တတိယလိုင်းကစွမ်းအားရှင်
ဂါမဏိ၊ ဧပြီ ၁၈၊ ၂၀၁၄
စစ်အာဏာရှင် ဗိုလ်သန်းရွှေက ၁၉၉၆ ခုနှစ် ကက(ကြည်း)
စစ်ဆင်ရေး လေးလပတ်အစည်းအဝေးမှာ နိုင်ငံတော် ကာကွယ်ရေးမဟာဗျူဟာ (National Defense
Strategy) ကို စတင်ချမှတ်ခဲ့တယ်။ ကြည်း-ရေ-လေ စစ်ဆင်ရေး ပေါ်လစီတွေအပြင် အရေးကြီးတဲ့အစိတ်အပိုင်းတခုက
ပြည်သူ့စစ်မဟာဗျူဟာ ဖြစ်တယ်။ အမေရိကန်နဲ့ အနောက် နိုင်ငံတွေက အီရတ်နိုင်ငံလို တိုက်ရိုက်ကျူးကျော်မှာကို
ကာကွယ်ဖို့ရော၊ တိုက်ရိုက်မကျူးကျော်ဘဲ 'အတိုက်အခံ ပုဆိန်ရိုးတွေ' သုံးပြီး 'မတည်မငြိမ်ဖြစ်အောင်'လုပ်မှာကိုပါ
ကာကွယ်ဖို့ ဖြစ်တယ်။ ဒုတိယနည်းလမ်းက ပိုဖြစ်နိုင်တယ် လို့ ယူဆခဲ့တယ်။ ဒါကြောင့် လူထုကို
လူထုနဲ့ထိန်းကွပ်ဖို့၊ တိုင်းရင်းသားကို တိုင်းရင်းသားနဲ့ထိန်းကွပ်ဖို့ အစီအစဉ်ချ တယ်။
ငြိမ်းချမ်းစွာဆန္ဒပြတဲ့လူထုကို ကြံ့ဖွံ့၊ စွမ်းအားရှင် စတဲ့ သူတို့လူထုအယောင်ဆောင်တွေက
လက်မခံတဲ့အသွင် မျိုး ဖန်တီးတာဖြစ်တယ်။ လူ(၅)ဦးထက် ပိုစုရုံးလာရင် လူထုစုရုံးခွင့်
မပေးဘဲ စွမ်းအားရှင်(၁၀) ဦးထက်မက သာလွန် အင်အားနဲ့ ချေမှုန်းသွားရေး ဖြစ်ပါတယ်။
ကာကွယ်ရေးအရံအင်အားအဖြစ် တပ်အိမ်ထောင်သည်တွေ၊
ပြည်သူ့စစ်၊ ရဲ၊ ရဲမိသားစုတွေ၊ မီးသတ်၊ ကြက်ခြေနီ၊ ရယက၊ ကြံ့ဖွတ်၊ စစ်ပြန်၊ ဝန်ထမ်း၊
မိခင်နဲ့ခလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာတို့ကို သတ်မှတ်ထား တယ်။ ရပ်ထဲရွာထဲက
အသက် ၁၄ နှစ်နဲ့ ၆၀ နှစ်ကြား လူအားလုံးကို ပြည်သူ့စစ်အဖြစ် ဆွဲသွင်းဖို့ မူရှိတယ်။
ဒါကြောင့် မြို့နယ်တိုင်း၊ စက်ရုံ အလုပ်ရုံတိုင်း၊ တပ်ရင်းတပ်ဖွဲ့တိုင်းမှာ အရေးကြီးအခြေအနေ၊
အရေးပေါ်အခြေအနေတွေမှာ ပြည်သူ့စစ်ဆင့်ဖို့ စာရင်းတွေ အရံသင့် ပြုစုထားရတယ်။
ဒီပြည်သူ့စစ်တွေထဲက ၁၀% ဘဲ တိုက်ခိုက်ရေးမှာပါရမှာဖြစ်တယ်။
ကျန်တာတွေက သတင်းထောက်လှမ်းရေး၊ သတင်းဖြန့်ဖြူးရေးနဲ့ ဝါဒဖြန့်ချိရေး၊ မြို့ရွာလုံခြုံရေး၊
ထောက်ပံ့ရေး၊ သယ်ယူပို့ဆောင်ရေး၊ သက်သာချောင်ချိရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ
တာဝန်ပေးမယ်လို့ဆိုတယ်။
