ရိုးရာမှသည်
ခေတ်သစ်ဆီသို့
ငြိမ်းချမ်းအေး။
မိုးမခ
ဧပြီ
၁၈၊ ၂၀၁၄
တရုတ်
ရိုးရာ အခြေခံ နှစ်သစ်ကူး တွေက (တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအို၊ စင်္ကာပူ အစရှိတဲ့
နိုင်ငံတွေမှာ ပြုလုပ်လေ့ရှိတဲ့ နှစ်ကူးတွေက)
လူမှု ထုံးတမ်း ပေမယ့် ကျင်းပပုံက မိသားစု ပုံစံ ပိုဆန်တယ်၊ နှစ်ကူး မှာ မိသားစု
ပြန်လည် ဆုံတွေ့ မိတ်ဆုံ စားတာမျိုး၊ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဘိုးဘေးတွေကို ကန်တော့တာမျိုး
က အဓိက ဖြစ်တယ်။ အိန္ဒိယ ရိုးရာ သက်ရောက်တဲ့
နှစ်သစ်ကူးပွဲတွေကတော့ ပုဂ္ဂလ မိသားစု သဘော ထက် လူ့ အသိုင်းအဝန်း ကို ဗဟိုပြု ကျင်းပလေ့
ရှိတယ်။ (တရုတ် ရိုးရာ နှစ်ကူးမှာလည်း လူမှု
အသိုင်းအဝန်း အလိုက် လုပ်ကိုင်တဲ့ အလေ့အထ တချို့ ရှိပါတယ်၊ အဓိက သဘော ကိုသာ ဆိုလိုခြင်းပါ။)
မြန်မာ၊
ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ယူနန် တရုတ်နယ် အစရှိတဲ့ အရှေ့တောင် အာရှ / အာရှ နိုင်ငံ
တချို့မှာ တွင်ကျယ်တဲ့ အိန္ဒိယ ဟိန္ဒူ ယဉ်ကျေးမှု အခြေခံ ရေသဘင် ဆင်နွှဲ နှစ်ကူး ကြရမှာတော့
မိသားစု ရိုးရာပွဲ၊ ကုသိုလ်ပြု အလှူပွဲ၊ အပျော်အပါး ပွဲ ပုံစံ မဟုတ်ဘဲ လူမှု အသိုင်းအဝန်း
တခုလုံးပါတယ်၊ အသက်အရွယ်စုံ၊ ဇာတိ နောက်ခံ စုံ၊ ဘာသာစကား စုံ ဆင်းရဲချမ်းသာ မရွေး အားလုံး
ပါဝင်နိုင်တယ်၊ ဧည့်သည် တွေလည်း ပါဝင်နိုင်၊ နိုင်ငံခြားသား လူမျိုးကွဲ၊ ဘာသာကွဲတွေလည်း
ဆင်နွှဲနိုင်တယ်။
ဒါဟာ
ထူးခြားတဲ့ လက္ခဏာ ဖြစ်ပြီး ခေတ်နဲ့လည်း ညီတယ်၊ အတန်း အလွှာစုံ ပါဝင်နိုင်တဲ့ လူထု အခြေခံ
လှုပ်ရှားမှုလည်းဖြစ်တဲ့ အတွက် အလေးထား စောင့်ထိန်းအပ်တယ်။ အသွင် အပြင် မတူ၊ အရောင် အသွေး ကွဲ၊ နောက်ခံ ကားချပ်
မတူသူ လူတန်းစား မရွေးဟာ အတူတကွ ပွဲတော် မှာ ကနိုင်၊ ဆိုနိုင်၊ တီးနိုင်၊ အစားအသောက်
တွေ လက်ဆုံ စားနိုင်၊ တဦးနဲ့ တဦး စနောက် ကျီစယ် ရေပက် ကစားရင်း မတူကွဲပြားမှု၊ ကြားခံ
တံတိုင်းတွေ ပျောက်နိုင်၊ အမုန်း အတေးတွေ ရှိခဲ့ရင် ပြေနိုင်၊ ချစ်ကြည်မှုတွေ တိုးပွားနိုင်တယ်။
