ကျွန်တော်နဲ့ နိုင်ငံရေးလုပ်စားသူများ (၃)
ထင်အောင်
မေ ၂၅၊ ၂၀၁၄
ထင်အောင်
မေ ၂၅၊ ၂၀၁၄
နယ်တက္ကသိုလ်ကိုရောက်နေတဲ့သူတယောက်အနေနဲ့ ကြားရတဲ့သတင်းအမျိုးမျိုးကို မှန်၏ မမှန်၏ မခွဲခြားနိုင်ကြပါ။ သေချာတာကတော့ကျောင်းသားလှုပ်ရှားမှုကို စစ်တပ်က ငြိမ်ဝပ်ပိပြားအောင် ပစ်ခတ်နှိမ်နင်းနေပြီဆိုတာပါပဲ။ သတင်းကို အမှောင်ချထားလို့မရတဲ့ခေတ်ဆိုတော့ သတင်းစာထဲမှာ ကျောင်းသားတွေရဲ့အဆိုးဖြစ်အောင် ရေးထားတဲ့သတင်းကို ထည့်ပေးပါတယ်။
သတင်းစာကိုဖတ်ပြီး သမိုင်းလေ့လာသူများအတွက် စက်မှုတက္ကသိုလ်ကျောင်းသားတွေနဲ့ ရပ်ကွက်နေလူငယ်တွေ၊ လက်ဖက်ရည်ဆိုင်မှာ သီချင်းဖွင့်ခိုင်းရာက နေရန်ဖြစ်ရာကစခဲ့တာပါလို့ အဖြစ်မှန်ကို ပေါ့သွားအောင်ရေးထားပါတယ်။ မကြာပါဘူး တက္ကသိုလ်၊ ကောလိပ်အပါအဝင် အခြေခံပညာကျောင်းတွေအားလုံးကို ပိတ်ချလိုက်ကြောင်း ကြေငြာပါတော့တယ်။ ကျောင်းသားအင်အားကို ခွဲတဲ့နည်းကကျောင်းပိတ်ချလိုက်တာပါပဲ။ ဖြစ်လာတဲ့ပြသနာကို ပြေလည်အောင်ဖြေရှင်းပေးမယ်ဆိုတာ တခါမှမရှိခဲ့ပါဘူး။ ကျောင်းတွေကို ပိတ်ထားပေမဲ့ အခြေခံပညာအထက်တန်းစာမေးပွဲက စစ်ပြီးသွားပြီဆိုတော့ အဖြေလွှာတွေကို စစ်ဆေးရန် ရန်ကုန်တက္ကသိုလ်ကို တပြည်လုံးက စာစစ်မဲ့ ဆရာ၊ ဆရာမတွေဟာ ရန်ကုန်တက္ကသိုလ်ကို လာရောက်စုဝေးကြပါတယ်။ နှစ်တိုင်း အင်းဝဆောင်မှာ တဲခွင့်ရတဲ့ဆရာတွေဟာ ဒီနှစ် တော့ထူးထူးခြားခြား ပင်းယဆောင်မှာ တဲရပါတယ်။ ရန်ကုန်ရောက်ကထဲက သတင်းတွေမျိုးစုံကြားနေရပါတယ်။
တံတားဖြူနားမှာ ချီတက်လာတဲ့ကျောင်းသားကျောင်းသူတွေကို ဘယ်လိုပစ်ခတ်ခဲ့တယ်၊ ထွက်ပြေးရတဲ့ကျောင်းသူတွေကို အင်းလျားကန်ထဲမှာ ရေနစ်သတ်ကြတယ်ဆိုတဲ့သတင်းတွေက လူတိုင်းပါးစပ်ဖျားက ထွက်လာတဲ့ တူညီတဲ့သတင်းတွေပါ။ အဆောင်ကလုံခြုံရေး အစောင့်တွေ၊ နှစ်တိုင်းဝယ်စားနေကျ ထမင်းဆိုင်က အလုပ်သမားတွေက တံတားဖြူအဖြစ်အပျက်ကို ကျွန်တော်တို့မျက်စိထဲမြင်လာအောင်ပြန်ပြီးပြောပြနိုင်တဲ့ပုဂ္ဂိုလ်တွေပါ။ တကယ်အဖြစ်မှန်မှာ သူတို့ဖြစ်ချင်တာတွေ၊ သူတို့ထင်မြင်ချက်တွေပေါင်းလိုက်တော့ အစိုးရထုတ်တဲ့ သတင်းစာတွေမှာပါတဲ့သတင်းတွေနဲ့ လွဲနေတာပေါ့။ ဒါပေမဲ့ နားထောင်တဲ့သူတွေ၊ သတင်းစာဖတ်ပြီးရင် ဘယ်သတင်းက အမှန်ဆိုတာကို ကိုယ်ပိုင်ဆုံးဖြတ်နိုင်ကြပါတယ်။ ဦးသန့်အရေးအခင်း၊ သခင်ကိုယ်တော်မှိုင်းအရေးအခင်းတွေပြီးတော့ ကျောင်းထဲမှာ တင့်ကားတွေရပ်ထားလို့ တင့်ကားတွေကြားကနေ ဌာနကိုသွားရတာကို သတိပြန်ရမိပါတယ်။
ဒီတခါတော့ တင့်ကားတွေကို ကျောင်းထဲမှာ မတွေ့ရတော့ အရေးအခင်းမပြီးလောက်သေးဘူး ဆက်ရန်ရှိအုံးမယ်လို့ တွေးမိပါတယ်။ စာစစ်နေတဲ့ကာလအတွင်း စစ်သားတစ်ယောက်မှ ကျောင်ဝင်းထဲမှာမတွေ့ရတာကိုက ထူးဆန်းသလိုဖြစ်နေပါတယ်။ တိုင်းပြည်ကြီးအေးချမ်းသွားလို့လား၊ ရှေ့တဆင့်တိုးမလို့ နောက်တလှမ်းဆုတ်သွားတာလား စဉ်းစားစရာဖြစ်လာကြပါတယ်။ နိုင်င်ငံတဝှမ်းလုံးမှာတော့ဟောပြောပွဲတွေပြုလုပ်လာကြပါတယ်။ စာရေးဆရာတွေ၊ အဆိုတော်တွေနဲ့အတူ နိုင်ငံရေးအကွက်ချောင်းနေသူတွေ၊ စင်တွေ့တာနဲ့ ကိုယ်ဟာကိုယ် ဘာတွေပြောနေမှန်းမသိအောင် ပြောချင်နေတဲ့သူတွေက စင်ပေါ်တက်ပြောကြပါတော့တယ်။ တချို့ကလဲ ဗိုလ်ချုပ်အောင်ဆန်းစတိုင်ဖမ်းကာ ကြမ်းကြမ်းတမ်းတမ်း ဟောပြောကြပါတယ်။ ဗိုလ်ချုပ်က တလုံးလောက်ပဲပြောသွားပေမဲ့ ဆရာတွေကတော့ မကျေနပ်နေတဲ့ပါတီ၊ ကောင်စီတွေကို မကျေနပ်တော့ အလုံးတိုင်းကို ခပ်ကြမ်းကြမ်းပြောပါတော့တယ်။
နိုင်ငံရေးဝါရင့်နေသူတွေကတော့ သူတို့လိုရာကို ပုံပြင်လေးတွေ၊ ဟာသလေးတွေနဲ့ ဆွဲဆောင်ဟောပြောသွားကြပါတယ်။ နိုင်ငံရေးလုပ်စားနေသူများကတော့ သူတို့တိုင်းပြည်ကို ဘယ်လောက်ချစ်ခဲ့ကြောင်းတွေ ခေတ်အဆက်ဆက် အနစ်နာခံလုပ်ခဲ့ပါတယ်ဆိုပြီး ဟောပြောကြသလို ဝါသနာရှင်တွေကလဲ အားရပါးရ ဆဲရေးတိုင်းထွာကြပါတော့တယ်။ ရှေ့နေတွေ ဗေဒင်ဆရာတွေ ရုပ်ရှင်လောကက အနုပညာရှင်ဆိုသူတွေပါ စင်ပေါ်တက်ဟောပြောကြပါတော့တယ်။ အစိုးရကို လက်မခံချင်တော့တဲ့ ပရိတ်သတ်ကတော့ အစိုးရအသုံးမကျ ဘူးပြောလိုက်တိုင်း လက်ခုတ်တီးတော့တာပေါ့။ သူတို့ကိုယ်တိုင်ခံစားရတာတွေ၊ သူတို့ရင်ဖွင့်ခြင်တာတွေကို စင်ပေါ်တက်ခွင့်ရတဲ့သူတွေက သူတို့ကိုယ်စားပြောနေကြတာကို သဘောကျကြတာပေါ့။
