ဖမ်းလို့ မမိခဲ့ဘူး
ဆောင်းယွန်းလ
ဧပြီ ၁၂၊ ၂၀၁၄
ဖမ်းလို့မမိခဲ့ဘူး
ရွေ့နေတဲ့ နေ့တွေ...
တိမ်တွေနဲ့ ပေါင်းသင်းဖို့
နာရီတွေကိုဆန်တက်ရင်း အငွေ့ပျံသွားကြတယ်....
မထူးဘူး
တူးဆွကြည့်လည်း မထူးခဲ့ဘူး
မနက်စာတွေက
မနက်ခင်းတွေဆီကို ရောက်မလာခဲ့ကြဘူး....
ရွှေစကား ငွေတရားတွေလျှံထွက်နေတဲ့
အရက်ပျက်မှာ
စကားတွေ မပြတ်တမ်းပြောဖြစ်နေခဲ့တယ်.....
မထူးဘူး
စကားသံတွေကို လှန်လှောကြည့်မိပေမယ့်
အသံဟာ
ခေါက်ရိုးကျိုး မိုးရေစက်တွေအောက်
အသံအဖြစ်နဲ့ပဲ ပြန်ပျောက်သွားခဲ့ပေါ့.....
တနှစ်ပြီး......တနှစ်
စစ်အေးခေတ်တွေ ကုန်လွန်ခဲ့တယ်....
နှင်းကောင်းတဲ့ ဆောင်းတွေက
ပူအိုက်လွန်းနေခဲ့ကြပြီး
နွေမီးတောက်တွေ နံဘေးနား
သံစဉ်မဲ့စာသားတွေ အေးခဲနေခဲ့ကြတယ်.....
စိတ်တွေက
အရိပ်ရှည် အရိပ်မည်းတွေဖြစ်သွားလိုက်
အကြိတ် အစိုင်အခဲတွေဖြစ်သွားလိုက်နဲ့ .....
အတည့်ကို ပြောင်းပြန်ရွတ်ဆိုနေမှုဟာ
အချိုဆုံးကဗျာတပုဒ်ရဲ့ တပိုင်းတစသီချင်းပဲ....
တဲတဲလေးတွဲကျန်နေခဲ့တဲ့ ကြိုးတစမှာ
သံယောဇဉ်အမျှင်ဟာ
ဒဏ်ရာဆူးချက်တွေအဖြစ်နဲ့ ကပ်ငြိလို့.....
ဖြစ်ခြင်းတရားကို ဖမ်းလို့မမိခဲ့ဘူး
ရပ်နေတဲ့ နာရီတွေကြားထဲမှာ
ပျက်ခြင်းတရားကိုလည်း ဖမ်းလို့မမိခဲ့ဘူး
တန့်နေတဲ့ ရာသီတွေကြားထဲမှာ.....
အကြည်ဓာတ်ဟာ
ဆီပြတ်နေတဲ့ ကားအိုကြီးတစီးဖြစ်လို့ပေါ့.....
ငါ့ရဲ့မဖြစ်စလောက်ပင်လယ်ကို
မပြတ်တမ်းစီးဆင်းနေတဲ့ မြစ်ပြင်ကျယ်ထဲ
မမြဲခြင်းတရားလက်ကိုင်ထားပြီး မျှောလိုက်တယ်.. ..။