ငြိမ်းချမ်းအေး - သင်္ကြန်နား နီးလာတိုင်း ယဉ်ကျေးမှု ယဉ်းနာထချင်နေသူများ ဖတ်ဖို့

သင်္ကြန်နား နီးလာတိုင်း ယဉ်ကျေးမှု ယဉ်းနာထချင်နေသူများ ဖတ်ဖို့
ငြိမ်းချမ်းအေး
ဧပြီ ၈၊ ၂၀၁၄

Photo @ Aung Htet

အခုလို သင်္ကြန် အချိန်အခါရောက်ရင် မီဒီယာတွေမှာ၊ အထူးသဖြင့် အွန်လိုင်းမှာ ယဉ်ကျေးမှု သူငယ်နာ မစင်တဲ့ စာများ မိုးဦးကျမှို တွေလို တွေ့ရတော့မယ်။  ကိုယဉ်ကျေး ဓာတ်ပုံဆရာများ ချက်ကောင်း စောင့် လက်စွမ်းပြထားတဲ့ အမျိုးသမီးငယ်လေးများရဲ့ အမြင်မတော်ပုံများ ချပြ ပါးစပ် အရသာခံ သားပြော မယားပြော၊ မှိုချိုးမျှစ်ချိုး ပြောကာ ယဉ်ကျေးမှု ကို ထိန်းသိမ်းကြတော့မယ်။  သုရာ မေရိယ ကံ ထိန်းဖို့ ကို ဘုရား အဆူဆူ က အမျိုးသမီးများ အတွက်ပဲ ကွက် ဟောခဲ့၊ တားခဲ့ သည့် အလား ခေတ်လူငယ် မိန်းကလေးငယ်များ ဘီယာ၊ အရက်သောက်ခြင်း ကို မနှစ်မြို့နိုင်တဲ့ ယမကာချိုးကပ် ယောက်ျား ရင့်မာကြီး ဆိုသူများရဲ့ အရက်နံ့ မပြယ်တဲ့ မူးကြောင်ကြောင်၊ ရူးကြောင်ကြောင် အတွေးအခေါ်၊ အောက်ကလိအာ အသံများ ညံတော့မယ်။

တနှစ်ထက်တနှစ် ပိုကြီးထွားလာနေတဲ့ ယောက်ျားကြီးဝါဒ အခြေခံ အပြော၊ အဟော၊ အရေးတွေ မြင်ရ၊ ကြားရဖန်များလာတော့ ဗမာ့ လူ့အဖွဲ့အစည်း ရဲ့ အနာဂတ်အတွက် စိုးရိမ်မိတယ်။  အထူးသဖြင့် အခုခေတ်လို အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု ဗန်းပြ လူသား ဂုဏ် သိက္ခာ နဲ့ အခွင့်အရေး ထိပါးချင်တဲ့ ခေတ်ကြီးမှာ ပိုလို့ စိုးရိမ်စရာ ကောင်းလာတယ်။  အတုမယူသင့်ရာ ကမ္ဘာ့ ရှေးရိုးစွဲ လူ့အဖွဲ့အစည်း တချို့ က ဓလေ့ထုံး၊ အမြင်၊ အလုပ် တချို့ ကို ဗမာ့ လူ့အဖွဲ့အစည်းမှာ ရှေ့တန်းတင်၊ သွတ်သွင်းချင်လာကြတာ ကျောချမ်းစရာပဲ။

အမျိုးသမီး ဆိုတာ ယောက်ျားများ လိင်အာသာဖြေရာ၊ ပြုစုစောင့်ရှောက် ခိုင်းစေရာ အစေအပါး မဟုတ်ဘူး။  မိမိ ခန္ဓာကိုယ် ရွေးချယ်မှု အတွက် သူတပါး က စီမံ ပေးစရာမလိုဘူး၊ ကျား များ စိတ်တိုင်းကျ ပုံဖော် ထုဆစ်၊ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်၊ ပြောသလို ဝတ်ရအောင် သက်ရှိရုပ်ထု မဟုတ်ဘူး။  သွေးနဲ့သားနဲ့၊ ကိုယ်ပိုင်ခံစားချက်၊ အတွေးအမြင်၊ ဦးနှောက်နဲ့ တည်ဆောက်ထားတဲ့ ယောက်ျား တန်းတူ လူသား သာ ဖြစ်တယ်။

