အာဏာ အမွေခံဓလေ့ကို ပျက်အောင် ဖျက်ပါ
ငြိမ်းချမ်းအေး
မေလ ၂၅၊ ၂၀၁၄
ငြိမ်းချမ်းအေး
မေလ ၂၅၊ ၂၀၁၄
အရှေ့ ယဉ်ကျေးမှု မှာ မင်း ဘယ်သူလဲ ဆိုတာထက် မင်း အဖေ ဘယ်သူလဲ က ပို အရေးပါတယ်လို့ ဆိုလေ့ရှိကြတယ်။ လူမှု ဓလေ့ထုံး အရ မိသားစု နောက်ခံ အလွှာ ဇာတိ ဟာ လူ့ အသိုင်းအဝန်း က လူမှုရေးရာ၊ စီးပွားရေးရာများ မှာ အင်မတန် အကျိုး သက်ရောက်တာကြောင့်ပါ။ ဒီ သဘော ဟာ နိုင်ငံရေး ဓလေ့ ကိုပါ လာ ထိတယ်။ ဒါကြောင့် ရှေး သက်ဦးဆံပိုင် ပဒေသရာဇ် စနစ် မှာ ကျင့်သုံးခဲ့တဲ့ သားစဉ်မြေးဆက် နန်းမွေလွှဲ “Hereditary Monarchy” စနစ် လိုပဲ နိုင်ငံရေး အာဏာ ကို မိသားစုဝင် အစဉ်အဆက် လွှဲပြောင်းရယူနေနိုင်မှုဟာ မျက်မှောက်ခေတ် သမိုင်း မှာလည်း အာရှ ရဲ့ အာဏာရှင် နိုင်ငံတွေ၊ ဒီမိုကရေစီ နိုင်ငံတွေ နှစ်မျိုးစလုံးမှာ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် တွေ့နိုင်တယ်။
အာဏာရှင် စနစ်မှာတော့ အာဏာ နဲ့ တိုက်ရိုက် လွှဲတယ်။ ရွေးကောက်ပွဲတွေ၊ နိုင်ငံရေး ပါတီတွေ၊ လွှတ်တော်တွေ ရှိတဲ့ ပါလီမန် ဒီမိုကရေစီ စနစ်မှာကျ မျိုးရိုးစဉ်ဆက် တည်လာခဲ့တဲ့ သြဇာ၊ အာဏာ၊ ဓန အင်အား ကို အသုံးချ သွယ်ဝိုက် တဲ့ နည်းနဲ့ အုပ်ချုပ်ရေး၊ နိုင်ငံရေး မှာ အမြဲ လွှမ်းမိုးနေနိုင်တယ်။
မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ဘင်္ဂလာဒေ့ရှ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ တရုတ်၊ ဂျပန် အစရှိတဲ့ မတူညီတဲ့ နိုင်ငံရေး စနစ်တွေ ကျင့်သုံးတဲ့ အာရှ နိုင်ငံ အတော်များများ မှာ တူညီတဲ့ အမွေခံ မင်းဆက် နိုင်ငံရေး “Political Dynasty” ဓလေ့ တည်ရှိတယ်။ ဒီလို မိသားစု နိုင်ငံရေး သြဇာ အစဉ် ကြီးနေမှု လျော့အောင် ထိုင်း၊ ဖိလစ်ပိုင် တို့လို နိုင်ငံ တချို့မှာ ဆို အခြေခံဥပဒေ ထဲမှာပါ ထည့် ဆွဲ ထိန်းချုပ်ကြရတယ်။ ဒါလည်း မအောင်မြင်ပါဘူး။ နိုင်ငံရေး အာဏာ ကို အမြဲလိုလို ဆုပ်ကိုင် ထားနိုင်စွမ်းသူများဟာ အစဉ်လာရှိခဲ့တဲ့ သြဇာရှိ မိသားစု ဝင်နဲ့ ဆက်စပ်သူတွေသာ များပါတယ်။