ဒီ
သဘော ဟာ ရိုးရာ ဓလေ့ ကို အခြေခံ ပေမယ့် ခေတ် လူမှု လောက အမြင်နဲ့ ကိုက်တယ်၊ တနေ့ထက်တနေ့
ဗဟုလောက ပိုဆန်၊ အသွေးအရောင်ပိုစုံလာတဲ့ ခေတ် လူမှု အဝန်းအဝိုင်း အတွက်လည်း တကယ် လိုအပ်လှတယ်။
ဒါ့အပြင်
၂၁ ရာစု ခေတ်သစ်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ချမ်းသာ၊ စည်ပင် ဖွံ့ဖြိုး တိုးတက်ဖို့
အတွက် အင်မတန် အရေးပါတဲ့ ခရီးသွားလာရေး လုပ်ငန်း စီးပွား ကဏ္ဍ အတွက်လည်း ဒီလို ရိုးရာ
ပွဲတော်တွေက အထောက် အကူ ပေးတယ်။
ခရီးသွားလုပ်ငန်းမှာ
တချို့ နိုင်ငံတွေက Safari Tour လိုမျိုး အရိုင်း၊ သဘာဝပတ်ဝန်းကျင် အခြေပြု ခရီးသွား
ကဏ္ဍ ကို အားပြုရတယ်။ တချို့ကျ သဘာဝ အလှ မရှိတော့
လူလုပ် တွေ နဲ့ အံ့မခန်း ဖြစ်အောင် လူလာချင်အောင် လုပ်ကြတယ်၊ လူသား သည်းခြေကြိုက် လောင်းကစား
နေရာ မျိုးတွေ စီစဉ် ထားတတ်တယ်၊ ဥပမာ - သဲကန္တာရ ထဲက လားစ်ဗေးဂတ်စ်၊ ကျွန်းပေါ်က စင်္ကာပူ
စင်တိုဆာ။
တချို့ကျ
ရှေးဟောင်း ယဉ်ကျေးမှု အမွေ အနှစ်၊ ဗိသုကာ လက်ရာတွေကို အဓိက ထားရတယ်၊ ရှေး လက်ရာ ဘုရားကျောင်းတွေ၊
ဗလီတွေ၊ စေတီ ပုထိုး တွေ ကို အခြေပြုရတယ်။
ဒီလို ကိုယ့်မှာ ရှိတဲ့ အနုသုခုမ၊ ဗိသုကာ၊ ယဉ်ကျေးမှု ဓလေ့ ထုံးတွေကို အသုံးပြု
ခရီးသွားစီးပွား လုပ်ငန်း မြှင့်တင် ခြင်း ကို Cultural Tourism လို့ ခေါ်ကြတယ်။ ဒီထဲမှာ တိုင်းပြည်မှာ ရှိတဲ့ လူမျိုးစု တွေရဲ့
လူနေမှု ဘဝ ထုံးစံတွေ၊ ဓလေ့တွေကို ခရီးသွားများအား ပြသခြင်းမျိုးလည်း ပါတယ်။ ဒီသဘောမှာ သင်္ကြန်လို နှစ်သစ်ကူး ရေသဘင် ပွဲတော်
ဓလေ့ ဟာလည်း နိုင်ငံတကာ ခရီးသည်များ အတွက် အထူး စိတ်ဝင်စားရာ ဖြစ်တယ်။
ဒီအချက်ကို
နှစ်သစ်ကူး ရေ သဘင်ပွဲတော် ကျင်းပ လေ့ ရှိတဲ့ တိုင်းပြည်များထဲမှာ ထိုင်း က ကောင်းကောင်း
အသုံးချ နိုင်တယ်။ ရိုးရာ ဓလေ့ ပွဲ ကျင်းပ
ရင်း၊ တိုင်းသူပြည်သားများ အားလပ် ပျှော်ရွှင်၊ အပန်းဖြေစေရင်းနဲ့ တပါတည်း နိုင်ငံတကာ
ခရီးသွားဧည့်သည် ကို ဆွဲဆောင်ကာ တိုင်းပြည် အတွက် နိုင်ငံခြားဝင်ငွေ ရှာနေနိုင်တယ်။
ဒီ
