ပြည်သူတို့၏ စကားပြန်
ဟံသာဝတီ ဦးဝင်းတင် (မတ် ၁၂၊ ၂၀၀၉)
မိုးမခပြန်လည်ဆန်းသစ်ခြင်း၊ ဧပြီ ၄၊ ၂၀၁၄
(၁)
၁၈၇၂
ခုနှစ် သြဂုတ် ၃ဝ ရက်ထုတ် ‘မြန်မာသတင်း’သတင်းစာတွင် ‘တိုင်းသူပြည်သားများက
အစိုးရမင်းများကို သတင်းစာထဲကနေ၍ စကားပြောစရာမရှိပြီဟု
ပြောဆိုနေကြသည့်အတွင်း၊ ခင်ဗျားတို့ မြန်မာသတင်းစာပေါ်လာသည်ကို
ဝမ်းမြောက်ကြပါသည်’ ဟူ၍ မန္တလေးမြို့မှ ရွှေဗဟိုဆိုသူက ရေးသားခဲ့သည်။
‘တိုင်းသူပြည်သားများက
အစိုးရမင်းများကို စကားပြောစရာ …’ဟူသော အယူအဆကို ကျနော်တို့
အလွန်သဘောကျသည်။ သတင်းစာသည် ပြည်သူတို့၏ ထင်မြင်ယူဆချက်၊ ဆန္ဒသဘောထားများကို
ထင်ဟပ် ဖော်ထုတ်သည့် နေရာဖြစ်သည်ဆိုသော ခေတ်သစ် အယူအဆနှင့်လည်း ဒက်ထိ၊
ကွက်တိ၊ ကိုက်ညီသည်ဟု ကျနော် တို့ ယူဆသည်။
ပဒေသရာဇ်ခေတ်က
သတင်းစာသည် ရွှေဗဟိုပြောသည့်အတိုင်း ‘တိုင်းသူပြည်သားများက အစိုးရ
မင်းများကို စကားပြောစရာ’ နေရာဌာနဖြစ်ခဲ့သည်။ ထိုခေတ်က သတင်းစာများတွင်
သတင်းစာကို ‘မင်းကြားစည်ကြီး’၊ ‘ဟစ်တိုင်ကြီး’ပမာ တင်စားခဲ့ကြသည်။
ယနေ့မျက်မှောက်ခေတ်တွင်လည်း သတင်းစာသည် တိုင်းသူ ပြည်သားတို့က အစိုးရကို
စကားပြောစရာ နေရာဋ္ဌာနအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်မြဲ ထမ်းသော
အစိုးရချင်းချင်း စကားပေါက်အောင် ဘာသာပြန်ပေးသည့်
ပြည်သူတို့၏စကားပြန်လည်းဖြစ်သည်ဟူ၍ ကျနော်တို့ ယူဆ သတ်မှတ်ခြင်း ဖြစ်လေသည်။
(၂)
ပြည်သူတို့၏
စကားပြန် သတင်းစာသည် လူနှစ်ဦးအကြား၌ ဘာသာပြန်ပေးသည့် စကားပြန်ကဲ့သို့
စက်ရုပ်အလား လှုပ်ရှားသည့် အရာမဟုတ်။ ဝေဖန်ခြင်း၊ ဆန်းစစ်ခြင်း၊
သတ္တုချခြင်း၊ ကောက်ချက်ချခြင်း၊ မှတ်ချက်ပေးခြင်း စသော တည်းဖြတ်မှု ဖြင့်
ဘာသာပြန်ပေးသည့် အသိဉာဏ် ယန္တရားဖြစ်သည်။ သို့ဖြစ်၍ နက်နဲရှုပ်ထွေးသော
စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ပြဿနာများစွာကို ရင်ဆိုင်ရသည်။ အကြမ်းအားဖြင့်
စိတ်ပိုင်းဆိုင်ရာ ပြဿနာတရပ်၊ ရုပ်ပိုင်းဆိုင်ရာပြဿနာတရပ် ရှိသည်ဟု
ယူဆသည်။
စိတ်ပိုင်းဆိုင်ရာပြဿနာမှာ
