မောင်စွမ်းရည် - သင်္ကြန်အကျိုး ၁ဝ ပါး

သင်္ကြန်အကျိုး ၁ဝ ပါး
မောင်စွမ်းရည်၊ ဧပြီ ၉၊ ၂ဝဝ၇


 သင်္ကြန်အကျိုး ၁ဝ ပါးရှိတယ်လို့ ပြောလိုက်တာဟာ ရှေးဟောင်း စာပေကျမ်းဂန်မှာ ပါလို့မဟုတ်ပါ။ ကိုယ့်ဘာသာ တွက်ကြည့်လိုက်မိတာပဲဖြစ်ပါတယ်။ သေသေချာချာတွက်ရင် ၁ဝ ပါးထက် ပိုများပိုမလားမသိပါ။ ကျနော်ရေတွက်ကြည့်မိတာက အောက်ပါအတိုင်း ၁ဝ မျိုး ရပါတယ်။

  ၁။ သင်္ကြန်ပွဲဆိုတာ မြန်မာတို့ရဲ့ နှစ်သစ်ကူးပွဲတော်ဖြစ်ပါတယ်။ လူတစ်ဦးချင်းမှာ အသက် ၁ နှစ် တိုးသွားပြီလို့၊ အသက် ၁ နှစ် ရှည်သွားပြီလို့ အားတက်ရသလို သေဘက်ကို ၁ နှစ် နီးသွားပြီလို့လည်း သတိသံဝေဂတွေ ယူလိုက ယူနိုင်ကြပါတယ်။

 ၂။ နှစ်ဟောင်းက အညစ်မကောင်းတာတွေကို သင်္ကြန်ရေနဲ့ ဆေးလျှော် သန့်ရှင်းရေးလုပ်ကြသလို နှစ်ဟောင်းက စိတ်ဓာတ်အဟောင်းအညစ်တွေကို သတိပြုဆင်ခြင်ပြီး နှစ်သစ်မှာ အကောင်းအသစ်တွေမွေးကြဖို့ သတိရကြစေပါတယ်။

 ၃။ ရေပက်ကစားကြတဲ့အပြင် အလှူအတန်းတွေလုပ်ပြီး ကျွေးကြမွေးကြလို့ ကလေးလူကြီးမကျန် စားကြသောက်ကြ ပျော်ရွှင်ကြရပြီး ဘာသာရေးအရ ကုသိုလ်ရတဲ့အပြင် လူမှုရေးအရလည်း တစ်ဦးနဲ့တစ်ဦး အထူးချစ်ခင် ရင်းနှီးစေပါတယ်။ သင်္ကြန်ယဉ်ကျေးမှုနဲ့ တိုင်းရင်းသားချစ်ကြည်ရေး၊ နိုင်ငံတကာချစ်ကြည်ရေး အထိ ဆောင်ရွက်နိုင်ပါတယ်။

 ၄။ နှစ်စဉ် သစ်လွင်ပြီး ဆိုကြကကြ၊ တီးမှုတ်ကြလို့ မြန်မာ့ ဆို က ရေး တီး အနုပညာတိုးတက်စေပါတယ်။

 ၅။ ဗုဒ္ဓဘာသာနှစ်သစ်ကူးမှာ သိကြားမင်းကြီး ဆင်းလာတယ်ဆိုတာ၊ ခရစ်ယာန်နှစ်သစ်ကူးမှာ ဆန်တာကလော့ကြီး ဆင်းလာတယ်ဆိုတာလို နှစ်ဦးသင်္ကေတ အခိုင်အမာဖြစ်ပေါ်စေပါတယ်။

 ၆။ သိကြားမင်းကြီး လူ့ပြည်ကိုဆင်းပြီး ရေကစားရုံမက ပုရပိုက် အဖြူ၊ အမည်းနဲ့ ကောင်းသူ ဆိုးသူ ခွဲခြားသတ်မှတ်ပြီး မကောင်းသူ ပယ်၊ ကောင်းသူ ကယ်လိမ့်မယ်လို့ ရိုးရာအစွဲရှိတဲ့အတွက် မိမိကိုယ်တိုင် လူကောင်းလား လူဆိုးလား ခွဲပြီးစစ်ဆေးမိကြပြီး စိတ်ကောင်းမွေးကြဖို့ သတိရစေပါတယ်။ စစ်ဗိုလ်တွေရော၊ ရပ်ကွက်ဗိုလ်တွေရောပေါ့ဗျာ။

