မင်းကောင်းချစ် - ရင်းနှီးမြုပ်နှံမှုများနောက်က ကိုယ်ပျောက်တစ္ဆေကြီးများ

ရင်းနှီးမြုပ်နှံမှုများနောက်က ကိုယ်ပျောက်တစ္ဆေကြီးများ
မင်းကောင်းချစ်
ဧပြီ ၂၀၊ ၂၀၁၄

သဘာဝသယံဇာတတွေကြွယ်ဝပြီး၊ ရွှေရောင်ပုထိုးတွေ အမြောက်အများရှိတဲ့အရပ်မို့ ရွှေနိုင်ငံလို့ တင်စားခံရတဲ့ တို့တိုင်းပြည်ဟာ ကံဆိုးစွာဘဲ ၁၉၆၂ ခုနှစ်မှာ စစ်သံပချုပ်ထဲ အလိုမတူဘဲ သက်ဆင်းခဲ့ရတာ အများအသိပါ။ အမြဲတိုးတက်ပြောင်းလဲနေတဲ့ကမ္ဘာကြီးနဲ့ အဆက်ဖြတ်ခံရပြီးတဲ့နောက်၊ နှစ်ပေါင်း ၅၀ အမှောင်တိုက်ထဲမှာ စုံးစုံးမြှုပ်နေရာက ၂၀၁၂ ခုနှစ်မှာမှ ခေါင်းပြန်ဖော်ခွင့်ကြုံလာခဲ့ရတာမဟုတ်လား။

ရှိရှိသမျှ ၀င်ပေါက် ထွက်ပေါက်နဲ့ တံခါးတွေမှန်သမျှ နှစ်ပရိစ္ဆေဒကြာမြင့်စွာ ပိတ်ဆို့ထားရာက ရုတ်တရက် ဖွင့်ဟပေးလိုက်တဲ့အခါ လေ ကောင်းလေသန့်တွေနဲ့အတူ ပြင်ပက အနံ့ဆိုး၊ အနံ့သက်တွေ၊ ယင်စိမ်းကောင်ကြီးတွေ အလုံးအရင်းနဲ့ ၀င်လာတတ်ပါတယ်။ အဲ့ဒီလိုပါ ဘဲ နိုင်ငံတကာနဲ့ အဆက်သွယ်ဖြတ်တောက်ပြီး အထီးကျန်နေလာရာက၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေဖွင့်ပေးလိုက်တဲ့အခါ တဟုန်ထိုးစီး ဆင်းလာတဲ့တောင်ကျရေထဲမှာ အမှိုက်တွေ ဒိုက်တွေရောပါလာတတ်သလို၊ စီးပွားရေး အကျိုးအမြတ်၊နည်းပညာနဲ့ အလုပ်အကိုင် အခွင့် အလမ်းတွေရဲ့နောက်မှာ ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်များတဲ့ ကိုယ်ပျောက်တစ္ဆေကြီးတွေ ပုန်းအောင်းလိုက်ပါလာလေ့ရှိတယ်။

စီးပွားရေးအယောင်ပြပြီးနိုင်ငံရေးအမြတ်ထုတ်မှု၊ စစ်ရေးခြေကုပ်မှု၊ နယ်မြေချဲ့ထွင်မှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှု စတာတွေဟာ အဖျက်စွမ်းအား အလွန်ကြီးမားပြီး၊ မခန့်မှန်းနိုင်အောင် ရှုပ်ထွေးတဲ့ဆိုးကျိုးတွေကို ကုန်းပိုးသယ်ဆောင်လာတဲ့ တစ္ဆေကြီးတွေဖြစ် တယ်။ အထူးသဖြင့် သူ့တိုင်းပြည်ထဲမှာတောင် စည်းလွှတ်ဝါးလွှတ် လုပ်လေ့ရှိတဲ့ တရုတ်ကုမ္ပဏီတွေနဲ့အတူ အဲ့ဒီလိုတစ္ဆေကြီးတွေပါလာကြမှာ ဗေဒင်မေးဖို့ မလိုလောက်ဘူး။ ဘာကြောင့် အပ်ကျ မတ်ကျ ပြောနိုင်သလဲဆိုတော့၊သူတို့ဟာ နိုင်ငံတကာ စံရည် စံညွှန်းတွေထက် စီးပွား ရေးနဲ့ အမြတ်အစွန်းကိုသာ ကြည့်တတ်ကြတာ ကမ္ဘာ့သတင်းတွေမှာ ဖတ်ရပေါင်းများလှပြီမဟုတ်လား။

