သန်းဝင်းလှိုင် - ဦးသန်းရွှေ (သို့) နေပြည်တော် မင်းသားကြီး - အပိုင်း (၅)

ဦးသန်းရွှေ (သို့) နေပြည်တော် မင်းသားကြီး - အပိုင်း (၅)
သန်းဝင်းလှိုင်
ဧပြီ ၃၀၊ ၂၀၁၄



စစ်သည်ရှည် ဗိုလ်ချုပ်မှူးကြီး
န၀တမှ နအဖ အဖြစ် ပြောင်းလိုက်ပြီးနောက် မြန်မာ့တပ်မတော် တစ်ခုလုံးကို သူ့စိတ်ကြိုက် ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီးနောက် အာဏာကို ပိုင်ပိုင်နိုင်နိုင် တည်ဆောက်နိုင်ချိန်၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အသက်သည် ၆၄ နှစ်အတွင်းသို့ ၀င်ရောက်ခဲ့ပြီ ဖြစ်သည်။ ၁၉၅၆ ခု၊ တပ်မတော် အက်ဥပဒေအရ မည်သည့်စစ်သည်မဆို အသက် ၆၀ ပြည့်လျှင် တပ်မတော်၌ ဆက်လက် စစ်မှုထမ်းခွင့် မရှိချေ။ မြန်မာ့တပ်မတော်သမိုင်းကို ပြန်ကြည့်လျှင် ဂန္ဓီစာချုပ်အရ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင်  ပြန်လည်စုဖွဲ့ခဲ့သည့်အချိန်မှ ယနေ့အထိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မှ လွဲ၍ မည်သူမျှ အသက် ၆၀ ကျော်သည်အထိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဆက်လက် ဖက်တွယ်ထားခြင်း မရှိပေ။

ယုတ်စွအဆုံး မြန်မာ့တပ်မတော်၌ ပထမဆုံး စစ်အာဏာရှင်ကြီး ဖြစ်ခဲ့သော ဗိုလ်ချုပ်ကြီး နေ၀င်း ပင်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို အသက် ၆၀ ကျော်သည်အထိ ထမ်းဆောင်ခဲ့ခြင်း မရှိချေ။ သို့သော် မြန်မာ့တပ်မတော်၏ တတိယမြောက် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသာ အသက် ၇၈ နှစ်အထိ ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဖက်တွယ်ထားခဲ့သည်။

စစ်ပြီးခေတ် မြန်မာ့တပ်မတော်၏ ပထမဆုံး ကာကွယ်ရေးဦးစီးချုပ် ကရင်လူမျိုး ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်း (B.C 5106) သည် တာဝန်က ဖယ်ရှားခံလိုက်ရသည့် ၁၉၄၉ ဇန်န၀ါရီ ၃၁ ရက်၌ အသက် ၆၀ မပြည့်သေးပေ။ သူ၏ နေရာကို ဆက်ခံခဲ့သော ဗိုလ်ချုပ်ကြီး နေ၀င်း (B.C 3502) သည် အသက် ၆၀ ပြည့်ပြည့်ချင်း ၁၉၇၂ ခုနှစ်၊ ဧပြီ ၂၀ ရက်နေ့တွင် စစ်စည်းကမ်းကို လေးစားလိုက်နာသောအားဖြင့် ဗိုလ်ချုပ်ကြီး စန်းယု (B.C 3567) ကို လွှဲပြောင်းပေးခဲ့သည်။  တစ်ဖန် ၁၉၁၈ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ဖွားမြင်ခဲ့သော ဗိုလ်ချုပ်ကြီး စန်းယုကလည်း အသက် (၆၀) မပြည့်ခင် ၁၉၇၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် သူ၏ ရာထူးကို ဗိုလ်ချုပ်ကြီး သူရတင်ဦး (B.C 3651) ထံသို့ လွှဲပြောင်းပေးခဲ့သည်။ ဗိုလ်ချုပ်ကြီး သူရတင်ဦး၏ ရာထူးကို ဆက်ခံခဲ့သော ဗိုလ်ချုပ်ကြီး သူရကျော်ထင် (B.C 5332) ကလည်း သူ့အသက် (၆ဝ) ပြည့်သည့် ၁၉၈၅ ခုနှစ် နိုဝင်ဘာလတွင် ဗိုလ်ချုပ်ကြီး စောမောင်ထံ (B.C 6118) ထံသို့ လွှဲပေးခဲ့သည်။