ဗမာပြည်ရဲ့ ယောက်ျားကြီးဝါဒ အကြောင်း ထောက်ပြရင် ထုံးစံအတိုင်း ပြန်ပြီး ဆင်ခြေ ပေးကြပါဦးမယ်။  အိမ်နီးချင်း တိုင်းပြည်ကြီးများ နဲ့ ယှဉ်ရင်၊ ဘယ်ဘာသာဝင်တွေနဲ့ နှိုင်းစာရင် မြန်မာ အမျိုးသမီးများ သမိုင်း အစဉ်အဆက် လူ့ အခွင့်အရေး အပြည့်အဝရ၊ လူမှု၊ စီးပွား၊ ပညာ ကဏ္ဍ အသီးသီးမှာ ဘယ်လို ဦးဆောင်နေကြောင်း တွေ အပ်ကြောင်းထပ် ပြန်ပြောချင်ကြပါဦးမယ်။

မြန်မာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍ နဲ့ ဦးဆောင်မှု လူ့အဖွဲ့အစည်းမှာ အထိုက်အလျောက် မြင့်မားတာ မှန်ပေသိ၊ ဒီ အခြေအနေကို ကျေနပ်ရောင့်ရဲ တင်းတိမ် နေစရာ အကြောင်းမရှိဘူး။  စနစ် အဖွဲ့အစည်း နဲ့ လူမှု ဓလေ့ထုံးတွေက ကျားဗဟိုပြု အကြောင်း၊ ဖြစ်ရပ် ကိစ္စတွေကို ပြောရမယ်၊ ဆိုရမယ်။  အမျိုးသမီး အခွင့်အရေး ဘယ်လောက် ရနေ ရနေ အခြေခံ သဘော မှာ မိန်းမ ဆိုရင် ကို ယောက်ျားနဲ့ မတူ တဆင့်ချ မြင်၊ ပြုမူ ဆက်ဆံနေမှုတွေကို ဆန့်ကျင်ရမယ်။  ဝေးဝေး သွားမကြည့်ပါနဲ့၊ အသက်မွေးဝမ်းကြောင်း တက္ကသိုလ်ဝင်ခွင့် အမှတ် သတ်မှတ်ရာမှာ ကျား၊ မ အမှတ် ခွဲခြားထားမှုကိုပဲ အရင် ပျောက်အောင် တိုက်ရပါဦးမယ်။

လူမှု လောက မှာ ဆိုရင်လည်း ကာတွန်း ဆရာများ၊ လူရွှင်တော်များ၊ စာရေးဆရာ ဆိုသူများ သရော်စရာ ရှာမရရင် နောက်ဆုံး ယဉ်ကျေးမှု ခေါင်းစဉ်တပ် အမျိုးသမီး အဝတ် ဝတ်တာ၊ ရင်ဘတ်ဟိုက်တာ ဘက်ပဲ လှည့်နေကြတယ် မဟုတ်လား။

ယဉ်ကျေးမှု ဆိုတာ တကယ်တော့ လူသား အတွေးအခေါ် အိုင်ဒီယိုလော်ဂျီ အခြေခံပဲ၊ အတွေးအခေါ် ဒဿန ဆိုတာကလည်း လူ့အဖွဲ့အစည်းမှာ ကြီးစိုးရာ ခြယ်လှယ်စွမ်းသူ လူတန်းစား “Exploiter Class” တစုက စိတ်ကြိုက် တည်ဆောက်ယူထားတဲ့ ပုံသဏ္ဌာန် သဘောပဲ။  ဒါကို ဘာသာရေး ကျင့်ဝတ်လိုလို၊ ကိုယ်ကျင့်တရား လိုလို ပုံဖျက် အကျိုးအကြောင်း ဆက်၊ ယုတ္တိချ ပြခြင်း သဘော သက်သက် ထက် မပိုဘူး။

လူသား ယဉ်ကျေးမှု “Civilisation” ဖြစ်စဉ် မှာ ဝတ်စားဆင်ယင်မှု ဓလေ့ ဟာ အရေးပါတာ မှန်တယ်၊ ဒါပေမယ့် လူ့ကျင့်ဝတ် တရား၊ သိက္ခာ နဲ့ တိုက်ရိုက် အချိုးမကျဘူး။  ဆင်ယင်မှု ဓလေ့ ဟာ ကာလံ၊ ဒေသံ၊ ဝန်းကျင် ရာသီဥတု အပူအအေး ဒဏ် ကာကွယ် လုံခြုံမှု က အဓိကပဲ၊ ဒါ့အပြင် လူသား အရည်အသွေး အလှအပ ကို ခံစား ဖော်ထုတ် ဖန်တီးတတ်မှု နဲ့ ခေတ်ရေစီးကြောင်း ဖက်ရှင် အပေါ် မှာသာ အခြေခံတယ်။

