တွေ ဖြစ်ပွားကြရတယ်။
သစ်လွင်တောက်ပ အကောင်းမြင်တဲ့ ခေါင်းဆောင်တွေ အယူအဆတွေ
ပေါ်ပေါက်လာဖို့အရေးအတွက် လှုံဆော်မှုတွေဟာ သိပ္ဗံဇာတ်ကားတွေကနေ
ထင်ဟတ်ပြနေကြတယ်လို့ ပြောရမယ်။
အဲသည်
သိပ္ဗံဇာတ်ကားတွေမှာ ပြန်ကြည့်လိုက်မယ်ဆိုရင် မီးတွေ ဘီးတွေနဲ့
လည်ပတ်နေရာကနေ မီးတွေ ဘီးတွေ မပါတော့တဲ့ ဇာတ်ကားတွေ၊
နောက်ခံအခင်းအကျင်းတွေနဲ့ ပြလာတာကို မြင်လာရတယ်လို့ ပြောချင်တယ်။
စွမ်းအင်တွေကို မီးတွေ လောင်စာတွေကနေ ထုတ်ပြတာ မဟုတ်တော့ဘဲ
စွမ်းအင်ချောင်းတွေ၊ စွမ်းအင်သိုလှောင်တဲ့ အတုံးအခဲတွေက ထုတ်လုပ်
သုံးစွဲတာမျိုးတွေ မြင်လာရတယ်။ ပြီးတော့ နေရာတကာမှာ တလည်လည် တ၀ီးဝီး
သွားလာ လှည့်ပတ်နေတဲ့ ဘီးတွေ၊ ဒလက်တွေနဲ့ ပစ္စည်းတွေထက် အသံမမြည်တဲ့
ရွေ့လျားမှုမျိုး သွားလာမှုမျိုးတွေ လုပ်လာကြတယ်။ ဒါက သိပ္ဗံဇာတ်ကားတွေကို
ကြည့်ပြီး ပြောတာပါ။
ဆိုတော့
မီးနဲ့ ဘီးကို အခြေပြုပြီး ခေတ်မီဆန်းသစ်တဲ့ သိပ္ဗံခေတ်ကြီး ထူထောင်ခဲ့တဲ့
လက်ရှိလူ့ဘောင်လောကဟာ နောင် ရှေ့တဆင့်ကို တခေတ်ပြောင်းဖို့အတွက်ဆိုရင်
သမာရိုးကျ လူ့သားတွေ စွဲလမ်းခဲ့ကြတဲ့ မီးတွေ ဘီးတွေကို
စွန့်ပစ်ထားခဲ့ကြမှ ဖြစ်လိမ့်မည်လား လို့ တွေးနေမိတယ်။
ဒါကလည်း
ဖြစ်နိုင်တယ်။ အလားအလာကလည်း အဲသလို ဦးတည်နေပြီလို့ ပြောနိုင်တယ်
ထင်တယ်။ ဘာကြောင့်လဲဆိုတော့ တီဗီတွေ၊ ကင်မရာတွေမှာ မီးလုံးတွေနဲ့ Tube
တွေနဲ့ လွှင့်ထုတ်တာ၊ ဖမ်းယူတာကနေ ချစ်ဆားကစ်ပြားတွေ၊ LCD, LED တွေနဲ့
လွှင့်ထုတ်တာ ဖမ်းယူတာတွေ လုပ်လာတယ် မဟုတ်လား။ တီဗီတွေဟာ အလုံးကြီးကနေ
ပြားချပ်ကုန်လာတယ်။ လျှပ်စစ်ဓာတ်တွေ အေစီတွေ အများကြီး သုံးပြီး
စက်မောင်းနေရာကနေ ဒီစီနဲ့ ဘက်ထရီတုံးတွေနဲ့ ကိရိယာတွေကို အားသွင်း
အလုပ်လုပ်ခိုင်းတာ ဖြစ်နေတယ် မဟုတ်လား။
ဘီးတွေ
ဒလက်တွေနဲ့ ခရီးသွားနေရာကနေ လေပေါ်မှာ ၀ဲတာ ပျံတာကို နည်းမျိုးစုံတွေ
စမ်းသတ်လာနေကြတာကို တွေ့နေရတယ်။ အနည်းဆုံးတော့ မြေပေါ် ရေပေါ်
လျှပ်ပြေးယာဉ်ဟာ ပန်ကာသဘော၊ ဘီးသဘောကို သုံးနေပေမယ့် မြေကြီးနဲ့ ထိပြီး
ဘီးနဲ့ ယက်ပြီး ရွေ့လျားတာထက် လေကို မှုတ်ပြီး မြေပေါ်က ကြွပြီး