သို့သော် ဗိုလ်ချုပ်ကြီး သန်းရွှေသည် ဘိုးသက်ရှည် စစ်သားကြီး ခေါ်ရလောက်အောင် သူ့အသက် (၇၈) နှစ်ကျမှ စစ်တက္ကသိုလ် အပတ်စဉ် (၁၉) ကျောင်းဆင်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ကြည်း - ၁၄၂၃၂) ထံသို့ မလွှဲချင် လွှဲချင်ဖြင့် လွှဲပြောင်းပေးလိုက်ရသည်။ သူသည် အသက် ၇၈ နှစ်တိုင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ရယူထားသလို လုပ်ပိုင်ခွင့်အာဏာ အားလုံးကို ဆက်လက်ရယူ ထိန်းချုပ်ထားခဲ့သည်။ သူသည် သူ့ကို ပြန်လှန်မလှန်နိုင်စေရန်အတွက် နေရာသစ်များနှင့် ရာထူးငယ် အများအပြားကို တီထွင် ဖန်တီးပေးထားသည်ကို တွေ့ရသည်။

မူလက န၀တ စစ်ကောင်စီ၌ အတွင်းရေးမှူး (၁) နှင့် (၂) သာ ထားရှိခဲ့ရာမှ အသစ်ပြန်လည် ဖွဲ့စည်းခဲ့သော နအဖ စစ်ကောင်စီလက်ထက်တွင် အတွင်းရေးမှူး (၃) ဆိုသည့် နေရာသစ်ကို ထပ်မံတိုးချဲ့၍ သူ့တပည့်ကျော် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ၀င်းမြင့် (B.C 8809) ကို ပူးတွဲလုပ်ခိုင်းခဲ့သည်။ ဤသို့ဖြင့် ဒုတိယဗိုလ်ချုပ်ကြီး ၀င်းမြင့်သည် နအဖအဖွဲ့၌ (၅) ဦးမြောက် အာဏာအရှိဆုံး ပုဂ္ဂိုလ် ဖြစ်လာသည်။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလမှ အာဏာရယူထားသော အတွင်းရေးမှူး (၁) နှင့် (၂) တို့၏ လုပ်ပိုင်ခွင့် အာဏာနှင့် သြဇာအရှိန်အ၀ါများကိုလည်း လျော့နည်းသွားစေခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး ၀င်းမြင့်သည် ၁၉၈၈ ရှစ်ဆယ့်ရှစ် ဒီမိုကရေစီ လူထုအရေးတော်ပုံအတွင်း ဆန္ဒပြ ပြည်သူလူထုကို ရက်စက်၍ ပစ်ခတ်သတ်ဖြတ် ချေမှုန်းရာ၌ ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ခဲ့သည့် တပ်မ(၁၁) ၏ လက်မရွံ့ တပ်မမှူးကြီး ဖြစ်ခဲ့သလို ဗိုလ်ချုပ်မှူးကြီး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသည့် ၁၉၉၂ တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ တိုင်းမှူးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခံရပြီး ၁၉၉၅ ခုနှစ် စစ်ရေးချုပ် အဖြစ်နှင့် သူ့အနီးသို့ ခေါ်ယူထားခဲ့ခြင်း ခံရသူ ဖြစ်သည်။ ယခုအခါ The Popular News ဂျာနယ်နှင့် ရတီမဂ္ဂဇင်းတို့ကို ထုတ်ဝေနေသူမှာ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းမြင့်၏ သမီး နန်းကလျာဝင်း ဖြစ်ပေသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၉၇ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန ရှိပါလျက် တပ်မတော်ရေးရာ ၀န်ကြီးဌာန တီထွင်ဖန်တီးပြီး သူ့တပည့် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးတင်လှ ကို ပူးတွဲကိုင်ခိုင်းခဲ့သည်။ ထို့နောက် ၁၉၉၈ ခု၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဒုတိယ၀န်ကြီးချုပ် ရာထူးကို ဒုတိယဗိုလ်ချုပ်ကြီး တင်လှ ကို ပူးတွဲ ကိုင်ခိုင်းခဲ့သည်။ ဒုဗိုလ်ချုပ်ကြီး တင်လှသည် ရှစ်ဆယ့်ရှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် လူထုအား ရက်စက်စွာ ဖြိုခွင်းခဲ့သော တပ်မ ၂၂ ၏ လက်မရွံ့ တပ်မမှူးကြီး ဖြစ်ခဲ့သည်။ ၎င်းအား ဗိုလ်ချုပ်မှူးကြီး ကာကွယ်ရေးဦးစီးချုပ် ဖြစ်သည့်အချိန် ၁၉၉၂ ၌ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းရွှေခန့်အပ်ပြီးနောက် ၁၉၉၅ တွင် စစ်ထောက်ချုပ်အဖြစ် သူ့အနီးသို့ ခေါ်ယူထားခဲ့သည်။