မြောက်ကိုရီးယားမှာ အာဏာရှင် စနစ်ဖြစ်လို့ ကင်အီဆွန်း မျိုးဆက် တွေ နိုင်ငံ့ အာဏာ ကို အဆက်ဆက် ချုပ်ကိုင်ထားနိုင်တာပေါ့ လို့ ဆိုရင် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်တဲ့ အိန္ဒိယ မှာလည်း ဘာထူးသလဲ နေရူး မျိုးဆက်ကပဲ နှစ်ပေါင်း (၆၀) အုပ်ချုပ်ခဲ့တာ မဟုတ်လား ပြန် ဆိုနိုင်ပါမယ်။ (စကားချပ် - အခု နောက်ဆုံး ရွေးကောက်ပွဲ မှာတော့ ကမ္ဘာ အရပ်ရပ် မှာ အမျိုးသားရေးဝါဒ ပြန်လည် ဦးမော့လာချိန်ဖြစ်တာရယ်၊ နိုင်ငံရေး အာဏာ ကို အမွေခံ မင်းဆက်ကချည်း အမြဲ ဆုပ်ကိုင်ထားခြင်းကို အိန္ဒိယ မျိုးဆက်သစ် က စိတ်ကုန်နေတာရယ်ကြောင့် နေရူး မျိုးဆက် ဟာ အစဉ်အလာ အတိုင်း အာဏာ အမွေ မခံနိုင်တော့ပါဘူး။)
အလားတူပဲ ပါကစ္စတန်မှာ ဘူတိုများ၊ ဇာဒါယီများ၊ ရှရစ်ဖ်များ၊ ဖိလစ်ပိုင် မှာ အကွီနိုများ၊ မားကိုးစ်များ ကြီးစိုးခဲ့တယ်။ ဘင်္ဂလာဒေ့ရှ်မှာ ရှိတ်ခ်ဟာစီနာ (တိုင်းပြည် တည်ထောင်သူ / ပထမ ဆုံး သမ္မတ ရဲ့ သမီးကြီး) နဲ့ ခါလီဒါ ဇိုင်ယာ (လွတ်လပ်ရေး တိုက်ပွဲဝင် စစ်ဗိုလ်ချုပ် / သမ္မတ ဟောင်း ရဲ့ ဇနီး) အမျိုးသမီး နှစ်ဦးပဲ သြဇာရှိ နိုင်ငံရေး အာဏာ စိုးမိုးနေတာ ဆယ်စုနှစ် တွေ ချီနေပြီ။
ဒါ့အပြင် ထင်ထင်ပေါ်ပေါ် ပပလွှားလွှား နေလေ့ မရှိဘူးလို့ နာမည်ကျော်တဲ့ ဂျပန် ဝန်ကြီးချုပ်ဟောင်း ကိုအိဇုမိ ဆို ဘိုးဘေး ထဲက နိုင်ငံရေး သြဇာရှိလာခဲ့တဲ့ မိသားစုက လာသူပါ။ လက်ရှိ ဂျပန် ဝန်ကြီးချုပ် ရှင်ဆိုအာဘေး လည်း အဖေဘက်၊ အမေ ဘက် နှစ်ဖက်စလုံး က သြဇာကြီး နိုင်ငံရေး မိသားစု မျိုးရိုးပါပဲ။ ဝန်ကြီးချုပ် နဲ့ သက်တော်ရှည် ဝန်ကြီး တပါး ဖြစ်ခဲ့တဲ့ ရာဆိုဖူကူဒါ ရဲ့ ဖခင် ဟာလည်း ဝန်ကြီးချုပ် တာဝန် ယူခဲ့ဖူးတယ်။
ကွန်မြူနစ် တရုတ်ပြည် ရဲ့ နိုင်ငံရေး မှာလည်း လက်ဝဲ တော်လှန်ရေး ဦးဆောင်ခဲ့သူ ပါတီလူကြီးများရဲ့ သားသမီးများသာ နေရာကောင်း ရတာ များပါတယ်။ မနှစ်က အာဏာ အလွဲသုံးစားလုပ်မှု၊ လာဘ်စားမှု တွေနဲ့ ရုံးတင်ခံရတဲ့ ပါတီ ပေါ်လစ်ဗျူရို ထိပ်သီး ဘိုဇီလိုင် ဟာ ရာသန်ပန် ပါတီခေါင်းဆောင် (၈) ဦး ဂိုဏ်းဝင် တဦးရဲ့ သား ပါ။ ဒီလို တော်လှန်ရေး ခေါင်းဆောင်ကြီးတွေရဲ့ မျိုးဆက်သွေးတွေဟာ တရုတ်ပြည်မှာ သရဖူဆောင်းမယ့် အိမ်ရှေ့မင်းသားလေးများ အဖြစ် အမြဲ ရှေ့တန်းတင် အရာ ပေးခြင်းခံရတယ်။ လက်ရှိ သမ္မတ ဇီကျင်ပင်း ကိုယ်တိုင်လည်း ဒီ အိမ်ရှေ့မင်းသား ထဲက တပါး၊ တော်လှန်ရေးခေါင်းဆောင်ကြီး တဦး ရဲ့ သား ပါပဲ။
