ဦးဝင်းတင်နဲ့ ခြင်္သေ့ပုံပြင်
မောင်စွမ်းရည်၊ ဧပြီ
၂၉၊ ၂၀၁၄
သတင်းစာဆရာကြီးဦးဝင်းတင်
ကွယ်လွန်သွားရှာပြီ။ သူကွယ်လွန်ပြီဆိုတော့ သူ့အရင်ကွယ်လွန်နှင့်သူ။ သူ့မိဖလိုလေးစားခင်မင်သူ
ဦးလေး လူထုဦးလှကို သတိရတယ်။ ကိုဝင်းတင်က သူ့အမေတယောက်ပါလို့ လူဘုံလည်မှာ ထုတ်ဖေါ်ပြောခဲ့တဲ့
အမေလူထုဒေါ်အမာကိုလဲ သတိရမိတယ်။ “ဒေါ်အမာ” ဆိုတာက သူ့အမေနဲ့ နာမည်ချင်းလဲတူနေတယ်တဲ့။
ဦးဝင်တင်က လူထုသတင်းစာအသိုင်းအဝန်းကို သူ့မိဘဆွေမျိုးရင်ချာတွေကို
အောက်မေ့ခဲ့ပေမဲ့ သူ့ကို မန္တလေးဟံသာဝတီသတင်းစာ ဦးစီးထုတ်ဖို့ တာဝန်ပေးလွှတ်လိုက်တဲ့
ဗိုလ်ချုပ်နေဝင်းက ( ဟံသာဝတီသတင်း) စာကို (၁) ဒုတိယလူထုသတင်းစာမဖြစ်စေနဲ့၊ (၂) လူထုဦးလှ ဒေါ်အမာစတဲ့ လူထုသတင်းစာအသိုင်းအဝိုင်းနဲ့
ကင်းကင်းရှင်းရှင်းနေ၊ ထွေးရောယှက်တင်မလုပ်လေနဲ့လို့ မှာလိုက်ပါသတဲ့။
ဦးဝင်းတင်ဆိုတဲ့ ပုဂ္ဂိုလ်ကလဲ မှာလိုက်တာတွေနဲ့
ပြောင်းပြန်လုပ်နေတယ်။ လူထုသတင်းစာက ဆရာကြီးရွှေဥဒေါင်းအစ၊ လူထုဦးလှ ဒေါ်အမာအလယ်၊ မောင်စောလွင်၊
မောင်စွမ်းရည်အဆုံး အားလုံးကို သူ့ရဲ့သတင်းစာဖွင့်ပွဲမှာ ဖိတ်ကြားလိုက်ပါတယ်။ ဟံသာဝတီသတင်းစာမှာ
ပါဝင်ရေးသားကြဖို့လဲ ဖိတ်ခေါ်လိုက်ပါတယ်။လူထုဦးလှကိုလဲ မိန့်ခွန်းပြောဖို့ ပန်ကြားလိုက်ပါသေးတယ်။
လူထုဦးလှဆိုတာကလဲ ကမ္ဘာသိပုံပြင်ဆရာကြီးမဟုတ်လား၊ ဦးဝင်းတင်ကို ပုံပြင်လေးတပုဒ်နဲ့
ခြီးမြှောက်ပြောကြားလိုက်ပါတယ်။ ပုံပြင်လေးကတော့ ဒီလိုပါ။
“တရံရောအခါ တောသုံးထောင်ကို အစိုးရသောခြင်္သေ့မကြီးတကောင်ဟာ၊
ကိုးလလွယ် ဆယ်လမြောက်သော ကာလ၌ ခြင်္သေ့ကလေးတကောင်ကို မွေးဖွားလေသတဲ့။ အဲဒီကာလမှာ မြေခွေးမတကောင်ကလဲ
မီးဖွားလေရာ မြေခွေးသားသား မီးမီးလေးတွေ ၄-၅-၁၀ ကောင်လောက မွေးဖွားသတဲ့။ မြေခွေးမဟာ
ခြင်္သေ့မကြီးမီးဖွားတယ်လို့ကြားရတဲ့အခါ- လက်အောက်ငယ်သားပီပီ တတ်အားသမျှ လက်ဆောင်ပဏ္ဏာလေးများကို