ရိုးရာ ဓလေ့ အခြေခံ ခရီးသွား လုပ်ငန်း က ကမ္ဘာမှာ အောင်မြင် ထင်ရှား၊ တိုင်းပြည် ဝင်ငွေ
တိုးစေနိုင်မှန်းသိတော့ ဒေသတွင်းက အမြင် ကျယ်တဲ့ စင်္ကာပူ က ဒီနှစ် ၂၀၁၄ မှာ ထိုင်း စွန်ခရမ်
စတိုင် ရေသဘင် နှစ်ကူး ပွဲတော် မျိုး စင်္ကာပူရဲ့ အကြီးကျယ်ဆုံး ရေကစား ပွဲတော် အဖြစ်
ကျင်းပဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် ကိုယ့်ရဲ့
နိုင်ငံခြား ခရီးသွား လုပ်ငန်း စားကျက် ကို လာလုချင်တာ မှန်းသိတဲ့ ထိုင်းက အပြင်းအထန်
ကန့်ကွက်ခဲ့တယ်။ “ယဉ်ကျေးမှု သူခိုး” မလုပ်ဖို့
ထိုင်း စာနယ်ဇင်း နဲ့ ပြည်သူတွေ ဝိုင်းအော်ခဲ့ကြတယ်။
စင်္ကာပူ
အစိုးရကလည်း နောက်ဆုံး မတတ်သာတော့ ရေပက်တဲ့ ကိစ္စ တွေ ကို အကျဉ်းချုံးချ ဖို့ အမိန့်ထုတ်ရ၊
စီစဉ်ထားတဲ့ (၂) ရက် အစား (၁) ရက်ပဲ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ရတယ်။ ဒါပေမယ့် အရင် လ (မတ်လ) က ကျင်းပသွားတဲ့ စင်္ကာပူ
ရဲ့ ပထမဦးဆုံး ရေကစားပွဲတော် က အစ ပဲ၊ သူတို့ တိုင်းပြည် အကျိုးမျှော်ပြီး တနည်းနည်း
နဲ့ အရှည်တည်အောင်၊ ကြီးထွားအောင် ကြံမှာပဲ။
ဒါမှ Ecotourism, Cultural Tourism အားနည်းတဲ့ သူတို့ နိုင်ငံ အတွက် နိုင်ငံတကာ
ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့ ယဉ်ကျေးမှု၊ ဓလေ့ အခြေပြု ပွဲတော် တခု အနာဂတ်မှာ
ဖြစ်တည်လာမှာပေါ့။
(စကားချပ်
- စင်္ကာပူ ဟာ ဒေသတွင်းမှာ မွေးစားဓလေ့ ကို အသုံးချပြီး အဘက်ဘက်မှာ ပေမီဒေါက်မီ နိုင်ငံကြီး
ဖြစ်အောင် အမြန်ဆုံး လုပ်နိုင်ခဲ့တယ်။ ဘောလုံး
အားကစား မှာ ဆိုရင်လည်း အလားတူ သဘောပဲ မွေးစားသား တွေ အသုံးပြု ထောင် တက်လာခဲ့တယ်။ စင်္ကာပူသားများ သူတို့ ဘောလုံးပွဲ ကို စိတ်မဝင်စား၊
အားမပေး၊ မျိုးချစ်စိတ်ဓာတ် မထက်သန်လှဘူး ဘယ်လောက် ပဲ ဆိုဆို နိုင်ငံတကာ မှာ အောင်မြင်မှု
မှတ်တမ်းဝင်နိုင်တာဟာ တိုင်းပြည် ဂုဏ်သိက္ခာ တက်သလို အသိအမှတ်လည်း ပြုရမှာပါ။ မွေးစားတာကို တိုင်းပြည်တိုင်း မလုပ်နိုင်စွမ်းပါ၊
ကိုယ့်ဆီ လူလာနေချင်အောင်၊ မွေးစားခံချင်အောင် တိုင်းပြည် နောက်ခံ စနစ် ကောင်း၊ ဥစ္စာ၊
