ဦးဝင်းတင်နဲ့နေထိုင်ခြင်း
(ဦးဝင်းတင်နဲ့ပျော်ရွှင်ခြင်း တရား)
ကိုရာဇာ၊ မေ ၁၃၊ ၂၀၁၄
အဘဦးဝင်းတင်ကိုသာမာန်အားဖြင့် ကြည့်ရင် အဘကအနေတည်တယ်။
ဒါပေမယ့် တကယ့် အဘအတွင်းသားက ပျော်ရွှင်ခြင်းတရားကိုလက်ကိုင် ထားတယ်။ အဘက သူနဲ့အရမ်းရင်းသူတွေအပေါ်
ကလိတိတိ ပြောတယ်ဆိုတယ်။ အဘဦးအုန်းထွန်းနဲ့ဆိုလည်း သူငယ်ချင်းအချင်းချင်း မင်းငါပြောပြီးရင်းတော့
သူတို့လူကြီး တွေ မထိတထိအပြောကနေ ဗဟုသုတရစရာတွေ။ ငယ်အတိတ်က အကြောင်းအရာတွေ တလှေကြီး
သိခွင့်ရတာ ပေါ့ဗျာ။ နောက်တစ်ယောက်က ဦးသာဘန်း။ အသက်ကြီးကြီးထဲကလူတွေထဲမှာ အဘ မင်းငါပြောတာ
အဘဦး အုန်းထွန်းရှိမယ်၊ ဦးသာဘန်းရှိမယ်။ ကျန်တာတွေတော့ လူသိပ်မသိလို့ထားပါတော့။
ဒီအထဲမှာ စကားနိုင်အလုဆုံးကတော့ ဘကြီးမိုးခေါ်
စာရေးဆရာ၊ ပန်းချီဆရာ၊ ဒါရိုက်တာမောင်မိုးသူ နဲ့အဘနဲ့ စကားနိုင်အလုဆုံးပဲဗျ။ (ဘကြီးမိုးကိုကျနော်က
နာယကချုပ်လို့ ခေါ်ပါတယ်) အဘက ဦးမိုးသူကို စည်း ရုံးရေးအားကောင်းသူ၊ လူချစ်လူခင်များသူအဖြစ်မြင်တတ် ပါတယ်။ အဘက ဘယ့်ကလောက်
ဘကြီးမိုးပေါ် စကား အနိုင်ကျဲချင်သလဲ ဆိုတော့။ အဘဆေးရုံကြီးမှာတက်နေတုန်း ကျနော် အဝေးခရီးပြန်ရောက်ပြီးပြီးချင်း
အဘဆီရောက်တော့ ဘကြီးမိုးလာတယ်။ မှန်အပြင်ကပဲကြည့်ပြီး စကားပြော မောနေမှာစိုးလို့ ဆိုပြီး
အပြင်ကော်ရစ်ဒါမှာ ထွက်ထိုင်နေတုန်း ကျနော်က “အဘ ဘကြီးမိုးလာတယ် ၊ စကားပြောနေရင် အဘမောမှာစိုးလို့
အပြင်ပြန် ထွက်သွားတယ်” ပြောလိုက်တော့ အဘကပြုံးတယ်။
“မနေ့ကလည်း
လာတယ်ကွ….. ငါ မိုးသူကို နှိပ်လိုက်တယ်…” တဲ့
“ဘယ်လိုများနှိပ်လိုက်သလဲအဘရယ်
…” ဆိုတော့
“ငါ့လာတွေ့တယ်ကွာ။
ငါကလည်း မြင်မြင်ချင်း … အတော်ပဲ ကိုမိုးသူရေ…မသေခင်တွေ့ရတာကလား ဆိုတော့၊ ငနဲသားမျက်နှာမကောင်းဘူး… ဒါနဲ့ငါလည်း ဟေ့လူ (ခင်ဗျားမသေခင်)
ကိုပြောတာနော် ကျုပ်ကတော့ မသေဆေးစား… ဝေလာဝေးသား ဆိုတော့မှ မျက်နှာက ပြုံးတယ်။” ….တဲ့
(သြော်
… ခင်ဗျားမသေခင်တဲ့လား၊ အဘရယ်)
ဘကြီးမိုးဆိုတာ
