ကွက်လပ်ဖြည့်ရမဲ့ သမိုင်းစာမျက်နှာအသစ်
မောင်မောင်လတ် (ရွှေအင်းလေးစာပေ)
ဧပြီ ၂၂၊ ၂၀၁၄
မှုန်ရီဝိုးတဝါး အလင်းရောင်ဖျော့ဖျော့အောက်က မြင်ကွင်းမဟုတ်တော့...၊
ကျွဲရိုင်းသွင်းချိန်..မှောင်ရီဖြိုးစ ညီအကို မသိတသိ အချိန်အခါက ပုံရိပ်ရယ်လို့သတ်မှတ်မရတော့...၊
အမှောင်ထုအောက် သူ့လူ ကိုယ်ဖက်သား အရောရောအထွေးထွေးဖြစ်လို့..
မသိရ မခန့်မှန်းနိုင်ရယ်လို့ အကြောင်းပြမရတော့.......၊၊
တဖက်အသင်းရဲ့ ကစားကွက်ဗျုဟာကို မသိရသေး ..ကောက်ချက်ချ မရသေးရယ်လို့တော့
ဆင်ခြေပေးရန်မဖြစ်နိုင် ၊ပွဲက ကစားလို့ဘဲ ပထမပိုင်းပြီးသွားပါပြီ..၊
ချန်ပီယံလုပွဲ..နောက်ဆုံးဗိုလ်လုပွဲကြီး...၊
တဖက်အသင်းရဲ့အမာခံ ဦးဆောင်ကစားနေတဲ့ကစားသမား....၊သူတို့ကစားကွက်ဗျုဟာ...
အတက်အဆင်း..၊ အဖြန့်အကျက်...နည်းစံနစ်တွေ သိလောက် မြင်လောက်ရောပေါ့...၊
ဒီဗိုလ်လုပွဲ ရောက်ဖို့....ခဲရာ ခဲဆစ် ၊ အဆင့်ဆင့်ဖြတ်ကျော် ရင်းနှီးခဲ့တဲ့အတွေ့အကြုံ ၊
သမ္ဘာ..ဗျုဟာတွေလဲ မနည်းမနှော......တနင့်တပိုး......၊၊
ယုံကြည်မှုနဲ့ မျှော်လင့်ချက်အကြား ........တည်ငြိမ်အေးချမ်းစွာ ပြောင်းလဲသွားမည်မဟုတ်....၊
တွေ့ဆုံမှုနဲ့ ရင်းနှီးမှုအကြား .....ခပ်လွယ်လွယ်သဘောတူညိချက်ရမည်မဟုတ်.....၊
နိုင်ငံတကာစံနဲ့ ဒေသပထဝီအနေအထားအကြား....ခပ်မြန်မြန် အဖြေရမည်မဟုတ်....၊
ဘာသာတရားနဲ့ လူ့ကျင့်ဝတ်သိက္ခာအကြား........အကောင်းဆုံးရလဒ် ပေါ်လာမည်မဟုတ်....၊၊
တနေ့ တလံနဲ့ ရေကြည်လဲနှောက်.....လမ်းလဲ ပျောက်သွားပါပြီ.....၊
အချိန်လဲကုန် ပိုးလဲကုန်...စောင်းလဲ ပျက်သွားပါပြီ...၊
ပြသာနာတခုအတွက် ငြိမ်းချမ်းညင်သာစွာဖြတ်ကျော်နိုင်ဖို့ လေးပွင့်ဆိုင် တောင်းဆိုတာကို
နိုင်ငံရေးပါတီပေါင်းစုံဆွေးနွေးပွဲအသွင်နဲ့ လှည့်တိုက် ရန်တိုက် လမ်းကြောင်းပြောင်းလိုက်ပါပြီ...၊
လွှတ်တော်အတွင်း နိုင်ထက်စီးနင်း အဓမ္မသိမ်းပိုက်နေရာယူတားတဲ့..တပ်မတော်သား အမတ်ကိစ္စ..