ဓန ပြည့်စုံမှ ဖြစ်မှာပါ။)
ဆိုခဲ့သလိုပဲ
ဒေသတွင်းမှာ ထိုင်း နဲ့ စင်္ကာပူ ဟာ ခရီးသွားလုပ်ငန်း ကို ပုံစံမျိုးစုံ နဲ့ အအောင်မြင်စုံ
စွမ်းဆောင်နိုင်နေတယ်။ သူတို့ နောက်က မလေး၊
အင်ဒို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို ရှိတယ်။
ထိုင်း၊
စင်္ကာပူ ဟာ (မလေး လည်း တချို့ ကဏ္ဍ တွေမှာ ပါတယ်) အပန်းဖြေ မှု (Recreational
Purposes) အတွက် အပြင် ဆိုခဲ့တဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံး လေ့လာမှု အခြေပြု ခရီးသွားလုပ်ငန်း၊
ဆေးကုသမှု အခြေပြု (Medical Tourism) ခရီးသွား လုပ်ငန်း၊ ပညာရေး အခြေပြု ခရီးသွား လုပ်ငန်း
(Educational Tourism) တွေမှာလည်း အောင်မြင်နေတယ်။
ဒေသန္တရ
ဗဟုသုတလည်း ရ၊ အပန်းဖြေ ခရီး ထွက်ပြီးသားလည်း ဖြစ်တဲ့ အတွက် တိုင်းတပါး မှာ စာသင်၊
ဆေးကု လုပ်လိုမှု ဟာ ဖွံ့ဖြိုးပြီး လူချမ်းသာ တိုင်းပြည်တွေမှာ ရေပန်းစားနေတယ်။ အနောက်ကမ္ဘာ က ပုဂ္ဂိုလ်များ သွားစိုက်တာ၊ မျက်နှာ၊
ရင်သား ပြုပြင် ခွဲစိတ် ပြုပြင်တာမျိုး စတဲ့ သူတို့ဆီမှာ ကုန်ကျစားရိတ် ကြီးလှတဲ့ ကျန်းမာရေး
ဝန်ဆောင်မှုမျိုးအတွက် ဈေးသက်သာ၊ ဝန်ဆောင်မှု ပြည့်တဲ့ ထိုင်း ကို ပဲ သွားကြတယ်။ အာရှ တိုက် အများစု က အထူးသဖြင့် ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေက
ပညာ ရှာလိုသူ များ စင်္ကာပူ က ကျောင်းတွေကို သွားကြတယ်။
အိမ်သာတော့
သူတို့ ဆီ ဧည့်လာကြတာပေါ့။ တနည်း ဧည့်လာအောင်
ကိုယ့် အိမ်ကို မသာ သာ အောင် သူတို့ ကြံဆောင် စီစဉ် ထားကြတယ်။
ဗမာပြည်မှာတော့
ပြောင်းပြန် သဘာဝ အလျောက် တည်ရှိ၊ ရိုးရာ ဓလေ့ အစဉ်အလာ ကြီးမား မှု အရ သန္ဓေ တည်ပြီး
ဖြစ်နေတဲ့ Ecotourism, Cultural Tourism အတွက် အသုံးချစရာ ကိုယ့်ရဲ့ အားသာချက် အရင်းအမြစ်
အမျိုးမျိုး ကို ကောင်းကောင်းမွန်မွန် အကျိုးရှိ အပြည့်အဝ အသုံးမချနိုင်သေးဘူး။
ရိုးရာ၊
ယဉ်ကျေးမှု၊ ဓလေ့ ခိုင်မာ အစဉ်အလာကြီးမားမှု၊ လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံ ရဲ့ အခြေကျပြီး
