(တူမောရိုးသတင်းဂျာနယ်၊ အတွဲ ၁၊ အမှတ် ၇၊ ဧပြီလ ၈ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၃၂)
မြန်မာနိုင်ငံအတွက် ကောင်းနိုးရာရာ (အပိုင်း ၅)
ကာကွယ်ရေးအသုံးစားရိတ်ဆိုင်ရာ မူဝါဒ
ကာကွယ်ရေးအသုံးစားရိတ်ဆိုင်ရာ မူဝါဒ
အောင်ဒင်၊ ဧပြီ ၁၂၊ ၂၀၁၄
#ရီပတ်ဘလီကင်ပါတီ၏ ကာကွယ်ရေးအသုံးစားရိတ်မူဝါဒ
ရီပတ်ဘလီကင်ပါတီရဲ့ နိုင်ငံတော်ကာကွယ်ရေးမူဝါဒက
ကာကွယ်ရေးအသုံးစားရိတ်ကို ပုံမှန်တိုးမြှင့်ပြီး ခိုင်မာအားကောင်းတဲ့
စစ်တပ်၊ ကမ္ဘာအနှံ့မှာ စစ်ပွဲကြီး သုံးပွဲလောက်ကို
တပြိုင်တည်းရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိအောင်၊ ရုတ်တရက်ပေါ်ပေါက်လာမည့်
စိန်ခေါ်မှုများကို အချိန်မရွေးရင်ဆိုင်နိုင်အောင် အဆင်သင့်ရှိတဲ့
လက်နက်ကိုင်တပ်များကို တည်ဆောက်အသင့်ပြင်ထားဖို့ ဖြစ်ပါတယ်၊ အဲဒီလို သမ္မတ
ရော်နယ်ရေဂင် လက်ထက်ကတည်းက ကျင့်သုံးခဲ့လို့ ဆိုဗီယက်ယူနီယံကို
အောင်မြင်စွာရင်ဆိုင်နိုင်ခဲ့ပြီး စစ်အေးတိုက်ပွဲမှာ
အမေရိကန်ပြည်ထောင်စုကို အနိုင်ရစေခဲ့တဲ့ ကာကွယ်ရေးမူဝါဒဟာ ဒီကနေ့မှာလည်း
လိုအပ်နေဆဲပဲလို့ ရီပတ်ဘလီကင်ပါတီက ယုံကြည်ပါတယ်၊ မိမိကိုယ်တိုင်
အင်အားရှိမှ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး၊ လွတ်လပ်မှုနဲ့ လွတ်လပ်မှုကို
ကာကွယ်ချင်စိတ်ရှိတဲ့ လူ့အသိုင်းအဝိုင်းကို တည်ဆောက်နိုင်မယ်လို့
ယုံကြည်ပါတယ်၊
အမေရိကန်ပြည်ထောင်စုရဲ့
အကျိုးစီးပွါးကို ကာကွယ်ရာမှာ ပြည်တွင်းလုံခြုံရေးကို
ဂရုစိုက်ဖို့လိုအပ်သလို နိုင်ငံအပြင်ဘက်က အမေရိကန်ပြည်ထောင်စုကို
နှောက်ယှက်တိုက်ခိုက်မည့်သူတွေကို ချေမှုံးဖို့၊ ကမ္ဘာတစ်ဝှမ်းမှာ
ဖြန့်ကျက်ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံသားများနဲ့
အမေရိကန်အကျိုးစီးပွါးတွေကိုလည်း ဘယ်နေရာမှာရှိရှိစောင့်ရှောက်ကာကွယ်ဖို့
နဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မဟာမိတ်တွေကို အကာအကွယ်ပေးဖို့ လိုအပ်တယ်လို့
ယုံကြည်ပါတယ်၊ ဒါကြောင့်မို့ အမေရိကန်ပြည်ထောင်စုရဲ့ လက်နက်ကိုင်တပ်ဖွဲ့များကို