ဗမာ့ လူမှု ဓလေ့ မှာလည်း အလားတူပဲ အမျိုး၊ အနွယ် က စကား အများကြီး ပြောတယ်။ ဒါကြောင့် သာမန် လူထု အများဟာ နိုင်ငံရေး မှာ မူဝါဒ စွဲ ထက် လူစွဲ ပို ရှိကြတယ်။ ပုဂ္ဂိုလ်ခင်မှ တရားမင် ကြတာ များတယ်။ ကိုလိုနီခေတ် ကျွန်ဘဝတုန်းက ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးဆောင် ကျေးရွာတွေမှာ ဒို့ဗမာအစည်းအရုံး အတွက် နိုင်ငံရေး တရားတွေ လိုက်ဟောတာ အစောပိုင်း လူစိတ်ဝင်စားမှု မရခဲ့ပါဘူးတဲ့။ ဒါနဲ့ မဖြစ်ချေဘူး ဆိုပြီး၊ ကိုယ်တော်မှိုင်းကြီး ‘လေ’ အတိုင်းဆို “ခွေးမသား ထိပ်တင်ကိုယ်တော်ကြီး” ခေါ် ရှေ့ က ထိုင်ခိုင်းပြီး ဟောတော့ မှ “ဒို့ ရှင်ဘုရင် မျိုးဆက် ကိုယ်တော် ကိုယ်တိုင် ကြွလာသဟေ့” ဆိုကာ လူအများ ဖင်ထောင်အောင် ကုန်း ကန်တော့ဖို့ တရားပွဲလာကြလို့ နိုင်ငံရေး တရားပွဲတွေ ခြိမ့်ခြိမ့်သဲ စဖြစ်ခဲ့ပါသတဲ့။
လွတ်လပ်ပြီးခေတ် ဗမာ့ နိုင်ငံရေး သမိုင်း မှာလည်း အမွေခံ နိုင်ငံရေး သာ ကြီးစိုးခဲ့တယ်။ တိုင်းပြည်မှာ စစ်အာဏာရှင် စနစ် ရေရှည် တည်တံ့အောင် မျိုးစေ့ချ နိုင်ခဲ့တာ၊ စစ်တပ် ရဲ့ တော်လှန်ရေးကောင်စီ အဦးပိုင်း ကာလ လူထောက်ခံမှု အထိုက်အလျောက် ရှိခဲ့ခြင်းက စစ်ခေါင်းဆောင် ဗိုလ်နေဝင်း ဟာ လွတ်လပ်ရေး တိုက်ပွဲဝင် တပ်မတော် တည်ထောင်သူထဲက တဦး ဖြစ်တယ်ဆိုတဲ့ နောက်ခံ အမှတ်သင်္ကေတ နာမည် တံဆိပ်က အဓိက တချက် ပါတယ်။
ရှစ်လေးလုံး နောက်ပိုင်း စစ်အာဏာရှင်စနစ် တော်လှန်ရေး၊ ဒီမိုကရေစီ လှုပ်ရှားမှု သမိုင်း ကို ကြည့်ရင်လည်း လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း မျိုးဆက် ဒေါ်အောင်ဆန်းစုကြည် အပေါ်သာ လုံးလုံး မှီခိုသလို ဖြစ်ရတယ်။ သူဟာ အငြင်းပွားဖွယ်မရှိ မွေးရာပါ ခေါင်းဆောင် “Natural Born Leader” ဖြစ်တယ်၊ ပင်ကိုယ် အရည်အချင်း ရှိ၊ သဘာဝ အလျောက် သြဇာ စူး မျက်နှာပွင့် ခရစ်စမား ဗီဇ ဓာတ်ခံ ရှိတယ် ဆိုတာ မှန်သည့်တိုင် သူ့ရဲ့ စတင် သြဇာ တည်ဆောက်မှု ကာလ၊ အောင်မြင်မှု ခြေလှမ်းအစ ဟာ လူသာမန် အများစု