ဓလေ့ ပေါင်းစုံ တနေရာတည်း တည်ရှိနေမှု၊ အပူပိုင်း၊ အအေးပိုင်း၊ နှင်းတောင်၊ ပင်လယ်ကမ်းခြေ
သဘာဝ ဝန်းကျင် ရှုခင်း အဖုံဖုံ တနိုင်ငံတည်းမှာ တွဲလျက် တည်ရှိနေမှုမျိုး ခရီးသွားလုပ်ငန်း
အားသာချက် အပြည့်အဝ ရှိတဲ့ ဗမာပြည်လို တိုင်းပြည်မျိုး ကမ္ဘာ မှာ သိပ်အများကြီး မရှိလှဘူး။
ဒါပေမယ့်
တိုင်းပြည်မှာ သေနတ်တကယ်ပစ်တဲ့ ဗမာပြည်က ကောင်းဘွိုင် သေနတ်ခါးကြားထိုး ဗိုလ်အောင်ဒင်
စနစ်ကြီးစိုးနေခြင်းနဲ့ အတူ လူမျာစု၊ လူနည်းစု လူစု အသီးသီး အချင်းချင်း ရန်စောင်၊
စားမာန်ခုပ် နေရတာနဲ့ ပဲ အိမ်သာ၊ ဧည့်လာ တဲ့ဘက် အပြည့် မလှည့်နိုင် ဖြစ်နေရတယ်။
ခရီးသွားလုပ်ငန်း
စီးပွား ကို စက်ရုံကြီးတွေ ဆောက်၊ မီးခိုး တွေ တလူလူ ထွက်ရင်း သဘာဝ ပတ်ဝန်းကျင် နဲ့
လူ့ ကျန်းမာရေး အထိခိုက်ခံ စက်မှု စီးပွားရှာ ရမှု ထက် ပို ကောင်း၊ ခေတ်သစ် နဲ့ အံဝင်လို့
မီးခိုးမထွက်တဲ့ Smokeless Industry လို့ နိုင်ငံတကာ မှာ သတ်မှတ်လေ့ ရှိကြတယ်။ ဗမာပြည်မှာတော့ မီးခိုးမထွက်တဲ့ စီးပွားရေး ကဏ္ဍ ကတော့
ကြီးထွား သင့်လျက် (ကြီးထွား နိုင်စွမ်း ရှိလျက်) မကြီးထွားဘဲ မီးခိုးနံ့ တသင်းသင်း၊
ယမ်းနံ့ တဝေဝေ၊ မီးလောင်ရာ အပြည့် ဖြစ်စေတဲ့ ပြည်တွင်းစစ်၊ တိုင်းရင်းသား ပဋိပက္ခ နဲ့
လူမျိုး၊ ဘာသာ အမုန်းတွေ ကသာ မကြီးထွား သင့်ဘဲ ပြင်းထန် ကြီးထွား ဝမ်းနည်းဖွယ် အမြစ်တွယ်
နေတယ်။ အခု ရက်ပိုင်းတင် သင်္ကြန်ပွဲတော် ကို
လူအများ စိတ်ရောက်နေမှုကို အသုံးချ အစိုးရ စစ်တပ် က ကချင် ကို ထိုးစစ် ဆင်နေတယ် မဟုတ်လား
ခရီးသွား
လုပ်ငန်း အတွက် တန်ဖိုးရှိ၊ အရေးပါ တဲ့ အပြင် တိုင်းပြည် ရဲ့ အမှတ်အသား လို နေရာမျိုးဖြစ်တဲ့
ပုဂံ လို ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်း ဝင်နိုင်တဲ့ နေရာမျိုးကျ ဖြုတ်ဦးနှောက်
ပိုင်ရှင် ဗိုလ်အောင်ဒင် များက ဂေါက်ကွင်းဆောက်လိုက်၊ မျှော်စင်တည်လိုက်၊ ဘုရား ရွှေချလိုက်နဲ့
စနစ်တကျ ဖျက်စီးကြသေးတယ်။
အခြေခံ
နိုင်ငံရေး စနစ်၊ အုပ်ချုပ်စနစ် က မကောင်း ကိုယ်ကျိုးရှာမှုများ၊ ခြစားနေတော့ တိုင်းပြည်