အင်အားကောင်းမွန်အောင်၊ ခေတ်မီတိုးတက်အောင် ကာကွယ်ရေးအသုံးစားရိတ်ကို
နှစ်စဉ်ပုံမှန်မြှင့်တင်ဖို့ ရီပတ်ဘလီကင်ပါတီက မူဝါဒချမှတ်ထားပါတယ်၊
ကမ္ဘာကြီးရဲ့
တစ်ခုတည်းသော စစ်အင်အားအကြီးဆုံး (Super Power) နိုင်ငံအနေနဲ့
အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ခြိမ်းခြောက်နေတဲ့
အကြမ်းဘက်ဝါဒကို အခြားမိတ်ဖက်နိုင်ငံများနဲ့လက်တွဲလို့
စုပေါင်းရင်ဆိုင်မှာဖြစ်သလို လိုအပ်မယ်ဆိုရင်
တစ်ဦးတည်း/တစ်နိုင်ငံတည်းလည်း ရင်ဆိုင်ရမယ်လို့လည်း ယုံကြည်ပါတယ်၊
ဒါကြောင့်မို့ ရီပတ်ဘလီကင်ပါတီကို တစ်ကိုယ်တော်ဝါဒီများ (Unilateralists)၊
ဝင်ရောက်စွက်ဖက်ရေးဝါဒီများ (Interventionists )၊ စစ်သွေးကြွများ (Hawks)
လို့လည်း ခေါ်ကြပါတယ်၊
ဒီမူဝါဒက
အမေရိကန်ပြည်ထောင်စု စီးပွါးပျက်ကပ်နဲ့ တွေ့ကြုံရတဲ့အချိန်မှာ
အဆင်မပြေတော့ပါ၊ စီးပွါးရေးကောင်းနေချိန်မှာ
စစ်ရေးအသုံးစားရိတ်တိုးမြှင့်တာ (သိုမဟုတ်) လက်ရှိအတိုင်းထိန်းထားတာကို
ကန့်ကွက်သူသိပ်မရှိပေမည့် စီးပွါးပျက်တဲ့အခါကျတော့
စစ်ရေးအသုံးစားရိတ်တွေကို လျှော့ချဖို့ တောင်းဆိုသံတွေဆူညံလာပါတယ်၊
မအောင်မြင်တဲ့ စစ်ပွဲတွေကြောင့် အမေရိကန်စစ်သားတွေ
အမြောက်အများကျဆုံးဒဏ်ရာရပြီး မသေသူတွေမှာလည်း စိတ်ဓာတ်ရေးရာ
ပြိုကွဲပျက်စီးကြရတဲ့အခါ စစ်ပွဲတွေအမြန်ဆုံးရပ်စဲဖို့၊ ပြည်ပရောက်
အမေရိကန်စစ်သားတွေကို ပြန်ခေါ်ဖို့တောင်းဆိုသံတွေညံလာပြီး ကမ္ဘာကြီးရဲ့ ပြသနာတိုင်းမှာ
အမေရိကန်ပါဝင်ဦးဆောင်စရာမလိုဘူးလို့ ကန့်ကွက်သူတွေရှိလာပါတယ်၊ တစ်ခါ
ကာကွယ်ရေးအသုံးစားရိတ်ရဲ့ အများစုက စစ်လက်နက်ပစ္စည်းတီထွင်မှု၊ ထုတ်လုပ်မှု၊
ဝယ်ယူမှုများအတွက်ဖြစ်ပြီး အမေရိကန်စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့
ကော်ပိုရေးရှင်းတွေက ရီပတ်ဘလီကင်ပါတီရဲ့ အဓိကငွေကြေးလှူဒါန်းသူများ ဖြစ်နေပြန်ပါတယ်၊
#ဒီမိုကရက်တစ်ပါတီ၏ ကာကွယ်ရေးအသုံးစားရိတ်မူဝါဒ
ဒီမိုကရက်တစ်ပါတီကတော့
သမ္မတရေဂင်လက်ထက်က စစ်အေးတိုက်ပွဲဆိုင်ရာ ကာကွယ်ရေးမူဝါဒကို
