အခြေခံအလုပ်သမား တနေ့လုပ်ခ ကျပ် ၅၆၀၀ လိုချင်တယ် (မေဒေးနေ့မှာ တောင်းဆိုဆန္ဒပြ)
ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခဓာတ်ပုံသတင်း၊ မေ ၆၊ ၂၀၁၄
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ အလုပ်သမားနေ့ တွင် အလုပ်သမားများ၏
အနည်းဆုံးလုပ်ခလစာ ၅၆၀၀ နေ့စားခ ရရှိရေးအတွက် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်
။ ထိုဆန္ဒထုတ်ဖော်ပွဲ ကို မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများကွန်ရက်မှ ဦးဆောင်၍
မေလ ၁ ရက် (မေဒေးနေ့ ) ၌ ရန်ကုန်မြို့လည်တွင်၊ နံနက် ၁၁ နာရီ အချိန် မှစတင်ကာပြုလုပ်ခဲ့သည် ။
ပူပြင်းလှသောနေရောင်အောက်တွင် ဆန္ဒပြလူအုပ်ကြီး သည် အပူဒဏ်ကိုအံတုကာ
ကြွေးကြော်သံများသံပြိုင် ဟစ်ကြွေး၍ မဟာဗန္ဒုလပန်းခြံလမ်းမှစတင်ကာ မဟာဗန္ဓုလ
လမ်းမကြီးပေါ် တလျှောက် ၊ထိုမှတဆင့် ပန်းဆိုးတန်းလမ်းသို့ကွေ့ကာ ကုန်သည်လမ်း
၊ဆူးလေဘုရားလမ်း၊ထိုမှတဆင့် ဆူးလေဘုရားအား တပတ်ပတ်ကာ ဆန္ဒထုတ်ဖော်ပွဲကို
ပြုလုပ်ခဲ့ကြသည် ။
( ရှေ့နေ ဦးဌေး )
အလုပ်သမားတွေရဲ့ အဓိကပြဿနာက အခြေခံလုပ်ခလစာပါ ။
ဥပဒေပြဌာန်းပြီးပါပြီ ။ ဒါကိုအစိုးရအနေနဲ့ မြန်မြန်လုပ်ဖို့ပါ ။
အချိန်တစ်လနောက်ကျရင် အလုပ်ရှင်တွေ သိန်းရာနဲ့ချီပြီးဆုံးရှုံးနိုင် သလို အလုပ်သမားတွေလည်းဒုက္ခရောက်နိုင် ပါတယ် ။ ဒီပြဿနာကို ဖြေရှင်းဖို့ အစိုးရမှာ တာဝန်ရှိပါတယ် ဟု အလုပ်သမားအရေးဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဌေး က ပြောပြခဲ့ပါတယ် ။
( ဖိနပ်စက်ရုံအလုပ်သမား မသိင်္ဂီ)
ကျွန်မက မာစတာစပေါ့ ဖိနပ် စက်ရုံကပါ ၊ ကျွန်မတို့ စက်ရုံမှာ
အလုပ်သမား ရှစ်ရာလောက်ရှိပါတယ် ၊ အခုကျွန်မတို့ တစ်နေ့ကို လုပ်ခ
တစ်ထောင့်နှစ်ရာပဲ ရပါတယ် ။ ကျွန်မက အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့က
ခေါင်းဆောင်တစ်ယောက်ပါ ဟု ဖိနပ်စက်ရုံအလုပ်သမား မသိင်္ဂီက
ပြောပြခဲ့ပါသေးသည် ။
အလုပ်သမားအရေးဆန္ဒပြသူများသည် တနေ့ရှစ်နာရီ အနည်းဆုံးလုပ်ခ (၅၆၀၀) ရရှိရေး ၊ အမြဲတန်းအလုပ်သမားများကို လစားအလုပ်သမားအဖြစ် သတ်မှတ်ရေး ၊အလုပ်သမားများကို တဖက်သတ်အလုပ်ထုတ်မှု ရပ်ဆိုင်းရေး ၊ အလုပ်သမားအားလုံးသွေးစည်းညီညွတ်ရေး၊ အခြေခံဥပဒေပုဒ်မ ၄၃၆ပြင်ဆင်ရေး ၊ ၅၉ (စ ) ပြင်ဆင်ရေး ၊ ၂၆၁ပြင်ဆင်ရေး ၊ ၄၁၈ ပြင်ဆင်ရေး ၊၆ ( စ) ၊၁၇ ( ခ )၊ ၆၀ ( ခ ) ပြင်ဆင်ရေး အစရှိသည်ဖြင့် ကြွေးကြော်သံ ကိုးချက်ဖြင့် စီတန်းလှည့်လည်ခဲ့ကြသည်။