ရွေ့လျားမှုမျိုး ဖြစ်လာတယ်လို့ ပြောချင်တယ်။
ကြိုးတွေနဲ့
ချိတ်ဆက်မှုတွေဟာလည်း တဖြေးဖြေး ပျောက်ကုန်ပြီးတော့ ဖုံးတွေ အိမ်သုံး
ရုံးသုံး ကိရိယာတွေ အားလုံးဟာ လျှပ်စစ်ပစ္စည်းတွေ ဒစ်ဂျစ်တယ်ပစ္စည်းတွေ
ပိုပိုဖြစ်လာတယ်။ စက်တွေ တခုခုနဲ့ တခု ဆက်သွယ်ပြီး
အလုပ်လုပ်လုပ်နိုင်မှုဟာလည်း ကြိုးမလိုပဲ လေထဲကနေ
ချိတ်ဆက်လုပ်နိုင်လာတယ်။
ဥပမာသဘောတခုကတော့
ကြိုးမဲ့ဖုံးတွေက wi-fi, GSM, CDMA, 3G,4G ဆိုတဲ့
မိုက်ခရိုဝေ့ဗ်တွေနဲ့ သတင်းတွေ အချက်အလက်တွေ အမိန့်တွေ
အလုပ်စေခိုင်းမှုတွေကို ပေးပို့ လက်ခံနေကြတော့တယ် မဟုတ်လား။ ဖုံးကနေ
ကားကို စက်နှိုး၊ ပိုက်ဆံလွှဲ၊ မိုးလေ၀သကြည့်၊ မြေပုံလမ်းညွှန်တောင်း၊
ဂူးဂဲပေါ်မှာ အဖြေရှာ၊ လူချင်း စကားပြော၊ ပရင်တာဆီ စာပို့၊ ဖက်တွေ ထိုး
ဒါမျိုးတွေဟာ ဟိုးရှေးခေတ်က လူတဦးစံချိန်နဲ့ ကြည့်မယ်ဆိုရင်
မျက်မှောက်ခေတ်ကလူတွေဟာ လောကီဈန်တွေ ရနေတဲ့ တန်ခိုးရှင်တွေလို့
အထင်မှတ်မှားသွားနိုင်လောက်တယ် ။
သိပ္ဗံပညာနဲ့
ပညာရှင်တွေ အားလုံးဟာ သံသရာကို ယုံတယ်။ အမှန်တရားကို ယုံတယ်။
ဒါကြောင့် သူတို့တတွေက ပဟေဠိတွေကို အဖြေညှိဖို့ ကြိုးစားကြတာပေါ့။
ရှေးလူကနေ နှောင်းလူအဆင့်ဆင့် ဆက်ပြီး အလုပ်လုပ်နိုင်ဖို့
လက်ဆင့်ကမ်းပြီး မှတ်တမ်းတွေ ထားခဲ့၊ ပညာတွေ သင်ပေးခဲ့ကြတာပေါ့။
လူ့သမိုင်းဆိုတာကြီး ရှိနေတယ်ဆိုတာကို သူတို့တတွေ
မှတ်တမ်းလက်ဆင့်မကမ်းခဲ့ကြဖူးသာ ဆိုရင် လက်ရှိလူတွေဆိုတာကလည်း ကိုယ်ဘယ်က
လာလို့ ဘယ်ကို သွားမယ်မှန်းမသိတဲ့ ပတ်ဝန်းကျင်က ကြောင်တွေ ခွေးတွေလိုပဲ
ဖြစ်ကြရလိမ့်မယ် ထင်မိပါတယ်။
အခုတော့
မီးနဲ့ ဘီးကို စွန့်ရတော့မယ့်အချိန်ရောက်ပြီလို့ လူဘောင်လောက သဘာဝက
အတိတ်နမိတ်တွေ ပြနေပါပြီ။ တလျံလျံ တညီးညီး တောက်လောင် သုံးစွဲနေတဲ့
မီးလို စွမ်းအင်မျိုးကို ဘက်ထရီလိုမျိုး သိုဝှက်သိမ်းဆည်းနိုင်ကြပြီ။
ဘီးတွေနဲ့ ယက်ပြီးမှ ခရီးသွား လည်ပတ်မှုကနေ သံလိုက်စွမ်းအင်တွေ
အခြားတွန်းအားတွေကို သုံးပြီး ရွေ့လျားဖို့ ပြင်ဆင်နေကြပြီ။ လူတွေဟာ
ကြိုးတွေ၊ အဆောက်အဦတွေ၊ တဆက်တစပ်တည်းဖြစ်တဲ့ ချိတ်ဆက်မှုတွေကနေပြီး
