ဖိုးထက် - ခေမာလို လှ…လူထုဒေါ်အမာရဲ့ အဆူခံကြ…

ခေမာလို လှ…လူထုဒေါ်အမာရဲ့ အဆူခံကြ…  
ဖိုးထက်၊ ဧပြီ ၃၀၊ ၂၀၁၄


မြတ်စွာဘုရားရှင်ရဲ့ ဒကာအရင်းကြီးတွေထဲက ဗိမ္ဗိသာရ မင်းကြီးဆိုလျှင် ဗုဒ္ဓဘာသာဝင်တွေ အကုန်လုံး နီးပါး သိကြသည်။ ဘုရင်ကြီးက ဘုရားရှင်ကို သိပ်ချစ်၊ သိပ်ကြည်ညို သလောက် သူ့မဟေသီ မိဖုရားကြီး ခေမာ ကဖြင့် ဘုရားရှင်နဲ့ မတွေ့လို။ စကားမပြောလို။ အကြောင်းက သူ့ရဲ့ အလွန်လှသော အဆင်းရူပါနဲ့ ပါတ်သက်နေသည်။ ဘုရားရှင်က ရုပ်ရည်လှပ၊ အဆင်းလှခြင်းအပေါ်မှာ မချီး မမွမ်း၊ ကဲ့ရဲ့တာဘဲ အမြဲ လုပ်နေလို့ပါတဲ့။ မိန်းမဆိုတာမျိုးက သံသာလေ တစ်ဖက်ကမ်း ရောက်ချင်မှရောက်၊ ငါလှတာ ငါသိတယ် လုပ်ချင်ကြတဲ့ အမျိုးချည်းပါဘဲ။ ခေမာ မိဖုရားကြီး ဘုရားရှင်ကို စိတ်ခုပြီး မတွေ့ချင်တာ မဆန်းသော မိန်းမတို့ စရိုက် လက္ခဏာလို့ဘဲ ဆိုကြပါစို့ရဲ့။

    သို့သော်လည်းဘဲ ဘုရားရှင်ဆိုတာမျိုးက ဆိုးသွမ်း၊ မိုက်မဲနေတဲ့ အင်္ဂလိမာလ လို ပုဂ္ဂိုလ်မျိုးကိုတောင် ချေ၊ ချွတ်လာတဲ့ သူပေဘဲ။ ခေမာမိဖုရားလောက်ကိုဖြင့် အဆင်းရဲ့ မတည်မြဲခြင်း၊ အပုပ်ကောင် ရုပ်ဆောင်ကြီးပါကွယ် ဒကာမကြီးရယ် ဆိုတော့ အရင်ကတည်းက ပါရမီရင့်သန်ခဲ့တဲ့ အမျိုးသမီးဆိုတော့ ပညာအရာမှာ နိုးတူးလို့ပြောရမယ့် ရဟန္တာမကြီး ဖြစ်သွားခဲ့တယ်။

    “နေပါအုံး…မောင်ရင်ရဲ့ ဗိမ္ဗိသာရ မိဖုရား ခေမာ ရဟန္တာဖြစ်သွားတာကနေ မင်းက ဘာပြောချင်နေတာလဲ..ကွဲ့” လို့ အမေးရှိလာရင် အဖြေရှိပါသောကော။ ကျွန်တော် ပြောချင်တာက မိန်းကလေးတွေ အလွန်အကျွံကြီး အတို၊ အကျပ်၊ အဟိုက်၊ အပြတ်တွေ ၀တ်နေကြတာကို ပြောချင်တာပါ။ ချစ်ရ၊ ခင်ရ၊ စေတနာရှိသူ ပညာတတ်မိန်းကလေးများကို “နည်းနည်းလေး ၀တ်တာ ဆင်ချင်ပါလားဟယ်” လို့ ပြောမိရင် “သိပ်အောက်တာဘဲ။ ငါတို့ ဒီလို ၀တ်တာနဲ့ နင်တို့ ယောင်္ကျားတွေက ဏှာဘူး ထစရာလား။ ငါတို့ဘာသာ ငါတို့ ၀တ်တာ ဘာဖြစ်သလဲ။ ငယ်တုံးရွယ်တုံး တင်းတင်း ရင်းရင်း ရှိတုံး ၀တ်ရတာ..” လို့ ၀က်ဝက်ကွဲ ပြန်ပက်တာ ခံရတာဘဲ အဖတ်တင် ကျန်ခဲ့တယ်လေ။