ရဲ့ လူမှု၊ စီးပွား၊ ကျန်းမာ ရာသီဥတု ကလည်း အဖတ်ဆည်မရ ပျက်စီးနေတယ်။ အကျိုးဆက် အနေနဲ့ ဆင်းရဲတဲ့ တတိယ နိုင်ငံ ဖြစ်ပေမယ့်
ခရီးသွားဝန်ဆောင်မှု လုပ်ငန်း ဖွံ့ဖြိုးမှု အတွက် အရေးပါတဲ့ မြေဈေး၊ အိမ်ဈေး တွေ က
ကမ္ဘာ့ လူချမ်းသာ တိုင်းပြည်များ အတိုင်း ခေါင်ခိုက်နေတယ်။ ဟိုတယ် ခ တွေက ဒေသတွင်းမှာ ဈေးအကြီးဆုံးဖြစ်နေတယ်။ အစားအသောက် သန့်ရှင်းမှု၊ ကျန်းမာရေး ညီညွန်မှု က
ကမ္ဘာ့ အနိမ့်ဆုံး အဆင့်ဝင်နေတယ်။
နိုင်ငံတကာ
လှည့်နေတဲ့ ခရီးသွားတွေ အများအပြား ကို ဆုံဖူးတယ်။ သူတို့ အများစု အရှေ့တောင် အာရှ နိုင်ငံ အားလုံးလိုလို
ကို ရောက်ဖူးတယ်၊ ဒါမှမဟုတ် သွားဖို့ အစီအစဉ် ရှိတယ်။ ဒါပေမယ့် ဗမာပြည်တော့ မပါဘူး။ အရင် တံခါးပိတ်ထားလို့၊ စီးပွားရေး ပိတ်ဆို့ထားလို့၊
လုံခြုံမှု မရှိဘူးထင်လို့ ဆိုတဲ့ အကြောင်းတွေ အပြင်မှာ အဓိက အကြောင်း တခု က နိုင်ငံတကာ
က လူသာမန် လူတန်းစား အများစု လက်လှမ်းမီ၊ လာချင်တဲ့ စရိတ်စက မျိုး ဖန်တီး မထားနိုင်တာကြောင့်
ပါပဲ။
ဒီလို
အနေအထား မှာ အိမ်နီးချင်း ထိုင်း က ခရီးသွား၊ အပန်းဖြေ၊ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့
ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ တိုင်းပြည် ဓန ကို တည်ဆောက် ဖွံ့ဖြိုး တိုးတက်မှု လမ်းကြောင်း
ကို လျှောက် လှမ်းနေပေမယ့် ဗမာပြည် မှာတော့ အခုမှ စလုံးရေ စ အဆင့် မှာပဲ ရှိနေသေးတယ်။ ကိုယ့်ဆီမှာ အခြေတည်ပြီး အရာတွေနဲ့ ဘယ်လို တိုင်းပြည်
အကျိုး ရှိအောင် စွမ်းဆောင်နိုင်တယ် ဆိုတဲ့ စီမံခန့်ခွဲမှုစွမ်း ဦးနှောက်မျိုးတွေ
တိုင်းပြည် ဝါဒ ဖော်ဆောင်ရေး လုပ်ငန်းစဉ်မှာ ပါဝင်နိုင်မှု နည်းနေသေးတယ်။
ဒါ့အပြင်
သူများ ဆီမှာ ဘာတွေ လုပ်နေတယ် ဆိုတာကို အတုယူ ပြုပြင် ပြောင်းလဲ သင့်တာကို ပြုပြင်၊
ထိန်းသိမ်းသင့်တာကို ထိန်းသိမ်း မျှမျှတတ အမြင်ကျယ် ရမယ့် စိတ်ဓာတ်၊ အကျင့်လည်း မဲ့နေတယ်
လို့ ယူဆရတယ်။
အခု
သင်္ကြန်လို နှစ်သစ်ကူး ပွဲတော်မျိုး မှာ ဆိုရင် ပို သိသာတယ်၊ လူအများ အမြင်၊ ခံယူချက်က