ဥပမာ ကမ္ဘာ့ အရှေ့အလယ်ပိုင်း သဲကန္တာရ ဒေသမှာ ကိုးကွယ်မှု အယူဝါဒ တွေ မပေါ်ခင်ကတည်း က လူသား ဝတ်ဆင်မှု ဓလေ့ ဝတ်ရုံရှည်ခြုံခြင်း၊ ခေါင်းဆောင်းရခြင်း ရှိတယ်။  ‘မ’ မို့ တကိုယ်လုံး လုံအောင် ဖုံးရခြင်း မဟုတ်၊ ‘ကျား’ လည် ဖုံးရတယ်၊ လုံအောင် မဖုံးရင် ပြင်းထန်တဲ့ ရာသီဥတု အပူဒဏ်ကို မခံနိုင်ဘူး။  မယုံရင် အတို၊ အပြတ် နဲ့ သဲကန္တာရထဲ သွားနေကြည့်ပေါ့။  ဂျူးဖြစ်ဖြစ်၊ အာရပ်ဖြစ်ဖြစ်၊ ပါရှန်ဖြစ်ဖြစ် အဝတ်အစား သဘော က အဓိက ဥတုရာသီ ကို အခြေခံတာပဲ။  ဒီလို ဝန်းကျင် အခြေပြု ဝတ်ဆင်မှု ထုံးကို မှ နောက် ဘာသာအယူဝါဒတွေ ပေါ်လာချိန်မှာ ဘာသာဓလေ့ထုံးအဖြစ် ထည့်သွင်းလာတာကြောင့် အဲ့ဒီ ပထဝီဝင် ဒေသမှ ပေါက်ဖွားလာရာ ဂျူး ရာဘီ၊ ခရစ်ယာန် ရဟန်း၊ သီလရှင် နဲ့ မွတ်ဆလင် ဗလီ ဆရာ အကုန် အဝတ်ခြုံ၊ ဦးထုပ်ဆောင်းနေကြတာပေါ့။  ဆိုချင်တာက လူတွေ တည်ဆောက်ယူတဲ့ ယဉ်ကျေးမှု၊ အယူဝါဒ၊ ဓလေ့ ဆိုတာက သဘာဝ ကာလ၊ ဒေသ၊ ဥတု အပေါ် အရင် အခြေခံတယ် ဆိုတာကိုပါ။

ဗမာပြည်မှာ ဖြစ်ပေါ်တိုးတက်လာခဲ့တဲ့ လူ့ယဉ်ကျေးမှု ဖြစ်စဉ်အရ ဆိုရရင် သမိုင်းမတင်မီ နဲ့ တင်ပြီး ခေတ်ကစလို့ ဝတ်စားဆင်ယင်မှု ဓလေ့ “Culture” ဟာ ဆိုခဲ့တဲ့ ကာလ၊ ဒေသ၊ ဥတု နဲ့ လူ့အဖွဲ့အစည်း မှာ ဖြစ်ပေါ်တိုးတက်လာရာ ဖက်ရှင် အပေါ်မှာသာ တည်မှီပြီး ပြောင်းလဲ တည်ရှိလာခဲ့တယ်။  မြန်မာ (ဗမာ) တွေ ဧရာဝတီ မြစ်ဝှမ်း အပူပိုင်း တောင်ကြား ဒေသ မရောက်ခင် အရှေ့ပိုင်း ကုန်းမြင့်တွေပေါ် နေခဲ့တုန်းက အအေးဒဏ် ရာသီဥတု နဲ့ လျော်ညီတဲ့ ဝတ်စုံတွေ ဝတ်မယ်။  အပူပိုင်းဒေသ ပြောင်းရွှေ့လာတော့ အနွေးဝတ်တွေ ခွာချမယ်၊ ပျူလို၊ မွန်လို အိန္ဒိယ ယဉ်ကျေးမှု နဲ့ ထိစပ် နှီးနွယ်ပြီး မတူကွဲပြားတဲ့ လူအုပ်စုတွေနဲ့ ထိတွေ့လာရတော့ သူတို့ ဆီက ဝတ်စားဆင်ယင်မှု ဖက်ရှင် အပါအဝင် ဓလေ့ထုံးတွေ၊ ကိုးကွယ်မှု အယူဝါဒ တွေ ယူမယ်။