ဤသို့ အတွင်းရေးမှူး ရာထူးများ ဖောင်းပွနေမှုသည် သူ့တပည့်များကို နေရာပေးရန်နှင့်  အချင်းချင်း အင်အားချိန်ခွင် ရှာထိန်းညှိရန်အတွက် ပြုလုပ်ခြင်းဖြစ်သည်ဟု နိုင်ငံရေး အကဲခတ်သမားများက ဆိုသည်။

ထို့နောက် ၂ဝဝ၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ရဟတ်ယာဉ် ပျက်ကျသေဆုံးသွားသော အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၏ နေရာကို (၂) နှစ်နီးပါး လစ်လပ်ထားပြီး ၂၀၀၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံတော် လေကြောင်းရန် ကာကွယ်ရေး ဌာနချုပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းကို ပေးအပ်ခဲ့သည်။ သို့သော် လာဘ်စားမှုဖြင့် ၂ဝဝ၁ ခုနှစ် ၊နိုဝင်ဘာလ ၉ ရက်နေ့တွင် အဖြုတ်ခံလိုက်ရသော အတွင်းရေးမှူး (၃) ဒုတိယဗိုလ်ချုပ်ကြီး ၀င်းမြင့်၏ နေရာကို ၂ဝ၁ဝ ခုနှစ်အထိ အစားထိုးခန့်အပ်ခြင်း မပြုခဲ့တော့ချေ။

နအဖ စတင်ဖွဲ့စည်းစဉ်က ဒုတိယ၀န်ကြီးချုပ် တာဝန်ပေးထားသော ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်ထွန်းတို့ကို ၂ဝဝ၁ ခုနှစ် နိုဝင်ဘာလတွင် တစ်သုတ်တည်း ဖြုတ်ခဲ့ပြီး နောက်ပိုင်းခန့်ထားသော ဒုဝန်ကြီးချုပ် (၃) နေရာကိုလည်း မထားတော့ပေ။

ဤသို့ဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မိမိအာဏာတည်မြဲရေးအတွက် မလိုအပ်ဘဲ ရာထူးဌာန တိုးချဲ့ဖွဲ့စည်းလိုက်၊ ပြန်ဖျက်လိုက်ဖြင့်  ဖြစ်ပျက် သံသရာလည်လျက် ရှိနေခဲ့ပေသည်။

ထို့နောက် တဖြည်းဖြည်း အင်အားကြီးထွားလာသော ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို သံသယရှိရာမှ အတွင်းရေးမှူး (၁) ရာထူးကို  အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းထံ လွှဲပေးရန်နှင့် ကကလှမ်း ညွှန်မှူးရာထူးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံ တပည့်ကျော် ဗိုလ်ချုပ်ကျော်ဝင်းထံ လွှဲပြောင်းပေးရန် ပြောကြားခဲ့ရာ ဗိုလ်ချုပ်ခင်ညွှန့်သည် အတွင်းရေးမှူး (၁) ရာထူးကို လက်လွှတ်နိုင်သော်လည်း ကကလှမ်း ညွှန်မှူးရာထူး လက်လွှတ်လိုက်ရပါက တပ်နှင့်အဆက်ပြတ်ပြီး “မျောက်သစ်ကိုင်းလွတ်” ဘဝ ရောက်သွားနိုင်သည်မို့ လက်သင့်မခံနိုင်ကြောင်း ခပ်ပြတ်ပြတ် ပြန်ပြောခဲ့သည်။

ထိုစဉ်အတွင်း နအဖ ခေါင်းဆောင်များ နောက်ကွယ်မှ ကွပ်ကဲဆောင်ရွက်ခဲ့သော စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကြည်ရွာအနီး၌ ဒီပဲယင်း လူသတ်ပွဲ ဖြစ်ပေါ်လာသောကြောင့် နိုင်ငံတကာ ဖိအားများ မြင့်တက်လာချိန်တွင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို ဗိုလ်ချုပ်ကြီး ရာထူးတိုးပေး၍ ၀န်ကြီးချုပ် ရာထူးကို ၂၀၀၃ ခုနှစ် သြဂုတ် ၂၅ ရက်နေ့တွင် လွှဲပြောင်း ခန့်အပ်ခဲ့လေသည်။