ရိုးရာ ယဉ်ကျေးမှု ဘောင် ကို မကျော်နိုင်ဘူး။
ဒါမျိုး ရိုးရာ ဓလေ့ ကို ခေတ်သစ် ပုံစံ နဲ့ ပေါင်းစပ် တိုင်းပြည် အကျိုးရှိအောင်
လုပ်နိုင်ကြောင်း ကို ကျော် မကြည့်ချင်ကြဘူး။
အမြင်ကျယ်၊ ကျော်ကြည့်တတ်တဲ့ ထိုင်းကတော့ ဒီလို ရိုးရာ ဓလေ့ ကို အသုံးချ ခရီးသွားလုပ်ငန်း
တိုးတက်အောင် လုပ်တယ်၊ စင်္ကာပူ က အခုဆို (အထက်မှာ ဆိုခဲ့သလို) စတင် ပုံတူကူးချဖို့ ကြိုးစားလာတယ်။
ဗမာပြည်မှာတော့
အခုထိ ခေတ်ဝတ်စားဆင်ယင်မှု ဖက်ရှင် အပြောင်းအလဲ၊ အနောက်တိုင်း ခေတ်ဂီတ ပုံစံ တွေပါလာမှု၊
စင်တင် အက ပွဲ တွေ ဖြစ်လာမှုကို သရုပ်ပျက်ယဉ်ကျေးမှု ခေါင်းစဉ်အောက် ထည့် ဆန့်ကျင် အပြစ်တင်
ထိန်းချုပ်ချင်နေတုန်းပဲ ရှိသေးတယ်။ ဘာတဲ့
ယဉ်ကျေးမှုရဲ တွေ ထားသင့်တယ် ဆိုပါလား၊ လူတချို့ ဆိုကြတယ်။ ကျောချမ်းစရာ အဆို၊ ကိုယ့် လူ့ အဖွဲ့အစည်း ကို ရာစုနဲ့ချီ
နောက်ပြန် သွားချင် နေကြပါ့လား။
သင်္ကြန်မတိုင်ခင်ကလေးကပဲ
ဧရာဝတီ မှာ မန္တလေး စာရေးဆရာကြီး တယောက် က ရေးတယ်၊ “မယဉ်ကျေးတဲ့ ကျုံးဘေး သင်္ကြန်ကို
လက်မခံပါ” ဆိုပဲ။ တိုင်းတပါး ယဉ်ကျေးမှု တွေ
လွှမ်းမိုးလာ၊ လူမျိုးခြား စီးပွား ပုံရိပ်တွေ ကြီးစိုးလာတာကို မလိုလားနိုင်ဘူး သဘောပေါ့။ ရိုးရာ ဓလေ့ ယဉ်ကျေးမှု ဆိုကြတဲ့ သင်္ကြန် ကိုယ်တိုင်
က ဟိန္ဒူ ဟိုးလီး ပွဲတော် ဓလေ့ ကနေ ကူးစက် မွေးစားယူခဲ့ခြင်း ဆိုတာကို မျက်ကွယ်ပြု
ထားချင်ကြတယ်။ လူသား သမိုင်းမှာ ယဉ်ကျေးမှုတွေ၊
ဓလေ့တွေ၊ အနုသုခုမ၊ ဗိသုကာ လက်ရာတွေ၊ ဝတ်စားဆင်ယင်မှု တွေ ဟာ တခတ်ပြီး တခေတ်၊ နိုင်ငံ၊
လူမျိုး အစုစု ကူးလူးစပ်ယှက် ပြောင်းလဲ တိုးတက် ဖြစ်တည် နေကြတယ် ဆိုတာ လူမှု-သဘာဝ ဖြစ်စဉ်ကြီးပါ။
တိုင်းပြည်
ကို ကမ္ဘာ့ အဆင့်မီချင်ရင် ကမ္ဘာ က အရာ တွေ ကိုယ်ဆီ စိမ့်ဝင်မှုကို လက်သင့် ခံရမှာပါ။ အမှိုက်သရိုက်တွေ မဝင်ဖို့ နဲ့ အတုမယူ သင့်တာတွေကို
မယူမိစေဖို့ က နောက်ခံ စနစ် အဖွဲ့အစည်း အဆောက်အအုံ ကောင်းအောင် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး
အသိ၊ သတိ၊ အတွေးအခေါ် အမြင် ကျယ်ပြန့်အောင်၊ လူမှု-စီးပွား အဆင့်အတန်းမြင့် အောင် လုပ်ရင်း စွမ်းဆောင် ပြုပြင်ယူရမှာပါ။
တကယ်တော့
သင်္ကြန်လို ရိုးရာ ပွဲမျိုးကို ဓလေ့ မှာလည်း အခြေတည်လာခဲ့ပြီး (ဆောင်းပါး အစမှာ ဆိုခဲ့သလို)
ခေတ်သစ် ဗဟုယဉ်ကျေးမှု နဲ့လည်း ဆီလျောတဲ့ ဆူကြုံနိမ့်မြင့် လူတန်းစားစုံ၊ အရောင်အသွေးစုံ
ပျော်ရွှင် ပါဝင် ချစ်ကြည်မှု သဘောမျိုးကို အသားပေး တင်ဆက်ခြင်း၊ ရိုးရာ ဓလေ့ ထိန်းသိမ်းကျင့်သုံးရင်း
တိုင်းပြည် စီးပွား ဥစ္စာ ဓန တိုးတက်ကြီးပွားအောင် ခေတ်မီမီ ကမ္ဘာကြည့်ကြည့် စွမ်းဆောင်ခြင်းမျိုးကိုသာ
ဇောင်းပေး လုပ်ဆောင်အပ်တယ်။ ရိုးရာ ယဉ်ကျေးမှု
ဆိုပြီး ဘောင်ခတ်၊ အမြင်ကျဉ်း ခေတ်နောက်ပြန်ဆွဲမှုမျိုးအဖြစ် သက်သက် မဖော်ဆောင်သင့်ပါဘူး။
တဂိုး
ရဲ့ ရှန်တိနိကေတန် ထွက် ဗမာ့ ပန်းချီ ကျော် ဗဂျီအောင်စိုး ကတော့ ဗမာ့ပန်းချီလောက အနာဂတ်
အကျိုး အတွက် “ရိုးရာမှသည် ခေတ်သစ် ဆီသို့” လို့ ဆိုခဲ့ဖူးတယ်။ တကယ်တော့ ဒီ အမြင် ဒီ သဘောကို တိုင်းပြည် ရဲ့ ကဏ္ဍ
အသီးသီး အတွက် ခံယူ အသုံးချနိုင်ပါတယ်။ အရာရာမှာ
ရိုးရာ ကို အခြေခံပြီး ခေတ်သစ်ကို ခြေလှမ်းနိုင်ရင် တိုင်းပြည်အတွက် အကျိုးကျေးဇူးကြီးမှာ
ဖြစ်တယ်။
အချိန်လု
လုပ်ရတဲ့ ကိစ္စ တွေ မှာ “Time is of the essence” ဆိုပြီး အချိန်ရဲ့ အဖိုးတန်မှု တန်ဖိုး
ကို အလေးထား အလျင်လိုဖို့ တိုက်တွန်း ဆိုလေ့ရှိကြတယ်။ အခုလို အချိန် နဲ့ တပြေးညီ ယှဉ်ပြိုင် Real
Time စနစ် အခြေခံ စွမ်းဆောင် နေရတဲ့ နည်းပညာ ခေတ်လွန် ဆန်းသစ် စဉ်းစားတွေးခေါ်မှု အိုင်ဒီယာ အခြေပြု
(၂၁) ရာစု ခေတ်သစ်မှာ ရိုးရာ ကိုချည်းဖက်တွယ် မနေဘဲ “ရိုးရာမှသည် ခေတ်သစ် ဆီသို့”ကျင့်ကြံ
လုပ်ကိုင်ဖို့ရာ အိမ်နီးချင်း တိုင်းပြည်များနဲ့ ယှဉ်ရင်ကို အချိန်လွန် နောက်ကျ ကျန်ရစ်နေပြီ
ဖြစ်ကြောင်း၊ အချိန်မရှိတော့ကြောင်း ကို အခုလို မြန်မာ့နှစ်သစ်ကူး မင်္ဂလာ အချိန်မှာပဲ
နှစ်သစ်ကူး ဆန္ဒ အဖြစ် ဖော်ထုတ် တင်ပြလိုက်ကြောင်းပါ။
ငြိမ်းချမ်းအေး
မိုးမခ။ ဧပြီ ၁၇၊ ၂၀၁၄