'ခေတ်မမီတော့တဲ့ ဝါဒ" လို့ မြင်ကြပါတယ်၊ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွါးကို
ကာကွယ်ဖို့အတွက် စစ်အသုံးစားရိတ်မြှင့်စရာမလို၊ စစ်တပ်ကို
တိုးချဲ့စရာမလိုပဲ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ၊ ညှိနှိုင်းမှုများနဲ့
အောင်မြင်နိုင်တယ်လို့ ယူဆပါတယ်၊ ဒီနေ့ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့
ခြိမ်းခြောက်မှုတွေဟာ ပုံသဏ္ဌန်တစ်မျိုးဖြစ်တာမို့ ဒီခြိမ်းခြောက်မှုတွေကို
ရင်ဆိုင်နိုင်ဖို့ အမေရိကန်လက်နက်ကိုင်တပ်ဖွဲ့များဟာ
အင်အားအလွန်ကြီးမားစရာမလိုပဲ ဒရုံး (Drone) လို့ခေါ်တဲ့
မောင်းသူမဲ့လေယဉ်လိုမျိုး ခေတ်မီလက်နက်နဲ့ ခေတ်မီနည်းပညာများကို စနစ်တကျ
လုံလုံလောက်လောက်အသုံးချနိုင်ဖို့ပဲ လိုအပ်တယ်လို့ ယုံကြည်ကြပါတယ်၊
ဒါကြောင့် လက်ရှိ အမြဲတမ်းတပ်များရဲ့ အင်အားကို အတိုင်းအတာတစ်ခုအထိ
လျှော့ချပြီး ပိုပြီးကျစ်လစ်တဲ့၊ အလွယ်တကူ လျင်လျင်မြန်မြန်
ရွှေ့ပြောင်းလှုပ်ရှားနိုင်တဲ့ အထူးတပ်ဖွဲ့တွေ ပိုဖွဲ့ဖို့၊
သမားရိုးကျစစ်လက်နက်ပစ္စည်းဝယ်ယူမှုကို လျှော့ချပြီး ခေတ်မီနဲ့
ခေတ်လွန်စစ်လက်နက်တွေကို သုတေသနပြု ထုတ်လုပ်တပ်ဆင်ဖို့
မူဝါဒချမှတ်ထားပါတယ်၊ နိုင်ငံတကာအရေးအခင်းတွေမှာ တစ်ကိုယ်တော်ဦးဆောင်မှုကို
ရှောင်ကြဉ်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊
နိုင်ငံတကာအစိုးရများနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးပါတယ်၊
ဒါကြောင့်မို့ ဒီမိုကရက်တစ်ပါတီကို နိုင်ငံတကာဝါဒီများ (Internationalists) ၊ အားနွဲ့သူများ (Doves) လို့ ခေါ်ကြပါတယ်၊
ဒီမူဝါဒက
အမေရိကန်ပြည်ထောင်စု စီးပွါးရေးကျဆင်းနေချိန်အတွက် သင့်တော်တဲ့
မူဝါဒဖြစ်ပါတယ်၊ အမေရိကန်ပြည်ထောင်စုရဲ့ ဘတ်ဂျက်မှာလည်း
ကာကွယ်ရေးအသုံးစားရိတ်က အမြင့်ဆုံးဖြစ်ပါတယ်၊ ကာကွယ်ရေးအသုံးစားရိတ်ကို
လျှော့ချခြင်းဖြင့် ပိုထွက်လာတဲ့ ပိုက်ဆံတွေကို
အလုပ်အကိုင်သစ်တွေဖန်တီးဖို့၊ အလုပ်လက်မဲ့ထောက်ပံ့ကြေးတွေပေးဖို့၊ လူမှုရေး၊