ရှင်းရှင်း လင်းလင်း ပြတ်သားစွာ အဖြေပေးလိုက်ပါပြီ....၊
နိုင်ငံတဝှမ်း ငြိမ်းချမ်းစွာ ဆန္ဒပြု တောင်းဆိုနေတဲ့....ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုလဲ
ပြင်ဆင်ရမည့်လမ်းကြောင်းတခု လမ်းပြမြေပုံ အညွှန်းတခု ပကတိပြတ် ချပြ သတ်မှတ်လိုက်ပါပြီ....၊
ပြည်သူအားလုံး တမ်းတမ်းတတ မျှော်လင့် တောင်းဆိုနေတဲ့.. ထာဝရ ငြိမ်းချမ်းရေးအတွက်
တပ်မတောင်္မှ ချမှတ်ထားသော အခြေခံမူ (၆)ချက်ကို လက်ခံ လက်မှတ်ရေးထိုးဖို့...
အတင်းအကြပ် အပေါ်စီးကနေ အရင်ဆုံးလက်မှတ်ရေးထိုးခိုင်းနေပါပြီ....။
၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရတက်လာရတဲ့ အကြောင်းပြချက်ထက်............
၁၉၆၂ ခုနှစ် အာဏာသိမ်းခဲ့ရတဲ့ ဆင်ခြေထက်..........
၁၉၈၈ ခုနှစ် အာဏာသိမ်းဖြစ်ခဲ့ရတဲ့ အပြောထက်........
ပိုပြီးပြင်းထန်တဲ့...ပိုပြီးပြတ်သားတဲ့...ပိုပြီး ရင့်သီးတဲ့
စကားအသုံးအနှုန်းနဲ့တုန့်ပြန်လိုက်ပါပြီ....
ပြောချင်ရာပြော..ရေးချင်ရာရေး..တောင်းဆိုချင်ရာတောင်းဆိုပေတော့ ရယ်လို့
တမင်ဖောက်ပေးထားတဲ့ဘောင်ထဲကနေ ပြောနေ ရေးနေ တောင်းဆိုနေရင်းနဲ့
မိုးချုပ်ခံရတော့မှာလား ? ? ? ...(မိုးလဲချုပ် ဘဝတွေလဲ ဆုံးခဲ့ပြီ၊ )
မတွဲတာတွေ ခွဲလုပ်..တူတာတွေပေါင်းလုပ် ၊ တွေ့ဆုံဆွေးနွေး အဖြေရှာ ၊
အမြင်ချင်း နှီးနှော ဖလှယ် ၊ နိုင်ငံတကာဖိအား ထောက်ခံမှု တွေနဲ့
ချှော်လှဲ ရောထိုင်လိုက်တော့မှာလား ? ? ? ...(အချိန်လဲကုန် ပန်းတိုင်လဲ ပျောက်ခဲ့ပြီ )
တိုင်းရင်းသားတန်းတူညီမျှရေး ၊ ပြည်တွင်းစစ်ငြီမ်းချမ်းရေး ၊ဖယ်ဒရယ်ပြည်ထောင်စု ၊
ဒို့တာဝန်အရေးသုံးပါး ၊၂၀၀၈ ခု ဖွဲ့စည်းပုံ အစရှိတဲ့ စကားလုံးတွေရဲ့...
အနက် ဆိုလိုရင်း ကို ဝေါဟာရ သုတေသန ပြုရင်း
အချိန်ကုန်ခဲ့လိုက်တော့မှာလား ? ? ? ..(စကားလုံးလဲကုန် ညီညွှတ်ရေးလဲ ပျက်ခဲ့ပြီ )
အပြတ်သားဆုံးအဖြေအတွက်....ပြတ်သားတဲ့အဖြေနဲ့ထပ်တူ........
အပြတ်သားဆုံးတုန့်ပြန်မှုက အကောင်းဆုံး အမှန်ဆုံး အဖြေတခု........၊၊
သူ့ခေတ် သူ့အခါ သမိုင်းနောက်ခံ အနေအထားအရ.......
ဗာဆိုင်းစာချုပ် ဆုပ်ဖြဲလိုက်တဲ့ ဟစ်တလာကမှန်တယ်................၊
သူ့ခေတ် သူ့အခါ အဖိနှပ်ခံပြည်သူအတွက်.......
လက်နက်ကိုင် တော်လှန်ခဲ့တဲ့ ကပ်စထရိုက မှန်တယ်..................၊
သူ့ခေတ် သူ့အခါ ပြောင်းလဲလာတဲ့ သမိုင်းရေး အမြင် အရ........