သတင်းစာဆိုတာ ဘာလဲဆိုသည်ကို သတင်းစာသမားဘက်က ခံယူယုံကြည်ရပ်တည်ချက်နှင့်
သတင်းစာ ဆိုတာဘာလဲဆိုသည်ကို သတင်းစာသမားမဟုတ်သူတို့ဘက်က
ထင်မြင်သတ်မှတ်ယူဆချက်တို့၏ ကွဲလွဲခြားနားမှုမှ ပေါက်ဖွားသောပြဿနာ ဖြစ်သည်။
သတင်းစာဆိုတာ ဘာလဲ
၁။
ဝါဒဖြန့်စာရွက်လား။ ‘မှန်ပါ့ဘုရား’ သံတော်ဦးတင်လွှာလား။’ဗောင်းတော်ညိတ်၊
စိတ်တော်သိ’ ဘုန်းတော်ဘွဲ့ စာတန်းလား။ ‘အားလုံးကောင်းပါသည်ခင်ဗျား’
အစီရင်ခံစာလား။ ခိုင်းရာရေး၊ ပေးရာထုတ်ပြန်သည့် ပြန်ကြားရေး စာစဉ်လား။
လက်ညှိုးညွှန်ရာ ရေဖြစ်ချင်သူတို့၏ ဖောင်တော်စီး လက်မှတ်လား။
၂။
အာဏာနှင့် ငွေကို ရေလိုသုံးကာ ကိုယ်ကျိုးရှာသူ၊ နိုင်ငံရေး၊ စီးပွားရေး၊
လူမှုရေး၊ ဝါဒဖောက်ပြန်သူ၊ အာဏာနှင့် အခွင့်အရေး အလွဲသုံးသူတို့၏ အသိပျက်မှု၊
အကျင့်ပျက်မှု၊ တာဝန်ပျက်မှု၊ စည်းကမ်းပျက်မှု၊ ယုံကြည်ချက်၊ ခံယူချက်၊
ရပ်တည်ချက်ပျက်မှုများကို ဖုံးကွယ်ပေးသည့် စက္ကူကန့်လန့်ကာလား။
၃။
အမှန်တရား၊ အရှိတရား၊ အဖြစ် တရားများကို ပိတ်ဟဲ့၊ ဆို့ဟဲ့၊ တားဟဲ့၊
ဆီးဟဲ့၊လျှို့ဟဲ့၊ ဝှက်ဟဲ့နှင့် သတင်းထောက်က တကောက်ကောက်လိုက်ခြင်း၊
သတင်းစာက တစာစာရေးခြင်းကို မခံမရပ်နိုင်ဖြစ်ကာ ပြည်သူတို့၏ နား
မျက်စိပိတ်ခြင်း၊ အကြံဉာဏ်တုံး နလပိန်းတုံးများဖြစ်အောင်ပြုလုပ်ရာ၌
အသုံးပြုသည့် စက္ကူ မျက်နှာဖုံးလား။
၎။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက အဓိပ္ပာယ်ဖွင့်သည့်အတိုင်း အမဲကို အဖြူ
မလုပ်၊ အမှန်တရားကို မဖုံးအုပ်၊ ပြည်သူ့ ထင်မြင်ယူဆချက်များကို
မနှောင်ချုပ်ဘဲ ပြည်သူကို အသိ ပညာပေး၊ ပြည်သူကိုစည်းရုံး၊ ပြည်သူကို
လှုံ့ဆော်၊ ပြည်သူနှင့် အစိုးရကြား ပေါင်းကူးပေးသည့် ပြည်သူ့ဆက်သွယ်ရေးယန
္တရားကြီး၊ ပြည်သူ့မဏ္ဍိုင်ကြီး၊ ပြည်သူ့အာဘော်ကြီးလား။
သတင်းစာသမား
မဟုတ်သူများအနက်မှ လက်တဆုပ် စာလူနည်းစုသည် ထိုမေးခွန်း၏ အမှတ်စဉ် ၁၊ ၂၊ ၃
တို့ကို ခေါင်းညိတ် သဘောတူသည်။ အမှတ်စဉ် ၄ ကို ခေါင်းခါငြင်းဆန်သည်။
သတင်းစာသမားကမူ ထိုလူနည်းစု၏သဘောထားနှင့်ပြောင်းပြန်ဖြစ်သောသဘောထားကို
စွဲမြဲစွာ နှလုံးသွင်းသည်။