ဆိုရှယ်လစ်ခေတ်က ပြည်သူဆိုင်တွေမှာ မိမိပိုက်ဆံနဲ့ မိမိသွားဝယ်တာတောင် အရင်းမစိုက်ရပဲ ပစ္စည်းရောင်းသမားက ဟောက်တာခံခဲ့ရ တာတွေက ဟာသပုံပြင်လေးတွေဖြစ်သွားတာကို ကျေနပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေပါ။ ဖိလိပိုင်နိုင်ငံမှာ အကွီနိုလုပ်ကြံခံရပြီး လူထု အုံကြွမှုကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ ဖိလိပိုင်တပ်မတော်က ဦးစီးချုပ် ရာမို့ကိုယ်တိုင်က လူထုဆန္ဒတွေကိုလက်ခံပြီးတော့ တပ်မတော်က လူထုဘက်က ရပ်တည်ပေးလာပါတော့တယ်။ စစ်တပ်က မပစ်တော့ဘူးဆိုတာသိရတဲ့ လူထုတွေဟာ ယုံကြည်ချက်အင်အားတွေ ပိုပြည့် ဝလာတော့ နောက်ဆုံးအာဏာရှင် မားကို့စ်မိသားစု တိုင်းပြည်ကနေ ထွက်ပြေးရပါတော့တယ်။ ပြည်ထောင်စုဆိုရှယ်လစ်သမတနိုင်ငံမှာတော့ စစ်တပ်ကပါတီရဲ့လက်အောက်မှာ ရှိပါတယ်။ ပါတီကိုဦးဆောင်နေသူတွေက စစ်ဘောင်းဘီချွတ်ပြီး ပုဆိုးကိုခါးပါတ်ပါတ်ဝတ်တဲ့သူတွေက လွှတ်တော်မှာ ဥပဒေပြုအာဏာတွေလုပ်နေတာကို ပြည်သူတွေက မကျေနပ်ကျတာပါ။
ဒီတော့ ဆန္ဒဖေါ်ထုတ်ကြတော့ ပါတီ၊ ကောင်စီတာဝန်ထမ်းဆောင်နေတဲ့သူတွေကိုသာ မကျေမနပ်နဲ့ ရင်ဖွင့်ကျပေမဲ့စစ်တပ်ကို ပုတ်ခတ်ပြောတာနဲပါသေးတယ်။ ဝန်ထမ်းတွေလဲ ဆန္ဒပြလှည့်လည်တဲ့အထဲမှာ ပါလာပါတယ်။ အဖေတို့ခေတ်က ဝန်ထမ်းပေါင်းစုံ သပိတ်ဆို တာကိုသတိရမိပါတယ်။ ကိုလိုနီအုပ်ချုပ်သူတွေက ဆန္ဒပြတောင်းဆိုသူတွေကို နှိမ်နင်းဘို့ အထူးသင်တန်းတွေပေးထားတဲ့ ပုလိပ်တွေပါ ပါလာတဲ့ ပုလိပ်သပိတ်ကို တမ်းတမိပါတယ်။ ပြည်သူရဲတွေပါ ဆန္ဒပြလာရင် အုပ်ချုပ်သူတွေမျက်ခုံးလှုပ်တော့မှာ သေချာပါတယ်။အစိုးရ ရဲ့အုပ်ချုပ်ရေးယန္တရားကြီးက ပျက်စီးလာပါပြီ။ အရင်ပါတီဝင်ဆိုပြီး လက်မထောင်နေတဲ့သူတွေတော်တော်များများက ဆန္ဒပြလာကြပါပြီ။ ဘာမဆိုင်ညာမဆိုင် ဝန်ထမ်းတွေ ဗွီအိုအေ၊ ဘီဘီစီသတင်းတွေကို ရေဒီယိုကနေ နားမထောင်ရဆိုပြီး အမိန့်ထွက်လာပါသေးတယ်။ ဒီအမိန့်က လူတွေအတွက် ရယ်စရာဟာသသတင်းလိုဖြစ်ခဲ့ပါတယ်။ တပြည်လုံးက