အဲ့ဒီစကားကြားပြီး လူတကာ လျှောက်ကြွားရတာပေါ့လေ။ ဒီတစ်ချီတစ်ခါမှာတော့ ဘကြီးမိုးခမျာ
အဘကို ပြန်နှိပ်ဖို့ မကြိုးစားရှာပါဘူး။ ဒီအခြေအနေမှာ ငါ့ကို ဒီလိုပြောတာ ၀မ်းသာတယ်တောင်
ဖြစ်နေရှာတာ။
ဒီလိုပါပဲ အဘနဲ့ ဘကြီးမိုးတို့က တစ်ယောက်နဲ့
တစ်ယောက် မထိတထိနဲ့ ကလိတတ်ကြတာပဲလေ။ ဆရာကြီးလူထုဦးစိန်ဝင်းအိမ်မှာ ကြာသပတေးတစ်နေ့သား
အဖိုးကြီးလေးယောက် တိုင်းရေးပြည်ရာ ပြောလိုက် ကြ၊ ငယ်မူပြန်ရင် ပြန်သွားကြ။ (လေးယောက်စလုံးကလည်း
ထောင်ထွက်ချည်းပဲလေ၊ ဦးစိန်ဝင်းနဲ့ ဦးမောင်မောင်ခင်က ကွန်မြူနစ်ပါတီကနေ ထောင်ကျ…။
အဘနဲ့ဦးမိုးသူက အဖွဲ့ချုပ်ကနေ ထောင်ကျ) ဆိုတော့ ထောင်အကြောင်းလည်း ရောက်သွားပေါ့ဗျာ။
အဘနဲ့ ဘကြီးမိုးတို့က ရေပက်မ၀င်ပြောကြ၊ ဦးစိန်ဝင်းကို တိုင်ထားပြီး တစ်ယောက် နဲ့ တစ်ယောက်နှိပ်ကြပေါ့ဗျာ။
ဘကြီးမိုးပြောတာတော့ သူကဘယ်တော့မှ ဦးဝင်းတင်ကို
စကားအနိုင်မရဖူးကြောင်းပြောရင်း … တစ်နေ့ သူဦးဝင်းတင်ကို ထောင်ထဲမှာ နှိပ်လိုကနိုင်တာ
ပြောပြတယ်။ အဘကိုရေချိုးချချိန် ခနလေးဆိုတော့ ဒီခနလေးအတောအတွင်းမှာပဲ ပြောလိုက်ရတာ။
အဲ့ဒါကတော့ “သူငယ်ချင်းလိုပဲဆက်၍ခေါ်မည်ဆရာ” … တဲ့။ သူတို့ အတွင်းလုံးတွေပေါ့ဗျာ…။ မန္တလေးသားတွေက
သူတို့လေးစားတဲ့ အဘအရွယ်ဖြစ်ဖြစ် သမားဂုဏ်မြောက်ပေါက်နေသူကို ဖြစ်ဖြစ် အားလုံးကို ဘိုးတော်ခေါ်သတဲ့။
ဆရာခေါ်တယ်ဆိုတာ ပြောင်ခေါ်တာပေါ့ဗျာ…။ ဦးမိုးသူခမျာမှာ တစ်နေ့လုံးတစ်ညလုံး ၀မ်းသာရွှင်မြူး
ပျော်ဖူးသွားသတဲ့….။
“ဒီအပျော်လည်း သိပ်မခံပါဘူး၊ ကိုစိန်ဝင်းရာ
…” တဲ့ နောက်နေ့ရေချိုးချချိန်လည်းကျေ ရာ ဦးဝင်းတင်
ပြန်ပြောတော့ ကျနော့်မလည်း ပက်လက်လန်ကရောဗျာ…တဲ့။ အဲ့ဒါကတော့ အဘက ပြောသတဲ့။
“ဟေ့လူ
ကိုမိုးသူ ကျုပ်က ဆရာဖြစ်တယ်ဆိုရင် … ခင်ဗျားလိုတပည့်မျိုး လက်မခံဘူးဗျာ…”
ဆိုပြီးပြန်ပြောသွား
ဆိုပဲ…။ နှိပ်ကွပ်တယ်ဆိုတာ အဲ့ဒီလိုပါ။ တစ်ယောက်နဲ့ တစ်ယောက်နစ်နာအောင် ကြံဆောင်ကြတာမဟုတ်ဘူး။
အဘပြောလေ့ပြောထ စကားတစ် ခွန်းရှိတယ်။
“ရာဇာရေ