ဒီဆောင်းပါးမှာတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုတစ္ဆေအကြောင်းဘဲပြောပါ့မယ်။ အားလုံးသိကြတဲ့အတိုင်းဘဲ၊ လက်ပံတောင်း တောင် ကြေးနီစီမံကိန်း၊ ရွှေဂတ်စ်ပိုက်လိုင်းစီမံကိန်း၊ မြွေတောင် ဖားတောင်စီမံကိန်း၊ မြစ်ဆုံစီမံကိန်း၊ တကောင်းတောင် နီကယ်စက်ရုံ စီမံကိန်း အစရှိတဲ့ အယင်စစ်အစိုးရလက်ထက်က သဘောတူချုပ်ဆိုပြီး လုပ်ကိုင်နေတဲ့စီမံကိန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ညစ် ညမ်းလာမှုတွေ၊ ဌာနေ ဒေသခံပြည်သူတွေရဲ့ကျန်းမာရေးနဲ့ နေ့စဉ်လူမှုဘ၀တွေကို ထိခိုက်လာနေပြီဆိုတဲ့သတင်းတွေ စပြီးကြားလာရပြီ။ ဒါတောင် မီဒီယာနဲ့ သတင်းသမားတွေ ၀င်ခွင့်မရတဲ့၊ လက်လှမ်းမမှီတဲ့ စီမံကိန်းတွေ၊ ဝေးလံခေါင်ဖျားအရပ်တွေ၊ တိုင်းရင်းသားတွေနေတဲ့ တောင်ပေါ်ဒေသတွေမှာရှိတဲ့ စီမံကိန်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်း မသိကြရသေးဘူး။ နောင်မှာ ဒီထက်ပိုဆိုးတဲ့သတင်းတွေ ဘဲကြားရဖို့ ရှိတယ်။

အရင်စစ်အစိုးရလက်ထက်က လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်စုစုပေါင်း (၉၈၂) ခု ရှိခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာနစာရင်းဇယားများအရ သိရကြောင်း၊ အဲ့ဒီစာချုပ် (၉၈၂) ခုထဲမှာ စီးပွားရေး သဘောတူစာချုပ် (၆၈၄) ခု ရှိပြီး ပြုလုပ်ပြီး စာချုပ် (၈) ခုနှင့် ပြုလုပ်ရန် ကျန်ရှိနေသည့်စာချုပ် (၆၇၆) ခုရှိနေသေးတယ်လို့ ဧရာဝတီသတင်းဌာနရဲ့ သတင်းဆောင်းပါးတစ်ပုဒ်မှာ ဖတ်ရှုလိုက်ရတယ်။

ကြက်သီးတွေတောင် ဖျန်းဖျန်းထမိတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေ လုပ်ရက်ခဲ့တာများ ယုံနိုင်စရာမရှိဘူး။ တိုင်းပြည်ရဲ့ အဖိုးတန်အမွေအနှစ်တွေ ကို၊ သူတို့အစိုးရရပ်တည်ရှင်သန်နိုင်အောင် သူခိုးဈေးနဲ့ ရောင်းစားခဲ့ယုံတင်မကဘူး၊ အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေ၊ မျိုးဆက်ပေါင်းများကိုထိခိုက်နစ်နာစေမဲ့ ဆိုးကျိုးတွေကို အမွေထားရစ်ခဲ့တာ။ လူ့အခွင့်အရေးအချိုးဖောက်ဆုံး နာမည်ပျက်နဲ့ ၁၉၈၈ အာဏာသိမ်းအစိုးရကို   ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံအများစုက ဆေးဖော်ကျောဖက်မလုပ်ကြတဲ့အချိန်မှာ သူတော်အချင်းချင်း သတင်းလွှေ့ ပြီး တရုတ်နိုင်ငံလို ဂုဏ် သိက္ခာမဲ့ စီးပွားရေးလုပ်တတ်တဲ့ တိုင်းပြည်ကို အောက်ကျို့ပေါင်း၊ ပြည်သူပိုင်ရွှေခွက်တွေကို ပဲလှော် ထန်းလျက်နဲ့ လဲစားခဲ့တာ။

စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ တာဝန်မဲ့မှု၊ တကိုယ်ကောင်းဆံမှုတွေနဲ့ အသက်ဝင်လာတဲ့ အဲ့ဒီလို အန္တရာယ်များတဲ့စီမံကိန်းကြီးတွေဟာ မြန်မာပြည် တစ်နံတစ်လျားမှာ သက်ဝင်လှုပ်ရှားလည်ပတ်နေကြပြီ။ ဒါဟာ ငြင်းကွယ်လို့မရတဲ့အခြေနေဖြစ်တယ်။ ဒီအခြေနေကို အရှိအတိုင်း လက်ခံ ပြီး ဘေးထွက်ဆိုးကျိုးနဲနိုင်သမျှ အနဲဆုံးဖြစ်အောင်၊သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုတွေလျှော့နိုင်သမျှ လျော့နဲအောင် အစိုးရနဲ့ တိုင်းသူ ပြည်သားတွေ လက်တွဲလုပ်ဆောင်ကြဖို့ လိုတယ်။

ရပ်တံ့ပစ်လို့ရတဲ့ စီမံကိန်းတွေမှန်သမျှ ရပ်တန့်ပစ်ရမှာဖြစ်သလို၊ လောလောဆယ်ရပ်တံ့ပစ်လို့မရနိုင်သေးတဲ့ စီမံကိန်းတွေကို အနီးကပ် စောင့် ကြည့်ပြီးနိုင်ငံတကာ စံရည် စံညွှန်းတွေကို ဖောက်ဖျက်လာတာတွေ့ရရင် လျော်ကြေးတောင်းဆိုမှုတွေတင်မက နောက်ဆုံးအဆင့်ကန်ထရိုက်စာချုပ်ဖျက်သိမ်းတဲ့အထိလုပ်ဆောင်ကြရမယ်။ ဘာကြောင့်လဲဆိုတော့ ဒီစီမံကိန်းကြီးတွေနဲ့ပတ်သက်ပြီး၊ ပြည်သူတွေကို ဘာတစ်ခုမှ ပွင့်ပွင့်လင်းလင်း အသိပေးခြင်းမရှိတဲ့အပြင်၊ တိုင်းပြည်အတွက်လဲ အကျိုးမြတ်မရှိသလောက် သူခိုးဈေးနဲ့ ပေါချောင်ကောင်း ၀င်လုပ် နေကြလို့ဖြစ်တယ်။

အဲ့ဒါတွေကိုတားဆီးနိုင်ဖို့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဥပဒေတွေ လုပ်ထုံးလုပ်နည်း စဉ်းမျဉ်းစည်းကမ်းတွေကို နိုင် ငံတကာ စံရည်စံညွှန်းတွေနဲ့အညီ ပြဌာန်းရမယ်။ တာဝန်ယူမှု၊ တာဝန်ခံတွေကို မြင်သာအောင်ပြဖို့ လိုသလို၊ သတင်းမီဒီယာတွေကိုလဲ စာ နယ်ဇင်းကျင့်ဝတ်တွေနဲ့အညီ လွတ်လပ်ခွင့်အပြည့်အ၀ပေးပြီး စောင့်ကြပ်ထိန်းညှိပေးခွင့်ပေးဖို့ လိုတယ်။ အရေးအကြီးဆုံးက တရားဥပဒေ စိုးမိုးမှုရှိဖို့ဘဲ။

ဒီနေရာမှာ စာရေးသူမှတ်သားမိသမျှ၊ လက်လှမ်းမှီသမျှ စင်ကာပူနိုင်ရဲ့စံပြုထိုက်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်နည်း လုပ်ဟန်တွေကို စာဖတ်သူတွေကို မျှဝေလိုက်ပါတယ်။