ဒီရည်ရွယ်ချက်နဲ့ တပ်ထဲက ဇနီးသည်တွေနဲ့ မိသားစုဝင်တွေကို
စစ်သင်တန်းပေးပြီး စစ်ဇာတ်သွင်းခဲ့တယ်။ မီးသတ်၊ ကြက်ခြေနီ၊ ကြံ့ဖွတ်၊ ရယက၊ ပြည်သူ့စစ်၊
မိခင်နဲ့ခလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ၊ စစ်ပြန်စစ်မှု ထမ်းဟောင်းနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကိုလည်း
ပြည်သူ့စွမ်းအားရှင်တွေအဖြစ် စစ်သင်တန်း၊ ထောက်လှမ်းရေးသင် တန်း၊ လူထုဖြိုခွဲရေးသင်တန်း၊
မီဒီယာသင်တန်း၊ အုပ်ချုပ်ထောက်ပံ့မှုသင်တန်းတွေ လေ့ကျင့်ပေးခဲ့တယ်။
နောက်ပိုင်း မှာတော့ လူမိုက်တွေနဲ့ အခြေအနေမဲ့တွေ၊
လမ်းဘေးဈေးသည်တွေကို စွမ်းအားရှင်အဖြစ် သီးသန့်မွေးထုတ် ဖွဲ့စည်း လာခဲ့တယ်။ ''လူထုကို
လူထုနဲ့တိုက်ရမယ်၊ နိုင်ငံရေးကို နိုင်ငံရေးနဲ့တိုက်ရမယ်'' ဆိုပြီး ပြည်ထဲရေးဝန်ကြီး
ဗိုလ်ချုပ် မောင်ဦးက ဒီမဟာဗျူဟာကို ၂၀၀၇ ခုနှစ် ဇန်နဝါရီလမှာ ထပ်လောင်းညွှန်ကြားခဲ့တယ်။
အစိုးရမီဒီယာမှာ 'ဆူပူမှုကို မလိုလားသော ပြည်သူများ' ဆိုတဲ့အသုံးအနှုံးကို သုံးခိုင်းခဲ့တယ်။
ဒီဗျူဟာအရ ၂၀၀၃ ဒီပဲယင်းလူသတ်ပွဲ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး နဲ့ တခြားလူထုလှုပ်ရှားမှုတွေကို
ဖြိုခွဲနှိမ်နင်းခဲ့တယ်။ အရံအင်အားစွမ်းအားရှင်တွေရော၊ လမ်းဘေးစွမ်းအားရှင်တွေရော အားလုံးကိုသုံးခဲ့တယ်။
ကာကွယ်ရေးအရံအင်အားရဲ့ အဓိကအလုပ်တခုက မြို့ရွာလုံခြုံရေးနဲ့တွဲဖက်ပြီး
'မြေပေါ်မြေအောက်အဖျက်သမား များ' ဖော်ထုတ်ချေမှုန်းရေး ဖြစ်တယ်။ ဒီဗျူဟာအောက်မှာ တပ်ရင်းတပ်ဖွဲ့အားလုံးဟာ
အရေးကြီးအခြေအနေ၊ အရေးပေါ်အခြေအနေမှာ သုတ်သင် ကွပ်မျက်ရမယ့် မိမိနယ်မြေအတွင်းက အတိုက်အခံ
NLD ၊ ၈၈ ကျောင်းသား၊ သံဃာ၊ အပစ်ရပ်အဖွဲ့စာရင်းတွေ ပြုစုထားရတယ်။ 'ပြည်ပအားကိုး ပုဆိန်ရိုး'တွေနဲ့
လူထုတိုက်ပွဲတွေကို သုတ်သင် ချေမှုန်းဖို့ စွန်ရဲစီမံချက်တွေ ဆွဲထားခဲ့တယ်။
ရွှေဝါရောင်တော်လှန်ရေး အကြီးအကျယ်ပေါက်ကွဲလာတဲ့အခါမှာ
စွမ်းအားရှင်တွေ အလုပ်မဖြစ်တော့တာကို တွေ့ လိုက်ရတဲ့ စစ်အုပ်စုဟာ အချိန်ဆွဲထားတဲ့ အခြေခံဥပဒေကို