… ဆေးဝယ်ရင်၊ ဒီဆူဇာမှာ စိတ်ချရတယ် … ဆိုတဲ့ကြော်ငြာ ကြားဖူးရဲ့မဟုတ်လား။ အခုလည်းကို
မိုးသူက ဂျာနယ်၊မဂ္ဂဇင်းလုပ်ရင် ကိုမိုးသူနဲ့မှ စိတ်ချရတယ်ဆိုတဲ့ အပေါက်ချိုးနေတာကွ
…” ဆိုတော့ ဘကြီးမိုးလည်း တဟားဟားပေါ့ဗျာ…။
အဘက ဦးမိုးသူအပေါ်သီးခြားပြောတာရှိ တယ် “ကိုမိုးသူကစည်းရုံးရေးသမားကွ… သတ္တိကလည်း
ကောင်း…၊ တ.က.သ တို့ဘာတို့မှာလည်း လုပ်ဖူးတော့ နိုင်ငံရေးလည်း နားလည်တယ်ကွာ။ အဖွဲ့ချုပ်စလုပ်
တော့ ငါဒေါ်စုကို တောင်းပန်ပါသေးတယ်…။ ကိုမိုးသူနဲ့လုပ်ပါ။ ကျနော်က ဘာမှနားမလည်ဘူး။
ဒေါ်စုကလည်း တိုက်တွန်း၊ ကိုမိုးသူကလည်းဆွယ်နဲ့၊ ငါလည်း ယောင်လည်လည်ပါနေတာ ဒီနေ့အထိပဲကွ……။
ကိုမိုးသူကို ငါ သဘောကျတာက ကျရာနေရာမှာ ကြုံသလိုနေနိုင်တယ်။ အဲ့သလိုနေတဲ့အထဲကနေ သူ့ကို
လူတွေထောက်ခံလာအောင်ကို ပြောနိုင်၊ ဟောနိင်တယ်ကွ…။ သူ့ကြည့်လိုက်ရင် အမြဲပျော်ပျော်ရွှင်ရွှင်
မျက်နှာပေးကို ခင်မင်ချင်စရာကောင်းတယ်ကွ။ သူ့ကိုကြည့်ရတာ စိတ်ချမ်းသာတယ်။ လောကကြီးတစ်ခုလုံး
အပူပင်မထား၊ ဘာမထီစိတ်ထားသမားမျိုးပေါ့ကွာ …” တဲ့။
အခုပြီးခဲ့တဲ့စာကိုဖတ်ရင် နာယကချုပ်ကြီးဘကြီးမိုး
တိုးလို့ပျော်ရွှင် တဟားဟား လုပ်ချင်လုပ်နေအုံးမှာ အဘဆက်ပြောတဲ့စကားက …
“တစ်ခုပဲငါ့ကောင်ရာ … ကိုမိုးသူအလုပ်လုပ်ရင်
ပန်းခြံထဲမှာ လိပ်ပြာကလေး ပျံဝဲနေတာကျနေတာပဲကွာ။ အလွန်ကြည့်ကောင်း အလွန်တရာ လှလှပပလေးဖြစ်နေတာလား။
ဟိုပန်းလေးပေါ်နားလိုက်၊ ပျံထွက်သွားလိုက် ပေါ့ကွာ။ မျက်စိထဲမြင်ယောင်ကြည့်ပေါ့ကွာ။
နေရာတိုင်း သူပါနေတာချည်းပဲ….။ ဒါပေမယ့် တစ်ခုခု သေချာဘယ်နေရာလဲ ဆိုတာတော့ သူ့ဟာသူ
ဆုံးဖြတ်သုံးသပ်လိမ့်မယ်ကွာ …” တဲ့….။
အဘကဘကြီးမိုးကို ချီးမွမ်းခန်း အဲ့သလိုဖွင့်သွားဖူးးပါတယ်။
သေချာတာတစ်ခုကတော့ ဘကြီးမိုးဟာ အဘဘ၀ကို ပျော်ရွှင်စေခဲ့တယ်။ ကြည်နူးစေခဲ့တယ်။ ရွှင်ပျစေခဲ့တယ်ဆိုတာကတော့
သေချာပါတယ်။ အဘ ကိုယ်တိုင်ကလည်း အပူအပင်ကင်းကင်းစိတ်ထားနဲ့ လူတိုင်းကို ပျော်ရွှင်စွာနေသွားစေချင်တာ
မဟုတ်လား။