ဝန်ကြီးချုပ်ဖြစ်လာသည့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကလည်း သူ့ကိုယ်သူ ပွဲထုတ်ဖို့ ကြိုးစားသည့်အနေဖြင့် သူ၏ မဟာဗျူဟာ လေ့လာရေးဌာနမှ ပြုစုရေးဆွဲထားသော နအဖ၏ နိုင်ငံရေး လမ်းပြမြေပုံ (Road Map) (၇) ချက်ကို သြဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဗိုလ်ချုပ် ခင်ညွှန့်၏ နအဖ အတွင်းရေးမှူး (၁) ရာထူးကို သူ့တပည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းထံ လွှဲအပ်ပေးခဲ့သည်။ အတွင်းရေးမှူး (၂) ရာထူးကိုမူ နောက်ထပ် သူ့တပည့် လူယုံ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန် (နောင်သမ္မတ) ကို ပူးတွဲ ကိုင်ခိုင်းခဲ့လေသည်။

မြန်မာ့တပ်မတော်တွင် ထိပ်တန်းရာထူးကြီးတွေ ရရှိဖို့အတွက် စွမ်းရည် (၃) ရပ်နဲ့ ပြည့်စုံနေရုံဖြင့် မလုံလောက်ဘဲ “တော်(၃) တော်” ဆိုသည့် “ပင်ကိုယ်တော်” ၊ “ဆွေမျိုးတော်”၊ “အဖားတော်” ဖို့လည်း လိုအပ်ပေသည်။ ပင်ကိုယ်တော်လည်းမတော်၊ ဆွေမျိုးလည်းမတော်ပါက အဖားတော်ဖို့ လိုပေသည်။ အဖားတော်သူများသာ စစ်တက္ကသိုလ် စစ်ကျောင်းများ၌ နောက်ဆုံးအဆင့် သင်တန်းဆင်း ဖြစ်စေကာမူ အဖားတော်သောကြောင့် တပ်မတော်၏ ထိပ်ဆုံးရာထူးကြီးများကို ရရှိခဲ့သည်ကို တွေ့ရပေသည်။ ထို့ကြောင့် ထိပ်တန်းရလိုသူတိုင်းသည် ပင်ကိုယ်တော်ဖို့ထက် ဆွေမျိုးတော်ဖို့ အရေးကြီးသည်။ ဆွေမျိုးတော်ဖို့ထက် အဖားတော်ဖို့က ပိုအရေးကြီးပေသည်။

သာဓကပြရရင် နအဖ စစ်အစိုးရ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးသောင်း ၏ ဘ၀ဖြစ်စဉ်ကို လေ့လာပါက သိသာလှပေသည်။ ယနေ့ သက်တော်ရှည် ၀န်ကြီးများ၌ တစ်ပါး အပါအ၀င် ဖြစ်နေသော ဦးသောင်းသည် တစ်ချိန်က ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်တို့နှင့်အတူ စစ်တက္ကသိုလ် အပတ်စဉ် (၁) မှ ကျောင်းဆင်း အရာရှိတစ်ဦး ဖြစ်သည်။

ဗိုလ်လောင်း မောင်သောင်းသည် ပင်ကိုယ်တော်သူ တစ်ဦးဖြစ်သည့် အတွက် စစ်တက္ကသိုလ် အပတ်စဉ် (၁) ၌ အကောင်းဆုံး ဗိုလ်လောင်း (Best Cadet) ဆု ကို ရရှိခဲ့သူ ဖြစ်သည်။ သူ၏ကိုယ်ပိုင်နံပါတ်မှာ (ကြည်း-၇၈၅၆) ဖြစ်ပြီး ဗိုလ်ချုပ်ထွန်းကြည်၏ ကိုယ်ပိုင်နံပါတ်မှာ (ကြည်း - ၇၈၆၄) ၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ကိုယ်ပိုင်နံပါတ်မှာ (ကြည်း - ၇၈၇၅) ဖြစ်သည်။