ပြည်သူကို
နားမျက်စိပိတ်ခြင်း (ဝါ) သတင်းအမှောင်ကျခြင်းကို ထိုလူနည်းစုသည် ဘာကြောင့်
လိုလားကြသနည်း။ ခိုးသား ဓားပြသည် မှောင်မိုက်တိတ်ဆိတ်သော အ ကာလ ညအခါကို
ဘာကြောင့် နှစ်ခြိုက်သနည်းဟူသောမေးခွန်း၏ ဤအဖြေသည် အထက်ပါမေးခွန်း၏
အဖြေနှင့် ထပ်တူပင်ဖြစ်သည်။ ခိုးသားဓားပြသည် အကာလ
ဉာဥ့်အမိုက်ကို အကာအကွယ်ယူကာ ခိုးဆိုးလုယက်သကဲ့သို့ ဖောက်ပြန်သူ၊
အကျင့်ပျက်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတာဝန် စည်းကမ်းပျက်သူတို့သည်
ပြည်သူပိုင်ဆိုင်သော အာဏာ၊ အခွင့်အရေးနှင့် ဓနပစ္စည်းတို့ကို
ကိုယ်ကျိုးစီးပွားအတွက် မတရားသောနည်းဖြင့် ထင်သလို
ကြိုးကိုင်ချယ်လှယ်သုံးစွဲနိုင်ရန် ပြည်သူကို နားမျက်စိ ကန်းနေစေလိုသည်။
တနည်းဆိုလျှင် သတင်းအမှောင်ကျနေစေလိုသည်။ ပါးစပ်ပိတ်နေစေလိုသည်။
တနည်းဆိုလျှင် ဆန္ဒသဘောထား ထင်မြင်ယူဆချက်အသံ တိတ်နေစေလိုသည်။
သတင်းစာသမားသည်
ယင်းသို့သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားလွန် တရားမဲ့ ဖောက်ပြန်
လွန်ကျုးပျက်ကွက်မှုများကင်းဆိတ်စေလိုသည်။ သတင်းနှင့် ပြည်သူတို့၏
ထင်မြင်ယူဆချက်များတည်းဟူသော အလင်းရောင်ကို အစဉ်သဖြင့်ပွင့်လင်း
ဝင်းထိန်စေလိုသည်။
သတင်းအမှောင်ကို
ကြိုက်သောထိုလူနည်းစုသည် စစ်မှန်သောသတင်းနှင့် ထင်မြင်ယူဆချက်များကို
ဟန့်တားပိတ်ဆို့ရန် အခါအခွင့်မသင့်သည့်အခါ မှားယွင်းတိမ်းယိမ်းသော
သတင်းနှင့် ထင်မြင်ယူဆချက်များကို အစားထိုးသွပ်သွင်းရန် ကြိုးစားတတ်သည်။
အမဲကိုအမဲဟု မပြောအောင် ပိတ်ပင်ဖုံးဖိ၍ မရသောအခါ အမဲကို အဖြူဟု
ထင်ယောင်မြင်မှားအောင် သတင်းလိမ်၊ သတင်းညာ၊ ထင်မြင်ချက်မှား၊
ထင်မြင်ချက်ယွင်းများကိုအမိန့် အာဏာသုံး၍ လည်းကောင်း၊ အကြမ်းဖက်
အကျပ်ကိုင်၍လည်းကောင်း၊ အခွင့်အရေး လာဘ်ပသကာဖြင့်
သွေးဆောင်မြူဆွယ်၍လည်းကောင်း ဖော်ပြခိုင်းတတ်သည်။
သတင်းစာသမားနှင့်
ပြည်သူအများသည် ထို အလေ့အထ၊ ထိုအပြုအမူများကို လက်မခံ။ ပစ်ပယ်သည်။
ငြင်းဆန်သည်။ တွန်းလှန်သည်။ ထိုကွဲပြားခြားနားမှု၊ ထိုဝိရောဓိ၊ ထိုပဋိပက္ခသည်