ပညာရေးတွေမှာ သုံးနိုင်မှာပါ၊ ဒါပေမည့် အားနည်းချက်တော့ ရှိနေတာပါပဲ၊
စစ်တပ်အင်အားကို လျှော့ချမယ်ဆိုရင် လက်ရှိအလုပ်လက်မဲ့အရေအတွက်ထဲကို
သိန်းနဲ့ချီတဲ့ အမေရိကန်စစ်သားဟောင်းတွေ တိုးဝင်ရောက်ရှိလာမှာပါ၊
သမားရိုးကျစစ်လက်နက်ထုတ်လုပ်တာတွေ လျှော့ချရင်လည်း လက်နက်စက်ရုံတွေ
ပိတ်ရပြီး အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ကြရမှာပါ၊
တစ်ခါ
နိုင်ငံတကာအရေးကိစ္စတွေမှာ ရှေ့က ဦးမဆောင်ပဲ
နိုင်ငံတာကာအသိုင်းအဝိုင်းနဲ့မှ လှုပ်ရှားတာ၊ ရုရှားနဲ့ တရုတ်တို့က
ဗီတိုအာဏာကိုင်တွယ်ထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို
အလွန်အကျွံအားကိုးတာက အမေရိကန်ဦးဆောင်မှုကို မျှော်လင့်နေတဲ့
ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများ၊ အထူးသဖြင့် ရုရှားရဲ့ အနိုင်ကျင့်ခြိမ်းခြောက်မှုကို
ခံနေရတဲ့ ယူကရိန်းအပါအဝင် အရှေ့ဥရောပနိုင်ငံများ၊ တရုတ်ရဲ့
ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတဲ့ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင် စတဲ့ အာရှ၊
ပစိဖိတ်နိုင်ငံများကို အားငယ်စိတ်ပျက်စေပါတယ်၊
# မြန်မာနိုင်ငံ၏ လက်ရှိကာကွယ်ရေးအသုံးစားရိတ်
မြန်မာနိုင်ငံက အမေရိကန်လို ချမ်းသာတဲ့ နိုင်ငံမဟုတ်၊ နိုင်ငံတကာစစ်တွေ
ဆင်နွှဲနေရတဲ့ နိုင်ငံမဟုတ်၊ အခြားနိုင်ငံတွေက အားကိုးအကူအညီတောင်းခံရတဲ့
နိုင်ငံမဟုတ်ပဲ အရှေ့တောင်အာရှက ဆင်းရဲတဲ့ နိုင်ငံငယ်လေးတစ်ခုသာ
ဖြစ်ပါတယ်၊ လူဦးရေ သန်း (၆၀) လောက်ရှိပြီး ကုလသမဂ္ဂက
ထုတ်ပြန်တဲ့စာရင်းဇယားတွေအရ လူဦးရေရဲ့ (၂၆) ရာခိုင်နှုံးက အလွန့်အလွန်ဆင်းရဲနွမ်းပါးတဲ့ အဆင့်မှာရှိပြီး လူဦးရေရဲ့ (၆၃)
ရာခိုင်နှုံးက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ မှီခိုနေရတဲ့ နိုင်ငံမှာ
အင်အား လေးသိန်းလောက်ရှိတဲ့ အစိုးရလက်နက်ကိုင်တပ်ကြီးရှိနေတာ
အံ့ဩစရာကောင်းလှပါတယ်၊ တစ်ခါ ဒီလက်နက်ကိုင်တပ်ဖွဲ့ကြီးကို ၁၉၉၀