မမြင်ရတဲ့ လေလှိုင်းတွေထဲက ဒစ်ဂျစ်တယ်ချိတ်ဆက်မှုတွေနဲ့ ဆက်စပ်မှုတွေကို
တည်ဆောက်နေကြပြီ။
အနာဂတ်လွန်
သိပ္ဗံဇာတ်လမ်းတွဲတွေလည်း အခုချိန်မှာ ပြန်လည် ခေတ်စားလာတာကို
တွေ့နေရတယ်။ Star Trek တို့ Star Wars တို့တွေ၊ Doctor WHO တို့
Touchwood တို့ ဇာတ်လမ်းတွဲတွေ လူတွေက ကြည့်ရှုအားပေးလာကြပြန်တယ်။
သိပ္ဗံဆန်းကြယ်တွေနဲ့အတူ သဘာဝတရားကြီးရဲ့ ဖြစ်ထွန်းလည်ပတ်မှု သံသရာကိုလည်း
အတွေးအခေါ် ဆင်ခြင်မှုတွေနဲ့ သုံးသပ်ပြကြ ပြန်ပါသေးတယ်။
သိပ္ဗံ
စိတ်ကူးယဉ်တွေထဲကလိုမျိုး ပိုက်ကလေးတချောင်းနဲ့ ဆေးထိုးအပ်တခုနဲ့၊
ဓာတုဆေးဝါး တခုခုနဲ့ လူတွေရဲ့ ခန္တာကိုယ်တွေ ဦးနှောက်တွေကို ခွဲခြမ်း
စိတ်ဖြာ စုံစမ်းတာတွေ၊ ကုသ လေ့လာတာတွေလည်း လုပ်ကိုင်နေကြတာ
အများအမြင်ပါပဲ။ DNA, Genetic Engineering, Biotechnology ဆိုတာတွေ၊ Nano
Tech ဆိုတာတွေဟာ အခုဒီဖက်ခေတ်က လက်တွေ့သိပ္ဗံဆန်းကြယ်မှုတွေရဲ့ သာဓကလို့
ဆိုနိုင်ပါတယ်။
ကဲ
ဒါဆိုရင် သိပ္ဗံကားတွေထဲကလိုမျိုး မဖြစ်သေးတဲ့ ထူးခြားဆန်းကြယ်မှုတွေကို
ထောက်ပြပါဦးလို့ ဆိုရင် … star trek ထဲကလို တနေရာကနေ တနေရာကို Beam
လုပ်ပြီး Transport လုပ်တာ မဖြစ်သေးဘူး။ လူအကောင်ကြီးအတိုင်းပဲ ဟိုကနေ
ဒီနေရာကို ရောက်ဖို့ ခရီးတော့ သွားနေသေးတယ်။ အတိတ်တွေ အနာဂတ်တွေကို
ကိုယ်ဖျောက်ပြီးတော့ မသွားနိုင်သေးဘူး။ စကြာဝဠာအနှံ့လည်း
မသွားနိုင်သေးဘူး။ ဒါတွေဟာ နောင်တချိန်မှာ ဖြစ်လာလိမ့်မယ်လို့တော့
စာဖတ်သူတွေက စိတ်ကူးယဉ်မိချင် ယဉ်မိနေမှာတော့ အသေအချာပါပဲ။
ဟုတ်ပြီ
… အနာဂတ်မှာ လူတွေဟာ ထူးခြား ဆန်းကြယ်တွေ တခုပြီး တခု
လုပ်နိုင်နေပါပြီတဲ့။ အတိတ်နဲ့ ပစ္ဖျပ္ဗန် မျက်မှောက်က လူတွေလိုမျိုး
ဘယ်တော့မှ မလွန်ဆန်နိုင်တာတွေလည်း ရှိဦးမှာလား။ အင်း … ရှိမယ်။ လူသားတွေဟာ
သေခြင်းတရားကိုတော့ ဆန့်ကျင်ကြမှာတော့ မဟုတ်ပါဘူး။ အနည်းဆုံးအဆင့်
သိပ္ဗံနည်းကျ သေခြင်းကို ရင်ဆိုင်ဖို့နဲ့ သံသရာဝဲသြဃက
လွတ်မြောက်ဖို့ကိုတော့ သူတို့ အစွမ်းကုန် ဆက်ကြိုးစားကြလိမ့်မယ်လို့
မျှော်လင့်မိပါတယ်။