ဗမာ့ သမိုင်းတင်ပြီး ပျူခေတ်၊ ပုဂံခေတ် က စလို့ နောက်ပိုင်း ခေတ်တလျှောက် အမျိုးသမီး ဆင်ယင်မှု ဖက်ရှင် ကိုကြည့်ရင် ခေတ်ရေစီးကြောင်း အလိုက် ရင်သားဖော်၊ ရှေ့ကွဲ နောက်ကွဲ ပေါင်တံ အလှ ဖော်၊ ခန္ဓာကိုယ် အလှ တင်သား ကောက်ကြောင်းပေါ် ဒီဇိုင်း မျိုးစုံ တွေ့ရမယ်။  အနောက်တိုင်း ယဉ်ကျေးမှု မှ ဖော်တာ၊ ပေါ်တာ မဟုတ်၊ အရှေ့-အနောက် အကုန် သဘာဝ ဥတု ဝန်းကျင်က ခွင့်ပြုသလောက် ဖော်ကြ၊ ပေါ်ကြတယ်။

ပျူခေတ်၊ ပုဂံခေတ် ရဲ့ ယဉ်ကျေးမှု ဟာ မြင့်မားလှလို့ အရှေ့ဘက် ဒေသတွင်း ရဲ့ ဗိသုကာ၊ အနုသုခုမ၊ ဓလေ့ထုံးတွေကို လွှမ်းမိုးသက်ရောက်ခဲ့တယ်။  ဒူးပေါ်၊ ပေါင်ပေါ်၊ ချက်ဖေါ်၊ ရင်သား တဝက် လှစ်ဟ နေတဲ့ ပုဂံခေတ် နံရံဆေးပန်းချီက အမျိုးသမီးငယ်ကို ကြည့်ပြီး ယဉ်ကျေးမှု မရှိ၊ ကိုယ်ကျင့်တရား ဖောက်ပြားသူ ဆိုနိုင်မလား။  အဲ့ဒီခေတ် တိုင်းပြည် ရဲ့ ဒေသတွင်း အရေးပါ အရာရောက်မှု၊ စည်ပင် ဖွံ့ဖြိုးမှု၊ ဘာသာ အယူဝါဒများ ထွန်းကားမှု ကို ကြည့်ရင် လူ့အဖွဲ့အစည်းရဲ့ စာရိတ္တ ကြံ့ခိုင်မှု၊ ယဉ်ကျေးမှု မြင့်မားနေမှု ကို သိနားလည်၊ ပုံဖော်နိုင်တယ်။

ခေတ်အမျိုးသမီးငယ်များ ဖက်ရှင် ရေစီးကြောင်း အတိုင်း ပေါင်ဖော်၊ ရင်ဖော်လုပ်မှ ဘာကြောင့် ကိုယ်ကျင့်တရား နဲ့ မဆီမဆိုင် ဆွဲစပ် ပုတ်ခတ်ချင်ကြသလဲ။  ခေတ်အဆက်ဆက် ယောက်ျားဘသား ဆိုသူများ မိမိ ကိုယ်ခန္ဓာ အလှ နဲ့ ယောက်ျားပီသမှု ကျားမှ ကျား “Macho Masculinity” ကို ပြချင်တော့ ထိုးကွင်းမှင်ကြောင် တကိုယ်လုံး အပြည့်ထိုး အပေါ်ပိုင်း ဗလာ နဲ့ ခါးတောင်းမြောင်အောင် ကျိုက် ခြင်းခတ်၊ သိုင်းကစား အလှပြကြတယ် မဟုတ်လား၊ ဒါကိုမှ ရိုးရာ ယဉ်ကျေးမှု  လုပ်ချင်နေကြပါ့လား။  ‘ကျား’ ‘ကျား’၊ ‘မ’ ‘မ’ ဝတ်စားဆင်ယင်မှု ဟာ ဆိုခဲ့တဲ့ ဒေသ၊ ဝန်းကျင်၊ ဥတု အပြင်မှာ အဓိက ကျတာ က အလှအပ ကို မြတ်နိုး ပုံဖော်လိုခြင်း နဲ့ ဆန့်ကျင်ဖက် လိင် ကို ဆွဲဆောင် ခြင်းဆိုတဲ့ လူ့သဘာဝ သဘော သာ ဖြစ်တယ်။  အမျိုးသမီးကျ မှ ဘာပို အပြစ် ဆိုချင်နေကြသလဲ။