ဒရောသောပါး ပြဋ္ဌာန်းပြီး လူထုကိုလူထုနဲ့၊ နိုင်ငံရေးကို နိုင်ငံရေးနဲ့ထိန်းတဲ့ နောက်နည်းဗျူဟာတခုအဖြစ်
နေဝင်းမောင်၊ လှမောင်ရွှေတို့ဦးစီးတဲ့ အီးဂရက်အဖွဲ့နဲ့ သခင်တင်မြ၊ ချမ်းအေး၊ ကျော်ဝင်းတို့လို
ကွန်မြူနစ်ပျက် စာရေးဆရာပျက်တွေ၊ NLD ပျက်တွေ၊ ၈၈ ကျောင်းသားပျက်တွေ၊ အလံနီ ပျက်တွေကို
အသုံးချပြီး တတိယလိုင်းဖော်ဖို့လည်း ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့
အရှိန်အဝါနဲ့ ပြည်သူလူထုရဲ့ ပြင်းပြလှတဲ့အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ကို ဘယ်လိုမှမယှဉ်နိုင်ဘဲ
မှန်းချက်မကိုက်ဖြစ်ခဲ့ရ တယ်။
လူထုကိုလူထုနဲ့ထိန်းပြီး နိုင်ငံရေးအရ တတိယလိုင်းဖော်ဖို့
မအောင်မြင်တဲ့အခါ ဘာသာရေး အမျိုးသားရေး အခြေခံနဲ့ တတိယအင်အားစုဖော်ဖို့အကွက်ကို စစ်အုပ်စုဟာ
၂၀၁၂ ခုမှာ မမျှော်လင့်ဘဲ သွားတွေ့ခဲ့တယ်။ ဒီအခါ အစောပိုင်းကတည်းက နိုင်ငံရေးပါတီတွေ၊
လူငယ်ကျောင်းသားတွေနဲ့ သံဃာတွေထဲ မြှုပ်နှံထားတဲ့ အသွင်ယူစရဖ တွေ၊ သတင်းပေးတွေနဲ့ ထောက်လှမ်းရေးပြုတ်တွေကို
လှုပ်ရှားခိုင်းလာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအင် အားစုတွေကို ခြိမ်းခြောက်နှောင့်ယှက်ဖို့၊
နာမည်ဖျက်အပုပ်ချဖို့ လုပ်လာတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ အင်အားစု အောင်ပွဲခံမှာကို
ပွဲဖျက်ဖို့လုပ်လာတယ်။ အီးဂရက်တို့ ကျော်ဝင်းတို့ မအောင်မြင်ခဲ့တဲ့လုပ်ငန်းကို အတော်
လေးလှုပ်လှုပ်ခတ်ခတ်ဖြစ်လာအောင် လုပ်လာနိုင်ခဲ့တယ်။ ဒီ ၂၀၁၂-၂၀၁၅ ဘာသာရေးတတိယလိုင်းထဲမှာ
၂၀၀၈-၂၀၁၀ နိုင်ငံရေးတတိယလိုင်းမျက်ခွက်တွေလည်း ပြန်မြင်ရတာ မဆန်းပါဘူး။
ဒါပေမဲ့ ဖောက်ပြန်ရေးသမားတွေရဲ့ထုံးစံအတိုင်း
အကျင့်ပျက်မှု ကလိမ်ကျမှုတွေက ထိန်းမယ့်သိမ်းမယ့်လူမရှိ ပွထ လာလို့ ရုပ်ပျက်ဆင်းပျက်ဖြစ်ချိန်မှာ
ကြံ့ဖွတ်အစိုးရကလည်း အမျိုး-ဘာသာ-သာသနာဖျက်တဲ့အလုပ်တွေ အဆင်ခြင် မဲ့လုပ်လာ၊ ထောက်လှမ်းရေးပြုတ်တွေနဲ့
တပ်ထွက်တွေအပေါ် အယုံအကြည်မရှိမှုတွေ ပြလာလို့ ပွဲပျက်ကုန်တဲ့ အချိန်မှာ ဒေါ်စုနဲ့
NLD အပေါ် လူထုထောက်ခံမှုကတော့ ကျ,မသွားတာကို အားလုံးတွေ့နေရတယ်။ အမျိုးသားရေး-ဘာသာရေးကို
