(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၉၈၊ မေလ ၂၉ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၁၈-၂၂)
မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၆၅)
အောင်ဒင်
မေလ ၉၊ ၂၀၁၄
မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၆၅)
အောင်ဒင်၊ မေ ၃၀၊ ၂၀၁၄
အပိုင်း (၆၅) လွှတ်တော်၊ အစိုးရနှင့် မျိုးစောင့်ဥပဒေများ (ဂ)
#လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊
ဒီဥပဒေကို
တောင်းဆိုသူများက "ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများသည် ဘာသာမတူသူများနှင့်
လက်ထပ်ရာ၌ အခွင့်အရေးအကာအကွယ်ပေးနိုင်ရန် ရည်ရွယ်၍ ပြဋ္ဌန်းစေလိုကြောင်း"
ပြောကြပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ မွတ်ဆလင်အမျိုးသားကို လက်ထပ်သည့်
ဗုဒ္ဓဘာသာအမျိုးသမီးကို အကာအကွယ်ပေးရန် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ
မွတ်စလင်တစ်ဦးကို လက်ထပ်သည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးဟာ သူမ၏
အလိုဆန္ဒမပါပဲနှင့် အစ္စလမ်ဘာသာသို့ ကူးပြောင်းရသည့်အဖြစ်အပျက်များ
အမှန်တကယ်ရှိနေပါတယ်။ အစ္စလမ်ဘာသာကိုယ်တိုင်ကလည်း ဘာသာခြားနှင့် လက်ထပ်မှုကို
ခွင့်မပြုပါ။ မွတ်စလင်မဟုတ်သော ဇနီးများအနေဖြင့်
ခင်ပွန်းသည်ကွယ်လွန်သည့်အခါ (သို့မဟုတ်) ကွာရှင်းသည့်အခါတွင်
ခင်ပွန်းသည်၏ပိုင်ဆိုင်မှုများကို ခံစားခွင့်မရှိပါ။ ဒါကြောင့်လည်း
ဗုဒ္ဓဘာသာအမျိုးသမီးများကို ဘာသာခြားအမျိုးသားနှင့် လက်ထပ်ခြင်းဖြင့်
အခြားဘာသာကို အလိုဆန္ဒမပါပဲ မကူးပြောင်းရအောင်၊ ဘာသာမတူသော်လည်း
ခင်ပွန်းသည်နှင့်ပါတ်သက်သည့် အမွေအနှစ်များ၊ အခွင့်အရေးများကို
တရားဝင်ဇနီးသည်အဖြစ် ဆက်ခံခွင့်ရအောင် အကာအကွယ်ပေးဖို့ ရည်ရွယ်တယ်လို့
နားလည်မိပါတယ်။
သို့သော်လည်း
ဒီကိစ္စနဲ့ပါတ်သက်ပြီး မြန်မာနိုင်ငံမှာ ဥပဒေတစ်ရပ် ပြဋ္ဌန်းခဲ့ပြီး
တည်ရှိဆဲဖြစ်ပါတယ်။ ၁၉၅၄ ခုနှစ်၊ အက်ဥပဒေ အမှတ် (၃၂) ဖြစ်တဲ့ "၁၉၅၄ ခုနှစ်၊
ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေ"
တည်ရှိနေဆဲဖြစ်ပါတယ်။ ပုဒ်မပေါင်း (၃၁) ခုပါဝင်တဲ့ အဆိုပါဥပဒေဟာ