    ဒီသတ္တလောကကြီးထဲက သတ္တ၀ါတွေထဲမှာ လူတစ်မျိုးဘဲ ဥာဏ်ကြီးသလောက် အ၀တ်အစားမှာ သိပ် အလုပ်ရှုပ်တယ်။ ငှက်တွေဆိုရင် အမွှေး၊ အတောင်လေးတွေ နှုတ်သီးလေးနဲ့ သပ်သပ်ပြီး နေသားတကျ ဖြစ်အောင် ထားလိုက် ပြီးတာဘဲ။ ကြောင်တွေဆိုရင် လက်ကလေးနဲ့ မျက်လုံးကို ပွတ်၊ လျှာနဲ့ လက်ကို လျက်။ ပြီးပြီ။ ဒီလောက်ဘဲ။ လူတစ်မျိုးဘဲ ရှုပ်လိုက်တဲ့ အမျိုး။ အဲဒီလူထဲမှာမှ မိန်းကလေးတွေရဲ့ အ၀တ်အစားက ပိုပြီး အရှုပ်ဆုံး။ ရွေးချယ်စရာ အများဆုံး။ ယောင်္ကျားလေးတွေမှာက Brand လိုက်နိုင်ရင် အဆင်ပြေပြီလေ။ မိန်းမလေးတွေမှာက ပွမလား၊ ကြပ်မလား၊ ဖောက်မလား၊ ဖော်မလား၊ ဖြတ်မလား၊ ဆက်မလား၊ ဟိုက်ဟိုက်လေးလား၊ စိစိလေးလား။ ယောက်င်္ကျားလေးမှာက တီရှပ်နေနေ၊ ရှပ်အကျီ င်္နေနေ လက်တိုနဲ့ လက်ရှည် နှစ်မျိုးဘဲ။ မိန်းကလေးတွေက မတို၊ မရှည်၊ လက်စက ဆိုတာ ရှိသေးတာ။ တစ်ခါတစ်ရံ တိုတာထက်လွန်ပြီး တစ်ကိုင်းကြိုးဆိုတာတောင် ရှိသေးရဲ့။ ဂျီးစထရင်းလေး ဆိုတာ ပါသေးရဲ့။

    အခုတော့ Facebook ကမ္ဘာကြီး ပီပီ မသိမသာ ဟိုက်ဟိုက်လေးတွေ၊ သိသိသာသာ ဟိုက်ဟိုက်လေးတွေကို ၃၆၀ နဲ့ တင်လိုက်တော့ အမောင် မောင်မင်းကြီးသား ကျွန်တော်တို့ ခင်ဗျာ ဂလုကြပေါ့။ အောင်မာ..ငါတို့ ဘာသာ တင်တာ နင်တို့က ဘာဖြစ်စရာ လိုလဲ လို့ စောဒက တက်မယ်ဆို တက်စရာပေါ့။ ကျွန်တော့်ဘက်ကလဲ ပြန်ပြောစရာ အဖြစ်အပျက်လေး တစ်ခု ရှိပါရဲ့။ ဒီလို….

    တစ်ခါက ရန်ကုန် ဘတ်စ်ကား ကြပ်ကြပ်ပေါ်မှာ မိန်းကလေး တစ်ယောက် ဘောင်းဘီတိုတို ကြပ်ကြပ် ၀တ်လာသတဲ့ ။ ပေါင်တံလေးက ဖွေးပြီး အမွှေးနုနုလေးတွေနဲ့ ဆိုတော့ မြင်ရသူတွေ အူယားကြသပေါ့လေ။ သို့ပေမယ့်လဲ အနည်းငယ် ဆင်ချင်နိုင်သော ယောက်င်္ကျားများက မသိမသာနဲ့ ခိုးကြည့်ကြသတဲ့။ နင်တောင် ၀တ်သေးတာ။ ငါတို့က ဘာလို့ မကြည့်ရမလဲ ဆိုပြီး ပေါ်တင် မျက်စိ စားပွဲထိုင်တဲ့ သူတွေလဲ ရှိသပေါ့။ အဲဒီမှာ ကားကလဲ ကြပ်။ ထိုင်ခံမရတဲ့ ကောင်မလေးက အလယ်မှာ ရပ်နေရတယ်။ သူရပ်တဲ့ ဘေးက အမျိုးသား ခပ်ရွယ်ရွယ်တစ်ယောက်က ခံရအခက်ဆုံး။ သူ့မျက်နှာနဲ့ တစ်ပေမကွာမှာ ပေါင်တံ ဖွေးဖွေးကြီးက ဟိုဘက်တိုးလိုက်၊ ဒီဘက်တိုးလိုက်။ ဒီလိုနဲ့ မှတ်တိုင်တစ်ခုမှာ ကားက အရှိန်နဲ့ ထိုးအ၀င်၊ ဘရိတ်စောင့်အအုပ်မှာ အဲဒီပေါင်တံဖွေးဖွေးလေးက သူ့မျက်နှာဆီ ပြေးကပ်လာတယ်။ အမောင်ယောင်္ကျား အဘယ်သို့များ စိတ်ကြီး စိတ်ခိုင် ထိန်းနိုင်ပါအံ့နည်း။ ပြေးဝင်လာတဲ့ ပေါင်ကို ကဲဟယ်..ဖြစ်ချင်ရာဖြစ်..မောင်ဘချစ်၊ နောင်ကိစ္စ နောင်မှ ကြည့်ရှင်းဆိုပြီး အားရပါးရ အူထဲ ယားသမျှ အတိုးချပြီး ခွေးကိုက် ကိုက်တာ ကောင်မလေးပေါင်မှာ သူ့သွားရာကြီး အကွင်းလိုက်ဖြစ်သွားသတဲ့။ နောက်ပိုင်း ဘာဆက်ဖြစ်သလဲ ဆိုတာတော့ ဇာတ်လမ်းပြောသူက ဆက်ပြောမသွားလို့ ကျွန်တော်လဲ မသိပါဘူး။ ပေါင်သားဖွေးဖွေးနဲ့ သွားအကွင်းလိုက်နဲ့ ရီရတာနဲ့ ဘာဆက်ဖြစ်သလဲ ဆိုတာ မေးမနေခဲ့ပါဘူး။ သိဖို့ မလိုတော့ဘူး ထင်ပါတယ်။