ပဒေသရာဇ် ခေတ် စနစ်ဆိုး နဲ့ အာဏာရှင် စနစ်ဆိုး အဆက်ဆက်ကို ထဘီရင်ရှား၊ ဖက်ဆေးပေါ့လိပ် တဖွာဖွာ နဲ့ ခါးစည်းခံရင်း ဖြတ်သန်းကာ လူမှုစီးပွား၊ အိမ်ထောင်ကို ဦးဆောင်ခဲ့တဲ့ ကျောပြောင် ကျောမွဲ မိခင် အမျိုးသမီးတွေကိုမှ အားမနာ တဖက်စောင်းနင်း ဆိုချင်ကြတယ်။  ခုခေတ် ဖက်ရှင် ကျောပြောင်၊ ရင်ပြောင် ကို သွား အပြစ်မဆိုချင်နဲ့၊ ကြမ်းတမ်းခက်ထန် ပါးလျ ချို့တဲ့ လှတဲ့ လူမှု၊ စီးပွား ဒဏ် ခံနေရတဲ့ သာမန် မြန်မာအမျိုးသမီးများ တသက်လုံး အဝတ် မကပ်ဘူး၊ ရင်ရှား ပဲ။  အပြစ်တင် စောကြောချင်ရင် အဲ့သလို ခေတ်၊ စနစ် နောက်ခံကို တိုင်တည် မြင်ကြည့်ပဲ ဆိုရမှာပေါ့၊  ကျား-မ လိင် ခွဲခြား မြင်ကြည့် ဆိုစရာ အကြောင်းမရှိ။  အကျင့်၊ သီလ၊ စာရိတ္တ မဏ္ဍိုင် တိုင်းပြည်မှာ ယိုင်ဆင်းခြင်းက စနစ်ဆိုးကနေ မွေးထုတ်လိုက်တဲ့ ကျား-မ အားလုံး မှာ စွဲကပ် အမြစ်တွယ်ရာ ပြဿနာ၊ ‘မ’ မှ ကွက် ဖြစ်နေတာ မဟုတ်။

ကမ္ဘာ မှာ ရှိတဲ့ ကျားဗဟိုပြု လူ့အဖွဲ့အစည်းတိုင်းမှာ ဖြစ်နေတဲ့ အဓိက ပြဿနာ က စံနှစ်မျိုးထား၊ “Double Standard” ပြု လူမှု၊ စီးပွား၊ ပညာ ဘဝ ဓလေ့ထုံးတမ်းများကို တည်ဆောက်နေခြင်းပါ။

ရှေးရိုးရာ အစဉ်အဆက် မြန်မာ ယောက်ျားများ ထိုးကွင်း ထိုးလာခဲ့တာ ဘာသံမှ မကြားခဲ့ရဘူး၊ အခုခေတ် အမျိုးသမီးငယ်များ ရေပန်းစား ယဉ်ကျေးမှု အရ တက်တူး ထိုးလာတော့မှ အမနာပ အလဇ္ဇီ အလေဏတော ပြောချင်ကြတယ်။

အမျိုးသားများ ကွမ်းစား၊ ဆေးလိပ်၊ အရက် သောက်၊ စင်တင် နိုက်ကလပ် အနှိပ်ခန်းသွားတော့ စိတ်ထွက်ပေါက်ရှာမှု၊ အပန်းဖြေမှု။  အမျိုးသမီးများ စီးကရက်ကလေး လက်ကြားညှပ်၊ ဘီယာ အရက် များ သောက်မိရင် လင်ခိုးမိ၊ လင်ငယ်နေသလောက် အပြစ်တင်မယ်၊ နိုက်ကလပ် များ သွား က မိရင် အရပ်ပျက် စာရင်း သွင်းမယ်။  ဗမာပြည်က ယောက်ျားကြီးများရဲ့ ကျယ်ပြန့်လှတဲ့ အမြင်၊ စိတ်နေ သဘောထား။   ဒါမျိုးကို ‘ကျား’ ကတင် မြင်တာမဟုတ်၊ လူ့အသိုင်းအဝန်းမှာ ကြီးစိုးရာ ပုံစံခွက်ကိုပဲ ဖက်တွယ်ချင်တဲ့ အမျိုးသမီး အများအပြားလည်း မိန်းမချင်း ကိုယ်ချင်းမစာ ပြောချင်၊ ဆိုချင်ကြတယ်။

ကိုယ်ကျင့်တရား ဖောက်ပြားမှု က အပေါ်ယံ အသွင် အပြင်၊ ပြုမူ မှု က အဓိက မကျ အတွင်း အဇ္ဈတ္တသန္တာန် သန့်ရှင်း စင်ကြယ်၊ နှလုံးသွင်းမှုက အဓိက မဟုတ်လား။  ယောက်ျား သောက်တဲ့ ဆေးလိပ်၊ အရက် နဲ့ မိန်းမ သောက်တဲ့ ဆေးလိပ်၊ အရက် ဘာကွာလို့ မိန်းမကျမှ အကျင့်စာရိတ္တပါ လာ ထိခိုက်ရတာလဲ။  ကျန်းမာရေး ရှုထောင့် က ဆိုရင်လည်း ကျား-မ ဇီဝကမ္မ တည်ဆောက်မှုကို အခြေခံ ရောဂါရမှု ကွဲပြားနိုင်တာကလွဲလို့ လူ့အသက် အန္တရာယ် ထိခိုက်တာက ကျား၊ မ အတူတူပဲ မဟုတ်လား။

