သန်းဝင်းလှိုင် - ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် (သို့မဟုတ်) မြန်မာ့သမိုင်းတကွေ့မှ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သောသတင်းဆရာကြီးနှင့် နိုင်ငံရေးသမားကြီး

ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် 
(သို့မဟုတ်)
မြန်မာ့သမိုင်းတကွေ့မှ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သောသတင်းဆရာကြီးနှင့် နိုင်ငံရေးသမားကြီး
သန်းဝင်းလှိုင် 
ဧပြီလ ၂၃၊ ၂၀၁၄


ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံကြီးအားအကြမ်းဖက်ဖြိုခွင်းကာ စစ်တပ်မှ အာဏာ သိမ်းပြီးနောက် သမိုင်းလိုအပ်ချက်အရ ၁၉၈၈ စက်တင်ဘာလ(၂၇) ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပေါ်ထွန်းလာသောအခါ ဆရာကြီးဦးဝင်းတင်သည် အဖွဲ့ချုပ် ဗဟို အလုပ်အမှု ဆောင်ကော်မတီ၏ အတွင်းအရေးမှူး အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ သည်။ ထို့နောက် ၁၉၈၉ ခုနှစ် ဖေဖေါ်ဝါရီ(၉)ရက်နေ့တွင်  အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်သော အခါအတွင်းရေးမှူး အဖြစ်လည်းကောင်း၊၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ (၁၄) ရက်နေ့တွင် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းလိုက်သောအခါ အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သည်။ထို့နောက်၂ဝ၁၂ တွင် အဖွဲ့ ချုပ်၏သဘာပတိအဖွဲ့ ဝင်အဖြစ်ကွယ်လွန်သည့်နေ့ တိုင်အောင်တာဝန်ထမ်းဆောင် သွားခဲ့သည်။

ဦးဝင်းတင်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က သူ၏  ̏ မြန်မာပြည်မှပေးစာများ” (Letter from Burma)  စာအုပ်၌အောက်ပါအတိုင်းရေးသားထားလေသည်။

̏  …၁၉၃၀ ပြည့်နှစ်မှာ မွေးဖွားခဲ့တဲ့ ဦးဝင်းတင်ဟာအရင် သီတင်းပတ် က မိတ်ဆက်ပေးခဲ့တဲ့ ဦးအောင်ရွှေ၊ ဦးကြည်မောင်၊ ဦးတင်ဦး၊ ဦးလွင်တို့နဲ့မတူတဲ့အချက်ကတော့ သူဟာ ဘယ်တုန်းကမှ တပ်မတော်သား မဖြစ်ခဲ့တာပါပဲ။ သူကျင်လည်ကျက်စားနေရာကတော့ စာပေလောကကြီးထဲမှာပဲ ဖြစ်ပါတယ်။တက္ကသိုလ်ကနေဘွဲ့မရခင်ကတည်းက သူဟာ မြန်မာနိုင်ငံဘာသာပြန်စာပေ အသင်းကြီးမှာ လက်ထောက်အယ်ဒီတာဘဝနဲ့ အလုပ်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ ၁၉၅၄ ခုနှစ်မှာတော့သူဟာ ဒတ်ခ်ျသတင်းစာကုမ္ပဏီတခုရဲ့ အကြံပေးအယ်ဒီတာ အဖြစ်ကို ရောက်ခဲ့ပါတယ်။ ဒီ အယ်ဒီတာနေရာကိုရခဲ့ခြင်းဟာ သူ့ရဲ့ရှည်လျားလှတဲ့ စာနယ်ဇင်း လောကလုပ်သက်မှာ အမြင့်ဆုံးနေရာဖြစ်တဲ့ တခါကမြန်မာနိုင်ငံမှာ ထိပ်တန်းသတင်းစာ တစ်စောင်ဖြစ်ခဲ့တဲ့  ‘ဟံသာဝတီ’ သတင်းစာရဲ့ အယ်ဒီတာချုပ်ရာထူးကို ရရှိဖို့အတွက်အစပျိုးခဲ့တာ ပဲဖြစ်ပါတယ်။

ဦးဝင်းတင်ရဲ့ ဟံသာဝတီသတင်းစာအယ်ဒီတာချုပ်လုပ်ခဲ့တဲ့နှစ်တွေဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအင်အားခိုင်မာလာတဲ့နှစ်တွေဖြစ်ခဲ့ပါတယ်။အဲဒီခေတ်ကာလတုန်းက လွတ်လပ်စွာ ပြောဆိုခွင့်၊ ကိုယ့်ရဲ့ဆန္ဒကိုလွတ်လပ်စွာထုတ်ဖေါ်ပြသခွင့်၊စတာတွေကို ပိုလို့ပိုလို့ တင်းကျပ်စွာ ကန့်သက်ချုပ်ချယ်ခံရပေမယ့်လည်းအနည်းငယ်မျှသောစာရေးဆရာတွေ၊စာနယ်ဇင်းသမားတွေ ဟာ တို့တွေရဲ့ လွတ်လပ်စွာ တွေးခေါ်မြော်မြင်ပိုင်ခွင့်ကိုတိုးတိုးတိတ်တိတ်နဲ့ ဆက်ပြီး ထိန်းသိမ်းခဲ့ ကြပါတယ်။