ပင်ကိုယ်တော်သော ဗိုလ်မောင်သောင်းကို ထိုစဉ်က ဒု-ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည့် ဗိုလ်မှူးချုပ် အောင်ကြီးက သူ၏ ကိုယ်ရေးအရာရှိ (P.S.O) ခန့်အပ်ခဲ့သော်လည်း ဗိုလ်မောင်သောင်းသည် ကံမကောင်းခဲ့ချေ။ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်းနှင့် ဗိုလ်မှူးချုပ် အောင်ကြီးတို့ ၁၉၆၃တွင် ခွာပြဲခဲ့ရာ ဗိုလ်မောင်သောင်း ကြားက ချောင်ထိုးခံခဲ့ရသည်။ ထိုစဉ်က ဗိုလ်မောင်သောင်းသည် ပင်ကိုယ်တော်ခဲ့သော်လည်း ဖားသည့်နေရာမှ လျှော်ခဲ့သည့်အတွက် ချောင်ထိုးခံရသည်။ သူသည် မည်သူ အာဏာအရှိဆုံးကိုလည်း မတွက်ဆတတ်ပေ။ သူ့ကို ဦးနေ၀င်းက တပ်မှ ထွက်ခိုင်း၍ သတ္ထုတွင်း ၀န်ကြီးဌာနအောက်ရှိ “ဘဓရ” ခေါ် ဘူမိဗေဒနှင့် ဓာတ်သတ္ထုရှာဖွေရေး ဦးစီးဌာနတွင် အထူးအရာရှိခန့်အပ်ကာ တောထဲသို့ နယ်နှင်လိုက်သည်။ သို့သော် ပင်ကိုယ်တော်သည့် ဦးသောင်းသည် မဆလခေတ် ကုန်ခါနီးမှာပင် ဘဓရ၏ ညွှန်ချုပ် ဖြစ်လာခဲ့သည်။

၁၉၈၈ ခုနှစ် မင်းပြောင်းမင်းလွ္ပဲ၌ ဦးသောင်းအတွက် ကံဇာတာ တက်လာခဲ့ပြန်သည်။ အဘယ့်ကြောင့်ဆိုသော် ဦးသောင်းနှင့် ကျော်ဆည် တစ်နယ်တည်းသား ရပ်ဆွေရပ်မျိုးတော်သည့် ဗိုလ်ချုပ်ကြီး သန်းရွှေနှင့် စစ်တက္ကသိုလ် အပတ်စဉ် (၁) ၌ အတူ ကျောင်းတက်ခဲ့သော သူငယ်ချင်းများ တစ်ပြုံတစ်မကြီး အာဏာသိမ်း စစ်ကောင်စီ၌ ပါဝင်ခဲ့သောကြောင့် ဖြစ်သည်။ ထိုအချိန်၌ပင် ဦးသောင်းသည် ပင်ကိုယ်တော်ဖို့ထက် အဖားတော်ဖို့နှင့် ကြံဖန်ပြီး သူကြီးသမက် သူငယ်ချင်း တော်စပ်ပါသည် ဟူ၍ အတင်းဆွေမျိုး စပ်ခဲ့သလို ဆွေမျိုးတော်စပ်ပြခဲ့သည်။ ထို့အပြင် သူ့ဇနီး ဒေါ်မေကြည်စိန်ကိုလည်း မယ်တော်ကြီး ဒေါ်ကြိုင်ကြိုင် နှင့် သမီးတော်များထံ နေ့စဉ် အခစား ၀င်ခိုင်းခဲ့သည်။

ယင်းသို့ အဖားတော်မှုကြောင့် မယ်တော်ကြီးသည် လင်တော်မောင် ဗိုလ်ချုပ်မှူးကြီးထံ ကိုယ့်တပည့် မောင်သောင်းလေးကိုလည်း ကြည့်ရှုဦးဟု သံတော်ဦးတင်ခဲ့သဖြင့် ၁၉၉၆ တွင် အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသည်။

ထို့နောက် ၁၉၉၇ တွင် နအဖ ပြောင်းလဲ ဖွဲ့စည်းပြီးနောက် ဦးသောင်းသည် သိပ္ပံနှင့် နည်းပညာဝန်ကြီး တန်းဖြစ်လာခဲ့သည်။ ထိုစဉ်မှစ၍ ဦးသောင်းသည် အဖားတော်မှုကြောင့် သြဇာအရှိန်အ၀ါ ကြီးလာသော သက်တော်ရှည် အမတ်ကြီး ဖြစ်လာခဲ့လေသည်။ သူရှာဖွေသမျှထဲမှ တပ်ချုပ်ကြီး (၂) ဦးထံ ပုံမှန် ၀င်ထွက် ကန်တော့ခဲ့ရာ နှစ်ဦးစလုံးက သဘောကြ နှစ်ခြိုက်လာခဲ့လေသည်။ ထို့နောက် အလွန်စားပေါက်ချောင်သော မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် (M.I.C) တွင်ပါ ဥက္ကဌအဖြစ် ပူးတွဲတာဝန် ပေးအပ်ခဲ့သည်။