ယောက်ျားများ အိမ်ထောင်ရေး ဖောက်ပြန်ရင် “ယောက်ျားပဲကွ” ဆင်ခြေ ပေးချင် ကြပေမယ့် မိန်းမ များ အဲ့သလို လုပ်မိရင် “မိန်မပဲတော့်” ဘယ်သူမှ ဆို မပေးနိုင်ကြဘူး။  အိမ်ထောင်ရေး သီလ ကျိုး၊ လူမှု အကျင့် စာရိတ္တ ဖောက်ပြားမှု နဲ့ ဘာသာရေး အရ ယူဆတဲ့ အကုသိုလ် ငရဲ က ကျားမ အတူတူ ခံရမှာပဲ မဟုတ်လား။

ဆိုခဲ့တာတွေက ဗမာ့ လူမှု အဖွဲ့အစည်းမှာ အမြစ်တွယ် အသားကျနေတဲ့ ကျား-မ ခွဲခြားမှု၊ ယောက်ျားကြီးဝါဒ အခြေခံ အကျိုး၊ အကြောင်း မညီ၊ အဓိပ္ပာယ်မဲ့၊ အကျိုးမဖြစ်ထွန်းတဲ့ အရိအရွဲ အပုပ်အသိုး အတွေးအခေါ်၊ အပြုအမူ၊ အမြင်သဘော တချို့ပါ။

ဒီလို သဘောတွေဟာ အခုလို သင်္ကြန်နားများနီးရင် ဆောင်းပါး အစမှာ ဆိုခဲ့သလို ရိုးရာတွေ၊ ယဉ်ကျေးမှုတွေ ခေါင်းစဉ်တပ် ယဉ်ကျေးမှု ယဉ်းနာထရင်း အမျိုးသမီးများကို တဖက်စောင်းနင်း ဆိုချင်၊ ပြောချင်၊ ထောက်ချင် ပိုများလာတတ်ကြတာ နှစ်စဉ်ပဲ။

မြန်မာ့ ရိုးရာ၊ ယဉ်ကျေးမှု ဓလေ့ ထုံး တွေ သိပ် မဆိုချင်နဲ့။  မြန်မာ့ ယဉ်ကျေးမှု ဆိုကြတဲ့ အားလုံး လိုလိုဟာ နှစ်ပေါင်း ထောင်ကျော် သမိုင်းစဉ် တလျှောက် ဒေသတွင်းမှာ ကြီးစိုးရာ အခြား ယဉ်ကျေးမှု၊ ဓလေ့ ထုံးတွေကို အခြေခံ တည်ဆောက် ဖြစ်တည် ယူရတာချည်းပဲ။  လူသား ယဉ်ကျေးမှု ဖြစ်ပေါ် တိုးတက်မှု အဖြစ် စံသတ်မှတ်ရာ ကိုးကွယ်ယုံကြည်မှု အယူဝါဒ၊ စာပေ အက္ခရာ၊ အနုသုခုမ က အစ၊ အဝတ် အထည်၊ အစားအသောက် လူမှု ဘဝ နေထိုင်မှု ဓလေ့ အထိ အားလုံးနီးပါး အနည်းအများ ဒီလိုပဲ ခေတ်အဆက်အဆက် မွေးစားယူ လာခဲ့ရတာ။  အခု ရိုးရာ သင်္ကြန် ဆိုတာလည်း မွေးစား ဓလေ့ တခုပဲ မဟုတ်လား။

အအေးပိုင်း ကုန်းမြင့်ဒေသက ရှေးမြန်မာကြီးတွေ သွား ရေပက်ကြည့်ပါ့လား၊ ဖနှောင့်နဲ့ ပေါက်လွှတ်လိုက်မှာပေါ့။  အပူပိုင်း ဒေသ မြေပြန့်ရောက် ဘာသာတရားတွေ၊ ဓလေ့ထုံးတွေ မွေးစားယူပြီးမှ မြန်မာ့ရိုးရာ သင်္ကြန် ဖြစ်လာတာ မဟုတ်လား။