စင်ကာပူနိုင်ငံဟာ အီကွေတာရဲ့မြောက်ဖက် တစ်ဒီဂရီအကွာမှာတည်ရှိပြီး စတုရန်းမိုင် (၂၇၅.၈) အကျယ်အ၀န်းသာရှိတဲ့ ကျွန်းနိုင်ငံလေး ပါ။ ကမ္ဘာ့မြေပုံပေါ်မှာ အစက်အပြောက်အရွယ်သာရှိတဲ့နိုင်ငံလေးမို့ မရှိမဲ့ ရှိမဲ့ မြေထု၊ ရေထု၊ လေထုလေးတွေကို အညစ်ညမ်းမခံနိုင်ပါ ဘူး။ အစွမ်းရှိသမျှ ထိမ်းသိမ်းကာကွယ်ကြရတာပါ။

လွန်ခဲ့တဲ့ (၅) နှစ်က စာရေးသူရဲ့မိခင်ကြီး စင်ကာပူကို အလည်လာတော့ ပြောခဲ့တာမှတ်မိသေးတယ်။ “ငါ့သားရေ မင်းတို့စင်ကာပူကလမ်း ဘေးမှာ အမှိုက်ပုံတွေမရှိဘူးနော်တဲ့” စာရေးသူက ပြန်ပြောလိုက်ပါတယ်။ “ဟုတ်တယ်အမေ စင်ကာပူမှာ အမှိုက်ပုံတွေမရှိဘူး။ အမှိုက်ပုံး တွေတော့ရှိပါတယ်လို့”  စင်ကာပူနိုင်ငံကို ပထမဆုံးခြေချတဲ့နေ့မှာ သတိမပြုမိဘဲမနေနိုင်တဲ့အချက်က သန့်ရှင်း သန့်ပြန့်မှုပါ။ ချန်ဂီလေ ဆိပ်ကနေ တည်းခိုမဲ့ အိမ်ထိ လမ်းတလျှောက်လုံး အမှိုက်မရှိသလောက် သန့်ပြန့်နေမှုဟာ၊ အမှိုက်က်ပုံတွေနဲ့ ကြီးပျင်းခဲ့တဲ့ စာရေးသူ ကိုအံသြစေခဲ့တာ မဆန်းပါဘူး။

ဒါပေမဲ့ စင်ကာပူဟာ သန့်ရှင်းတဲ့တိုင်းပြည်လို့ ကမ္ဘာက အသိအမှတ်ပြုခံခဲ့ရတာဟာ လွယ်လွယ်ကူကူရခဲ့တာတော့မဟုတ်ဘူး။ အမှိုက် မ ပစ်ရ ဆိုင်းဘုတ်လေးတင်၊ အမှိုက်ပုံးလေးတွေချလိုက်ရုံနဲ့ သန့်ရှင်းမသွားဘူး။ တို့တိုင်းပြည်လို အမှိုက်တွေကို တစ်နေရာကနေ အခြား တစ်နေရာကို ပြောင်းရွေ ဖုံးကွယ်တာမျိုးလဲလုပ်လို့မရဘူး။ ရေရှည်အမြဲတမ်းသန့်ရှင်းနိုင်ဖို့၊သဘာဝပတ်ဝန်းကျင်ကိုလဲ မထိခိုက်အောင်၊ ရေထု၊ မြေထု၊ လေထုတွေ မညစ်ညမ်းရအောင် အသေးစိတ်လေ့လာပြီး၊ တွက်ချက်ပြီးမှ စီမံဆောင်ရွက်ရတာဖြစ်တယ်။