၁၉၇၈ ခုနှစ်မှာ ဦးဝင်းတင်ဦးဆောင်ပါဝင်ခဲ့တဲ့ ‘ စနေ စာဖတ်ဝိုင်း’ မှာ မဆလ လမ်းစဉ်ကို ဝေဖန်သုံးသပ်ထားတဲ့ စာတမ်းငယ်တစောင်ဖတ်ကြား ဆွေးနွေးခဲ့ကြပါတယ်။ အာဏာပိုင်တွေက ထုတ်ဝေခွင့်ပိတ်လိုက်ပါတယ်။အဲဒီနောက်ဦးဝင်းတင်ဟာ ဘာသာပြန်တဲ့သူအလွတ် စာရေးဆရာ ဘဝမှာ ကျင်လည်ရင်းနဲ့ ဆယ်စုနှစ်မျှ သူရဲ့ဝမ်းရေး ကိုဖြေရှင်းခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့တဲ့ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ လွတ်လပ်စွာ တွေးခေါ်မြော်မြင်မှုနဲ့တရားမျှတာမှုကိုယုံကြည်တဲ့သူတွေ ရှေ့တန်းက ပါဝင်ခဲ့ကြတာဟာသဘာဝပါပ။ဲ အစပိုင်းကတည်းကဦးဝင်းတင်ဟာလှုပ်ရှားမှုကြီးစတင်ဖြစ်ပွားခါစက ပေါ်ပေါက်လာတဲ့     စာရေးဆရာများ သမဂ္ဂမှာ တက်ကြွစွာနဲ့ ပါဝင်ခဲ့ပါတယ်။

၁၉၈၈စက်တင်ဘာလမှာသူဟာNLD အလုပ်အမှုဆောင်အဖွဲ့ရဲ့အတွင်းရေးမှူးတွေအထဲက တဦးဖြစ်လာပါတော့တယ်။ယုံမှားစရာမရှိတဲ့သူ့ရဲ့အရည်အချင်းတွေ၊သူ့ရဲ့ခိုင်မာတဲ့  ရည်မှန်းချက်တွေကြောင့်ဦးဝင်းတင်ဟာဒီမိုကရေစီအရေးတော်ပုံကိုဆန့်ကျင်နေကြတဲ့သူတွေရဲ့အဓိကပစ် မှတ်ဖြစ်လာ ပါတော့တယ်။ဒါကြောင့်လည်းပဲ ၁၉၈၉ ခု ဇွန်လမှာ NLD ခေါင်းဆောင်တွေထဲကပထမဆုံးအဖမ်းခံရတဲ့ လူတယောက်ဖြစ်လာပါတော့တယ်။သူ့ကိုဖမ်းဆီးတဲ့အကြောင်းကတော့တရားဥပဒေကနေ ရှောင်တိမ်း နေ တယ်လို့ကြေညာခံရတဲ့လူငယ်တဦးရဲ့ ဖခင်ဖြစ်သူနဲ့ တယ်လီဖုန်း စကားပြောခြင်းဆိုတဲ့ သက်သေထောက်အထား မရှိတဲ့စွဲချက်နဲ့ပဲဖြစ်ပါတယ်။ပါပဲဖြစ်ဖြစ် တယ်လီဖုန်းနဲ့ စကားပြောခြင်းဟာ သက်သေအရာမတည်ဘူးလို့ဥပဒေကဆိုပါတယ်။ဒါပေမဲ့လည်းမြန်မာပြည်မှာစစ်တပ်က အုပ်ချုပ်နေမှု ကို ကန့်ကွက်သူတွေ အတွက် ဥပဒေက ကောင်းစွာ ကာကွယ်မှုမပေးနိုင်ပါဘူး။

အဖမ်းခံရပြီးပြီးခြင်းမှာပဲ ဦးဝင်ကို ၃ ရက်ကြာ အစာမကျွေး၊ မအိပ်နိုင်အောင်လုပ်ထားပြီး ဒီပိုကရေစီအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့တဲ့သူရဲ့ လှုပ်ရှားမှုတွေကို စစ်ဆေးမေးမြန်ပါတော့တယ်။ စစ်ဆေးမေးမြန်းတဲ့  သူတွေကဦးဝင်းတင်ဟာ ကျမရဲ့ နိုင်ငံရေး နည်းဗျူရာဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ တနည်းအားဖြင့် ပြောရမယ်ဆိုရင်ကျမရဲ့ ရုပ်သေး ဆရာဖြစ်တယ်ဆိုတာကို ထွက်ဆိုစေဖို့ အဓမ္မ လုပ်ဆောင်လိုတဲ့ ပုံရှိခဲ့ပါတယ်။ဒါပေမဲ့ သတ္တိနဲ့ ပြည့်စုံ၊ စိတ်ဓါတ်ကလည်း ခိုင်မာလှတဲ့ ဦးဝင်းတင်ကိုအမှားတွေထွက်ဆိုဖို့ဘယ်လိုမှခြိမ်းခြောက်လို့မရခဲ့ပါဘူး။၁၉၈၉ အောက်တိုဘာလမှာ တော့ သူ့ကိုထောင် (၃) နှစ်ချလိုက်ပါတယ်။သူ့ကိုပြန်လွှတ်ဖို့ လအနည်းငယ်အလို ၁၉၉၂ ဇွန်လမှာ နောက်ထပ် အဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်နဲ့တရားစွဲဆိုပြီး ထောင် (၁၁) နှစ်ထပ်မံချလိုက်ပါ တယ်။