အထက်ဖော်ပြပါ အလိုမတူပဲ ဘာသာကူးပြောင်းရခြင်းနဲ့
အမွေဆက်ခံပိုင်ခွင့်မရှိခြင်းစတဲ့ စိုးရိမ်ပူပန်မှုများကို အလုံအလောက်
ဖြေရှင်းနိုင်တဲ့ ဥပဒေဖြစ်ပါတယ်။ ဒီဥပဒေပါ စကားလုံးအသုံးအနှုံးအချို့နဲ့
ပြစ်ဒဏ်များကို ဒီနေ့ခေတ်အခြေအနေနဲ့ ကိုက်ညီအောင် ပြင်ဆင်ပြီး
ဆက်လက်အသုံးပြုနိုင်ပါတယ်။ ဥပဒေအသစ်ရေးဆွဲရန် မလိုအပ်ပါ။
မျိုးစောင့်ဥပဒေလိုလားသူများထံက
ကြားသိရတဲ့ ဥပဒေမှာ သူတို့ပါဝင်စေလိုတဲ့ ပြဋ္ဌန်းချက်များက
ကြောက်စရာကောင်းလှပါတယ်။ သူတို့က ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို လက်ထပ်လိုသူ
ဘာသာခြားအမျိုးသားဟာ သက်ဆိုင်သူ မှတ်ပုံတင်အရာရှိက လက်ထပ်ပေးခြင်းမပြုမီ
ဗုဒ္ဓဘာသာကို ကူးပြောင်းပြီး ဖြစ်ရမယ်လို့ ဆိုပါတယ်။ အဲဒီလို
ဘာသာခြားအမျိုးသားက ဗုဒ္ဓဘာသာကို မကူးပြောင်းရင် မှတ်ပုံတင်အရာရှိက
၎င်းပုဂ္ဂိုလ်ကို ဗုဒ္ဓဘာသာဝင်အမျိုးသမီးနဲ့ လက်ထပ်ပေးခွင့်မရှိစေရလို့
ဆိုပါတယ်။ ဒီလိုကန့်သတ်ချက်တွေကို တောင်းဆိုတာကတော့ အမျိုးသမီးများကို
အကာအကွယ်ပေးရာမရောက်ပဲ နှိမ့်ချစော်ကားရာ ရောက်နေပါတယ်။ ဒါကြောင့်မို့
မလိုအပ်တဲ့ "လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ" အသစ်ပြဋ္ဌန်းရေး
ကြိုးစားအားထုတ်မှုများကို ကန့်ကွက်သင့်ပါတယ်။
#တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ
မျိုးစောင့်ဥပဒေတောင်းဆိုသူများက
"တစ်လင်တစ်မယားစနစ်ဥပဒေ" ကို "အိမ်ထောင်ရေးနှင့် သက်ဆိုင်သည့်
လူမှုရေးပြသနာများ မဖြစ်ပွါးစေရန် ရည်ရွယ်၍ ပြဋ္ဌန်းပေးစေလိုကြောင်း"
အကြောင်းပြပါတယ်။ ဒီဥပဒေဟာ မျိုးစောင့်ဥပဒေ (၄) ခုထဲမှာ အဓိပ္ပါယ်အရှိဆုံး
ဥပဒေဖြစ်ပါတယ်။
တကယ်တော့လည်း ဒီဥပဒေပြဋ္ဌန်းရန် တောင်းဆိုသူများရဲ့ ရည်ရွယ်ချက်က
မွတ်ဆလင်များ ဘာသာရေးခွင့်ပြုချက်အရ အိမ်ထောင်ဘက် လေးဆက်အထိ ရှိနိုင်တာကို
ကန့်သတ်လိုခြင်းဖြစ်ပါတယ်၊ ဒါပေမည့် တစ်ဘက်မှာ ဗုဒ္ဓဘာသာ မြန်မာများကို
အိမ်ထောင်ဘက် တစ်ဦးထက်မက ခွင့်ပြုထားတဲ့ မယားပြိုင်စနစ်ရှိနေသ၍
မွတ်ဆလင်များကိုချည်း ကန့်သတ်ပိတ်ပင်မယ်ဆိုရင် တရားမျှတမှာ မဟုတ်ပါ။
တစ်လင်တစ်မယားစနစ်ဟာ
ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတိုင်း၊ အမျိုးသား၊ အမျိုးသမီး
တန်းတူညီမျှအခွင့်အရေးရှိတဲ့ နိုင်ငံတိုင်းမှာ မဖြစ်မနေတည်ရှိရမည့် ဥပဒေပဲ
ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဥပဒေ ရေးဆွဲပြဋ္ဌန်းခြင်းကိုတော့ ထောက်ခံရမှာပါ။
အမေရိကန်ပြည်ထောင်စုမှာ
အစ္စလမ်ဘာသာကိုးကွယ်သူတွေ သန်းပေါင်းများစွာရှိပါတယ်၊ ဒါပေမည့် ဘာသာတရားက
ခွင့်ပြုလို့ ဆိုပြီး ဘယ်သူမှ မိန်းမ ၄ ယောက် တစ်ပြိုင်တည်းယူခွင့်မရှိပါ။
အမေရိကန်ပြည်ထောင်စုမှာ အိမ်ထောင်ဘက်တစ်ယောက်ထက်ပိုယူရင်
ရာဇဝတ်မှုမြောက်ပါတယ်၊ မြန်မာနိုင်ငံမှာတော့ မြန်မာဗုဒ္ဓဘာသာတွေကိုယ်တိုင်က
မယားပြိုင်စနစ်ခွင့်ပြုထားတာကို အခွင့်ကောင်းယူပြီး
မိန်းမတွေအများကြီးယူနေကြသူတွေရှိပါတယ်၊ ဒါကြောင့်
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မယားပြိုင်စနစ်ကို ဖျက်သိမ်းပြီး
တလင်တမယားစနစ်ကိုပဲ ဥပဒေ ပြဋ္ဌန်းသင့်ပါတယ်။
#မလိုအပ်သော ပြသနာများ
စစ်အာဏာရှင်စနစ်လက်အောက်ကနေ
အရပ်ဘက်အုပ်ချုပ်ရေးအသွင်ပြောင်းပြီး ပွင့်လင်းလွတ်လပ်မှု
တစ်စုံတစ်ရာရှိလာတဲ့ မြန်မာနိုင်ငံမှာ မလိုလားအပ်တဲ့ ပြသနာတွေကလည်း
နေ့စဉ်နဲ့ အမျှဖြစ်ပေါ်နေပါတယ်။ အမျိုး၊ ဘာသာ၊
သာသနာထိန်းသိမ်းစောင့်ရှောက်ရေးဆိုပြီး အဆိုပါ မျိုးစောင့်ဥပဒေ (၄) ရပ်ကို
ပြဋ္ဌန်းပေးဖို့ တောင်းဆိုတာလည်း အပါအဝင်ပါ။ တောင်းဆိုရာမှာလည်း
ရိုးရိုးသားသား ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်ပြတာတင်မဟုတ်ပဲ
နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များကို
အကြပ်ကိုင်ခြိမ်းခြောက်တာတွေ၊ ပြည်သူလူထုကြားထဲမှာလည်း သွေးကွဲအောင်
ခွဲခြားဆက်ဆံတာတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ရှုံ့ချတာတွေ၊
မွတ်ဆလင်ဆန့်ကျင်ရေးတရားဟောပြော ဖြန့်ချီတာတွေ၊ သဘောထားမတူသူတွေကို
ရန်သူလို့ သတ်မှတ်စိန်ခေါ်တာတွေအထိ ဖြစ်လာတာကတော့ စိတ်မချမ်းသာစရာပါ၊ ၂၀၁၄
ခုနှစ်၊ မေလ (၉) ရက်၊ ည (၉) နာရီမှာ လွတ်လပ်တဲ့အာရှအသံ
(မြန်မာပိုင်းအစီအစဉ်) ရဲ့ ထုတ်လွှင့်ချက်အရ အမျိုးဘာသာ သာသနာ
စောင့်ရှောက်ရေးအဖွဲ့ (မန္တလေးတိုင်း ဒေသကြီး) ဦးဆောင်ဆရာတော်တွေက