အခြေခံတဲ့ တတိယလိုင်းပေါ်ပေါက်ရေးဟာလည်း အရင်က နိုင်ငံရေးအခြေခံတဲ့ တတိယအင်အားစု ပေါ်ပေါက်ရေး
လမ်းကြောင်းအတိုင်း ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် မြောင်းပုပ်ထဲရောက်မယ့်အလားအလာကို မြင်နေရပါပြီ။
စစ်အုပ်စုရဲ့ နိုင်ငံတော်ကာကွယ်ရေးမဟာဗျူဟာအောက်မှာ
ပြည်သူ့စစ်မဟာဗျူဟာဆိုပြီး အကြမ်းဖက်လမ်းဘေး စွမ်းအားရှင်၊ တိုင်းရင်းသားစွမ်းအားရှင်၊
MPC/ပြည်တော်ပြန်စွမ်းအားရှင်၊ နိုင်ငံရေးစွမ်းအားရှင်၊ အမျိုးဘာသာစွမ်းအား ရှင်တွေနဲ့
ထိန်းလို့မှမရရင် နောက်အဆင့်တွေမှာ ရဲ၊ လုံထိန်း၊ တပ်တို့နဲ့ထိန်းဖို့ ချမှတ်ထားပါတယ်။
ဘယ်လိုဘဲ ဖြစ်ပစေ ၁၉၈၈ ခုကတည်းက တောက်လျှောက်တက်လာတဲ့ ဗမာပြည်သူတွေရဲ့ဒီလှိုင်းကို ဘာနဲ့မှတားလို့
မရနိုင် တော့ပါဘူး။
xxx
တောင်အာဖရိကနိုင်ငံရဲ့ ၁၉၈၉ ခု ရွေးကောက်ပွဲမှာ
လူဖြူအာဏာရှင်စနစ် ထောက်ခံတဲ့ အမျိုးသားပါတီက "အကြမ်း ဖက်မှုကို မစွန့်လွှတ်မချင်း
မင်ဒဲလားကို ထောင်ကလွှတ်မပေးဘူး" "အကြမ်းဖက်ဝါဒကို မစွန့်လွှတ်မချင်း ANC ပါတီကို
တရားဝင်ရပ်တည်ခွင့်မပေးဘူး" "ကွန်မြူနစ်တွေနဲ့ လုံးဝ စေ့စပ်ဆွေးနွေးမှု မလုပ်ဘူး"
"နိုင်ငံတော် အေးချမ်းတည်ငြိမ် ရေးအဓိက" စသဖြင့် ကြွေးကြော်ခဲ့တယ်။ ဒီလိုကြွေးကြော်ပြီး
၅ လအကြာမှာတော့ မင်ဒဲလားတို့ ANC နဲ့ စပြီး အပေးအယူ လုပ်ရပါတော့တယ်။
အဲ့ဒီအချိန်မှာ တောင်အာဖရိကတပ်မတော်ဟာ အာဖရိကတိုက်မှာ
အင်အားအတောင့်ဆုံးစစ်တပ်ဖြစ်နေပြီး အနုမြူဗုံး ၆ လုံးကိုလည်း လျှို့ဝှက်ထုတ်လုပ်ပိုင်ဆိုင်ထားပြီဖြစ်တယ်။
ဆိုဗီယက် ထောက်ခံအားပေးတဲ့ နမ်မီးဘီးယား လက်ဝဲ ပျောက်ကျားတွေ၊ အင်ဂိုလာပြည်တွင်းစစ်မှာလာကူတဲ့
ကျူးဘားတပ်၊ အရှေ့ဂျာမဏီစစ်လက်နက်၊ ရွတ်ရှားစစ်လက်နက်တွေကိုလည်း ရင်ဆိုင်ဟန့်တားနိုင်ခဲ့တယ်။
ဇင်ဘာဘွေနဲ့ မိုဇမ်ဘစ်က လက်ဝဲသူပုန်တွေကိုလည်း ပြုတ်လုနီးပါး ဖြစ်အောင် တိုက်ခိုက်နှိမ်နင်းနိုင်ခဲ့တယ်။
တနည်းအားဖြင့် စစ်အေးခေတ်မှာ အမေရိကန်ဦးဆောင်တဲ့ အရင်းရှင်ကမ္ဘာ အတွက် ခိုင်မာတဲ့ခံကတုတ်ဖြစ်ခဲ့တယ်။
ဒါပေမဲ့ ၁၉၆၀ ခုနှစ် မတ် ၂၁ ရက် ရှာ့ပ်ဗီးလ်