ဒီလို ဆိုတော့ မွေးယူ တည်ရှိလာခဲ့တဲ့ ရိုးရာ ဓလေ့ ထုံး ကို အလေးမထားအပ်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။  ရိုးရာ ယဉ်ကျေးမှု အကြောင်းပြပြီးသာ ခေတ်ယဉ်ကျေးမှု ဝတ်စားဆင်ယင်မှု ဓလေ့ကို အပြစ်မြင်၊ အထူးသဖြင့် ကျား-မ ခွဲခြား ဆက်ဆံ အမျိုးသမီးများကို ဖိနှိပ်ချင်တဲ့ ဆန္ဒ၊ သဘော အားကြီးမှု ယောက်ျားကြီးဝါဒ ကို ဇောင်းမပေးမိစေဖို့သာ ဆိုလိုတာပါ။

ကျယ်ပြန့် မြင့်မားလာတဲ့ လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှု၊ အရက်သေစာ သောက်စားမှု ၊ လိင်အပျော်အပါး လိုက်စားမှု စတဲ့ ခေတ်သစ် လူမှုရောဂါ အစုံစုံ က ယဉ်ကျေးမှု ပေတံ တခုတည်း နဲ့တိုင်း ဖြေရှင်းချင်လို့ အလုပ် မဖြစ်ဘူး။  လူ့အဖွဲ့အစည်း ရဲ့ လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ၊ အတွေးအခေါ် အထွေအထွေ အဆင့်အတန်း ကို မြှင့်တင်ပြီး၊ လူသား အရည်အသွေး ကို မြှင့်ပြီးမှ အကျိုး၊ အကြောင်း၊ အကောင်း၊ အဆိုး၊ အမှား၊ အမှန်၊ တော်၏၊ မတော်၏ ကို လူ့အသိုင်းအဝန်း က လူငယ်များ အပါအဝင် အားလုံး ဆင်ခြင်မှု အသိကပ်နိုင်မှာပါ။  အရင်ဆုံး လူငယ်များ အတွက် လိင်ပညာပေးရေး၊ အထွေထွေ ကျန်းမာရေး ဗဟုသုတ ကို ကျောင်းစာသင်ခန်း သင်ရိုးညွန်းတမ်းတွေမှာ စနစ်တကျ ထည့်သွင်းနိုင်အောင်ပဲ လုပ်ပါဦး။  အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး အတွက် တင်းကျပ်တဲ့ အခွန်နှုံးတွေ၊ ဖြောင့်မှတ်မှန်ကန်တဲ့ တရားဥပဒေ ပြဋ္ဌာန်း စိုးမိုးမှု တွေ တိုင်းပြည်မှာ ရှင်သန်ဖို့ပဲ ဘာဖြစ်ဖြစ် ခေတ် နဲ့ လူငယ်ကိုသာ ကိုသာ ဇောင်းပေး အပြစ်ဆိုချင်သူ လူကြီးဆိုသူများ အရင် ကြိုးစားပါဦး။  ဒါကပို လက်တွေ့ကျပါတယ်။

ယဉ်ကျေးမှု နဲ့ နှိုင်းဆိုချင်ရင်လည်း ‘မ’ ဘက်ကိုချည်း ဖိနှိပ် ကျားကြီးဝါဒ ဗဟိုပြု မဆိုဘဲ၊ လူငယ်၊ လူကြီး မျိုးဆက် ကွာဟ၊ ခေတ် မတူညီမှုကို မျက်ကွယ်မပြုဘဲ၊ ရိုးရာ သင်္ကြန် ရဲ့ အဓိက သဘော သဘာဝ နှစ်သစ်မှာ အကုသိုလ် တရား၊ အညစ်အကြေးများ ကင်းစင်စေမှု၊ လူကြီးသူမ အိုမင်းမစွမ်းများကို ပြုစုစောင့်ရှောက် ကုသိုလ်  ရှာမှု၊ အလှူဒါန ပြုမှု၊ လူသား အချင်းချင်း အမုန်းမပွား မေတ္တာ ရှေ့ထား ရေစင် သွန်းလောင်းမှု၊ တဦး အပေါ် တဦး ခန္တီစ တရားထား ချစ်ကြည် ရင်းနှီး ကြည်စယ်မှု စတဲ့ အနှစ် ယဉ်ကျေးမှု သဘော ကိုသာ လူငယ်များ အကြား တိုးပွားကျယ်ပြန့်၊ နှလုံးသွင်း ခံယူ၊ နားလည် တတ်လာအောင် လူမှုရေး၊ ဘာသာရေး လှုပ်ရှားမှုတွေ စီစဉ် ဆောက်ရွက်ရမှာပါ။