စင်ကာပူအစိုးရက တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်အောင် စီးပွားရေးစီမံကိန်းတွေနဲ့အတူ သဘာဝပတ်ဝန်းကျင်မထိခိုက်ရအောင် လိုအပ်တဲ့ဥပဒေ၊ စီရင်ထုံးတွေ (Environmental Pollution Control Act) ပြဌာန်းပေးသလို၊ တိကျတဲ့တာဝန်ယူမှု၊ တာဝန်ခံမှုတွေလဲ သတ်မှတ်ပေးထားတယ်။ ပြီးတော့လိုက်နာရမယ့် နိုင်ငံတကာ စံရည် စံညွှန်းတွေ (International Standards) နဲ့ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းတွေ (Code of Practice for Pollution Control) ထုတ်ပြန်ပေးတယ်။ အဲ့တာတွေအပြင် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းစောင့်ရှောက်ရေးအတွက် ရေတိုရေရှည် ရည်မှန်းချက်တွေ၊ ပေါ်လစီတွေ၊ ပညာပေးအစီအစဉ်တွေကို ကျောင်းသင်ခန်းတွေကနေ လုပ်ငန်းခွင်၊ အရပ်ဖက် လူ့အဖွဲ့ စည်းတွေအထိ ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်ပညာပေးတယ်။

ထုတ်ပြန်ထားတဲ့ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုရှိမရှိကိုလဲ အဂတိတရားကင်းကင်းနဲ့ စောင့်ကြပ်ထိန်းညှိပေးထားတယ်။ လိုက်နာမှုပျက်ကွက်ခဲ့ရင်လည်း လူပုဂ္ဂိုလ်တစ်ဦးချင်းကစလို့ ကုမ္ပဏီကြီးတွေအထိ ထိုက်သင့်သလို အရေးယူဒဏ်ခတ်မှုတွေ စံနမူနာပြ ဆောင်ရွက်ကြတယ်။ အမှိုက်မပစ်ရဆိုတဲ့နေရာမှာ အမှိုက်ပစ်တဲ့သူဆိုရင်၊ သန့်ရှင်းရေးသမားဝတ်စုံဝတ်၊ ဆိုင်းဘုတ်ထောင်ပြီး လူစည် ကားတဲ့လမ်းတွေမှာ သန့်ရှင်းရေးလုပ်ခိုင်းပြီး ဒဏ်ခတ်ကြတယ်။ အကြိမ်ကြိမ်ကျုးလွန်သူဆိုရင် ငွေဒဏ်အပြင် စာရိတ္တပြုပြင်မှုပါခံရမှာ သေခြာတယ်။

စင်ကာပူအစိုးရဟာ လူဦးရေ (၅.၄) သန်းသာရှိတဲ့ ကျွန်းနိုင်ငံလေး သန့်ရှင်း သန့်ပြန့်နေစေဖို့ နိုင်ငံတော်အင်စတီကျုးရှင်းတွေဖြစ်တဲ့ အမျိုး သားသဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအေဂျင်စီ (National Environment Agency)၊ သဘာဝပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ်ဆိုင်ရာ ၀န်ကြီးဌာန (Ministry of Environment and Water Resources)၊ စွန့်ပစ်ပစ္စည်း စီမံခန့် ခွဲခြင်းနှင့် ပြန်လည်အသုံးချရေးအဖွဲ့ (Waste Management and Recycling Association of Singapore) စတာတွေနဲ့ ပုဂ္ဂလိကအင်စတီကျုးရှင်းတွေနဲ့ ဆက်စပ်ချိတ်ဆက်လုပ် ကိုင်စေတယ်။

အလွန်လျှင်မြန်စွာတိုးတက်လာတဲ့ မြို့ပြလူနေမှုဘ၀တွေနဲ့ စက်မှုလုပ်ငန်းတွေကထွက်ရှိတဲ့ မြောက်များစွာသော စွန့်ပစ်ပစ္စည်းတွေ (Domestic Waste, Food Waste, Sewage, Soild Waste, Industrial Waste, Hazardous Waste, Commercial Waste, Clinical Waste, Electronic Waste …. etc.) ကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ အဆင့်မြ့င်နည်းပညာတွေသာမက၊ ကျွမ်းကျင်တဲ့ အတတ်ပညာရှင်တွေလဲ လိုအပ်တယ်။