သတင်းစာလွတ်လပ်ခွင့်ဆိုသော ပြဿနာပွားတခုကို ပေါ်စေသည်။
သတင်းစာလွတ်လပ်ခွင့်ဟူသည်
ထိုလွတ်လပ်ခွင့်ကို မည်သူတို့၏အကျိုးအတွက်၊ မည်သည့်နည်းဖြင့်၊ မည်သို့သော
အတိုင်းအတာအထိ ကျင့်သုံးသနည်းဟူသော ဦးတည်ချက်၊ စည်းကမ်းနှင့် တာဝန်
‘ဘောင်’ ရှိသည်။
သို့ဖြင့်
သတင်းစာသမိုင်းတလျှောက်လုံးတွင် သတင်းစာသမားများစွာ၊ ထင်မြင်ယူဆချက်
ဖော်ထုတ်သူများစွာ အပြစ်ရှာခံရ၊ တရားစွဲခံရ၊ အဖမ်းအဆီး အညှဉ်းအပန်း
အရိုက်အနှက်ခံရသည်မှာ ကြိမ်ဖန်များစွာ ဖြစ်သည်။
(၃)
မြန်မာသတင်းစာများသည်
ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်တို့ကို ဖြတ်သန်း ကျော်လွှားခဲ့ရသည်။
‘ဘုန်းတော်ကြီးဘုရားနှင့် ပခန်းမင်းကြီးထုတ်လိုက်တိုင်း ကြည့်ရှုပါစေဟု
ဘုရားသခင်မှာ ဆုတောင်းပါသည်’ ဆိုသော ရွှေနားတော်သွင်းစကားမျိုး
(မြန်မာသတင်းစာ ၁၈၇၂ သြ ဂုတ်လ ၃ဝ)။ ‘သတင်းစာဆိုသည်ကား
ရောင်းစားသောအရာဖြစ်သည်’ဆိုသော အရင်းရှင်လက်သုံး စကားမျိုး (မြန်မာသတင်းစာ
၁၈၇၂ စက်တင်ဘာ ၂ဝ) ကို ထပ်မနားပြောခဲ့ကြသည်။
ပဒေသရာဇ်သတင်းစာများပီပီ
မင်းလိုလိုက် မင်းကြိုက်ရေးခဲ့ကြသည်လည်း ရှိသည်။ အရင်းရှင်
သတင်းစာများပီပီ သတင်းစာရောင်းပန်းလှအောင် ညှီစော်နံသောသတင်းများ၊
ယမ်းစော်နံသောသတင်းများ၊ ရှောမွေးဗာရာဏသီချဲ့သောသတင်းများ၊ ပြည်သူကို
မှိုင်းတိုက်သောသတင်းများ၊ လူပြိန်းကြိုက်သတင်းများကို ရေးခဲ့သည်လည်းရှိသည်။
ထိုခေတ်သတင်းစာများသည်
ခေတ်အလျောက် သတင်းနှင့် ထင်မြင်ချက်များကို ရွေးချယ်ရာ၌ သူ့ခေတ်သူ့အခါ၏
လူတန်းစားဘက်က ရပ်တည်ရေးခဲ့သည်။ ထိုလူတန်းစားတို့သည် ဖောက်ပြန်သော
လူတန်းစားများဖြစ်၍ ထိုသတင်းစာတို့သည်လည်း ဖောက်ပြန်သော အသွင်ကို
ဆောင်ခဲ့ကြသည်။
သို့သော် အမှန်တရားကို တရားကိုပြောမည်ဟူသော မူလ ဘူတသစ္စာဓမ္မကိုမူ ဖောက်ဖျက်ခြင်းမပြုခဲ့ချေ။
‘ပြုကျင့်မိသောသူနှင့်
မကွာခြား၊ သိသသမျှလူအများတို့ ရွံရှာ၍ နောင်အခါ မကျင့်ကြံဘဲ
ပယ်ရှားကြအောင် မကောင်းသောသတင်းကို မခြွင်းမချန်
အမှန်သတင်းစာရိုက်လွှင့်ပါမည်။ ပြုကျင့်ရင်းသူနှင့်တကွ လူအများတို့