အကြမ်းမဖက်ခဲ့တဲ့...မင်ဒဲလား ကမှန်တယ်...........၊
ဒီနေ့ ဒီအချိန် မပြောင်းမလှဲ အာဏာရှင်စံနစ်နဲ့ ဂုတ်သွေးစုပ် အုပ်ချုပ်နေတဲ့ စစ်အစိုးရ အတွက်
ရန်ကို ရန်ချင်း လှံကို လှံချင်း ဓါးကို ဓါးချင်း ပြန်တုန့်ပြန်မဲ့ ပြည်သူတွေ မှန်တယ်....၊၊
မှန်ကန်တဲ့ တုန့်ပြန်မှုကို ဘုရင့်နောင် ဖောင်ဖျက်....သေရင်မြေကြီး ရှင်ရင် ရွှေထီး စိတ်ဓါတ်ဖြင့်
တွန်းလှန် ဖြိုဖျက်ယုံမှတပါး.....
အခြား အားကိုး ရန်မရှိတော့...မျှော်လင့်ရန်မရှိတော့....၊
နောက်ဆုတ်၍မရ...လမ်းလွဲလို့လဲ မဖြစ်နိုင်........၊
အရှူံးပေးမလား ? အနိုင်တိုက်မလား ?
အဖြေတခုတည်းအတွက် ရွှေးချယ်ရမဲ့ အချိန် ရောက်လာပါပြီ.....၊၊
ကိုယ့်သမိုင်းအတွက် ကိုယ်ကိုယ်တိုင်ဘဲ အဖြေပေးလိုက်ပါတော့......၊
ကိုယ့်သမိုင်းအတွက် ကိုယ်ကိုယ်တိုင်ဘဲ ချရေးပြလိုက်ပါတော့.....၊
သမိုင်းက စောင့် ကြည့်နေပါပြီ....၊
အခြေအနေတွေက အကဲခတ်နေပါပြီ.....၊
အများကလဲ စိတ်ဝင်တစား မျှော်ကြည့်နေပါပြီ....၊၊
မဝံ့မရဲ ဖြစ်နေပြီလား ? .....တဖက်က ပြတ်သားနေပါပြီ.....၊
ချီတုံ ချတုံဖြစ်နေလား ?.......တဖက်က ရှေ့တလှမ်းချင်း တိုးလာနေပြီ....၊
ဆုံဖြတ်ချက်အတွက် တွေဝေနေလား ? ......တဖက်က အလုံးစုံ ချေမှုန်းတော့မည်..၊
ဘာကို မျှော်လင့်နေသလဲ ? ဘယ်အရာကို တောင်းဆု ခြွေနေသလဲ ?......၊၊
၁၃၇၆ခု သက္ကရာဇ်ရဲ့ သမိုင်း စာမျက်နှာအသစ်တရွှက်....
မှတ်တမ်းတင်ခံဖို့ အသင့်စောင့်နေပါပြီ.........၊၊
နှစ်ပေါင်း ၅၀ ကျော် ဗိုလ်ကျ အနိုင်ကျင့် အုပ်ချုပ်ခဲ့တဲ့စစ်အာဏာရှင်စံနစ်ဆိုးကို...
ပြည်သူတရပ်လုံး လမ်းမပေါ်ထွက် ဒုတ် ဒုတ်ချင်း လှံ လှံ ချင်း......ရဲရဲဝံ့ ဝံ့
ပြတ်ပြတ်သားသား ချေမှုန်း အောင်နိုင်ခဲ့ပါသည်ဟု သမိုင်းကဗ္ဗည်းရေးထိုးမလား ? ? ? ......?
ဒါမှမဟုတ် နောင်လာ နောက်သား မျိုးဆက်သစ်တွေက.....
စစ်အာဏာရှင် ရှေ့မှောက် ဒူးထောက် လက်မြောက် အရှုံးပေးလိုက်တဲ့မျိုးဆက်.......အဖြစ်
သမိုင်း ကဗ္ဗည်းရေးထိုးတာ ခံမလား ? ? ?..................၊၊
အာဏာရှင်စံနစ်ဆိုးကြီးကို အရင်ဆုံးတွန်းလှန် ဖြိုဖျက်မှသာလျှင် ဖြစ်မည်ဟု ဖွင့်ဟဟစ်ကြွေးခဲ့သည့် ဒီမိုကရေစီအာဇာနည်ဆရာကြီး ဦးဝင်းတင်အား.. ဤဆောင်းပါးဖြင့် ဂါဝရပြု ကန်တော့အပ်ပါသည် ခင်ဗျား ....