ခုနှစ်ကစလို့ ခေတ်မီတိုးတက်တဲ့ တပ်မတော်ဖြစ်အောင် ခေတ်မီစစ်လက်နက်ပစ္စည်းတွေ
အဆက်မပြတ်တပ်ဆင်နေတာမို့ တိုင်းပြည်ရဲ့ ဘတ်ဂျက်ထဲက
ကာကွယ်ရေးအသုံးစားရိတ်ကို နှစ်တိုင်း အများဆုံး သုံးစွဲနေရပါတယ်၊
စစ်အသုံးစားရိတ်ကြီးမားလွန်းတော့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး
စတဲ့အသုံးစားရိတ်တွေ နည်းပါးပြီး အဆင်းရဲဆုံးလူသားတွေ
တစ်နေ့တစ်ခြားတိုးပွါးနေပါတယ်၊ တစ်ခါ ဒီတပ်မတော်ကြီးက တိုင်းပြည်ရဲ့
အကြီးဆုံး စီးပွါးရေးလုပ်ငန်းရှင်ကြီးလည်းဖြစ်၊
အကြီးဆုံးမြေပိုင်ရှင်ကြီးလည်းဖြစ်တော့
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလှုပ်ရှားမှုတွေ ဘယ်လိုမှ မအောင်မြင်နိုင်တာ
အံ့ဩစရာမရှိပါ၊
၂၀၁၁ ခုနှစ်၊
ပြည်ထောင်စုလွှတ်တော်ပေါ်ပေါက်လာတဲ့ အချိန်ကစလို့မှ မြန်မာနိုင်ငံသားတွေအဖို့
အစိုးရရဲ့ နှစ်စဉ် စစ်ရေးအသုံးစားရိတ်ကို စတင်သိခွင့်ရကြပါတယ်၊
စစ်အစိုးရခေတ်ထက် လျှော့ပြီး သုံးစွဲပါတယ်ဆိုပေမည့် နှစ်စဉ်နှစ်တိုင်း
တိုင်းပြည်ဘတ်ဂျက်ရဲ့ နှစ်ဆယ်ရာခိုင်နှုံးလောက်ကို ကာကွယ်ရေးအသုံးစားရိတ်အဖြစ် ခွဲဝေပေးနေရပါတယ်၊ ပြည်ထောင်စုလွှတ်တော်က
မတ်လ (၂၈) ရက်နေ့မှာ အတည်ပြုပြီး မတ်လ (၃၁) ရက်နဲ့ ဧပြီလ (၁) ရက်နေ့တွေမှာ
သမ္မတလက်မှတ်ထိုးပြီး အစိုးရသတင်းစာတွေမှာ ဖော်ပြတဲ့ "၂၀၁၄ ခုနှစ်၊
ပြည်ထောင်စု၏ ဘဏ္ဏာငွေ အရအသုံးဆိုင်ရာဥပဒေ" ကို လေ့လာကြည့်မိပါတယ်၊
အဲဒီဥပဒေအရ ၂၀၁၄-၂၀၁၅ ဘဏ္ဏာနှစ်အတွက် ပြည်ထောင်စုတစ်ခုလုံးရဲ့ နိုင်ငံတော်ဘဏ္ဏာမှ
စုစုပေါင်းအသုံးစားရိတ်ဟာ ကျပ် သန်းထောင်ပေါင်း (၁၈,၈၉၀ ဒသမ ၅၁၂) ဖြစ်ပြီး
ဝန်ကြီးဋ္ဌာနအားလုံးရဲ့ နိုင်ငံတော်ဘဏ္ဏာမှ စုစုပေါင်းအသုံးစားရိတ်က ကျပ်
သန်းထောင်ပေါင်း (၁၀,၁၈၃ ဒသမ ၆၆၄) ဖြစ်ပါတယ်၊
ကာကွယ်ရေးဝန်ကြီးဋ္ဌာနအတွက်
ခွင့်ပြုထားတဲ့ အသုံးစားရိတ်က ကျပ် သန်းထောင်ပေါင်း (၂,၃၆၅ ဒသမ ၈၁၃)