အထက်မှာဖော်ပြခဲ့တဲ့ စွန့်ပစ်ပစ္စည်းတွေထဲကပြန်လည်အသုံးချလို့မရပေမဲ့၊ မီးရှို့ပြာချလို့ရတဲ့အရာတွေကို Waste-To-Energy Plant လို့ လဲခေါ်၊ Refuse Incineration Plant လို့လဲခေါ်နိုင်တဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့စက်ရုံကြီးတွေနဲ့ မီးရှို့ပြီး အပူ ဓာတ်နဲ့ လျှပ်စစ်ဓာတ်တွေထုတ်ယူကြတယ်။

စင်ကာပူနိုင်ငံ အမျိုးသားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီရဲ့ ၂၀၁၂ ခုနှစ်စာရင်းအရ၊ စွန့်ပစ်ပစ္စည်း တန်ချိန်ပေါင်း (၇)သန်း၊ (၂) သိန်းကျော် ထွက်ရှိခဲ့တယ်လို့ဆိုတယ်။ အဲ့ဒီလောက်များတဲ့အမှိုက်တွေကို အပေါ်မှာပြောခဲ့တဲ့ စက်ရုံကြီးမျိုး (၄) ခုနဲ့ လျှပ်စစ်ဓါတ်အားတွေထုတ်ယူတဲ့အပြင် ထွက်ရှိလာတဲ့ ပြာကြွင်း ပြာကျန်တွေကို ပင်လယ်ထဲဖို့လောင်းပြီး မြေပြင်ဖြစ်အောင်ချဲ့ယူကြသေးတယ်။ အင်္ဂ လိပ်လိုတော့ Reclaimed land လို့ခေါ်တယ်။

ပြီးတော့ စက်ရုံအလုပ်ရုံတွေက ထွက်လာတဲ့ ရေဆိုးရေညစ်တွေနဲ့ မြို့ပြလူနေမှုဘ၀ကထွက်လာတဲ့ ရေဟောင်းရေပုပ်တွေကို ရေသတ္တ၀ါ တွေအတွက် အန္တရာယ်ကင်းပြီး၊ အသက်ရှင်သန်နိုင်တဲ့ရေဖြစ်အောင်ပြုပြင်တဲ့စက်ကြီးတွေ (Sewage/Water Treatment Plant) နဲ့ သန့် စင်ပြီးမှ ရေမြောင်း၊ မြစ်ချောင်း၊ ပင်လယ်ထဲကို ဖောက်ထုတ်ခွင့်ပေးတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု မှတ်တိုင်သစ်တစ်ခုဖြစ်တဲ့၊ ရေဆိုးရေညစ်ကို သောက်သုံးရေအဆင့်ဖြစ်အောင် သန့်စင်ပေးနိုင်တဲ့ စီးပွား ဖြစ် ရေသန့်စင်စက် (NEW Water Factory) တွေလည်း တည်ဆောက်ထားတယ်။

စက်မှုလုပ်ငန်းတွေကထွက်ရှိလာတဲ့ စွန့်ပစ်ဆီဟောင်း(Waste Oil) တွေကို သန့်စင်ပြီးပြန်လည်အသုံးချလို့ရအောင် လုပ်ပေးနိုင်တဲ့ (Recycling Oil & Sludge Treatment Plant) တွေကို စနစ်တကျလုပ်ငန်းလိုင်စင်ချပေးပြီး ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ပေးတယ်။ စက်မှုလုပ်ငန်းသုံးဓါတုဗေဒပစ္စည်းနဲ့ အခြားသောအန္တရာယ်များတဲ့ ကုန်ကြမ်းနဲ့အထောက်ကူပြုပစ္စည်းတွေကို သုံးစွဲခွင့်ပြုရာမှာလဲ၊ ရောင်း ၀ယ်ခွင့်လိုင်စင်၊ သုံးစွဲခွင့်လိုင်စင်၊ ထားသိုခွင့်လိုင်စင်ရှိတဲ့သူတွေကို လိုက်နာရမဲ့စည်းကမ်းချက်တွေနဲ့အညီ၊အန္တရာယ်ကင်းအောင်၊သဘာ ၀ပတ်ဝန်းကျင်ကို မထိခိုက်ရအောင် ဆောင်ရွက်စေတယ်။