လူသတ်ပွဲမှာ လူမည်းရာချီသေခဲ့ပြီးနောက် လက်နက်ကိုင်တိုက်ပွဲ ပေါက်ကွဲလာခဲ့တယ်။ ၁၉၇၆
ခုနှစ်မှာ လူမည်းတထောင်ကျော်သေတဲ့ ဆိုဝီတိုလူသတ်ပွဲကြောင့် တောင်အာဖရိကဟာ နိုင်ငံတကာမှာ
ပိုနာမည်ပျက်ခဲ့ပြီး လူမည်းတွေရဲ့ ဆန့်ကျင်ပုန်ကန်မှုတွေ ပိုပြင်းထန်လာတယ်။ ထောင်နဲ့ချီတဲ့
ကျောင်းသားတွေ ANC တပ်ထဲဝင်ကြတယ်။ တဖက်မှာ ၁၉၇၄ ခု ပေါ်တူဂီအာဏာသိမ်းပွဲကြောင့် အာဖရိကတိုက်က
လက်ကျန်ကိုလိုနီတွေလွတ်လပ်ရေးရပြီး တောင်အာဖရိကနိုင်ငံအပေါ် ဖိအားတွေ ဖြစ်လာခဲ့တယ်။
တောင်အာဖရိက လူဖြူအာဏာရှင်စနစ်ရဲ့ အသားအရောင်ခွဲခြားရေးဝါဒဟာ
မဖုံးနိုင်မဖိနိုင်အောင် နာမယ်ပျက်လွန်း လို့ အနောက်နိုင်ငံတွေကဘဲ ဦးဆောင်ပြီး နိုင်ငံတကာစီးပွားရေးဒဏ်ခတ်မှုတွေ
ပြင်းပြင်းထန်ထန်လုပ်လာတယ်။ တောင်အာဖရိကအာဏာရှင်ဘိုသာဟာ အမေရိကန်သမတရီဂင်နဲ့ ဗြိတိန်ဝန်ကြီးချုပ်
မာဂရက်သက်ချာတို့ရဲ့ ခိုင်ခိုင် မာမာထောက်ခံမှုကို ရပေမဲ့ အမေရိကန်ကွန်ဂရက်လွှတ်တော်နဲ့
ဗြိတိန်ပါလီမန်တို့ရဲ့ ဆန့်ကျင်ဒဏ်ခတ်မှုကို လိမ့်နေ အောင်ခံရတယ်။ မင်ဒဲလားတို့ခေါင်းဆောင်တဲ့
ANC နဲ့ ကွန်မြူနစ်ပါတီ လက်တွဲပြီး လက်နက်ကိုင်တိုက်ပွဲဝင်နေတာ ကလည်း ကြီးကျယ်ထိရောက်တဲ့
ဗုံးခွဲမှု တိုက်ခိုက်မှုတွေ လုပ်နိုင်ခဲ့သလို အလုပ်သမားနဲ့ ကျောင်းသားတွေရဲ့ အချိန်ကိုက်သပိတ်တိုက်ပွဲတွေ၊
ဆန္ဒပြပွဲတွေကလည်း အားကောင်းခဲ့တယ်။ နည်းမျိုးစုံဖိနှိပ်နေတဲ့ကြားက ANC ဟာ ပိုပြီး လူထုထောက်ခံမှုရ
ထင်ရှားလာခဲ့တယ်။ စိန် ရွှေနဲ့ အဖိုးတန်သတ္တုတွေ ထွက်တဲ့နိုင်ငံ၊ ကမ္ဘာ့အရှေ့နဲ့အနောက်
ဖြတ်သန်းတဲ့ သင်္ဘောတွေ ဆိုက်ကပ်ရာနိုင်ငံဟာ စီးပွားရေးထိခိုက်ကျဆင်းလာခဲ့တယ်။
ဒီလိုအခြေအနေတွေကြောင့် ၁၉၇၇ ခုနှစ်ကတည်းက
တောင်အာဖရိကကာကွယ်ရေးဝန်ကြီး (နောက်တနှစ်မှာ ဝန်ကြီး ချုပ် ဖြစ်လာသူ) ဘိုသာက ဥဿုံအမျိုးသားမဟာဗျူဟာ
(Total National Strategy) ကို ဖော်ထုတ်ချမှတ်ခဲ့တယ်။ ဥဿုံမဟာဗျူဟာ ဆိုတာ အပေါ်ယံအားဖြင့်
ဆိုဗီယက်ပြည်ထောင်စုနဲ့ ကွန်မြူနစ်ဝါဒရဲ့ရန်ကနေ တောင်အာဖရိက နိုင်ငံကို ကာကွယ်ဖို့