မစိုးရိမ်ကျောင်းတိုက်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး
အမျိုးစောင့်ဥပဒေ ပြဌာန်းရေးအတွက် ဥပဒေကြမ်းရေး ဆွဲနေတာကို ကန့်ကွက်ခဲ့တဲ့
အရပ်ဘက်လူ့အဖွဲ့အစည်း (၉၇) ဖွဲ့ကို အမျိုးသားသစ္စာဖောက်တွေအဖြစ်
သတ်မှတ်ကြောင်း ကြေငြာချက် တစ်စောင်ထုတ်ပြန်လိုက်ပါတယ်လို့ ကြားသိရပါတယ်။
မေတ္တာတရား၊ ဂရုဏာတရား၊ အကြင်နာတရား၊ ကိုယ်ချင်းစာနာမှု၊ သည်းခံမှုတွေကို
ကိုယ်တိုင်ကျင့်သုံးရန် တာဝန်ရှိရုံမက သာမာန်ပြည်သူများကိုပါ
သင်ကြားပေးရမည့် ဗုဒ္ဓရဲ့ သား၊ ရဟန်းများကိုယ်တိုင်က အခုလို
အမျက်ဒေါသတွေကြီးမားပြီး အတ္တအလံထူနေတာကို ဘယ်လိုမှ နားမလည်နိုင်တော့ပါ။
သမ္မတတာဝန်ပေးထားတဲ့
ကော်မရှင်က မကြာခင်မှာ သူတို့ပြုစုထားတဲ့ ဥပဒေကြမ်းများကို ပြည်သူလူထုထံ
ချပြပါလိမ့်မယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကလည်း တာဝန်ခံရေးဆွဲနေတဲ့
မျိုးစောင့်ဥပဒေကြမ်း (၂) ခုကို ပြည်သူတို့ထံ ချပြပါလိမ့်မယ်။
ပြည်သူလူထုရဲ့ အကြံဉဏ် တောင်းခံရန်လို့
ခေါင်းစဉ်တပ်ထားပေမည့် ပြည်သူလူထုအကြား အုပ်စုကြီး နှစ်စု
ကြီးကြီးမားမားကွဲစေမည့် အခြေအနေပါ။ မျိုးစောင့်ဥပဒေတောင်းဆိုသူများက
သူတို့လိုချင်တဲ့ ပြဋ္ဌန်းချက်တွေ ဥပဒေကြမ်းမှာ မပါဝင်ရင် ပါဝင်အောင်
ထည့်သွင်းရေးဆွဲဖို့ အင်အားပြတောင်းဆိုပါလိမ့်မယ်။ မျိုးစောင့်ဥပဒေကို
ကန့်ကွက်သူများကလည်း နိုင်ငံတကာလူ့အခွင့်အရေးကြေညာစာတမ်း၊
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးတွေကို
ကိုးကားပြီး နိုင်ငံသားတို့၏ အခွင့်အရေးများကို
ကန့်သတ်မည့်ပြဋ္ဌန်းချက်တွေကို ဖယ်ရှားဖို့ တောင်းဆိုပါလိမ့်မယ်။
အုပ်စုနှစ်စုရဲ့ အပြိုင်အဆိုင်အဆိုပြုချက်တွေကြားမှာ
ဥပဒေကြမ်းရေးဆွဲသူတွေ ဝေဝေဝါးဝါးဖြစ်ပြီး အုပ်စုနှစ်စုကြား အားပြိုင်မှုတွေ၊
တင်းမာမှုတွေလည်း ပိုပြီးကြီးမားလာပါလိမ့်မယ်။ ဒီအားပြိုင်မှုတွေကြောင့်
ဗုဒ္ဓဘာသာ ရဟန်းသံဃာများကြားမှာ မျိုးစောင့်ဥပဒေလိုလားသူသံဃာများနဲ့
ရဟန်းကိစ္စကိုသာ အာရုံစိုက်ပြီး လူဝတ်ကြောင်တွေရဲ့ အရေးနဲ့
ကင်းကင်းနေချင်တဲ့ သံဃာတော်များ ကွဲပြားကြပါလိမ့်မယ်။ လူတွေကြားထဲမှာလည်း
မျိုးစောင့်ဥပဒေလိုလားသူများနဲ့ မျိုးစောင့်ဥပဒေကန့်ကွက်သူများ