နှစ်လိုဝမ်းသာ မြဲမြံစွာ ကျင့်ဆောင်ကြရအောင် ကောင်းမွန်သော သတင်းကိုလည်း
မခြွင်းမချန် အမှန်ရိုက်လွှင့်ပါမည်။ မကောင်းသောအမှုကို ဖုံးကွယ်၍
ပြုကျင့်သော်လည်း သူတပါးမသိဟု မအောက်မေ့သာ။ အကယ်၍ သိလျှင်လည်း
သတင်းစာမထည့်ဟုမအောက်မေ့သာ။ ဧကန်သတင်းစာထည့် ရိုက်ပါလိမ့်မည်။ ထို့ကြောင့်
ကောင်းမွန်သောသတင်းကိုသာ ကြားလို၍မျှော်လင့်ပါသည်’ (မြန်မာဂေဇက် ၁၈၇၁
စက်တင်ဘာ ၂၂) စသဖြင့် အမှန်တရား၊ အရှိတရား၊ အဖြစ်တရားတို့ကို မဖုံးမဖိ
မကွယ်မထောက် ရေးမည်ဟူသော သံန္နိဋ္ဌာန်ကို ရင်ဝယ်ပိုက်ခဲ့ကြသည်ချည်း ဖြစ်သည်။
မကောင်းဆိုးဝါး
အင်အားစုများရှိနေသ၍သတင်းစာ၏ စာမျက်နှာများပေါ် ၌ မကောင်းဆိုးဝါး လုပ်ရပ်၊
ဖြစ်ရပ်သတင်းများ၊ မကောင်းဆိုးဝါးလုပ်ရပ် ဖြစ်ရပ်သတင်းများကို
ထိုးနှက်တိုက်ခိုက်သော ထင်မြင်ယူဆချက်များ ကြီးစိုးနေဦးမည်သာ ဖြစ်သည်။
ကောင်းသောအတွေး၊ ကောင်းသောအပြော၊ ကောင်းသောအလုပ်များ ထုနှင့်ထယ်နှင့်
ပေါ်ထွက်လာချိန်တွင် ကောင်းသောသတင်းများ၊ ကောင်းသောသတင်းများ၊
ကောင်းသောသတင်းကို ထောက်ခံစံတင်သည့် ထင်မြင်ယူဆချက်များသည်
သတင်းစာစာမျက်နှာများပေါ် ၌ လွှမ်းမိုးလာမည်သာဖြစ်သည်။
သတင်းစာသည်
ခေတ်၏ ကြေးမုံပြင်ပမာဖြစ်၍ ခေတ်၏အရှိ၊ အဖြစ်၊ အမှန်များကို ရင်းစွဲအတိုင်း
ထင်ဟပ်ပြမည်သာဖြစ်သည်။ သို့ရာတွင် သတင်းစာသည် ခေတ်၏ ကြေးမုံပြင်မျှသာ
မဟုတ်၍ မကောင်းဆိုးဝါးသတင်းများကို ထိုးနှက်တိုက်ခိုက်သော
ထင်မြင်ချက်များကိုတင်ပြရင်း မကောင်းဆိုးဝါး ရေစီးကြောင်းတွင်
ရေစုံမျှောလိုက်နေမည် မဟုတ်ချေ။
သတင်းစာသည်
ပြည်သူတို့၏တော်လှန်ရေးလက်နက်ဖြစ်သည်နှင့်အညီ ခေတ်ကြီးကို
အတင်းပြောင်းမည်ဟူသော ကြွေးကြော်သံအတိုင်း မကောင်းဆိုးဝါးခေတ်၏
အကြွင်းအကျန်များကို ကလောင်လက်နက်ဖြင့် ထိုးနှက်ချေမှုန်းရင်း
ခေတ်ပြောင်းတော်လှန်ရေးကြီးကို တွန်းတင် သယ်ဆောင်သွားမည်သာဖြစ်သည်။
တော်လှန်ရေးအောင်မြင်ချိန်၊
မကောင်းဆိုးဝါး အင်အားစုများ ပြိုကွဲဆိတ်သုဉ်းချိန်၊ ကောင်းသော
လုပ်ရပ်ဖြစ်ရပ် အင်အားများသာ တည်ထွန်းဖြစ်ပေါ်ချိန်၌ သတင်းစာများသည်