ယူဆောင်ပြီး ခြင်္သေ့မကြီးထံသို့ မီးနေမေးသွားပါသတဲ့။ မွေးထားတဲ့ခြင်္သေံပေါက်စတကောင်တည်းကို
တွေ့မြင်တဲ့အခါ မြေခွေးမက - ကျွန်တောမျိုးမတို့မှာတော့ တခါမွေးရင် ၄-၅-၁၀ကောင် (လေးငါးဆယ်ကောင်)
မွေးဖွားပါတယ်။ အရှင်ခြသေ့င်္မကြီး မွေးဖွားတာက ခြင်္သေ့လေးတကောင်တည်းပါကလား၊ အောက်ကလိအာ
ပြောမိပါသတဲ့။ ဒီအခါမှာ ခြင်္သေ့မကြီး -အေးဟုတ်တယ် တကောင်တည်းပဲ။ ဒါပေမဲ့ ခြင်္သေ့ဟဲ့လို့
… အမိန့်ရှိလိုက်လို့ မြေခွေးမခမျာ အမြီးကုပ်ပြီး အသာဆုတ်ပြန်ခဲ့ရရှာပါသတဲ့။”
“အခုကိုဝင်းတင်
မန္တလေးကို သတင်းစာကြီးတစောင် ဦးဆောင်ထုတ်ဝေဖို့ရောက်လာပါတယ်။ သူရောက်လာတာက တကောင်တည်း။
အဲလေ- တယောက်တည်းပါပဲ။ ဒါပေမဲ့ ကိုဝင်းတင်ကို မြေခွေးမ မြင်သလို မမြင်ကြပါလေနဲ့။ ကိုဝင်းတင်ဟာ
တယောက်တည်းရောက်လာပါတယ်။ ဒါပေမဲ့ခြင်္သေ့ပါ။ ခြင်္သေ့တို့မာန် ခြင်္သေ့တို့ဇွဲနဲ့ သတင်းစာကြီးကို
အောင်အောာင်မြင်မြင် ဦးဆောင်ထုတ်ဝေသွားနိုင်လိမ့်မယ်လို့ ကျနော်တို့က အထူးယုံကြည်အားထား
မျှော်လင့်လျက်ရှိပါကြောင်း …” တဲ့။
ဦးလေး
လူထုဦးလှ ပြောသွားတဲ့ ပုံပြင်လေးကတော့ ဒါပါပဲ။
ရန်ကုန်နဲ့တကွ တခြားအမြို့မြို့အရွာရွာက
ပရိသတ်တွေက ဒီပုံပြင်လေးကို ကြားလိုက်ရမှာမဟုတ်ပါ။ ဦးဝင်းတင်ကတော့ မန္တလေးမှာ ခြင်္သေ့ဘွဲ့ရသွားခဲ့ပါတယ်။
မန္တလေးမှာ ရှင်ဘုရင်ရှိအုံးမယ်ဆိုရင်တော့ “မဟာသီဟသူရ”ဘွဲ့
ခြီးမြှင့်ခံရမှာပေါ့။ ခုတော့ ဒီပုံပြင်လေးကို ဦးလေးပြောခဲ့တာ နှစ်ပေါင်း ၄၅နှစ်ကျော်၊
ငါးဆယ်နီးပါးရှိခဲ့တော့မှာ ကျနော်ပြန်ပြောလိုက်ရပါတယ်။ ဦးဝင်းတင်အကြာင်းတွေကို တရေးရေးပြန်လည်တွေးရင်းက
၁၉၆၉ ခုနှစ်က မန္တလေး ဟံသာဝတီသတင်းစာဖွင့်ပွဲကို မြင်ယောင် ကြားယောင်ဖြစ်မိလို့ ပြောလိုက်ရပါတယ်။
ဦးဝင်းတင်ဟာ တကယ့်ခြင်္သေ့ဟုတ်မဟုတ် ဆိုတာကတော့ ဆပ်ကပ်ဆရာတွေရဲ့ ထောင်ချောက်ထဲရောက်သွားတာတောင်
တဟိန်းဟိန်း တဟောက်ဟောက်လုပ်သွားခဲ့တာကို ကြည့်ကြပါတော့။
၂၀၁၄ ဧပြီ
၂၆။ နယူးယောက်