ကွဲပြားကြပါလိမ့်မယ်။ နိုင်ငံရေးပါတီများ၊
လွှတ်တော်ကိုယ်စားလှယ်များကြားမှာလည်း မျိုးစောင့်ဥပဒေလိုလားသူများကို
ထောက်ခံသူနဲ့ နိုင်ငံသားအခွင့်အရေးများကို အကာအကွယ်ပေးချင်သူတွေ
ကွဲပြားကြပါလိမ့်မယ်။ ဒီအကွဲအပြဲတွေဟာ ကွဲရုံနဲ့တင်မပဲ တစ်ဘက်ဘက်က
အာဃာတကြီးမားပြီး ရန်လိုတဲ့အခါ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒီအခြေအနေတွေအားလုံးဟာဖြင့်
အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဆရာတော်
ဦးတိလောကာဘိဝံသက သမ္မတဦးသိန်းစိန်ထံ ရေးသားပေးပို့တဲ့ စာမှာပါဝင်တဲ့
"မြန်မာနိုင်ငံအတွင်း၌ လက်ရှိဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများကို
ဖြေရှင်းရာတွင် အဓိကအကြောင်းရင်းဖြစ်သော လူမှုရေးမညီမျှမှုများကို
ပြေလည်စေရန်" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။
#မကောင်းဆိုးဝါးအင်အားစုကြီး ကြီးထွားလာခြင်း၊
နိုင်ငံတကာသတင်းစာမျက်နှာတွေမှာ
မြန်မာ့လူ့အဖွဲ့အစည်းကို အကြမ်းဖက်တဲ့ လူ့အဖွဲ့အစည်း၊ လူများစုက
လူနည်းစုတွေကို အနိုင်ကျင့်တဲ့ လူ့အဖွဲ့အစည်း၊ လူမျိုးရေး၊
ဘာသာရေးခွဲခြားမှု၊ မုန်းတီးမှုတွေနဲ့ ပြည့်နှက်နေတဲ့ လူ့အဖွဲ့အစည်းအဖြစ်
ဖော်ပြကြတာကို စိတ်မချမ်းမြေ့စွာ နေ့တိုင်း တွေ့မြင်နေရပါတယ်။
ကျနော်ကိုယ်တိုင်လည်း
မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့
ပဋ္ဋိပက္ခများအပေါ်မှာ အင်မတန်စိုးရိမ်မိပါတယ်။ အာဏာရပါတီထဲက အာဏာရှင်ခေတ်ကို
ပြန်သွားချင်သူများ (Hard Liners)၊ တာဝန်မဲ့ ဘာသာရေးခေါင်းဆောင်များ
(Irresponsible Religious Leaders) နဲ့ အစွန်းရောက်မျိုးချစ်များ
(Ultra-Nationalists) ပေါင်းစုဖွဲ့စည်းထားပြီး
တစ်နေ့တစ်ခြားအင်အားကြီးမားလာတဲ့ မကောင်းဆိုးဝါးအုပ်စုကြီးတစ်ခုက
အမုန်းတရားတွေ လှုံ့ဆော်၊ ကောလာဟလတွေဖြန့်ချိ၊ လက်မရွံ့လူသတ်သမားတွေ
မွေးထုတ်ပြီး အကြမ်းဖက်မှုတွေကို စနစ်တကျဖန်တီးနေတာကို
အစိုးရကိုယ်တိုင်ရော၊ အရပ်ဘက်လူ့အဖွဲ့အစည်းများကပါ မတားဆီးနိုင်တာကို
ဝမ်းနည်းမိပါတယ်။ တစ်ဘက်မှာ မကောင်းဆိုးဝါးအင်အားစုကြီးက
စနစ်တကျဖွဲ့စည်းပြီး ခေါင်းဆောင်မှုတစ်ခုရဲ့ နောက်မှာ
