ကျွန်တော်နဲ့ နိုင်ငံရေးလုပ်စားနေသူများ
ထင်အောင်
မေ ၈၊ ၂၀၁၄
ထင်အောင်
မေ ၈၊ ၂၀၁၄
ဘာမဟုတ်တဲ့ တက္ကသိုလ်ကလပ်စည်းတခုမှာ နေရာလေးရလိုက်တာနဲ့ ဟန်ထုတ်နေတဲ့ဆရာတွေ၊ ရာထူးအဆင့်မြင့်မြင့်ရချင်တဲ့ ဆရာကြီးတွေ၊ ရုံးဝန်ထမ်းတွေအားလုံးဟာ မိမိကိုယ်ကျိုးအတွက် ပါတီကိုချစ်ပြနေသူတွေ ဖြစ်ကြပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတဲ့အချိန်ကာလ တခုမှာ ဆိုရှယ်လစ်ပါတီကအရေအတွက်ကို ဦးစားပေတဲ့ကာလရောက်လာပါတယ်။ ပါတီဝင်တယောက်က လူဘယ်နှစ်ယောက် စည်း ရုံးရမဲ့ဆိုတဲ့အမိန့် ထွက်လာတယ်။ အားလုံးမှာပါတီ ဝင်နံပါတ်ရှိနေကြတော့ နံပါတ်မဲ့ကျွန်တော်ကို ဆန္ဒမမေးဘဲနဲ့ သူတို့ဟာသူတို့ ပုံစံကို ဖြည့်တင်လိုက်ပါတယ်။ ကိုယ်ရေးအချက်အလက်တွေကလဲ ရုံးမှာအဆင်သင့်ရှိနေတော့ ကူးရေးလိုက်မှာပေါ့။ လူတယောက်စည်းရုံးနိုင်တိုင်း သူတို့ဂုဏ်သိက္ခာတက်ပုံရပါတယ်။ ဒီအမွေကို ပါတီကနေ တပ်မတော်က ဆက်ခံယူလိုက်ပါတယ်။ ဗိုလ်မှူးတယောက်ကနေ ဒုတိယဗိုလ်မှူးကြီးရာထူးတက်ဖို့ တပ်သားသစ်နှစ်ယောက် စုဆောင်းပေးရတဲ့အမွေပါ။ ကျွန်တော်ကတော့ ဘာမှမရေးမသွင်းမဖြည့်သွင်း ရဘဲ အရန်ပါတီဝင်ဖြစ်ခဲ့ပါတယ်။ အရန်ပါတီဝင်နံပါတ်တခုလာပေးတော့မှ သူတို့ရဲ့စေတနာကို သိလိုက်ရပါတယ်။ လက်ဖက်ရည်တောင်တိုက်လိုက်ပါသေးတယ်။ အခုခေတ်လိုပြောရရင်တော့ လက်ဖက်ရည်တခွက်တိုက်ပြီး အညမညသဘောတရားတွေ ရွတ်ခိုင်းတော့မယ်ပေါ့။ ကျွန်တော်က နံပါတ်ကို ဒိုင်ယာရီထဲမှာ ရေးမှတ်ထားလိုက်ပါတယ်။ ခေါင်းထဲမှာမမှတ်ထားတော့ အခုဒီနံပါတ်ကို မသိတော့ပါဘူး။ ဒါပေမဲ့ ရာထူးတဆင့်တိုးဘို့က ဒီနံပါတ်လိုသေးတယ်လေ။ ရာထူးတိုးရန် ပုံစံစာရွက်တွေကိုဖြည့်ရင် သေချာပေါက် ဒီကိန်းဂဏန်းကိုသုံးရမှာလေ။ ပါတီအတွက် နှစ်စဉ်ကြေးကလည်း သူတို့ကပေးထားလို့ ကျွန်တော်ကမပေးရတော့ဘူး။ ပိုက်ဆံလည်းမကုန် လက်ဖက်ရည်လဲသောက်ရ၊ တသက်လုံးမဝင်ဘူးလို့စိတ်ကူးထာတဲ့ ပါတီဝင်လဲဖြစ်သွားရ၊ ဘယ်လောက်အကျိုးများတဲ့ စည်ရုံးရေးစံနစ်လဲဆိုတာ စဉ်း စားကြည့်ပါတော့ဗျာ။