 ၇။ သိကြားမင်းကြီးက တခါတရံ သပြေပန်းနဲ့ ရေချမ်းအိုး ပိုက်ဆင်းလာသတဲ့။ တခါတရံ မီးတုတ်တစ်ဖက် လေးမြား၊ ဓား၊ သန်လျက်တစ်ဖက် ကိုင်ဆင်းလာတတ်သတဲ့။ သပြေပန်းနဲ့ ရေချမ်းပိုက်ဆင်းလာရင် မိုးဦး၊ မိုးလယ်၊ မိုးနှောင်း မိုးဥတု ၃ ပါးညီပြီး တိုင်းပြည်သာယာဝပြော ငြိမ်းချမ်းမယ်၊ မီးတုတ်နဲ့ လေးမြား၊ ဓား၊ သံလျက် လိုဟာမျိုး ကိုင်ဆင်းရင် မင်းများ မင်းကျင့်တရားနဲ့မညီ၊ စစ်မက်ထူပြောတယ်၊ မိုးခေါင်ရေရှားမယ်၊ ကောက်ပဲသီးနှံ ဆွံ့ရှားမယ် စသဖြင့် ကောင်းနိမိတ် ဆိုးနိမိတ်များ ပေါ်နိုင်ပါတယ်။ ဒါကြောင့် အုပ်စိုးသူ အစိုးရမင်းများနဲ့ ပြည်သူတို့ကြားမှာ သတိထားဆင်ခြင်စရာတွေ ရရှိစေပါတယ်။

 ၈။ သင်္ကြန်အခါမှာ လူတွေတစ်ဦးချင်းဟာ နှစ်ဟောင်းက လုပ်ဆောင်ပြုမူချက်တွေကို ကောင်းမကောင်း စစ်ဆေးကြသလို ၁ နှစ်တာအဖို့ တိုင်းပြည်မှာလည်း စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ လူမှုရေး စသည်တို့ စစ်ဆေးတဲ့အလေ့ ထူထောင်ကြပြီး "သံချပ်" ယဉ်ကျေးမှုပေါ်လာတာ မြန်မာပြည်မှာ အလွန်ထူးခြား ကောင်းမွန်ပါတယ်။ သံချပ်ယဉ်ကျေးမှုဟာ လူတစ်ဦးချင်းကိုရော ခေတ်စနစ်ကိုရော ပြုပြင်လမ်းပြောင်းပေးတဲ့ ကိရိယာအဖြစ်နဲ့ သင်္ကြန်ပွဲမှာပြုစုပျိုးထောင်ပြီး တိုးတက်ခိုင်မာစေပါတယ်။

 ၉။ သင်္ကြန်ပွဲမှာ ခေါင်းလျှော်ရည် လှူပြီး ဘိုးဘွားလူကြီးသူမတွေကို ရေချိုး ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း လှီးဖြတ်ပေးခြင်း၊ အဝတ်အစားသစ် လှူဒါန်းပေးပြီး ကန်တော့ကြခြင်းဖြင့် လူကြီးဂါရဝပွဲရှိသလို လူငယ်များကလေးများအတွက် မုန့်လုံးရေပေါ်အလှူပွဲ၊ စတုဒိသာပွဲများ လုပ်ပေးခြင်းဖြင့် ပျော်ရွှင်စေပြီး ဂါရဝ၊ နိဝါတ တရား ပွားများစေပါတယ်။

 ၁ဝ။ သင်္ကြန်အခါမှာ နွားဘေးမဲ့၊ ငါးဘေးမဲ့လွှတ်ခြင်းဖြင့် သတ္တဝါတွေအပေါ် မေတ္တာကရုဏာ ပွားစေတဲ့အပြင် လူတွေမှာလည်း အချုပ်အနှောင်က လွတ်ကြပါစေဆိုတဲ့ မေတ္တာစေတနာ ပွားစေပါတယ်။

 အထက်ပါ သင်္ကြန်ကျေးဇူးအထူး ၁ဝ ပါးရှိတာလို မြန်မာနိုင်ငံသားတို့ ထိန်းသိမ်းမြှင့်တင်သွားသင့်ပါတယ်။ အစိုးရကလည်း ငါးလွှတ်ပွဲအပြင် လူတွေလည်း လွှတ်ပေးချင်ပါလိမ့်မယ်။ စစ်ဗိုလ်ကြီးတွေလည်း သင်္ကြန်သံချပ်တွေနဲ့ ပျော်ချင်ရှာပါလိမ့်မယ်။ ဗိုလ်ကတော်နဲ့ အဆိုကျော်တွေရဲ့ သင်္ကြန်အဖြစ်က ပြည်သူ့သင်္ကြန်အဖြစ်သို့ အမြန်ပြန်လည် ရောက်ရှိလာပါစေသတည်း။     ။



မောင်စွမ်းရည်
၂ဝဝ၇ မတ် ၂၄