ရဲ့ စိတ်အခံမှာ တွယ်ငြိနေတဲ့ “ငါဒို့ အမျိုးသား ခေါင်းဆောင်ကြီး ရဲ့ သမီးလေး ဟေ့” ဆိုတဲ့ အချက်ကသာ အခရာ ကျခဲ့တာ ငြင်းမရပါ။ အခု နိုင်ငံရေး ပါတီ တွေ ထောင်ကြရမှာလည်း သမိုင်းမှာ အရေးပါ အရာရောက်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေ ရဲ့ မျိုးဆက်တွေပဲ ဆိုတာ တွေ့နိုင်တယ်။
ဗမာ့ နိုင်ငံရေး မှာ အမွေခံ ဓလေ့ အဆိုးဝါးဆုံး ဖြစ်ထွန်းခဲ့တာကတော့ စစ်အာဏာရှင် များ အဆက်ဆက် စစ်အုပ်စု အကျိုးစီးပွား အတွက် အစဉ်အဆက် စစ်အာဏာရှင်စနစ် ကို အမွေ လွှဲပေးခဲ့ခြင်းပါ။ ဒီ ဖြစ်စဉ်မှာ စစ်ခေါင်းဆောင် အချင်းချင်း ဖြုတ်ထုတ်သတ် သမိုင်း တွေ ရှိခဲ့ပေမယ့် စစ်အုပ်စု ဘုံအကျိုးစီးပွား စစ်အာဏာရှင် စနစ် အမွေ ရယူ ဆက်ခံခြင်း ကတော့ မပြောင်းမလဲ တည်ရှိလာခဲ့တာ လက်ရှိတိုင်ပါပဲ။
ဒီသဘောမှာ တချို့ အာဏာရှင် တိုင်းပြည်တွေလို မိသားစုဝင် သွေးအပေါ် မူတည် နိုင်ငံရေး အာဏာ အမွေ လွှဲပေးခြင်းမျိုး မဟုတ်သော်ငြားလည်း အုပ်စု အကျိုး စီးပွား တူခြင်း၊ သြဇာခံ နာခံတော် ဖြစ်ခြင်း ကြောင့် စနစ်တကျ ကြိုတင် စီစဉ် အမွေစား အမွေခံ ရာထူးလွှဲ ပေးခဲ့ကြတယ်။ ဥပမာ - ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး ကြောင့် အရူးမီးဝိုင်းနေတဲ့ ဗိုလ်နေဝင်း ဟာ သူ့ သြဇာခံမယ့်၊ သူ့ စီးပွား နဲ့ စစ်အုပ်စု အကျိုးကို ရည်မှန်းချက်တူ ထမ်းရွက်မယ့် ဗိုလ်စောမောင်ကို အာဏာ အမွေလွှဲ ပေးခဲ့တယ်။
အခု စစ်အစိုးရကနေ အရပ်သား အစိုးရ နာမည်ခံ အရေခွံလဲတဲ့ ဖြစ်စဉ်မှာလည်း မင်းတရားကြီး ဗိုလ်သန်းရွှေ ဟာ အရပ်ဖက် နဲ့ စစ်တပ် အုပ်ချုပ်ရေး အတွက် ဗိုလ်သိန်းစိန်၊ ဗိုလ်မင်းအောင်လှုင် တို့ကို စိတ်တိုင်းကျ ခေါင်းခေါက် ရွေးခဲ့တယ်။
ဒီ ဖြစ်စဉ် အားလုံးရဲ့ အရင်းခံ သဘောမှာတော့ နိုင်ငံရေး အာဏာ၊ သြဇာ နဲ့ လုပ်ပိုင်ခွင့် စီးပွား ဟာ အမွေခံ လူတစု (စစ်အုပ်စု နဲ့ အပေါင်းအပါ) လက်ထဲမှာသာ အလုံးစုံ တည်တံ့ နေခြင်းပါပဲ။
ဆွေးနွေးခဲ့သမျှ က အာရှ ရဲ့ နိုင်ငံရေး အာဏာ အမွေခံ ဓလေ့။