ဖြစ်ပါတယ်၊ ဒီပမာဏဟာ ပြည်ထောင်စုအသုံးစားရိတ်ရဲ့ (၁၂ ဒသမ ၅၂) ရာခိုင်နှုံးဖြစ်ပြီး ဝန်ကြီးဋ္ဌာနအားလုံး စုစုပေါင်းအသုံးစားရိတ်ရဲ့ (၂၃ ဒသမ ၂၃) ရာခိုင်နှုံးဖြစ်ပါတယ်၊ ပညာရေးဝန်ကြီးဋ္ဌာနအသုံးစားရိတ်က ကျပ် သန်းထောင်ပေါင်း (၁,၁၄၂ ဒသမ ၅၀၃) နဲ့ ပြည်ထောင်စုအသုံးစားရိတ်ရဲ့ (၆ ဒသမ ၀၄) ရာခိုင်နှုံးဖြစ်ပြီး ဝန်ကြီးဋ္ဌာနအားလုံး စုစုပေါင်းအသုံးစားရိတ်ရဲ့ (၁၁ ဒသမ ၂၁) ရာခိုင်နှုံးဖြစ်ပါတယ်၊ ကျန်းမာရေးဝန်ကြီးဋ္ဌာနအသုံးစားရိတ်က ကျပ် သန်းထောင်ပေါင်း (၆၅၂ ဒသမ ၇၄၄) နဲ့ ပြည်ထောင်စုအသုံးစားရိတ်ရဲ့ (၃ ဒသမ ၄၅) ရာခိုင်နှုံးဖြစ်ပြီး ဝန်ကြီးဋ္ဌာနအားလုံး စုစုပေါင်းအသုံးစားရိတ်ရဲ့ (၆
ဒသမ ၄) ရာခိုင်နှုံးဖြစ်ပါတယ်၊ ဒါကြောင့် ကာကွယ်ရေးဝန်ကြီးဋ္ဌာနအသုံးစားရိတ်က
ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဋ္ဌာနနှစ်ခုပေါင်း အသုံးစားရိတ်ထက် (၃၁)
ရာခိုင်နှုံးပိုများပါတယ်၊ အောက်ပါဇယားကို ကြည့်ပါ၊
(က)
၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဏာငွေ အရအသုံးဆိုင်ရာဥပဒေ၊ သုံးငွေဇယား ၄ မှ
ပြည်ထောင်စုဝန်ကြီးဋ္ဌာနများနှင့် ဦးစီးဋ္ဌာနများ စုစုပေါင်း သုံးငွေ၊ ကျပ်
သန်းထောင်ပေါင်း (၁၀,၁၈၃ ဒသမ ၆၆၄)
(ခ) ၂၀၁၄ ခုနှစ်၊
ပြည်ထောင်စု၏ ဘဏ္ဏာငွေ အရအသုံးဆိုင်ရာဥပဒေ၊ သုံးငွေဇယား ၂, ၄, ၈, ၁၃ မှ
စုစုပေါင်း ပြည်ထောင်စုသုံးငွေ ကျပ်သန်းထောင်ပေါင်း (၁၈,၈၉၀ ဒသမ ၅၁၂)
|
အမှတ်စဉ်
|
ဝန်ကြီးဋ္ဌာန
|
စုစုပေါင်းသုံးငွေ
(ကျပ်သန်းထောင်ပေါင်း) |
(က) ၏
ရာခိုင်နှုံး |
(ခ) ၏ ရာခိုင်နှုံး
|
|
၁
|
ကာကွယ်ရေးဝန်ကြီးဋ္ဌာန
|
၂,၃၆၅ ဒသမ ၈၁၃
|
၂၃ ဒသမ ၂၃
|
၁၂ ဒသမ ၅၂
|
|
၂
|
ပညာရေးဝန်ကြီးဋ္ဌာန
|
၁,၁၄၂ ဒသမ ၅၀၃
|
၁၁ ဒသမ ၂၂
|
၆ ဒသမ ၀၄
|
|
၃
|
ကျန်းမာရေးဝန်ကြီးဋ္ဌာန
|
၆၅၂ ဒသမ ၇၄၄
|
၆ ဒသမ ၄၁
|
၃ ဒသမ ၄၅
|
# မြန်မာနိုင်ငံအတွက် ကာကွယ်ရေးအသုံးစားရိတ်မူဝါဒ
မြန်မာနိုင်ငံလို
ဆင်းရဲနွမ်းပါးပြီး ဖွံ့ဖြိုးတိုးတက်ဖို့ အသည်းအသန်ကြိုးစားနေရတဲ့၊
ပြည်ပခြိမ်းခြောက်မှုမရှိတဲ့ နိုင်ငံငယ်လေးအဖို့ အကောင်းဆုံးမူဝါဒက
ကာကွယ်ရေးအသုံးစားရိတ်ကို လျှော့ချတာ၊ လက်နက်ကိုင်တပ်ဖွဲ့အင်အားကို
လျှော့ချတာပဲ ဖြစ်ပါတယ်၊ စစ်ရေးအသုံးစားရိတ်လျှော့ချပြီး ပညာရေး၊