ဦးဝင်းတင်ဟာ သူ့အကြောင်းကိုပြောခဲပါတယ်။ NLD တည်ထောင်ပြီးကတည်းက သူနဲ့ကျမ အတူတွဲပြီးနေ့တိုင်းလိုလိုအလုပ်လုပ်ခဲ့တာ လပေါင်းအတော်ကြာမှ သူဟာ လူပျိုကြီးဖြစ်တယ်ဆိုတာ အမှတ်မထင်သိလိုက်ပါတယ်။သူဟာ တစ်ဦးထဲနေထိုင်ပြီးသူရဲ့အိမ်မှုကိစ္စတွေကို ကိုယ်တိုင်လုပ် ကိုင်နေတယ်ဆိုတာကိုလည်းသိခဲ့ရပါတယ်။၁၉၈၉ခုနှစ်မှာသူ့ကို ထောင်ဒဏ်စီရင်ခဲ့ပြီး သိမ့်မကြာ ခင်မှာပဲသူနှစ်ပေါင်းများစွာနေထိုင်ခဲ့တဲ့(လမ်းမတော်မြို့နယ်၊လမ်းသစ်ရိပ်သာ) နိုင်ငံပိုင်တိုက်ခန်းတစ် ခုမှာနေထိုင်ခွင့်ကိုပယ်ဖျက်လိုက်တဲ့အတွက် သူပိုင်ပစ္စည်းတွေကို သူ့ရဲ့မိတ်ဆွေ အပေါင်းအသင်း တွေကအဲဒီတိုက်ခန်းကနေဖယ်ရှားပြောင်းရွှေ့ပေးခဲ့ကြရပါတယ်။ ဦးဝင်းတင်ရဲ့ရုပ်သွင်အမူအရာတခုလုံးကိုကြည့်လိုက်ရင် ခိုင်မာတဲ့ အသွင်အပြင်ပေါ်ထွန်းနေတာမို့ဦးဝင်းတင်ဟာ နှလုံးနဲ့ပတ်သက်ပြီး ဝေဒနာတစ်ခုရှိတဲ့အတွက် အမြဲတမ်းဆေးကုဖို့ လိုအပ်တယ်ဆိုတာကိုသိတဲ့သူ အနည်းပဲရှိပါတယ်။ ဆေးဝါးကုသပြုစု စောက်ရှောက်ဖို့ကလည်း ပြည့်စုံမှုမရှိ၊ နေထိုင်မှုအခြေအနေကလည်းဆိုးရွားလှတဲ့ အကျဉ်းထောင်ထဲမှာ ကာလကြာရှည်စွာ နေထိုင်ရတဲ့အတွက် သူရဲ့ကျန်းမာရေးအခြေအနေဟာပိုပြီး ဆိုးရွားလာနေပါတယ်။၁၉၉၄ခုနှစ်ဖေဖေါ်ဝါရီလအတွင်းမှာ အမေရိကန်ပြည်ထောင်စုကွန်ဂရက်အမတ် ဘီလ်ရစ်ချတ်ဆင်နဲ့ဦးဝင်းတင်တို့တွေ့ဆုံရစဉ်ကဦးဝင်းတင်ဟာ လည်ထောက်ကိုဝတ်ဆင် ထားရ ပါတယ်။ကျောရိုးဆစ်ရောဂါကိုပါခံစားနေရလို့ပါဒါ့အပြင် သူ့ရဲ့သွားတွေကလည်း ဆေးကုသဖို့လိုနေ ပါ တယ်။ဒါပေမဲ့ယခင်အတိုင်းသူ့ရဲ့စိတ်အစဉ်ဟာကြည်လင်လျက်ရှိပြီးစိတ်ဓါတ်ဟာလည်းမ ယိမ်းမယိုင် ကြံခိုင်နေပါတယ်။နဝတဟာ သူပြောသမျှစကားလုံးအတိုင်းအာဏာပိုင်တွေဆီကို သတင်းအပို့ ခံရ မယ်ဆိုတာအသေအချာသိလျက်နဲ့ဦးဝင်းတင်ဟာနဝတစီစဉ်တဲ့အမျိုးအသား  ညီလာခံအပေါ်သူ့ဓလေ့ အတိုင်း ရှင်းလင်းပြတ်သားစွာဝေဖန်ခဲ့ပါတယ်။ကျမဆီကိုလည်းအခိုင်အမာအပြည့်ဝ ထောက်ခံကြောင်း သတင်းစကားပါးခဲ့ပါတယ်။”

ဒီမိုကရေစီအရေးတော်ပုံကြီးတပ်ဦးတွင် စိတ်ဓါတ်ခိုင်မာစွာဖြင့်ယနေ့တိုင် တိုက်ပွဲဝင်နေသော နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သူဦးဝင်းတင်သည် သတင်းစာဆရာ၊စာရေးဆရာ တဦးလည်းဖြစ်သည်။ သူသည် ဝင်းတင်၊ ဝင်းဆွေ၊ ပေါ်သစ်၊ ပြည်စိုး၊ ပုည၊ မောင်ဝန်ဇင်း၊သုသေသီ၊ အယ်ဒီတာတဦး စသည့် ကလောင်ကွဲများဖြင့် စာနယ်ဇင်းမျိုး စုံတွင် ဝတ္ထုတို၊ ပြဇာတ်၊ကဗျာ၊ ဆောင်းပါး၊ စာပေဝေဖန်ရေး စသည်ဖြင့် အကြောင်းအ ရာ မျိုးစုံကိုရေးသားခဲ့သည်။

စာနယ်ဇင်းလောကနှင့် နိုင်ငံရေးလောကသည်‘ ပန်းနှင့်ခေါင်း’ ပမာ ဆက်စပ် နေသကဲ့သို့၊ အယ်ဒီတာနှင့် နိုင်ငံရေးခေါင်းဆောင်မှာလည်းခွဲမရပေ။ တချိန်က တကသ စာဆောင် ‘ အိုးဝေ’ အယ်ဒီတာ ကိုအောင်ဆန်းသည် နောင်တွင် အမျိုးသားနိုင်ငံရေးခေါင်းဆောင်ကြီးဖြစ်လာခဲ့သည်။ ထိုနည်းတူစွာ ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် ဟောင်းဆရာဦးဝင်းတင်သည်လည်း ယနေ့ ဒီမိုကရေစီအရေးတော်ပုံတွင် ပြည်သူလူထု နှင့်အတူ တိုက်ပွဲဝင်လျက်ရှိပေသည်။

တိုင်းပြည်နှင့်ပြည်သူလူထုကောင်းကျိုးအတွက်သေတဖန် သက်တဆုံး အလုပ်ကျွေးပြုရန် သန္နိဌာန် ချထားသော ဆရာဦးဝင်းတင်ကို ၁၉၃ဝပြည့်နှစ်မတ်လ ၁၂ ရက်နေ့တွင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့၌ အဖဦးပု၊ အမိဒေါ်အမာတို့မှဖွားမြင်ခဲ့ သည်။ မွေးချင်းသုံးဦးအနက်အကြီးဆုံး ဖြစ်သည်။