    ကျွန်တော်တို့လို အတွင်းစိတ်ကို အပြင်ကို ထုတ်ပြချင်တိုင်း ပြမဖြစ်တဲ့ လူတွေကျတော့ ဟင်း..ဟင်း…ဟင်း လောက်နဲ့ ပြီးပါတယ်။ အသားဖွေးဖွေး၊ တင်းတင်းရင်းရင်းကြီးတွေကို ဟင်း…နဲ့ မပြီးတတ်ကြတဲ့ ယောက်င်္ကျားတွေလဲ ရှိတတ်ကြတယ်ဆိုတာ ကျွန်တော်တို့ ယောက်င်္ကျားတွေက 'စနိတ် စနိတ်ချင်း ဖုစ် ဆီးတယ်" ပေါ့ဗျာ။

   " အောင်မယ်…နင်တို့ဘာသာ စိတ်မထိန်းနိုင်ရင် ထောင်အကျခံ၊ သေဒဏ်ကျခံလိုက်ကြပေါ့ ..." လို့ ပြန်ပြောလို့ ရပေမယ့် တကယ်နာစရာရှိကြေးဆို မိန်းကလေးတွေက အရင်မို့လား။ တစ်ခုခု နစ်နာကြကြေးဆိုရင် မိန်းကလေးဆိုတာ သိပ်နစ်နာပါတယ်။ တစ်ချို့ ကိစ္စတွေမှာသာ ကျောက်ပျဉ်ပေါ် ကြက်ဥကျ ကြက်ဥကွဲ၊ ကြက်ဥပေါ် ကျောက်ပြင်ကျ ကြက်ဥကွဲ ရှိတတ်တာပါ။ ဒါတောင်မှာ အဲဒီကျောက်ပျဉ်ကို သနပ်ခါးလှလှ ပြန်သွေးဖို့ ဆေးရ၊ လျှော်ရ၊ ဖွတ်ရ၊ နေပြရဖို့ အချိန်ယူရအုံးမယ်မို့လား။

    နောက်ပြီးတော့ မိန်းမတွေ ဒီလို ဖော်ဝတ်တိုင်း မင်းတို့ဗူးစရာလားကွယ်၊ မင်းတို့ မလွန်ဘူးလားလို့ ပြောရင် ကျွန်တော်ကဖြင့် မလွန်ဘူးလို့ ပြောမိမှာပါဘဲ။ ဘုရားဟောနဲ့ ကိုင်ပေါက်မိမှာဘဲ။ ဘုရားက “လူသည် မကောင်းမှုတွင် မွေ့လျော်သည်” လို့ ဟောခဲ့တယ်မို့လား။ ကျွန်တော်တို့ ယောက်င်္ကျားတွေ ဖွေးဖွေး၊ တုတ်တုတ်၊ ရေဆေးငါးကြီးတွေ မြင်လို့ စိတ်ထဲ သရိုးသရီဖြစ်လာရင် ဘုရားဟော ရှိသဗျ လို့ ပြောနိုင်တယ် ထင်ပါရဲ့။ အဲဒီလို ဖော်တိုင်း သရိုးသရီဖြစ်ကြေးသာဆို "နင့်အမေ၊ နင့်အမ၊ နင့်တူမ တွေ ၀တ်ရင် ဘယ့်နှယ့်လုပ်မလဲ" လို့ မေးနိုင်တဲ့ မိန်းကလေးတွေကို မျှော်လင့်ပါရဲ့။ သူတို့က ကျွန်တော်တို့ရဲ့ အမျိုးဖြစ်သလို ကျွန်တော်တို့သည် လူများ ဖြစ်ကြပါသည်လို့ ပြန်ပြောရုံဘဲ ရှိတော့တာပေါ့။