(နိုင်ငံတော်မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တန့်ခိုင်မြဲရေး) ဆိုပေမဲ့ အခြေခံအားဖြင့်
လူဖြူ အာဏာရှင်စနစ်ကို ဆက်လက်ထိန်းသိမ်းထားဖို့ဘဲ ဖြစ်တယ်။ ရန်သူဟာ ပြည်ပကနေ တိုက်ရိုက်ကျူးကျော်ဖို့ထက်
ပြည်တွင်း နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ စိတ်ဓာတ်ရေးရာနယ်ပယ်နဲ့ လုံခြုံရေးနယ်ပယ်တွေကို
ထိုးဖောက် စိမ့်ဝင်တာ ပိုလုပ်လိမ့်မယ်လို့ မဟာဗျူဟာမှာယူဆပြီး ဌာနပေါင်းစုံ အလွှာပေါင်းစုံ
အဖွဲ့အစည်းပေါင်းစုံ တိုင်းရင်းသား ပေါင်းစုံထဲမှာ သတင်းပေးတွေ အမာခံတွေ proxy တွေမွေးဖို့၊
သိမ်းသွင်းဖို့ ပေါ်လစီချမှတ် ကျင့်သုံးခဲ့တယ်။ လူဖြူ လည်းမဟုတ် ကွန်မြူနစ်လူမည်းလည်းမဟုတ်တဲ့
တတိယအင်အားစု ဆိုတာကို မွေးဖို့၊ လူမည်းတွေရဲ့မဲတွေ ကွဲသွားဖို့ ကြံစည်ခဲ့တယ်။ လူဖြူတွေသာ
မအုပ်ချုပ်ရင် လူမည်းအချင်းချင်းသတ်ကုန်မယ်၊ တည်ငြိမ်အေးချမ်းမှုတွေ ပျက်ပြား ကုန်မယ်
ဆိုတဲ့အမြင်တွေဖြစ်အောင်၊ လူမည်းအချင်းချင်းစစ်ဖြစ်ရင် လူဖြူအာဏာရှင်စနစ်ကို ဆက်ထိန်းထားဖို့
လွယ်မယ်ဆိုတဲ့ အကြံနဲ့ ဖန်တီးခဲ့တာ ဖြစ်တယ်။
ဒီရည်ရွယ်ချက်နဲ့ မာရီယွန်စစ်ဆင်ရေးဆိုတာကို
တောင်အာဖရိကစစ်တပ်က ၁၉၈၀ ခုနှစ်နောက်ပိုင်းမှာ အကောင် အထည်ဖော်ခဲ့တယ်။ အဲဒီစီမံချက်အောက်မှာ
ဘူသယ်လဇီရဲ့ အင်ကာသာလွတ်လပ်ရေးပါတီက ဇူလူးပြည်သူ့စစ် တဖွဲ့ကို ၁၉၈၅ မှာ စတင်သင်တန်းပေးခဲ့တယ်။
ဗိုလ်ချုပ်ကြီးမာလန်ရဲ့အစီအစဉ်နဲ့ ANC နဲ့ အင်ကာသာလွတ်လပ် ရေးပါတီကြား ပဋိပက္ခဖြစ်အောင်
၁၉၈၇ ဇန်နဝါရီလထဲမှာ ကွာမာ့ကုသ မြို့မှာရှိတဲ့ ANC ဘက်သားခေါင်းဆောင် တယောက်အိမ်ကို
ဒီပြည်သူ့စစ်က တိုက်ခိုက်ခဲ့ရာမှာ ANC လူကြီးကိုမထိဘဲ ဘာမှမဆိုင်တဲ့ လူမည်း ၁၃ ယောက်
သေခဲ့တယ်။ ၁၉၈၈ ခုမှာလည်း ဘူသယ်လဇီရဲ့တောင်းဆိုချက်အရ ဇူလူးပြည်သူ့စစ်တွေကို တောင်အာဖရိက
ထောက်လှမ်းရေးနဲ့စစ်တပ် တွဲဖက်ပြီး သင်တန်းထပ်ပေးခဲ့တယ်။ လက်နက်တွေပါ ထောက်ပံ့ပေးခဲ့တယ်။
၁၉၈၈ ဒီဇင်ဘာလမှာ ဘူသယ်လဇီထောက်ခံသူတွေက ထရပ်စ်ဖိဒ်မှာရှိတဲ့ ANC ဘက်သား တပ်ပေါင်းစုရုံးကို
တိုက်ခိုက်ခဲ့လို့ ANC ထောက်ခံသူ ၁၁ ယောက်သေခဲ့တယ်။ ၁၉၉၀ မတ်လတလတည်းမှာ ဇူလူးအချင်းချင်းသတ်လို့