၁၉၅၃တွင်ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာ၊ခေတ်သစ်ရာဇာဝင်နှင့် နိုင်ငံရေးသိပ္ပံဘာသာ တွဲဖြင့် ဝိဇ္ဇာဘွဲ့(B.A) ရရှိခဲ့ သည်။ ရန်ကုန်တက္ကသိုလ်နှစ်လည်းမဂ္ဂဇင်းများတွင် ဝင်းထင် အမည်ဖြင့် ကဗျာနှင့်ဝတ္ထုတိုများ စတင်ရေးသားရင်းကလောင်သွေးခဲ့သည်။ ရန်ကုန်တက္ကသိုလ်၌အရင်းနှီး ဆုံးကလောင်သွေးဖက်မှာဦးဝင်းမောင်(မင်းယုဝေ)ဖြစ်သည်။တက္ကသိုလ်၌ဦးထွန်းတင်(ရှေ့နေ)၊စာရေးဆရာကျော်အောင်၊ကြည်လင်၊မြသန်းတင့်စသည့် တက္ကသိုလ်ကလောင်ရှင်များနှင့်လည်း ကျောင်းနေ ဖက်ဖြစ်ခဲ့သည်။

ငယ်စဉ်ကစာနယ်ဇင်းလုပ်ငန်းအထူးဝါသနာထူံခဲ့သည်။ဂျာနယ်ကျော်မမလေး ၏ ‘ သူလိုလူ’ ( ဦးချစ်မောင်အတ္ထုပ္ပတ္တိ)စာအုပ်ဖတ်ရာမှ သတင်းစာ ဆရာဖြစ်ချင်စိတ် ပြင်းပြခဲ့သည်။ ထို့နောက် ၁၉၄၃တွင်‘အကျိုးဆောင်’ဂျာနယ်လက်ထောက်အယ်ဒီတာလုပ်ကိုင်ခဲ့သည်။ထို့နောက် စာပေဗိမာန် ၌်လက် ထောက်အယ်ဒီတာအဖြစ်၁၉၅ဝမှ၁၉၅၄ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၅၃တွင် AFP နိုင်ငံခြားသတင်းဌာနတွင်ညပိုင်းအယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ သည်။ ဆရာဒဂုန်တာရာ ဦးစီးထုတ်ဝေသော ‘ ဂန္ထာဝင်’ ဂျာနယ်၌ လက်ထောက်အယ်ဒီတာအဖြစ်တွဲဖက်လုပ် ကိုင်ခဲ့ဖူးသည်။

ယင်းနောက် ၁၉၅၄ မှ ၁၉၅၇ ခုနှစ် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ ဂျမ်ဘာ တန်( Jambarton)စာအုပ်ထုတ်ဝေရေးကုမ္ပဏီတွင်စာအုပ်ထုတ်ဝေမှုပညာနှင့်စာနယ်ဇင်း ပညာဆည်းပူးရင်း တဖက်မှာလည်း မြန်မာဘာသာပြန် စာလုပ်စာတမ်းများ ထုတ်ဝေရေးတွင်အကြံပေးအယ်ဒီတာအဖြင့် လုပ်ကိုင်ခဲ့သည်။ တဖက်တွင် ပညာသင်ရင်း မြန်မာနိုင်ငံ သတင်းများစုစည်း ‘ဒို့ပြည်သတင်း’ သတင်းစာကို မိမိငွေဖြင့်စောင်ရေ ၅ဝဝ ထုတ်ဝေ၍၊ ပြည်ပရောက်မြန်မာများထံ စာတိုက်မှ အခမဲ့ဖြန့်ဝေခဲ့သည်။ဥရောပ၌ရှိနေ စဉ် လန်ဒန်မြို့၌ ပညာသင်ရောက်ရှိနေသော ဆရာမင်းယုဝေ ဆရာမငွေတာရီဇနီးမောင်နှံတို့နှင့်အတူဥရောပတိုက်ရှိပန်းချီအနုပညာပြတိုက်များကို လှည့်လည်လေ့ လာခဲ့သည်။ပန်းချီပြတိုက်များကို လေ့လာရာမှနောင်တွင် ပန်းချီဝေဖန်ရေးဆောင်းပါးများ ရေးသားခဲ့ သည်။                    

၁၉၅၇ ခုနှစ်တွင် ကြေးမုံတသင်းစာကို ဦးသောင်း(အောင်ဗလ)၊စိန်ခင်မောင်ရီ တို့နှင့်အတူ စတင်တူထောင်သူများတွင် ပါဝင်ခဲ့ပြီး ဦးစီးအယ်ဒီတာအဖြစ်ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ၁၉၆၄ စက်တင်ဘာ၁တွင် ‘ ကြေးမုံ’  သတင်းစာ ပြည်သူပိုင်အသိမ်း ခံရပြီးနောက် ကြေးမုံသတင်းစာတိုက်တွင် အယ်ဒီတာအဖြင့် ၁၉၆၈ ခုနှစ်အထိ ဆက်လက်လုပ်ကိုင်ခဲ့သည်။ ဆရာဦးဝင်းတင်သည် ၁၉၅၉ မှ ၁၉၆၄ ခုနှစ်အထိ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအတွင်းရေးမှူးအဖြင့် ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က ဥက္ကဌအဖြင့်ဆောင်ရွက်ခဲ့သူမှာဦးထွန်းဖေ(ထွန်းနေ့စဉ်)ဖြစ်ပြီးအမှုဆောင်များအဖြင့်ဦးဘဖေ၊ ဂျာနယ် ကျော်တင့်ဆွေ၊ ဦးပေါ်ဦး၊ ဦးစောလှ၊ ဦးတင်ထွေး တို့ဖြစ်သည်။