    ခေတ်ကြီးက အမြန်ခေတ်ကြီးပါလေ။ ထိုင်မသိမ်းနဲ့ ရင်ဖုံးနဲ့ ၀တ်လာရင်လဲ နှစ်ခါပြန်ကြည့်ခံရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဂေါက်သွားတယ်…ကျွတ်..ကျွတ်…ကျွတ်လို့ အလုပ်မခံရ ကံကောင်းပေါ့။ လက်မောင်းအိုး အကြီးကြီးတွေနဲ့ သကောင့်သားများတောင် လမ်းသွားရင် ကားယား ကားယား လက်ကြီးကို မိုးပေါ်ထောင် လမ်းလျှောက်သေးတာဘဲ။ မိန်းကလေးများက သူတို့ ရှိတာ၊ ချမ်းသာတာ ကြွားချင်တာ လွန်ပါဘူးပေါ့။ ဆန့်ကျင်ဘက် လိင်ကို စွဲဆောင်ချင်တာ မိန်းမမှ မဟုတ်။ ယောက်င်္ကျားတွေက ပိုဆိုးတတ်သေး။ ဒါပေသိ..ဟင်း…ဟင်း..လောက်နဲ့ ပြီးမယ့် သူများရှိသလို သွားရာ အကွင်းလိုက် ကိုက်ဖောက်စားပြစ်မယ် ဆိုတဲ့ ယောက်င်္ကျားတွေလဲ ရှိတယ်ဆိုတာ သိထားရင် မမှားပေဘူးထင်တာပါဘဲ။

    ရဟန္တာအရှင်မြတ် ခေမာမိဖုရား အလောင်း အလျာတောင် လှတာကို အပြစ်ပြောမယ့် ဘုရားရှင်ကို မတွေ့ချင်သေးတာဘဲ။ အခု ဖိုးထက်ဆိုတဲ့ ဘယ်က အကောင်မှန်း မသိတဲ့ အကောင် ရိသဲ့သဲ့ ရေးတာဆိုရင်တော့ ဆဲလိုက်မယ့် အမျိုး။ ဟုတ်ကဲ့ ဆဲကြပါ။ ကျွန်တော်က အတို..အပြတ်…အဟိုက်တွေ တွေ့ရင် အမျိုးတွေဆိုရင် သယ်..တော်…တော် နင်တို့ဆိုပြီး ငေါက်ပါတယ်။ သွေးမတော် သားမစပ် အမျိုးသမီးများ ဆိုရင်တော့ ရင်ဘတ်ထဲမှာ ဟင်း..ဟင်း..တောက်…ဟင်း..ငါနော်…လို့ ပြောပါတယ်။

    အို…တိုမှ၊ ဖော်မှ၊ ဟိုက်မှ လှတယ်လို့ ထင်တဲ့ ကုမ္မာရီအနွယ်ဝင် အမျိုးသမီးအပေါင်းတို့……
    ဖိုးထက်ကို အပြစ်တင်ကြကုန်လော့။
    ဆဲဆိုကြကုန်လော့။ ဆရာကြီးလားလို့ မေးငေါ့ကြကုန်လော့။
    ဘယ်ဟာ အတို၊ ဘယ်ဟာ အဟိုက်လဲလို့ မေးခွန်းများ မေးချင်လာ လတ္တံကြကုန်လော့။

    အမေကြီး လူထု ဒေါ်အမာ၏ စာများကိုသာ ဖတ်ကြပါလို့ တိုက်တွန်းချင်ပါ၏။

    (လူထုဒေါ်အမာဆိုတာ လူထုစိန်ဝင်းရဲ့ အမေလားဟု မေးမည့် အမျိုးသမီးများကို ရည်ရွယ်ပြီး ဤ ဘာလိုလို၊ညာလိုလို စာပုဒ်များ ကို ရေးသည် မဟုတ်။ ကျန်းမာ ချမ်းသာ ဖော်နိုင်ကြပါစေ။ ဂလု။)