လူမည်း ၂၃၀ သေခဲ့တယ်။ ၁၉၉၀ ဇူလိုင်လမှာ အင်ကာသာအဖွဲ့ဟာ ဆီဘိုကိန်းမြို့ကို ရဲအစောင့်အရှောက်နဲ့
ဝင်လာပြီး ANC ဘက်သား ၃၀ လောက်ကို သတ်ခဲ့တယ်။
မာရီယွန်စစ်ဆင်ရေးအောက်မှာ အထင်ရှားဆုံးဖြစ်စဉ်ကတော့
၁၉၉၂ ခု ဇွန်လမှာ ဘူသယ်လဇီနောက်လိုက် လူမည်းတွေကလုပ်ခဲ့တဲ့ ဘွိုင်ပတောင်းလူသတ်ပွဲဖြစ်ပြီး
ANC လူ ၅၀ လောက်သေခဲ့တယ်။ ၁၉၉၂ စက်တင်ဘာ လမှာလည်း ANC ထောက်ခံတဲ့ ဆန္ဒပြသမား ၂၈ ယောက်ကို
လူဖြူရုပ်သေးလူမည်းစစ်တပ်တွေက သတ်ခဲ့တယ်။ ၁၉၉၄ ဧပြီ ရွေးကောက်ပွဲရောက်တဲ့အထိ ဘူသယ်လဇီဟာ
ANC ကိုကန့်လန့်တိုက်ပြီး အကြမ်းဖက်နေခဲ့တယ်။ ဘူသယ်လဇီဟာ ANC လက်နက်ကိုင်တိုက်ပွဲရပ်နားတဲ့
၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ ANC အပေါ် အကြမ်းဖက် လူသတ်မှု၊ မီးရှို့မှုတွေ ပိုလုပ်လာခဲ့တယ်။
၁၉၉၀-၁၉၉၃ သုံးနှစ်အတွင်း လူမည်း ကျား-မ ကလေးလူကြီး ၃၆၀၀ ကျော် သေခဲ့တယ်။ လူဖြူအစိုးရဟာ
ကျူးလွန်သူတွေကိုမဖမ်း၊ စုံစမ်းစစ်ဆေးမှုတွေလည်းမလုပ်တဲ့အပြင် အင်ကာသာအဖွဲ့ တွေကို လက်နက်တွေထုတ်ပေး၊
လုံခြုံရေးယူပေးတာတွေတောင် လုပ်ခဲ့တယ်။
ဇူလူးမျိုးနွယ်စုတခုရဲ့ ရိုးရာစော်ဘွားဖြစ်တဲ့
ဘူသယ်လဇီဟာ အစောပိုင်းတုံးက ANC လူငယ်အဖွဲ့ဝင် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူဟာ ၁၉၈၀ ခုနှစ်မတိုင်ခင်ကတည်းက
လူဖြူအာဏာရှင်အစိုးရနဲ့ ပေါင်းခဲ့တယ်လို့ နာမည်ထွက်ခဲ့တယ်။ တဖက်မှာတော့ သူဟာ မင်ဒဲလားတို့
ANC ကို ထောက်ခံကြောင်း ပါးစပ်ကတော့ပြောနေခဲ့တယ်။ ၁၉၇၅ ခုမှာ ANC ရဲ့ ထောက်ခံမှုနဲ့
ဇူလူးစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ကို အင်ကာသာလွတ်လပ်ရေးပါတီအဖြစ် ထူထောင်ခဲ့ပေမဲ့ ၁၉၇၉ ခုမှာ
တော့ ANC နဲ့ အဆက်ဖြတ်ခဲ့တယ်။ ANC ကို ကွန်မြူနစ်တွေဦးစီးနေတယ်လို့ စွပ်စွဲခဲ့တယ်။
ဘူသယ်လဇီဟာ ကျောင်း သား-အလုပ်သမားတွေရဲ့ လူထုတိုက်ပွဲတွေကို ဆန့်ကျင်သလို နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုတွေကိုလည်း
ဆန့်ကျင် ခဲ့တယ်။
ANC ရဲ့ လက်နက်ကိုင်တိုက်ပွဲလမ်းစဉ်ကို ဆန့်ကျင်တယ်ဆိုတဲ့
