မြန်မာနှစ်သစ်နဲ့ ဦးဝင်းတင်ကျန်းမာရေး
ရန်မျိုးသိန်း ဖေ့စ်ဘွတ်၊ ဧပြီ ၁၈၊ ၂၀၁၄
လူထုခေါင်းဆောင်သည် ဦးဆွေးဆံမြေ့အဘိုးကြီးထံလာရောက်သတင်းမေး
၂၀၁၄ ခုနှစ်၊ ဧပြီလ (၁၇) ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၄ ခုနှစ် ဧပြီလ (၁၇) ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့၊ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နာယကကြီး နှင့် သတင်းစာဆရာကြီး ဦးဝင်းတင် ကို သွားရောက်တွေ့ဆုံ၊ သတင်းမေးခဲ့သည်။ ညနေ ၅ နာရီ ၁၅ မိနစ် မှ ၆ နာရီအထိ ၄၅ မိနစ်ကြာ ဒေါ်အောင်ဆန်းစုကြည်သည် အဘဦးဝင်းတင်၏ ကုတင်ဘေး၌ စကားပြောသတင်းမေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရန်ကုန်ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်၊ အရိုးနှင့်ထိခိုက်ရောဂါဋ္ဌာန ပါမောက္ခဋ္ဌာနမှူး ဒေါက်တာ ဇော်ဝေစိုး၊ ဆီးနှင့်ကျောက်ကပ်ဋ္ဌာနပါမောက္ခဋ္ဌာနမှူး ဒေါက်တာခင်မောင်ဋ္ဌေး တို့လည်း အတူလိုက်ပါခဲ့ကြသည်။ လူနာသတင်းမေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် အဘဦးဝင်းတင်ကို အနီးကပ်ကြပ်မတ်ကုသပေးလျက်ရှိသော ဆရာဝန်ကြီးများအဖွဲ့ဝင် ဆရာဝန်များ နှင့်တွေ့ဆုံလျက် မိနစ်သုံးဆယ်ကြာ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့သည် ညနေ ၆ နာရီ ခွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်ဆေးရုံကြီးမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့၊ အဘဦးဝင်းတင်၏ အခြေအနေ
၂၀၁၄ ခုနှစ်၊ ဧပြီလ (၁၇) ရက်၊ ညနေ ၅ နာရီ ၃၀ မိနစ်
အဘဦးဝင်းတင်၏ ကျောက်ကပ်အလုပ်လုပ်နိုင်မှုအခြေအနေကို ယနေ့ညနေပိုင်းတွင် ဓာတ်ခွဲစစ်ဆေးခဲ့ပြီး၊ အဆိုပါသွေးအဖြေရလဒ်အပေါ်တွင် မူတည်လျက်၊ ကျောက်ကပ် ဆေးရန် လိုအပ်ခြင်းရှိ၊ မရှိကို ဆီးနှင့်ကျောက်ကပ်သမားတော်ကြီး ဒေါက်တာခင်မောင် ဋ္ဌေး နှင့် သမားတော်ကြီးများအဖွဲ့မှ အတည်ပြုဆုံးဖြတ်မည်ဖြစ်သည်။
အဘဦးဝင်းတင် ၏ ကျောက်ကပ်အလုပ်လုပ်နိုင်ခြေမှာ လျော့နည်းလျက်ရှိပြီး၊ ကျောက်ကပ်ဆေးခြင်း (ကျောက်ကပ်သွေးသန့်စင်ခြင်း)ကို ပြုလုပ်နိုင်ရခြေများသည့်အခြေအနေတွင် ရှိနေသည်ဟုဆိုနိုင်သည်။
ယနေ့ညနေပိုင်း ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီးသို့ လာရောက်ချိန်တွင် ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်၊ ဒေါက်တာဇော်ဝေစိုး နှင့် ဒေါက်တာခင်မောင်ဋ္ဌေးတို့
လိုက်ပါလျက်၊ ဒေါ်အောင်ဆန်းစုကြည်အား အဘဦးဝင်းတင်၏ အခြေအနေကို အသေးစိတ်ရှင်းလင်းပြောပြခဲ့သည်။
မိသားစုကော်မတီဖွဲ့စည်းခြင်း
၂၀၁၄ ခုနှစ်၊ ဧပြီလ (၁၇) ရက်၊ ရန်ကုန်ဆေးရုံကြီး
အဘဦးဝင်းတင်၏ကျန်းမာရေးအတွက် အနီးကပ်ပံ့ပိုးအထောက်အကူပြုနိုင်ရန် ရည်သန်လျက်၊၂၀၁၄ ခုနှစ် ဧပြီလ (၁၇) ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဦးဝင်းတင်မိသားစုကော်မတီကိုအဖွဲ့ဝင် ခြောက်ဦးနှင့် ဖွဲ့စည်းခဲ့သည်။ ကော်မတီတွင် ဒေါ်တူးမာ (ဆွေမျိုး)၊ ဒေါ်တူး (ဆွေမျိုး)၊ ဦးပေါက် (ဆွေမျိုး)၊ ဦးမောင်မောင်နိုင် (ဆွေမျိုး)၊ ဒေါက်တာမြင့်သိန်း (မိသားစုဆရာဝန်) နှင့် ဦးဇော်မျိုးအောင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)တို့ ပါဝင်သည်ဟု သိရှိရသည်။ ဆေးကုသရေးဆိုင်ရာအဆုံးအဖြတ်များကို အဆိုပါ မိသားစုကော်မတီမှ ပြုလုပ်မည်ဟု
သိရှိရသည်။ ဆွေမျိုးသားချင်းရေးရာကို ဒေါ်တူးမာမှ တာဝန်ယူမည်ဖြစ်ပြီး၊ ဆေးကုသရေးနှင့် ကျန်းမာရေးရာအတိုင်ပင်ခံမှုကို ဒေါက်တာမြင့်သိန်းမှ တာဝန်ယူမည်ဖြစ်သည်။ ကျန်းမာရေးနှင့်
ကုသရေးအခြေအနေသတင်းထုတ်ပြန်ရန် ဒေါက်တာမြင့်သိန်းမှ အဓိကတာဝန်ယူမည်ဖြစ်ပြီး၊ ဦးဇော်မျိုးအောင်မှ ၀ိုင်းဝန်းပံ့ပိုးမည်ဖြစ်ကာ၊ ဒေါက်တာရန်မျိုးသိမ်းမှလည်း သတင်းထုတ်ပြန်မှုကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ကော်မတီ၏ လုပ်ငန်းများ အဆင်ပြေအောင်မြင်ချောမွေ့ရေးတွင် ရဲဘော်၊ မိတ်ဆွေ၊ သူငယ်ချင်းများ၏ ၀ိုင်းဝန်းမှုသည် အရေးပါသည့်အလျောက် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါသည်။