၁၈၉၇ ခုနှစ် ဇန်နဝါရီလ ၂ရက်နေ့တွင် စတင်ထုပ်ဝေလာခဲ့သော ဟံသာဝတီသတင်းစာကို ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်အောက်တိုဘာ ၂၉ ရက်နေ့ ဗြိတိသျှ ဘားမားသူဌေး ဦးညွန့် (ကဗျာဆရာမငွေတာရီ၏ဖခင်)ကလွှဲပြောင်းယူ၍နေ့စဉ်သတင်းစာထုတ်ဝေခဲ့သည်။   အဆိုပါသတင်း စာ၌ကရင်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီး၏ သတင်းကို ၁၉၄၉ ဒီဇင်ဘာလ ၁ ရက်မှ ၁၉၅၀ဖေဖေါ်ဝါရီ ၂၈ ရက်နေ့အ ထိ ဖေါ်ပြခဲ့သောကြောင့် ဖဆဖလ အစိုးရက ဟံသာဝတီသတင်းစာကို ၁၉၅၀မတ်လတွင်ချိတ်ပိတ်ခဲ့သည်။၁၉၅၅ခုနှစ် ဇူလိုင်လ၁ရက်နေ့တွင် ပြန်လည်ထုတ်ဝေခွင့်ရခဲ့ သော်လည်းတော်လှန်ရေးကောင်စီက ဟံသာဝတီသတင်းစာကို ၁၉၆၉ ခု ဇန်နဝါရီ လ ၃၁ ရက်နေ့တွင်ပြည်သူပိုင်သိမ်းခဲ့သည်။သတင်းစာတိုက်ကိုလည်းမန္တလေးမြို့သို့ပြောင်းရွှေ့၍    တော် လှန် ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်း အမိန့်ဖြင့် ဆရာဦးဝင်းတင် ကိုအယ်ဒီတာချုပ်အဖြင့် ခန့်အပ်ကာ၁၉၆၉အောက်တိုဘာလ ၁ ရက်နေ့တွင် ဟံသာဝတီသတင်းစာကိုပြန်လည် ထုတ်ဝေစေ ခဲ့သည်။

ဆရာဦးဝင်းတင်သည် ဟံသာဝတီသတင်းစာနယ်အယ်ဒီတာချုပ်အဖြင့် တာဝန်ယူ ဆောင်ရွက်စဉ် သတင်းစာနှင့်စာပေလှုပ်ရှားမှုအများအပြားအကောင် အထည်ဖေါ်ဆောင်ရွက် နိုင့်ခဲ့သည်။ သတင်းစာလုပ်ငန်းနှင့်ပါတ်သက်၍ ဟံသာဝတီသတင်းစာမြို့နယ် သတင်းထောက်များ၏ လုပ်ငန်းဆိုင်ရာဆွေးနွေးပွဲများကို ၁၉၇၄၊၁၉၇၅၊၁၉၇၆ခုနှစ်များတွင် သုံးကြိမ်တိုင်တိုင်ဆောင်ရွက် နိုင်ခဲ့သည်။

ဆရာသည် စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ငယ်ကိုဖွဲ့စည်းခဲ့ပြီးရတနာပုံခေတ် သတင်းစာဆရာကြီး ဘိုဝဇီရ အားဂုဏ်ပြုသောအားဖြင့် ဘိုဝဇီရခန်းမကိုတည်ထောင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါခန်းမတွင် စာဆိုတော်နေ့ အခမ်းအနားများ၊ စာပေဟောပြောပွဲများ၊စာတမ်းဖတ်ပွဲများ၊ စာပေဆိုင်ရာ အထိမ်းအမှတ်ပွဲများ၊စာပေယဉ်ကျေးမှုဆိုင်ရာပြပွဲများကိုပုံမှန်ကျင်းပပေးခဲ့သည်။ အဆိုပါလှုပ်ရှား မှုများအနက် စာတမ်းဖတ်ပွဲများကိုစနေနေ့များတွင် ကျင်းပပြီး စနေ စာပေဝိုင်းများဟု ထင်ရှားခဲ့သည်။ စနေ စာပေဝိုင်း၏အသီးအပွင့်အဖြင့် သတင်းဟာသ ( ဟံသာဝတီ ကာတွန်းများ)၊ ပြည်သူတို့၏ စကားပြန်၊စနေစာပေဝိုင်းစသော စာအုပ် ထုတ်ဝေနိုင်ခဲ့သည်။ စနေ စာဖတ်ဝိုင်းသည် မြန်မာစာပေအနုပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် စာပေလှုပ်ရှားမှုဖြစ် သော်လည်း မဆလ လမ်းစဉ်ပါတီဝေဖန်ထောက်ပြမှုကြောင့် ဟံသာဝတီသတင်းစာ တိုက်ကို ၁၉၇၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင်လုံးဝပိတ်သိမ်းလိုက်သလို၊ အယ်ဒီတာချုပ် ဦးဝင်းတင်ကိုလည်း ထုတ်ပယ်လိုက်လေသည်။

ဦးဝင်းတင်သည်ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်လုပ်ကိုင်နေစဉ် အတွင်းသတင်းစာဆရာ ကိုယ်စားလှယ် တစ်ဦးအဖြင့်ဥရောပနိုင်ငံများသို့ မြန်မာသတင်းအဖွဲ့နှင့်အတူ လိုက်ပါရင်း ရောက်ရာ နိုင်ငံမှ သတင်းများ၊ဆောင်းပါးများရေး၍၊ မြန်မာနိုင်ငံသို့ပေးပို့ခဲ့သည်။ အဆိုပါဆောင်းပါးများကို စုစည်း၍ ၁၉၇၂ ခုနှစ်တွင် “ ခြေမှာစကား၊ လက်ဖျားကဗျာ၊ မျက်နှာ ဇာတ်သိမ်း”အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့သည်။ ထို့နောက် အရှေ့ဥရောပ နိုင်ငံများနှင့် ဆိုဗီယက်ယူနီယံနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ပြီးနောက် ‘ ကမ္ဘာနီတွင်-တဒင်္ဂ’ အမည်ဖြင့် ခရီးသွားမှတ်တမ်းစာအုပ်ကို ထုတ်ဝေခဲ့သည်။၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ကြယ်နီစာပေတိုက်မှ စနေ စာပေဝိုင်း စာအုပ်တွင်ပါရှိသော ဆရာဦးဝင်းတင်၏ခရီးသွား စာပေဆောင်းပါးနှစ်ပုဒ်ကို စုစည်း၍ ‘ ခရီးသွားစာပေ’ ခေါင်းစဉ်ဖြင့် ထုတ်ဝေခဲ့သည်။အဆိုပါ စာအုပ်၌ဆရာဦးဝင်းတင်က -

“ ဒေသန္တရဗဟုသုတသည် လူတို့၏အမြင်ကိုကျယ်စေ၏။ ဆင်ခြေကိုတရား တိုးပွားစေ၏။ အလိမ္မာဥာဏ်ကို ရင့်သန်စေ၏” ဆိုသည့်စကားအတိုင်းခရီးသွား စာပေ ကို ဖတ်ခြင်းဖြင့် အကျိုးကြီးစွာ ခံစားကြရသည့်အပြင် ငွေမကုန်လူမပန်းဘဲဒေသမျိုးစုံ သို့ ကိုယ်တိုင် ရောက်ပေါက်ကြရဘိ သကဲ့သို့ လူပေါင်းစုံ၊ ဓလေ့စရိုက်ပေါင်းစုံကိုကိုယ်တိုင် သိမြင်ခံစားကြရဘိ သကဲ့သို့ ရှိရသည်ဖြစ်၍ ခရီးသွားစာပေကို စိတ်ပါဝင်စားလေ့လာမှတ်သားသူစာဖတ်ပရိသတ်အင်အားလည်း ခေတ်သစ် နှင့်အတူ တိုးပွားလာခဲ့သည်ဟုသုံးသပ်တင်ပြထားသည်။ ဆရာဦးဝင်းတင်သည် John Hersey ရေးသားခဲ့သော Hiroshima ကို ‘ လူ့ငရဲ’ အမည်ဖြင့် ဘာသာပြန်ခဲ့သည်။ အဆိုပါစာအုပ်ကို၂၀၁၁ စက်တင်ဘာလတွင် နေရီရီ စာအုပ်တိုက်မှ ဒုတိယအကြိမ်ပြန်၍ ထုတ်ဝေခဲ့သည်။

ဆရာဦးဝင်းတင်သည် မန္တလေး၌ နေ့စဉ် ရန်ကုန်သို့ ဆင်း၍ သတင်းစာ ဆရာသင်တန်းများလဲ ပို့ချခဲ့သည်။သတင်းစာသမိုင်းရေးသားပြုစုရန်လည်းတက္ကသိုလ်ထင်ကြီး၊လူထုဦးလှ၊ဦးကြီးမောင် (ငွေ ဥဒေါင်း) တို့နှင့်အတူ ကြိုးပမ်းခဲ့သည်ဟုသိရသည်။

ထို့နောက် ဆရာဦးဝင်းတင်သည် ‘ ပေါ်သစ်’  ကလောင်အမည်ဖြင့် ပန်းချီဝေ ဖန်ရေးဆောင်းပါးကို စာနယ်ဇင်းများ၌ ရေးသားခဲ့သည်။ နောင်တွင် အဆိုပါဆောင်းပါး ကို စုစည်း၍ ‘ အလှရှာပုံတော်’ ခေါင်းစဉ်ဖြင့် စာအုပ်တအုပ်ထုတ်ဝေခဲ့သည်။

ဆရာဦးဝင်းတင်သည် အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်သော့ကြောင့်အမေရိ ကန်စာရေးဆရာ (ဟင်နရီစစ်ဒနာဟာရီဆင်) (Henery Sydnor Harrison, 1880.1930) ရေးခဲ့သည်။‘ Queed’ ဝတ္ထုကို ‘ ကွိ’ အမည်ဖြင့် မြန်မာပြန်ဆိုခဲ့သည်။ ထို့ပြင်Northern Light စာအုပ်ကိုလည်း ‘ ဥတ္တရအလင်’အမည်ဖြင့် ပြန်ဆိုခဲ့သည်။

ဆရာဦးဝင်းတင်သည် ရှစ်လေးလုံး အရေးတော်ပုံကြီးတွင်အနုပညာရှင်ပေါင်းစုံ တို့၏ ကြေညာချက်ထွက်ပေါ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ အရေးခင်းကာလအတွင်း စာနယ်ဇင်းသမဂ္ဂ သတင်းစာတွင် ခေါင်းကြီးပိုင်းသတင်း၊သတင်း၊ ဆောင်းပါးများ ရေးသားပေးခဲ့သည်။ ထို့ပြင် ကျောင်းသား သမဂ္ဂ မှဦးစီးထုတ်ဝေသော  ‘သမဂ္ဂ’သတင်းစာတွင်လည်း ပါဝင်ရေးသားခဲ့သည်။ ၁၉၈၈ သြဂုတ် ၃၀ တွင်    ‘ဆန္ဒဖေါ်သံ’သတင်းစာကို ကိုယ်တိုင်ထုတ်ဝေခဲ့သည်။