ဒီလို လူမှု၊ ပညာ၊ ကျန်းမာ၊ အတွေးအခေါ်၊ အသိအမြင် ကျယ်ပြန် အဆင့်အတန်းမြင့်မားရေး လူမှုရေး၊ ပညာရေး၊ ဘာသာရေး အစီအစဉ် တွေ လူ့အဖွဲ့အစည်းမှာ အသားပေး လုပ်ဆောင်လာနိုင်ရင် အလိုအလျောက် လူငယ်များ ဟာ ယဉ်ကျေး၊ လိမ္မာ၊ လူပီသ၊ ကိုယ့်တာဝန် ကိုယ်ယူနိုင်၊ ကိုယ့် အခွင့်အရေး ကို ကိုယ် အများသူငါ မထိခိုက် အသုံးချ နိုင်တဲ့ နိုင်ငံကြီးသားကောင်းလေးများ ဖြစ်လာကာ နိုင်ငံ့ ယဉ်ကျေးမှု မြင့်မား ကမ္ဘာမှာ ခေါင်းမော့လာနိုင်မှာပါ။  မျက်မှောက် မှာ မြင်တွေ့နေရတဲ့ ပခုံးချင်း တိုက်မိရုံနဲ့ ရက်ရက်စက်စက် ဓါးခုတ် သတ်ဖြတ်မှုတွေ၊ စက်ဘီးနဲ့ တိုက်မိရုံနဲ့ မည်းမည်းမြင်ရာ မီးတိုက် တလွဲဆံပင်ကောင်းမှုတွေလည်း တပါတည်း ပျောက် အသားအရောင်၊ လူမျိုး၊ ဘာသာ၊ ကျား၊ မ၊ လိင်၊ လိင်တိမ်းညွတ်မှု ဘာမှ တဖက်စောင်းနင်း ခွဲခြား ချိုးနှိမ် ပြုမူလိုမှု စိတ်ကင်းတဲ့ ငြိမ်းချမ်း၊ ဖွံ့ဖြိုးတိုးတက် ရင်ဘတ်ကျယ်၊ နှလုံးသားကြီး၊ ဦးနှောက်ကြီးတဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာပါ။

နိဂုံးချုပ်ရရင် သင်္ကြန်မိုးဇာတ်ဝင်ခန်းပါ ရည်းစားပျက်၊ မယားဆုံး လောကဒဏ် ကို မခံနိုင် အရှုံးပေးရင်း အရက်သမားကြီး အဖြစ် ငါ တကော ကော နေကာ လူငယ်တွေရဲ့ လွပ်လပ်မှု အခွင့်အရေး ကို တရားမဲ့ ပိတ်ပင်ချင်သူ ကိုငြိမ်းမောင် ကို ငယ်ရည်စား ခင်ခင်ထား က လာ ဖျောင်းဖျ သလို သင်္ကြန်မှာ လွတ်လွတ်လပ်လပ် “ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ” လို့ပဲ တိုတို ဆိုရမယ်။  နိုင်ငံရေး စနစ်ဆိုး လူမှု၊ စီးပွား ဒဏ် ကို လှိမ့်ခံရင်း  မွန်းကြပ်မှုတွေ အပြည့်နဲ့ ဗမာလူငယ်ကလေးများ ဒီလို လွတ်လပ်မှု အပျော်မျိုးနဲ့ ထိုက်တန်ပါတယ်။  အပျော် ကနေ အပျက် မဖြစ်ရအောင်၊ လွတ်လပ်မှု က မင်းမဲ့စရိုက် မဖြစ်အောင်က လူကြီးဆိုသူများ ဆိုခဲ့သလို မှန်ကန်တဲ့ သဘော၊ နည်းလမ်းများဗဟိုပြု ရေရှည်အမြင်နဲ့  နိုင်ငံ့ စနစ် အဖွဲ့အစည်းကို ထိန်းကျောင်း ပြုပြင်ရမှာ ဖြစ်ကြောင်းပါ။

ငြိမ်းချမ်းအေး
ဧပြီ ၀၇၊ ၂၀၁၄

(ဆောင်းပါးနှင့် ပတ်သက်၍ ဝေဖန်အကြံပြုရန် nyeinchanaye81@gmail.com သို့ ဆက်သွယ်နိုင်သည်။)

ဆက်စပ် မိုးမခ ဆောင်းပါးများ ဖတ်ရန် -
ယဉ်ကျေးမှုဆိုတာ - http://moemaka.com/archives/22519
ယဉ်ကျေးမှုဆိုတာ (၂) - http://moemaka.com/archives/22627