ဘူသယ်လဇီဟာ တောင်အာဖရိကကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်ကြီးမာလန် အကူအညီနဲ့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေ
ပြည်သူ့စစ်တွေ တည်ထောင်လာတယ်။ ANC လို လူဖြူအာဏာရှင်အစိုးရကို လက်နက်ကိုင်တိုက်ပွဲ
ဆင်နွှဲတာမဟုတ်ဘဲ ဇူလူးအမျိုးသားရေး ကြွေးကြော်ပြီး ANC အပေါ် လူဖြူအစိုးရအလိုကျ လက်နက်ကိုင်အကြမ်းဖက်ခဲ့တယ်။
ဒါပေမဲ့ မင်ဒဲလားဟာ လူဖြူထောက်ချောက်ထဲ မဝင်မိဘဲ ဒီမိုကရေစီအစိုးရပေါ်ထွန်းရေးကိုသာ
တစိုက်မတ်မတ်ကြိုးပမ်းနေခဲ့လို့ လူဖြူလူမျိုးကြီးသမားတွေ ထင်တိုင်း မပေါက် ဖြစ်ခဲ့ရတယ်။
ဒါကြောင့် ဘူသယ်လဇီဟာ တောင်အာဖရိကရဲ့ ပထမဆုံးဒီမိုကရေစီရွေးကောက်ပွဲကို
သပိတ်မှောက်မယ်ကြေညာ ခဲ့ပေမဲ့ ထောက်ခံတဲ့လူနည်းလို့ နောက်ဆုံးမှာ အမေရိကန်နဲ့ အင်္ဂလိပ်သံတမန်တွေ
နားချတာ လက်ခံတယ်ဆိုပြီး လုပ်လိုက်တော့တယ်။ သူ့ထက်ကြီးတဲ့ ဇူလူးဘုရင်ကိုယ်တိုင်က သူ့ကို
ဗြောင်ဆန့်ကျင်လာတာလည်း အကြောင်း တချက်ဖြစ်တယ်။ ရွေးကောက်ပွဲနိုင်တဲ့မင်ဒဲလား ရဲ့ အမျိုးသားညီညွတ်ရေးအစိုးရထဲမှာ
ဝန်ကြီးတနေရာ ယူလိုက်ပါ တော့တယ်။
xxx
အမေရိကန်အစိုးရဟာ ဗီယက်နမ်စစ်ပွဲမှာ ဗီယက်နမ်ကိုဗီယက်နမ်နဲ့တိုက်ဖို့
ဆိုတဲ့ Vietnamization မဟာဗျူဟာ ချခဲ့ ပေမဲ့ မအောင်မြင်ခဲ့ဘဲ နောက်ဆုံးမှာ ပစိဖိတ်သမုဒ္ဒရာကို
အသက်လုဖြတ်ကူးပြေးခဲ့ရသလို တောင်အာဖရိကမှာ လည်း လူဖြူသြဇာခံ လူမည်းတတိယလိုင်း မြောင်းထဲရောက်ပြီး
လူဖြူလူမျိုးကြီးဝါဒီတွေ ကျဆုံးသွားခဲ့ပါတယ်။ အာဏာရှင်နိုင်ငံအားလုံးလိုလိုမှာ အာဏာရှင်စနစ်ကို
တဖက်လှည့်နဲ့ ဆက်လက်ထိန်းသိမ်းကာကွယ်နိုင်ဖို့ တတိယ အင်အားစု-တတိယလိုင်း ဆိုတာမျိုးကို
နောက်ဆုံးကောက်ရိုးတမျှင်အဖြစ် ဖန်တီးကြိုးစားလေ့ရှိပါတယ်။ အခုလည်း ဗမာပြည်မှာ လူထုကိုလူထုနဲ့ထိန်း၊
နိုင်ငံရေးကိုနိုင်ငံရေးနဲ့ထိန်းတဲ့ မဟာဗျူဟာ ဘယ်လိုမှအောင်မြင်မယ့် အခြေအနေ မရှိပါဘူး။
ဒါပေမဲ့ ဗမာပြည်ရဲ့ ဘူသယ်လဇီတွေကြောင့် တောင်အာဖရိကမှာလို သွေးချောင်းစီးမှုတွေ မဖြစ်ရအောင်
အားလုံး ဝိုင်းဝန်းတားဆီးကြဖို့လိုပါတယ်။