တရုတ်လုပ်ဓာတ်ခဲသုံးရေဒီယိုလေးတွေနဲ့ သတင်းနားထောင်နေတာကို ဘယ်သူကမှမတားနိုင်ပါဘူး။ တကမ္ဘာလုံးကို အသံလွှင့်ပေးနေတဲ့ အသံလှိုင်းတွေကိုလဲ မဖြတ်တောက်နိုင်၊ မဖျက်ဆီး နိုင်ပါဘူး။ ပြည်သူလူထုတွေရဲ့ဆန္ဒကို အလေးမထားပဲ အနောက်တိုင်းအသံလွှင့်ဌာနတွေက ခိုင်းတာတွေကိုလိုက်လုပ်နေရသလို ပြောပါသေးတယ်။ အစိုးရကပြောချင်ရာပြောနေသလို ပြည်သူတွေကလဲ လုပ်သင့်တာတွေကို လုပ်နေကြပါတယ်။
ရန်ကုန်မြို့နေရာအနှံ့ လမ်းမတိုင်းမှာ ဆန္ဒထုတ်ဖေါ်နေသူတွေနဲ့ပြည့်နေသလို မန္တလေးမြို့မှာလည်း တမြို့လုံးက စုပေါင်းချီတက်လာကြတဲ့ လူအုပ်စုကြီးဟာ ဘုရားကြီး ၄၅ တာကွင်းမှာစုကျပြီး နှစ်ပေါင်းများစွာ မကျေနပ်မှုတွေကို ရင်ဖွင့်ကြပါတော့တယ်။ ဟိုယခင်က ဒီလိုလူစုမိ တာနဲ့ အစိုးရကမွေးထားတဲ့လူတွေက ရှေ့ဆုံးကနေခဲနဲ့ပေါက်တာတို့၊ ကားကိုမီးရှို့တာတို့ စတဲ့အကြမ်းဘက်လုပ်ရပ်တွေကို စလုပ်ပါတော့တယ်။ နောက်ကသွေးဆူနေတဲ့သူတွေက လိုက်လုပ်တော့ အဖျက်သမားဆိုပြီး အရေးယူခံရပြန်တယ်။ ဒီအကြိမ်ဆန္ဒထုတ်ဖေါ်ကြ တဲ့လူစုကြီးကတော့ အကြမ်းဘက်သမားရောင်ရောင် နိုင်ငံရေးလုပ်စားသူတွေ ဝင်မလာနိုင်အောင် သတိရှိရှိနဲ့ကာကွယ်ထားနိုင်ကြပါတယ်။တနိုင်ငံလုံးမှာ ပြည်သူတွေကဖျက်စီးလိုက်လို့ ပျက်စီးသွားပါတယ်ဆိုတာကို ပြစရာမရှိပါဘူး။ မော်လမြိုင်မြို့မှာတော့ ပါတီ၊ ကောင်စီ က လူမဆန်ခဲ့တဲ့သူတွေရဲ့အိမ်တွေကို ဖျက်ဆီးတယ်လို့ကြားမိပါတယ်။ အင်တိုက်အားတိုက် ချီတက်နေတဲ့ လူအုပ်ကြီးအထဲမှာ တင်းပြည့်ပါ တီဝင်နံပါတ်ကို အိပ်မက်ထဲမှာတောင် ရွတ်နိုင်တဲ့ပုဂ္ဂိုလ်တွေပါနေတာကို တွေ့မိပါတယ်။
ကျွန်တော်တို့ဆီက ပိုက်ဆံတွေတောင်းပြီး ရလာတဲ့နို့ဆီတွေကို ရောင်းစားနေတဲ့သူပေါ့ဗျာ။ နိုင်ငံတကာမှာလဲ ဒီပါတီရဲ့မူဝါဒတွေကို မကြိုက်ပါက ပါတီကနေနုတ်ထွက်ပြီးနောက် ပါတီတခုကိုဝင်တာတွေ၊ ပုဂ္ဂလိကအဖြစ် ရွေးကောက်ပွဲဝင်တာတွေဆိုတာ မဆန်းပါဘူး။ ဒီအ ချက်ကနိုင်ငံရေးကိုလုပ်စားသူတွေအတွက် အကြောင်းပြစရာအချက်ကြီးတခုဖြစ်နေပါတယ်။ ဒီကြားထဲမှာ မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးယန္တ ယားဟာ အတော်ကိုဆိုးရွားလာပါတယ်။ တကမ္ဘာလုံးက BUTCHER လို့ အသိအမှတ်ပြုထားတဲ့ဦးစိန်လွင် သမတနေရာက ဆင်းပေးလိုက်ရပါတယ်။ မဆလပါတီဥက္ကဠအသစ်နဲ့သမတအဖြစ် ဘုန်းတော်ဘွဲ့အရေးကောင်းသူဥပဒေပါရဂူဘွဲ့ရ ဒေါက်တာမောင်မောင်ကိုပြောင်းခန့် ခဲ့ပါတယ်။ ဂျပန်ခေတ်ဗိုလ်သင်တန်းတက်ခဲ့တာကို အမြဲတန်းဂုဏ်ယူစွာပြောပြနေသူကို အရပ်သားသမတအဖြစ် ကမ္ဘာကိုကြေငြာခဲ့ပါတယ်။ သူက အာဏာရရခြင်း စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းလိုက်ပါတယ်။ ဒီအခါမှာ လူတွေကလမ်းပေါ်ကိုပိုရောက်လာပါတယ်။ ရဲချုပ်ဦးထင်ကျော်ပါ လမ်းလျှောက်ဆန္ဒပြတဲ့အထဲပါလာပါပြီ။ တပ်က အောက်ခြေတပ်သားတွေလဲ ဆိုင်းဘုတ်ထောင်ကာ လူထုတွေနဲ့ပူးပေါင်းလာ ပါတယ်။ တပ်မတော်သားတွေ လစာမရရင် ပုန်ကန်မှာကိုစိုးရိမ်ကာ ပြည်သူပိုင်ဘဏ်မှ ငွေတွေကိုစစ်ကားကြီးတွေနဲ့ သယ်ယူသွားပါတယ်။ စက်ရုံတွေကိုလဲ တပ်ကဝင်ရောက်ကာ လိုချင်တာတွေကို သယ်ယူသွားကာ ကျန်တာတွေကို လူတွေကဝင်သယ်တော့ ပြည်သူပိုင်စက်ရုံ ဖျက်တယ်ဆိုကာ ပစ်ခတ်ပါတော့တယ်။ နယ်မြေအသီးသီးမှာလဲ လူမိုက်ဆန်ဆန် ဓားကိုင်ရဲသူတွေက တနယ်တမင်း လုပ်လာကြပါတယ်။
ခေတ်ပျက်ချိန်ဆိုတော့ ဘာမဆိုရတာယူမဲ့ တောကြောင်တွေလဲ တစခန်းထလာပါတယ်။ ထုံးစံအတိုင်း တိုင်းပြည်ချောက်ထဲကျဘို့ လက်နှစ်လုံးအလိုမှာ အာဏာကို လုံးဝမမက်မောတဲ့တပ်မတော်က အာဏာကိုသိမ်းလိုက်ပြန်ပါတယ်။ တော်လှန်ရေးကောင်စီတက်တုန်းက လူ အသေအပျောက်စာရင်းကို ဖွက်ထားလို့ရပေမဲ့ နဝတတက်ချိန်မှာ လိမ်ညာလို့မရတော့ပါဘူး။ ဟိုတုံးက ရန်ကုန်တက္ကသိုလ်မှာပစ်တာဆိုတော့ လူသိပ်မတွေ့လိုက်ပါဘူး။ အခုဟာက မြို့လယ်ခေါင်ဆူးလေဘုရားနား၊ မြို့တော်ခန်းမရှေ့မှာ ပစ်တာပါ။ သိပ္ပံနည်းပညာရဲ့ အတိုး တက်ဆုံး အကောင်းဆုံးပစ္စည်းတွေကို သုံးနိုင်တဲ့အမေရိကန်သံရုံးရှေ့တဲ့တဲ့မှာပစ်ခတ်နေတော့ နောက်ဆုံးပေါ် ဗွီဒီယိုကင်မရာအကောင်းစားတွေနဲ့ ငြင်းမရအောင် မှတ်တမ်းတင်ရိုက်ကူးထားတော့တာပေါ့။
(ဆက်ဖတ်ပေးရန်အတွက် ဆက်ရေးပေးပါမယ်)