နအဖ စစ်အုပ်စုအတွင်း ပင်ကိုယ်မတော်သော်လည်း အဖားတော်သူတစ်ဦးမှာ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းပင် ဖြစ်သည်။ သူသည် အငြိမ်းစား ဗိုလ်မှူးကြီး တစ်ဦးဖြစ်ပြီး လူကြီးကြိုက် ပေါင်းသင်းဆက်ဆံတတ်သော အရည်အချင်းကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံတော် သက်တော်ရှည် အမတ်ကြီးအဖြစ် မကြာခင် ဖြစ်လာခဲ့သည်။

သူသည် ဒေါ်ခင်ခင်ရီ အိမ်ထောင်ကျ၍ သားနေအောင်၊ မိုးအောင်၊ ဗိုလ်မှူးပြည်အောင် (ကကရေ) တို့ ထွန်းကားခဲ့သည်။ မွေးစားသမီး တစ်ဦးရှိ၍ အမည်မှာ ခင်ငုရီဖြိုးဖြစ်သည်။

ဝန်ကြီး ဦးအောင်သောင်း၏ ဖားချက် ကလည်း ကမ်းကုန်ပင် ဖြစ်သည်။ မျက်မြင်ကိုယ်တွေ့ အနီးကပ်တစ်ယေက် အပြောအရ ဦးအောင်သောင်းသည် ဗိုလ်ချုပ်မှူးကြီး အိမ်တော်သို့ ရောက်သည်ဆိုလျှင် ပထမဆုံး အခန်းဝရောက်ကတည်းက ဒူးထောက်လိုက်သည်။ ပြီးမှ ဒူးနှင့် ၀ပ်သွားကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ကြင်ရာတော် ဒေါ်ကြိုင်ကြိုင်၏ ခြေထောက်ကိုင်ပြီး နဖူးနှင့်ထိကာ ဘကြီးနှင့် အမေကြီး နေကောင်းသလား မေးမြန်း၍ ကန်တော့ပါသည်။ ပြီးမှ နောက်သို့ဆုတ်ပြီး ကော်ဇောတွင် ကျုံ့ကျုံ့လေး ထိုင်ကာမြွက်ကြားလာမည့် အမိန့်တော်ကို စောင့်မျှော်နေသည် ဟု သိရသည်။ ပြီးလျှင် အိမ်တော်သို့ လက်ဖွဲ့ ပစ္စည်းကြီးငယ် အသွယ်သွယ် ဆက်သ၍ ကန်တော့ပြန်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင် တို့၏ ဆုတောင်းခံယူပြီးမှ ပြန်လေ့ရှိသည်။

ဦးအောင်သောင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ ကြည့်မရပေ။ သူသည် ဒေါ်အောင်ဆန်းစုကြည်ကို နာမ်နှိမ်စေရန် အင်္ဂါသား ဗိုလ်ချုပ်စိုးဝင်းကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ဒေါ်ကြိုင်ကြိုင်အား အကြံပေးခဲ့သည်။ ထို့ပြင် သူကိုးကွယ်နေသော သင်္ဃန်းကျွန်းမြို့နယ်မှ အကြားအမြင် ဆရာမတစ်ဦး၏ အကြံပေးချက်အတိုင်း ကြက်ဆူပင် စိုက်၍ ယတြာချေရန် ဗိုလ်ချုပ်မှူးကြီးအား တိုက်တွန်းခဲ့သည်။ ကြက်ဆူပင်သည် ဒေါ်အောင်ဆန်းစုကြည်၏ ကက်ကင်းဓာတ်ဖြစ်စေရန် ချေခိုင်းခြင်း ဖြစ်သည်။ သို့သော် ယတြာ အချေကောင်းမှုကြောင့် တန်ပြန်သက်ရောက်မှု ဖြစ်ပွားကာ တစ်ပြည်လုံး ဥက္ကောဋေယျ ကျွတ်ကျွက်ဆူသွားသဖြင့် ကြပ်ပြေးသို့ ကြောက်ပြေးရကိန်း ဆိုက်သွားခဲ့ရလေသည်။