ကောင်းသောသတင်းများ၊ ကောင်းသောထင်မြင်ချက်များဖြင့်သာ
ပြည့်လျှမ်းလာပေလိမ့်မည်။ သတင်းစာသည် ခေတ်၏ ကြေးမုံပြင်ပမာဖြစ် ခေတ်၏အရှိ။
အဖြစ်။ အမှန်များကို ရင်းစွဲအတိုင်း ထင်ဟပ်ပြမည်သာဖြစ်သည်၊ လက်ရှိအချိန်ကား
သတင်းစာများအဖို့ ထိုခလုတ်ကန်သင်းတို့ကို ဖယ်ရှားနေရသည့်
ကာလပင်ဖြစ်ချေသည်ဟု ကျနော်တို့ယုံမှတ်သည်။
(၄)
အထက်တွင်
တင်ပြခဲ့သည့် ပြဿနာများသည် သတင်းစာဆိုတာဘာလဲ ဆိုသည့်အချက်ကို လုပ်သား
ပြည်သူတို့ အသိအကြားနည်းပါးမှုကို အကြောင်းပြု၍ ပေါ်ပေါက်နေရခြင်းဖြစ်သည်။
ဤသည်လည်းတကြောင်း။ သတင်းစာသမားများကိုယ်တိုင်က ‘သတင်းစာသမားသည် သတင်းမဟုတ်’
ဆိုသော အဆိုအမိန့်အတိုင်း ကိုယ့်ကို ကိုယ်ဖော် မသူတော်လုပ်လိုသော
ဆန္ဒခေါင်းပါးမှုကို အကြောင်းပြု၍လည်း ပေါ်ပေါက်နေရခြင်းဖြစ်သည်။
ဤသည်လည်းတကြောင်း။
‘သတင်းစာသမားသည် သတင်းမဟုတ်’ ဆိုသည့် ခံယူချက်နှင့်အညီ
သတင်းစာသမားသည်အများပြည်သူပိုင်ဆိုင်သောသတင်းစာ၌ သတင်းစာမဟုတ်ဘဲ
ကိုယ့်အကြောင်းကို ကိုယ်ရေးခဲသည်။ သတင်းမဟုတ်ဘဲ ကိုယ့်ဓာတ်ပုံကို
ကိုယ်ဖော်ပြခဲသည်။ သတင်းမဟုတ်ဘဲ ကိုယ့်ဘဝကို ကိုယ် ဆွေးနွေးခဲသည်။
ဤသည်ပင်စည်းကမ်း၊ ဤသည်ပင် ကိုယ်ကျင့်သိက္ခာ၊ ဤသည်ပင် ခြိုးခြံမှုဟု
သတင်းစာသမားတို့  ယူဆကြသည်။
ထို့ကြောင့်လည်း
သတင်းစာသမားတို့၏ဘဝ၊ သတင်းစာသမားတို့၏ လုပ်ငန်းအမြင်၊ သတင်းစာသမားတို့၏
တာဝန်အယူအဆကို ပြည်သူတို့ကြားရနည်း သိရနည်းသည်။ ထို့ကြောင့်
လုပ်သားပြည်သူတို့သည် သတင်းစာကို မိတ်ဆွေရင်းချာပမာ နံနက်တိုင်း
တွေ့ဆုံနေရသော်လည်း၊ သတင်းစာကို ပြုစုထုတ်လုပ်ကြသည့် သတင်းစာသမားတို့၏
လက်တွေ့ဘဝ အခက်အခဲ၊ လုပ်ငန်းနှင့်တာဝန် ပြဿနာများကို
မသိကျိုးကျွံဖြစ်နေကြခြင်း ဖြစ်သည်။
(စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ငယ်၊
အခြေခံ ပြည်သူ့အလုပ်သမားကောင်စီ၊ ဟံသာဝတီသတင်းစာတိုက်၊ ၁၉၇၄ ဒီဇင်ဘာ ၁
မန္တလေးမြို့။ ဦးဝင်းတင် အမည်မခံဘဲ ရေးသည့် အမှာစာ)
ဆောင်းပါးအပြည့်အစုံ မဟုတ်ပါ။ ကောက်နုတ်ဖော်ပြခြင်းသာ
(သရုပ်ဖော် - သြရသ)