အနောက် ရဲ့ နိုင်ငံရေး ယဉ်ကျေးမှု သမိုင်း ကို ပြန်ကြည့်ပြန်ရင်လည်း ဘာများ ကွာလို့လဲ ဆိုနိုင်တယ်။ လူမှု၊ စီးပွား၊ ပညာ မှာ ကိုယ် တော်ရင် တော် သလောက် ထိပ်ရောက်နိုင်တဲ့၊ နိုင်ငံရေးမှာလည်း သစ်လုံး တဲအိမ်ငယ်ကနေ အိမ်ဖြူတော်ကို ရောက်နိုင်စွမ်းတဲ့၊ လူနည်းစု လူမျိုးစု ဝင် က တိုင်းပြည် တက် အုပ်ချုပ်ခွင့်ရနေတဲ့ အမေရိကား မှာ ကနေဒီတွေ၊ ဘွတ်ရှ် တွေ မိသားစု စဉ်ဆက် နိုင်ငံရေး အာဏာ ကြီးစိုးခဲ့တဲ့ ဖြစ်စဉ်ရှိတယ်။ လွှတ်တော် အမတ်၊ ကွန်ဂရက် အမတ်မင်း ပေါင်း မြောက်မြားစွာ သားစဉ်မြေးဆက် နိုင်ငံရေး အာဏာ ရယူထားနိုင်တယ်၊ တိုင်းပြည် မှာ သြဇာ၊ အာဏာ၊ ဓန စူးရှ ကျယ်ပြန့် ခိုင်မာ တည်ရှိနေတယ်။
အထက်မှာ ဥပမာ ပြုခဲ့တဲ့ ပုဂ္ဂိုလ် တိုင်း၊ ဖြစ်စဉ်တိုင်း အလိုအလျောက် ရလာတဲ့ အမွေခံ သြဇာ နဲ့ အာဏာ ကို အလွဲသုံးစား လုပ်၊ ကိုယ်ကျိုး ရှာကြတယ် ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါ။ နိုင်ငံရေး အာဏာ သြဇာ ဟာ ဘယ် နိုင်ငံ၊ ဘယ်စနစ်မျိုးမှာမဆို ယေဘုယျ သဘော အားဖြင့် လူတန်းစား တစု က သာ ရယူထားတယ်၊ လူနည်းစု လက်ဝယ် အာဏာ တည်တဲ့ “Oligarchy” သဘောသာ ဖြစ်နေတယ် ဆိုတာကို ပုံဖော်ချင်တာပါ။
ဒီသဘောမှာ နောက်ခံ အခြေခံ နိုင်ငံရေး စနစ် ကွဲပြားမှု အပေါ် မူတည်ပြီး တိုင်းပြည် နစ်နာမှု အတိုင်းအတာ ကွာပါတယ်။
ဒီမိုကရေစီ စနစ် ကျင့် သုံးတဲ့ နိုင်ငံတွေမှာတော့ ပြည်သူ့ အာဏာ၊ လုပ်ပိုင်ခွင့် ဟာ လူထု အများ ထံမှာ အတိုင်းအတာ တခု အထိ ရှိနေတာကြောင့် ထီးမွေနန်းမွေခံ သြဇာရှိ နိုင်ငံရေး မိသားစုဝင်များဟာ ထင်တိုင်းမကြဲနိုင်ပါဘူး။ ဒါပေမယ့် “ဒီမိုကရေစီ” ပုံပျက်ပြီး သြဇာ၊ အာဏာ၊ ငွေကြေး ကြီးမားသူ သူကြွယ်ကြီးများ ချုပ်ကိုင် ကြီးစိုးရာ “Plutocracy” စနစ် ဆန်ဆန်တော့ ဖြစ်သွားတတ်ပါတယ်။ ဥပမာ - စီးပွား အုပ်စု ကော်ပိုရေးရှင်းကြီးများ နဲ့ သူတို့ရဲ့ စီးပွားဖက် နိုင်ငံရေးသမားများကြီး ရဲ့ ဓန ဖြန့်ဖြူးမှု မညီမျှ ဖြစ်နေတဲ့ အမေရိကား။