ဦးအောင်သောင်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိမ်တော်သို့ အချိန်မရွေး ၀င်ထွက်သွားလာခွင့် ရရှိထားသည့်အပြင် ဗိုလ်ချုပ်မှူးကြီး မိသားစုနှင့်လည်း မကြာခဏ ထမင်းဆုံစားလေ့ရှိသည်။ ဗိုလ်ချုပ်မှူးကြီးထံ အချိန်မရွေး ၀င်ထွက်သွားလာခွင့် ရရှိသူများထဲ၌ တပ်ချုပ်ကြီး၏ စစ်ဘက်လက်ထောက် ဗိုလ်ချုပ် နေ၀င်းလည်း ပါဝင်ပေသည်။

ဦးအောင်သောင်းသည် မန္တလေးတိုင်း၊ တောင်သာမြို့နယ် ၀ဲလောင်ရွာသားတစ်ဦးဖြစ်ပြီး ယခင်က ကျောင်းဆရာတစ်ဦး ဖြစ်သည်။ ၁၉၆၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်ထဲသို့ ၀င်ရောက်၍ အလုပ်သင် ဗိုလ်လောင်းခေါ် တပ်မတော် လေ့ကျင့်ရေးကျောင်း (O.T.S) အပတ်စဉ် ၃၁ ကို တက်ရောက်ခဲ့သူ ဖြစ်သည်။ သူ၏ ကိုယ်ပိုင်နံပါတ်မှာ (ကြည်း - ၁ဝ၁ဝ၇) ဖြစ်သည်။ သူသည် ကကကြည်းမှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်းနှင့် အပတ်စဉ်တူ၍ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘိုတို့ထက် အပတ်စဉ် တစ်ခု စောသူ ဖြစ်သည်။

ဦးအောင်သောင်းသည် ၁၉၈ဝ ပြည့်နှစ်လောက်တွင် တပ်မ ၉၉ လက်အောက်ခံ ကလော အခြေစိုက် ခလရ (၈ဝ) ၌ တပ်ရင်းမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ စက်တင်ဘာလတွင် န၀တမှ အာဏာ သိမ်းပိုက်ခဲ့ပြီးနောက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းကြည်၏ လက်အောက်၌ စစ်ဗျူဟာမှူးအဖြစ်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် ဆရာသမားများအကြိုက် သိတတ်သူပီပီ ဗိုလ်ချုပ် ထွန်းကြည်လိုအပ်သမျှ အစွမ်းကုန် ဖြည့်ဆည်းခဲ့သဖြင့် မကွေးတိုင်း တ၀တဥက္ကဌတာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်ခွင့် ရရှိခဲ့သည်။ ဗိုလ်ချုပ် ထွန်းကြည်သည် ၁၉၉၂ တွင် ကုန်သွယ်ရေးဝန်ကြီး ဖြစ်လာသောအခါ လူယုံတော် တပည့်ရင်းဖြစ်သည့် ဗိုလ်မှူးကြီး အောင်သောင်းကိုပါ သူနှင့်တစ်ပါတည်း ခေါ်ဆောင်သွားခဲ့ပြီး ကုန်သွယ်လယ်ယာဦးစီးဌာန၌ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးခြင်း ခံခဲ့ရသည်။

ထို့နောက် တပ်မှ အငြိမ်းစားယူပြီးနောက် ၁၉၉၆ ခုနှစ်၊ မေလ ၂၉ တွင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဖြစ်လာသည်။ ထိုစဉ်က အစိုးရက မွေးမြူရေးနှင့် ရေလုပ်ငန်းကို အစွမ်းကုန် တိုးချဲ့နေချိန်ဖြစ်၍ ဝန်ကြီး ဦးအောင်သောင်းသည် လုပ်ပိုင်ခွင့် အကြီးအကျယ်ရရှိကာ ကြွယ်ဝချမ်းသာလာခဲ့သည်။ ထိုအချိန်မှစ၍ ဆရာရင်း ဗိုလ်ချုပ်ထွန်းကြည်ကို ကျောခိုင်းကာ တပ်ချုပ်ကြီး (၂)ဦးကို အစွမ်းကုန် ဖားခဲ့လေသည်။ သူသည် သူ့အား စောင့်ရှောက်ခဲ့သော ဆရာရင်း ဗိုလ်ချုပ် ထွန်းကြည်ဇနီး ဒေါ်ခင်ခင်ရီကလည်း တော်ဝင်မိသားစုအိမ်တွင် ချောင်းပေါက်မတတ် ဝင်ထွက်သွားလာရင်း လိုအပ်သမျှ ကူညီဖြည့်ဆည်းပေးခဲ့သည်။

