ရဲရင့်သက်ဇွဲ - နာဂစ်ရေ... နားနဲ့မနာ နှလုံးသားနဲ့နာတော်မူပါ

နာဂစ်ရေ... နားနဲ့မနာ နှလုံးသားနဲ့နာတော်မူပါ
ရဲရင့်သက်ဇွဲ
မေ ၃၊ ၂၀၁၄


နာဂစ်ရေ
သဘာဝ ဘေးအန္တရာယ်ဆိုတာ
ကြိုတင်သိထားတောင်မှ
ရှောင်ပြေးလို့  မလွတ်နိုင်ဘူး ....

တကယ်တော့.......
ကြိုတင်အသိပေးဘို့ 
ဝတ္တရား ပျက်ကွက်သူများဟာ
အုပ်စိုးသူလူတန်းစား
ပြည်သူ့ အပေါ် စာနာတရား  ကင်းခဲ့တယ် ...

နာဂစ်ရေ တို့ ပြည်သူတွေ
ရေနစ်သူ ၀ါးကူထိုးခံခဲ့ရအဖြစ်အပျက်များ
စနစ်ဆိုးကို အသက်သွင်း
နှစ်ထောင့်ရှစ်အတွင်းမှာ
ကျွန်ဇာတ်ခင်းခဲ့ကြတာ
ကမ္ဘာမှာ မြန်မာတဲ့ဟေ့
သမိုင်းသက်သေ ......

နာဂစ်ရေ
ဒါတွေဟာ ဒါတွေဟာ
လွန်ခဲ့တဲ့ ခြောက်နှစ်တုန်းက
ဖြစ်ခဲ့တာတွေ

ပြန်ပြောင်းပြောပြနေတဲ့
သမိုင်းမှတ်တမ်း မျိုးဆက်သစ်တို့ အတွက်
လက်ဆင့်ကမ်းခြင်းပါ ....

နာဂစ်ရေ..နာဂစ်ရဲ့ 
နားနဲ့ မနာ နှလုံးသားနဲ့ နာတော်မူပါ


ငါတို့ က ... ကံဆိုးလို့ 
အသက်ရှင်ကျန်ခဲ့ကြတာပါ....
မင်းတို့ ကတော့ ...
ကံကောင်းလို့  အသက်စွန့် သွားခဲ့ရသူတွေပါ ..........။

(နာဂစ် ခြောက်နှစ်ပြည့်သို့ )
ရဲရင့်သက်ဇွဲ
၀၂၀၅၂၀၁၄