ခိုင်ခိုင်မာမာရပ်တည်လို့၊ ပြဿနာတွေကို ဖန်တီးလှုံ့ဆော်လို့၊ ဒီဘက်မှာ
မကောင်းဆိုးဝါးတွေကို တုန့်ပြန်တားဆီးပြီး တိုင်းပြည်ကို ဘာသာရေး၊
လူမျိုးရေးပဋ္ဋိပက္ခတွေနဲ့ သွေးချောင်းစီးရမည့်အခြေအနေမရောက်အောင်
ကာကွယ်ရမည့်အင်အားစုက စနစ်တကျဖွဲ့စည်းမှုမရှိ၊ ခေါင်းဆောင်မှုမရေမရာ၊
လုပ်ငန်းစဉ်မပြတ်မသား၊ တာဝန်ယူမှု ခိုင်ခိုင်မာမာမရှိပဲ ပြဿနာဖြစ်မှ
လိုက်ဖြေရှင်းရတဲ့ အင်အားစု (Reactive Force) ဖြစ်နေတာတွေ့ရပါတယ်၊
ပြဿနာတွေမဖြစ်အောင် ကြိုတင်ကာကွယ်တားဆီးနိုင်မည့် အင်အားစု (Preventive
Force) မဟုတ်ပါ ။
ကျနော်တို့
အားကိုးမိတဲ့၊ ပြည်သူလူထုက လေးစားယုံကြည်ကြတဲ့ နိုင်ငံရေးခေါင်းဆောင်၊
အရပ်ဘက်လူ့အဖွဲ့အစည်းခေါင်းဆောင်အချို့ကလည်း ဒီပြသနာနဲ့ ပါတ်သက်ရင်
ခေါင်းရှောင်ချင်ကြပါတယ်။ အစိုးရကိုပဲ အလွယ်တကူ အပြစ်ပုံချပြီး သူတို့နဲ့
မဆိုင်သလို အကြောင်းပြကြပါတယ်။ တကယ်တော့ ဒီမကောင်းဆိုးဝါးအင်အားစုကြီးကို
ထိန်းသိမ်းနိုင်ဖို့ အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နဲ့ တရားလွှတ်တော်ချုပ်စတဲ့
ဗဟိုအာဏာပိုင် အဖွဲ့အစည်းများအားလုံးက အကြမ်းဖက်မှုများကို တားဆီးရေး၊
မလိုအပ်တဲ့ ဥပဒေများကို မပြဋ္ဌန်းရေး၊ အနိုင့်အထက်ပြုသူများကို
ထိရောက်စွာအရေးယူရေး၊ တရားဥပဒေစိုးမိုးရေး၊ လူနည်းစုကို အကာအကွယ်ပေးရေး
စတဲ့နည်းလမ်းတွေနဲ့ သတ္တိရှိရှိတာဝန်ယူရမှာ ဖြစ်သလို နိုင်ငံရေးပါတီများ၊
နိုင်ငံရေးခေါင်းဆောင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းခေါင်းဆောင်များ၊
ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်များကလည်း ပြည်သူလူထုကို သတ္တိရှိရှိနဲ့
လမ်းမှန်ညွှန်ပြ စည်းရုံးကြရမှာ ဖြစ်ပါတယ်။ ဒီမကောင်းဆိုးဝါးအင်အားစုကြီးကို
ရင်ဆိုင်ဆန့်ကျင်ရမည့်အစား ကြောက်ရွံ့ပြီး အလိုလိုက် အကြိုက်ဆောင်နေမယ်ဆိုရင်ဖြင့်
မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ၊
သွေးချောင်းစီးမှုတွေပိုများပြီး ဘာသာရေးက နိုင်ငံရေးကို
လွှမ်းမိုးချုပ်ကိုင်ထားတဲ့ အမှောင်ခေတ်ကြီးတစ်ခုဆီကို
ရောက်ရှိသွားပါလိမ့်မယ်။
လေးစားစွာ၊
မေလ ၉၊ ၂၀၁၄