၁၉၉၇ ခုနှစ် အမှတ် (၁) စက်မှုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်အောင်သည် ကျန်းမာရေး ချွတ်ယွင်းလာသည့်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဦးအောင်သောင်းအား မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနကိုသာမက အမှတ် (၁) စက်မှုဝန်ကြီး တာဝန်ကိုပါ ပူးတွဲ ကိုင်ခိုင်းခဲ့လေသည်။

သူသည် စက်မှု (၁) ၀န်ကြီး ဖြစ်လာချိန်၌ နိုင်ငံခြားမှ မှာယူတင်သွင်းရသည့် စက်ရုံ၊ အလုပ်ရုံများ၏ စက်ပစ္စည်းများအပေါ် ကော်မရှင် ဖြတ်ခုတ်၍ တပ်ချုပ်ကြီး နှစ်ဦးကို ပုံမှန်ခွဲဝေ ဆက်သခဲ့သည်။ ထို့ပြင် တရားဝင် မှတ်ပုံတင်၍ နိုင်ငံတော်ကို နှစ်စဉ် အခွန်တွေ အများအပြား ပေးဆောင်နေသော ဒေါ်ဝင်းဝင်းနုပိုင် စင်္ကာပူ အခြေစိုက် ရောင်ခြည်ဦး ကုမ္ပဏီ၏ မန္တလေးဘီယာချက် စက်ရုံကို ၂၀၀၁ တွင် အတင်းအဓမ္မ သိမ်းပိုက်ခဲ့သည်။ ဒေါ်ဝင်းဝင်းနုက နိုင်ငံတကာ တရားရုံးများ၌ တရားစွဲဆိုရန် ပြင်ဆင်သည့်အခါမှ ကြားခံပွဲစားများကို စေလွှတ်၍ တိတ်တဆိတ်လျော်ကြေးပေးကာ ကျေအေးစေခဲ့သည်။

ထိုစဉ်အတွင်း ဦးအောင်သောင်းကို ကြည့်မရသည့် ဗိုလ်ချုပ်ကြီး ခင်ညွှန့်က ၎င်း၏ ခြေလှမ်းအမှားကို စောင့်ကြည့်နေစဉ် ဧရာဝတီတိုင်း သာပေါင်းမြို့နယ်အတွင်း တရုတ်နိုင်ငံ အကူအညီဖြင့်  တည်ဆောက်ခဲ့သော စက္ကူစက်ရုံ စီမံကိန်းတွင် ၎င်းသည် ဒေါ်လာသန်းချီ လာဘ်စားမှုကို စုံစမ်းစစ်ဆေးတွေ့ရှိခဲ့၍ အရေးယူရန် ပြင်ဆင်နေစဉ်မှာပင် ဆရာသမား တပ်ချုပ်ကြီး (၂) ဦး၏ အကာအကွယ်ပေးမှုကြောင့် အရေးယူခြင်း မခံခဲ့ရပေ။ သူ၏သား ဗိုလ်မှူးပြည်အောင်သည် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ မွေးစားသမီး နန္ဒာအေးနှင့် လက်ထပ်ထားသူ ဖြစ်သည်။

ဦးအောင်သောင်းသည် ခလရ (၇ဝ) ၌ တပ်ရင်းမှူး တာဝန်ထမ်းဆောင်နေစဉ်အတွင်း မကွေး၊မြင်းခြံ၊ မိတ္ထီလာ “မသုံးလုံးနယ်မြေ” မှ အပြစ်မဲ့ ရွာသားများကို ကွန်မြူနစ်များဟု စွပ်စွဲပြီး ၀ါးရင်းတုတ်ဖြင့် ရက်စက်စွာ ရိုက်ခဲ့သည့်အတွက် “၀ါးရင်းတုတ်အောင်သောင်း” ဟု နာမည်ကြီးခဲ့သူလည်း ဖြစ်ကြောင်း သိရသည်။ ဦးအောင်သောင်း၏သား ဦးနေအောင်သည် United Amara Bank (U.A.B) ဘဏ်ကိုလည်း တည်ထောင်ထားသည်။

(ဆက်လက်ဖေါ်ပြပါမည်။)