ကဲဒီတော့ စနစ်ကလည်း မှန်၊စင်ကာပူနိုင်ငံသားတွေကလည်း စည်းကမ်းကောင်း၊ အစိုးရကလည်း တကယ်အလုပ်လုပ်၊ အမှိုက်တွေလဲ ပုံမှန်သိမ်း၊ ပြီးတော့ စနစ်တကျ စွန့်ပစ်ထိန်းသိမ်းကြမှတော့ သူတို့နိုင်ငံ သန့်ရှင်းလှပတာ မထူးဆန်းဘူး မဟုတ်လား။

တို့နိုင်ငံကိုပြန်ကြည့်လိုက်တော့ အစိုးရကိုယ်တိုင်က တာဝန်ယူမှုမရှိတော့၊ ပြည်သူတွေကလည်း တာဝန်ယူမှုမရှိ။ အစိုးရကိုယ်တိုင်က စည်းကမ်းမလိုက်နာတော့ ပြည်သူတွေကလည်း စည်းကမ်းမရှိ။ အစိုးရကိုယ်တိုင်က တံမြက်စီးလှဲ၊ ထုံးသုတ်တဲ့အသိသာရှိတော့ ပြည်သူ တွေကလည်း အမှိုက်က်ပစ်ချင်ရာပစ်၊ ကွမ်းသွေး ထွေးချင်ရာ ထွေး၊ လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေကလည်း ဘေးထွက်ပစ္စည်း တွေ၊ ရေဆိုးရေညစ်တွေ စွန့်ချင်သလို စွန့်ပစ်ကြမှတော့ တို့နိုင်ငံ မသန့်ရှင်းတာ၊ ညစ်ပတ်တာ မဆန်းပါဘူး။

နိုင်ငံတော်သမ္မတကိုယ်တိုင်က တစ်ကြိမ်ဘဲ အမှိုက်ကောက်ပြလိုက်ပါ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းစည်းမျဉ်းစည်းကမ်းတွေ တိတိကျကျပြဌာန်းလိုက်ပါ။ လိုအပ်တဲ့ အပေါ်ထပ်အဆောက်အုံတွေတည်ဆောက်ဖို့ ဘဏ္ဍာငွေကြေး တွေသုံးလိုက်စမ်းပ။ တာဝန်ယူမှုတာဝန်ခံတွေပြဌာန်းပြီး တရားဥပဒေစိုးမိုးအောင် ကိုင်တွယ်လိုက်ပါ။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကန်ထရိုက်စာချုပ်တွေချုပ်ဆိုတဲ့အခါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းတွေထည့်သွင်းချုပ်ဆိုပါ။ စက်မှုလက်မှုလုပ်ငန်းတွေ တင်မက သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မဲ့လုပ်ငန်းမှန်သမျှကို စာရင်းစစ်တာတို့ မျက်မြင်စစ်ဆေးတာတွေ အဂတိတရားကင်းကင်းနဲ့ ပုံ မှန် စောင့်ကြပ်ထိန်းညှိပေးလိုက်ပါ။ ချိုးဖေါက်မှုတွေတွေ့ခဲ့ရင်လဲ အစိမ်းအကျက်မရွေး ပြတ်ပြတ်သားသား အရေးယူပြလိုက်ပါ။ စက်မှုဇုံ ကြီးတွေ၊ စီမံကိန်းကြီးတွေရေးဆွဲတိုင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထား ထည့်သွင်းတွက်ချက်ပ။ အဲ့ဒီလိုသာဆောင်ရွက် နိုင်မယ်ဆိုရင် ဆောင်းပါးရှေ့ပိုင်းမှာပြောခဲ့တဲ့ ကိုယ်ပျောက်တစ္ဆေကြီးတွေကို တောထုတ်နိုင်ယုံမက တို့နိုင်ငံကိုလည်း စည်းကမ်းရှိတဲ့၊ သန့်ရှင်းတဲ့တိုင်းပြည်လို့ ကမ္ဘာက အသိအမှတ်ပြုလေးစားလာမှာ မုချဧကန်အမှန်ဖြစ်ပါကြောင်း။   ။

လေးစားစွာဖြင့်
မင်းကောင်းချစ်
၂၉ မတ်လ၊၂၀၁၄ ခုနှစ်