ကျန်းမာရေးအသုံးစားရိတ်တွေတိုးမြှင့်မှ တိုင်းသူပြည်သားတွေကို
ဆင်းရဲတွင်းထဲက ဆွဲထုတ်နိုင်မှာပါ၊
တပ်အင်အားလျှော့ချတယ်ဆိုရာမှာလည်း
လက်လွတ်စပယ်လျှော့ချတာမဟုတ်ပဲ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့
လျှော့ချတာဖြစ်သင့်ပါတယ်၊ ပြည်ထောင်စုလွှတ်တော်က ကျွမ်းကျင်သူများနဲ့
ကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီး တိုင်းပြည်ရဲ့ အခြေအနေနဲ့
သင့်တော်လုံလောက်မည့် လက်နက်ကိုင်တပ်ဖွဲ့များရဲ့ အရွယ်အစားနဲ့ အင်အားကို
ဆုံးဖြတ်သင့်ပါတယ်၊ အဲဒီလို အရွယ်အစားနဲ့ အင်အားကို ဆုံးဖြတ်လျှော့ချပြီးမှ
သင့်တော်တဲ့ အသုံးစားရိတ်ကို ပြည်ထောင်စုလွှတ်တော်က ခွဲဝေသတ်မှတ်ပေးရမှာပါ၊
တပ်အင်အားလျှော့ချရာမှာ
အရေးအကြီးဆုံးက အင်မတန်ဖောင်းပွနေတဲ့ အရာရှိအဆင့်များကို
ထိထိရောက်ရောက်လျှော့ချဖို့ ဖြစ်ပါတယ်၊ နှစ်စဉ်နှစ်တိုင်း
စစ်တက္ကသိုလ်များနဲ့ ဗိုလ်သင်တန်းကျောင်းများက အရာရှိများ ထောင်နဲ့ချီပြီး
မွေးထုတ်နေပါတယ်၊ အဲဒီလို တပ်မတော်အရာရှိများကို
အလွန်အကျွံမွေးထုတ်လေ့ကျင့်ပေးနေတာဟာ လက်နက်ကိုင်တပ်ဖွဲ့များအတွက်သာမကပဲ
ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ လူဝင်မှု၊ နိုင်ငံခြားရေးစတဲ့ အရေးကြီးတဲ့
ပြည်ထောင်စုဝန်ကြီးဋ္ဌာနများ၊ ရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုလွှတ်တော်၊
အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်စတဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများမှာ
တပ်မတော်အရာရှိများက ဝင်ရောက်စိုးမိုးနေရာယူနိုင်ဖို့လည်း ဖြစ်ပါတယ်၊
ဒါကြောင့် စစ်ဘက်မှ အရပ်ဘက်သို့ ကူးပြောင်းအမှုထမ်းခြင်းများကို
ကန့်သတ်လျှော့ချဖို့ လိုအပ်ပါတယ်၊
ပြီးတော့
ဗိုလ်ချုပ်ကြီး၊ ဒုဗိုလ်ချုပ်ကြီးရာထူးတွေ ဖောင်းပွနေတာကို
တားမြစ်နိုင်ဖို့ ထိပ်ဆုံးမှာ မလိုအပ်ပဲ ဖန်တီးထားတဲ့ ဗိုလ်ချုပ်မှူးကြီး၊
ဒုဗိုလ်ချုပ်မှူးကြီးရာထူးတွေကို ဖျက်သိမ်းသင့်ပါတယ်၊ ဗိုလ်ချုပ်ရာထူးနဲ့