ထို့နောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကိုစစ်တပ်မှအကြမ်းဖက် ဖြိုခွဲပြီးနောက် သမိုင်းလိုအပ်ချက်အရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖွဲ့စည်းသောအခါ အဖွဲ့ချုပ်၌ဗဟိုအလုပ်အမှု ဆောင်အဖွဲ့၏အတွင်းရေးမှုအဖွဲ့ဝင်အဖြစ်စတင်ပါဝင်လှုပ်ရှားခဲ့သည်။ အမျိုးသားညီညွှတ်ရေးတပ် ပေါင်းစု၌လည်း ဒေါ်မြင့်မြင့်ခင်နှင့်အတူ နာယက အဖြစ်တာဝန်ယူခဲ့သည်။

၁၉၈၉ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင်စစ်အစိုးရ၏ မတရားသော ကြေညာ ချက် အမှတ်(၃၈) ကို ဆန့်ကျင်ရာ၌သုံးစွဲခဲ့သည်။ “ အများပြည်သူသဘောမတူတဲ့ အမိန့် အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဟူသော ဆောင်ပုဒ်ကိုရေးသားပေးခဲ့သည်။

၁၉၈၉ ဇွန်လိုင်လ ၄ ရက်တွင် တရားခံပြေးတဦး၏ဖခင်ထံ ဖုန်းဆက်စ ကားပြောဆိုမှုကို အကြောင်းပြု၍ ဆရာဦးဝင်းတင်အားစစ်အစိုးရ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အများပြည်သူဆူပူအုံကြွအောင် လုပ်ဆောင်ရာတွင် နောက်ကွယ်မှ ကြိုးကိုင်သည် ဟု အကြောင်းပြချက်ဖြင့်လွတ်ရက်စေ့ခါနီး- ၁၉၉၂ ခုနှစ် ဇွန်လိုင်လတွင် ထောင်ဒဏ် ၁၁ နှစ် ထက်မံ ချမှတ်ခဲ့ခြင်းခံရသည်။

ဦးဝင်းတင်အား ၁၉၈၉ ခုနှစ် ဇွန်လိုင်လ၄ ရက်နေ့ ဖမ်းစီးအချိန်မှစ၍ အင်းစိန်ထောင် အထူးတိုက်-ဝင်းအတွင်း၌ ထားရှိ၍ ပတ်ဝန်းကျင်နှင့်လုံးဝအဆက်အသွယ် ဖြတ်တောက်ခြင်း ခံရသည်။ ထို့အပြင်ထောင်ဝင်စာ လည်း အပိတ်ခံရသည်။ ၁၉၉၁ နှစ်ကုန်ပိုင်းတွင် ဦးဝင်းတင်အား အထူးတိုက်မှအမှတ်၃တိုက်သို့ပြောင်းရွှေ့ခဲ့သည်။မြန်မာနိုင်ငံသို့ကုလအထူးကိုယ်စားလှယ်  ‘ယိုဇိုယိုကိုတာ’ လာရောက်စဉ်အတွင်း အကျဉ်းချခံနေရသောနိုင်ငံရေးသမားများအပေါ် နဝတ အစိုးရအာဏာပိုင်များ၏ ညှင်းပမ်း နှိပ်စက်မှုများနှင့်ပတ်သက်၍ ပလစ်စတစ်အိတ် ( ကျွတ်ကျွတ်အိတ်)ပေါ်တွင်- အသေးစိတ်ရေးသားပေးပို့ထားသည့်စာကို နိုင်ငံရေးအကျဉ်းသားများနှင့် အတူ ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် အကျဉ်းထောင်ပုံစံအင်္ကျီများပေါ်တွင် “ စု၊ လွှတ်၊ ပြန်တွေ့၊ / စု၊ ဖျက်၊ တွေ့” ဆိုသည့် ခေါင်းစဉ်ဖြင့်မြန်မာပြည်နိုင်ငံရေးသုံးသပ်ချက် စာတမ်းကို ရေးသားပြုစုကာ ထောင်အပြင်သို့ထုတ် ခဲ့သည်။
‘စု’ဆိုသည်မှာဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး၊
‘ လွှတ်’ ဆိုသည်မှာ လွှတ်တော်ခေါ်ယူရေး၊
‘ ပြန်တွေ့’  ဆိုသည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲများပြုလုပ်ရေး၊
‘ စု’ ဆိုသည်မှာ ဒီမိုကရေစီ ပြည်ထောင်စုသစ်ပေါ်ထွန်းရေး၊
‘ ဖျက်’ ဆိုသည်မှာ အမျိုးသားညီလာခံကို ဖျက်သိမ်းရေး၊
‘ တွေ့’ ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နဝတ ( နအဖ ) တွေ့ဆုံဆွေးနွေးရေး၊

ဆိုသည့် နိုင်ငံရေးလမ်းစဉ်ကို ဦးဝင်းတင်သည် ချမှတ်ပေးခဲ့သည်။အဆိုစာတမ်းကို  ၁၉၉၅ နိုဝင်ဘာလတွင် – ထောင်အတွင်းမှပြည်ပသို့ လျှို့ဝှက် ထုတ်ပေးမှု ကြောင့် ဦးဝင်းတင်အား ၁၉၉၆ မတ်လ ၂၈ ရက်နေ့တွင် ထောင်ဒဏ်( ၇ ) နှစ်  ထပ်မံတိုးခဲ့ပြန်သည်။

အကျဉ်းချခံနေရစဉ်အတွင်း ဆရာဦးဝင်းတင်သည်‘ ထ’ လေးလုံးပေါ် လစီချမှတ်ခဲ့သည်။
ပထမ ‘ ထ’ သည်ထူထောင်ရမည်။              
ဒုတိယ ‘ ထ’ သည်ထိန်းသိမ်းရမည်။
တတိယ ‘ ထ’ သည် ထိုင်မနေနှင့်၊
စတုတ္ထ ‘ ထ’ သည် ထိတွေ့ရမည်ဟူ၍ ဖြစ်သည်။

အကျဉ်းချခံနေရစဉ်အတွင်းမှာပင် ၂၀၀၁ ခုနှစ်၌ ဦးဝင်းတင်အား ယူနယ်စကိုဂွီလာရ်မိုကာနို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ဆု(Unesco – Guillermo Cano World Press Freedom Award) ကိုချီးမြှင့်ခံခဲ့ရသည်။ ထိုနှစ်အတွင်းမှာပဲနိုင်ငံတကာသတင်းစာများအဖွဲ့ ( WAN. World Association of Newspaper) မှချီးမြင့်သည့် ‘လွတ်လပ်မှုရွှေကလောင်ဆု’ (Golden Pen of Freedom Award) ကို   သာယာဝတီစမ်းစမ်းနွဲ့နှင့် အထူးချီးမြှင့်ခံခဲ့ရသည်။ ထောင်သက်အရှည်ဆုံး သတင်းဆရာကြီး ဦးဝင်တင်အားဂုဏ်ပြုသည့်အနေဖြင့်ပြင်သစ်နိုင်ငံ–လမ်းတလမ်းကို ဝင်းတင်လမ်းဟု မုည့်ခေါ်ခဲ့ ကြသည်။

ဆုငွေကြေးများအားကို မြန်မာသတင်း သမဂ္ဂ သို့ လှူဒါန်း – ‘ ဥဒါန်းမဂ္ဂဇင်း’ကို ထုတ်ဝေစေခဲ့သည်။ဥဒါန်းမဂ္ဂဇင်းကိုဦးဝင်းတင်လှူဒါန်းငွေဖြင့်မတည်ကာမဂ္ဂဇင်း၏ အထွေထွေ ကုန်ကျစရိတ်များကို အမေရိကန်အခြေစိုက် National Endowment of Democracy အဖွဲ့၊ ပြင်သစ်အခြေစိုက်Reporters San Frontieres၊ အမေရိကန်အခြေစိုက်နိုင်ငံတကာ သတင်းစာ များ အဖွဲ့ (WoldAssociation of Newspaper) အဖွဲ့တို့က ကူညီပံ့ပိုးပေးခဲ့သည်။

နဝတ စစ်အစိုးရက ဦးဝင်းတင်အား ၂၀၀၅ ဇူလိုင်လတွင်ထောင်မှလွတ်ပေး မည်ဟုဆိုကာ  ထိန်းသိမ်းထားရာတိုက်မှ ထောင်ဗူးဝသို့ ခေါ်ထုတ်ကာ ၄ နာရီကျော် မေးမြန်း၍ ထောင်းဗူးဝမှပြန်သွင်း၍ပြန်လည်အကျဉ်းချခဲ့သည်။တနည်းအားဖြင့်လူတစ်ယောက်အား လူမဆန်စွာ ဖြင့် စိတ်ဓါတ် စစ်ဆင်ရေး ပြု လုပ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် နဝတ စစ်အစိုးရက နိုင်ငံတကာ၏ဖိအားပေးမှုကြောင့် ဦးဝင်းတင် အား  ၂၀၀၈ ခုနှစ်စက်တင်ဘာလ ၂၃ ရက်နေ့တွင် အကျဉ်းထောင်မှ ပြန်လည်လွှတ် ပေးခဲ့သည်။ အကျဉ်းထောင်မှ လွတ်မြှောက်ပြီးနောက်ဆရာဦးဝင်းတင်သည်ထောင်တွင်း၌အမျိုးမျိုးအဖုံဖုံညှဉ်းပန်း နှိပ်စက်ခံရမှု အတွေ့အကြုံများကို ရေးသားခဲ့သည့် ‘ ဘာလဲဟဲ့…..လူ့ငရဲ့’အမည်ရှိစာအုပ်ကို ရေးသား၍ ၂၀၁၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့တွင်ကျရောက်သော ဆရာ၏ အသက်ရှစ်ဆယ်ပြည့် မွေးနေ့အ ထိမ်းအမှတ်ဖြင့် ဒီမိုကရက်တစ်မြန်မာ့အသံမှ ၂၀၁ဝ ပြည့်နှစ်တွင် ထုတ်ဝေ ပေးခဲ့ သည်။ အဆိုပါ စာအုပ်ကို  မြန်မာနိုင်ငံရေးအကျဉ်းသားများကုညီစောင့်ရှောက်ရေး အသင်း( AAPP) အဖွဲ့မှ ဖြန့်ချိပေးခဲ့သည်။


ယခုအခါ ဆရာကြီးဦးဝင်းတင်သည် အသက် ၈၄ နှစ်ပြည့်၍ လည်ပင်းကျီး ပေါင်းတက်ရောဂါ၊ အူကျရောဂါ၊သွေးတိုးရောဂါ၊ဆီးကျိတ်ရောင်ရောဂါ၊သွားကိုက်ရောဂါကျောက်ကပ်ရောဂါတို့ကို ခံစား နေရသော်လည်း စိတ်ဓါတ်မကျဘဲယုံကြည်ချက်ခိုင်မာစွာဖြင့် ဒီမိုကရေစီအရေးတော်ပုံကြီးတွင် မားမားမတ်မတ် ရပ်တည်ကာရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်လျက်ရှိနေရာ မှ ၂ဝ၁၄ ခုနှစ်ဧပြီလ ၂၁ ရက် နံနက်၆ နာရီတွင်   ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကျောက်ကပ်ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့လေသည်။

မည်သို့ ဆိုစေ….. စစ်အာဏာရှင်အစိုးရကို နှလုံးရည်ဖြင့်ရဲရဲတောက်တော်လှန်ခဲ့သော     သူ၏ဇွဲသတ္တိနှင့်လုပ်ဆောင်ချက်များသည်ပြည်သူတို့ နှလုံးသားတွင်ထာဝစဉ် ကမ္ဗည်းတင်နေမည်မှာ   မလွဲဧကန်ပင်ဖြစ်နေပေလိမ့်မည်မဟုတ်ပါလော။