အာဏာရှင် နိုင်ငံတွေမှာ ကျတော့ ဒီ အမွေခံ နိုင်ငံရေး ဟာ တိုင်းပြည်ကို မွဲပြာကျစေတဲ့ သူခိုးကြီးတစု ကြီးစိုးရာ “Kleptocracy” နိုင်ငံ ဖြစ်သွားပါတော့တယ်။ ဥပမာ - အင်ဒိုနီးရှား လွတ်လပ်ရေး တိုက်ပွဲဝင် သူရဲကောင်း တဦး၊ နောက်ပိုင်းမှာ စစ်အာဏာရှင် ဖြစ်သွားတဲ့ ဆူဟာတို (၃၁) နှစ်တာ အတွင်း ခိုးခဲ့တဲ့ ပြည်သူ့ ဘဏ္ဍာ ဟာ နိုင်ငံတကာ က လေ့လာမှု မှတ်တမ်းတွေ အရ အမေရိကန် ဒေါ်လာ ၃၁ ဘီလျံပါတဲ့။ ဖိလစ်ပိုင် မှာ မားကိုစ့် က (၁၀) ဘီလျံပါ။ ဗမာပြည် က အမွေခံ စစ်အာဏာရှင် အဆက်ဆက် အတွက်တော့ သုတေသနပြု မှတ်တမ်းတင်မှုမျိုးများ နောင်မှာ စနစ်တကျ လုပ်နိုင်ရင် ကမ္ဘာ့ စံချိန်အားလုံး ကျိုးနိုင်ကြောင်း ကို “စိန်စီသောည” မျက်ဝါးထင်ထင် မြင်ဖူးတဲ့ ပြည်သူများ အသိဆုံးပါပဲ။
နိဂုံးချုပ်ရရင် လူတန်းစား တခု၊ အုပ်စု တစု၊ လူမလိုင် အခွင့်ထူးခံ အလိ တစုသာ နိုင်ငံရေး အာဏာ ကို အမွေခံကာ အလိုအလျောက် ရနေခြင်း၊ ရေရှည် သြဇာတည်နေခြင်းဟာ ဘယ်စနစ်မျိုးမှာ မဆို အကောင်းထက် အဆိုးကိုသာ ဦးတည် ပါတယ်။ ဒီထဲမှာ စစ်အာဏာရှင်စနစ် အမွေခံကာ စစ်အုပ်စု နဲ့ ခရိုနီ တသိုက် နိုင်ငံရေး အာဏာ ကို အမြဲ ယူထားနိုင်ခြင်း၊ အကျိုးစီးပွားကို တည်ဆောက်ခွင့် ရှိနေခြင်း ဟာ အဆိုးဆုံး ပါပဲ။ ဒီ ဓလေ့ ဗမာပြည် မှာ ထွန်းကားခဲ့တာ ရာစုဝက်ကျော်ပါပြီ။ အခု စစ်လွှတ်တော် နိုင်ငံရေး၊ ၂၀၀၈ စစ်ဖွဲ့စည်းပုံ လမ်းကြောင်း အတိုင်း ဆိုရင် အနာဂတ်မှာလည်း ဆက်လက် ထွန်းကားဦးမှာပါ။ စစ်ဗိုလ်ရယ်၊ ပြည်တွင်း ခရိုနီရယ်၊ ပြည်ပ အရင်းရှင်ရယ်၊ ဖောက်ပြန်တဲ့ နိုင်ငံရေးသမားရယ် ပေါင်းထောင်းမှုကြောင့် ပြည်သူ့ ဘဝ ပိုလို့ ခံရဖွယ် ရှိနေတယ်။
တိုင်းပြည်လည်း နာလှပါပြီ။ အောက်ခြေ နင်းပြား လူထုလည်း ဖြူခါပြာခါကျ နေပါပြီ။ အပေါ်ယံ အပြောင်းအလဲ လူတစု ကောင်းစားရေးပဲ ဖြစ်နေတာကို လူထု အောင်ပွဲကြီး အလား၊ ပြည်သူ့ ဒီမိုကရေစီ ပန်းတိုင် ခရီး နီးနေသည့် အလား ထင်ယောင်မှားနေမှု ရပ်တန်းက ရပ်သင့်ပါပြီ။ ဒါကြောင့် စစ်အာဏာရှင် စနစ်၊ စစ်ယူနီဖောင်း အခွံ အကာ ခွာချရုံလောက်နဲ့ မပြီးဘဲ လူတစု သာ အမွေခံ နိုင်ငံရေး အာဏာ အစဉ် ရယူခွင့်ရှိနေခြင်း၊ အမြဲ ရနေခြင်း ဓလေ့ ကို အလုံးစုံ ပျက်အောင် မဖြစ်မနေ ဖျက်ဖို့ပါ လိုကြောင် မိုးမခ ကနေ ဆွေးနွေး တင်ပြလိုက်ကြောင်းပါ။
ငြိမ်းချမ်းအေး
မေလ ၂၅၊ ၂၀၁၄
(ဆောင်းပါးပါ အာဘော်နှင့်ပတ်သက်၍ ဝေဖန်ဆွေးနွေးလိုပါက nyeinchanaye81@gmail.com ထံ စာရေးဆက်သွယ်နိုင်သည်။)