အထက် ရာထူးခန့်ထားမှုများကို ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်းရဲ့ သဘောထားနဲ့
မဟုတ်ပဲ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီမှုနဲ့သာ ခန့်အပ်တာဝန်ပေးသင့်ပါတယ်၊
စစ်သည်အင်အား တစ်သန်းနီးပါးရှိတဲ့ အမေရိကန်ပြည်ထောင်စု
လက်နက်ကိုင်တပ်ဖွဲ့များမှာ ရာထူးအကြီးဆုံးက ကြယ်လေးပွင့်
ဗိုလ်ချုပ်ကြီးဖြစ်ပါတယ်၊ ကြယ်ငါးပွင့် ဗိုလ်ချုပ်မှူးကြီးဆိုတာ မရှိပါ၊
ဗိုလ်ချုပ်နဲ့ အထက်ရာထူးတိုးမြှင့်မှုများကိုလည်း အထက်လွှတ်တော်ရဲ့
သဘောတူညီမှုနဲ့ ဆောင်ရွက်ရပါတယ်၊
အဲဒီလို
မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို သင့်တော်တဲ့ အရွယ်အစားအထိ
လျှော့ချ၊ အရာရှိများဖောင်းပွမှုကိုလည်း ကျစ်လစ်စေ၊ စစ်တပ်အရာရှိများ
အရပ်ဘက်ရာထူးကြီးတွေမှာ ကူးပြောင်းတာဝန်ထမ်းတာတွေ ပိတ်ပင်နိုင်မယ်ဆိုရင်
တိုင်းပြည်ရဲ့ ကာကွယ်ရေးအသုံးစားရိတ်တွေကို အတိုင်းအတာတစ်ခုထိ လျှော့ချနိုင်မှာပါ၊
ဒါတင်မကသေးပါဘူး၊
စစ်တပ်ရဲ့ စီးပွါးရေးလုပ်ငန်းများကိုလည်း ကန့်သတ်သင့်ပါတယ်၊
ဈေးကွက်စီးပွါးရေးစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံမှာ စစ်တပ်ပိုင်
စီးပွါးရေးလုပ်ငန်းများက တိုင်းပြည်ရဲ့ စီးပွါးရေးနဲ့ ဈေးကွက်ကို
လက်ဝါးကြီးအုပ်ထားတာကြောင့် သာမာန်ပြည်သူများရဲ့ လွတ်လပ်စွာ
စီးပွါးယှဉ်ပြိုင်ခွင့်ကို အားနည်းစေပြီး
အမျိုးသားစီးပွါးရေးလုပ်ငန်းရှင်များရဲ့ တိုးတက်မှုကို
အဟန့်အတားဖြစ်စေပါတယ်၊ စစ်တပ်က တိုင်းပြည်ရဲ့ အကြီးမားဆုံး
မြေပိုင်ရှင်ကြီးဖြစ်နေတာကြောင့် လယ်မြေ၊ ယာမြေကိုအားကိုးပြီး
အသက်မွေးဝမ်းကြောင်းပြုရတဲ့ သာမာန်ပြည်သူများရဲ့ ဘဝကို
ထိခိုက်နစ်နာစေပါတယ်၊ ဒါကြောင့် စစ်တပ်ပိုင်မြေတွေကို နိုင်ငံပိုင်မြေအဖြစ်
ပြန်လည်အပ်နှံပြီး ပြည်သူများထံမျှဝေပေးနိုင်မှ ပြည်သူတွေ လယ်မဲ့၊ ယာမဲ့၊
မြေမဲ့ဘဝကနေ လွတ်မြောက်ပြီး ဆင်းရဲတွင်းထဲက ရုံးထွက်ဖို့
အခွင့်အလမ်းရှိမှာပါ၊
အောင်ဒင်
ဧပြီလ ၂၊ ၂၀၁၄
ဧပြီလ ၂၊ ၂၀၁၄