ဆရာဖြစ်လာတော့ ဘာသာရပ်ပေါင်းဆုံက နည်းပြသရုပ်တွေနဲ့ အပေါင်းအသင်းတွေဖြစ်လာတာပေါ့ဗျာ။ ဝါ သနာ ပါသူတွေစုဝေးရင်း စာစောင်လေးတဆောင်ထုတ်ဖို့ သဘောတူကြပါတယ်။ ထုံးစံအတိုင်း စာစောင်ဆိုတော့ လွယ်လွယ်ကူကူနဲ့ ဘယ်သဘောတူပါမလဲ။ ကျောင်းက အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ ဒေသကော်မီတီကို တင်ပြရတာပေါ့ဗျာ။ ကံဇာတတက်နေချိန်ဆိုတော့ လွယ်လွယ်ကူကူနဲ့ ခွင့်ပြုလိုက်ပါတယ်။ ဒါပေမဲ့ သူတို့ပါတီတည်ထောင်တဲ့ ဂျူလိုင်လမှာ စထုတ်ဖို့ပြောပါတယ်။ အောင်ပင်လယ်ဆိုတဲ့ဘလောက်တုံးကို လူထုတိုက်က မတင်ဝင်းဆီမှာ သွားအပ်ပါတယ်။ တပတ်ကို စောင်ရေငါး ရာထုတ်မယ်လို့ ဆုံးဖြတ်ကြပါတယ် ။ရောင်းဈေးက ငါးမူး (ပြားငါးဆယ်)။ ဂျာနယ်အတွက် အယ်ဒီတာအဖွဲ့ကိုလဲ ဖွဲ့ရသေးတယ်။ အစဉ်အလာအတိုင်းပါပဲ။ ပါတီဝင်တယောက်က ဦးဆောင်တာပေါ့ဗျာ။ မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာနကလူတွေက မပါမဖြစ်ပေါ့။ ဒီကြားထဲမှာ သင်္ချာဌာနနဲ့ ဓာတုဗေဒဌာန က နှစ်ယောက်ပါလာပါတယ်။ နောင်တော့ သူတို့နှစ်ယောက်က စာမှန်မှန်ရေးသူတွေဖြစ်လာပါတယ်။ စာစောင်အတွက် ပထမဖယောင်းပေါ်မှာလက်ရေးနဲ့ စာမူတွေကို ကူးရေးရပါတယ်။ လူတိုင်း မရေးတတ်ပါဘူး။ ဖယောင်းစာရွက်အပေါ်မှာ ကညစ်နဲ့ရေးရတာပါ။ မရေးတတ်ရင် ဖယောင်းစာရွက်ပြဲသွားတတ်ပါတယ်။ ထိုအချိန်က ဖယောင်းစာရွက်က အင်မတန်ရှားပါးပြီး ဈေးကြီးလှပါတယ်။ မပျက်မစီးရအောင် ကျွမ်းကျင်သူပညာရှင်ကို ရေးခိုင်းရပါတယ်။ ကံအားလျှော်စွာ မြင့်အောင်ချစ်ဆိုသောကျောင်းသားလေးက ပန်းချီဆွဲတတ်သလို ဖယောင်းပေါ်မှာ ကောင်းစွာရေးတတ်သူဖြစ်နေပါတယ်။ သူ့ကို အကူအညီတောင်းရပါတော့တယ်။ စာမူတွေ၊ ကာတွန်းတွေ၊ အယ်ဒီတာအာဘော်ဆုံတော့မှ ရေးမဲ့ နေရာမရှိဘူး ဖြစ်နေပြန်ပါတယ်။ အယ်ဒီတာတဦးဖြစ်နေတဲ့ မြန်မာစာဌာနက ဦးစိန်သီးဦးက ဗောဓိကုန်းက သူအိမ်မှာ စာကူးစက်လဲရှိနေတော့ သူအိမ်မှာ ရေးခွင့်ပေးပါတယ်။ ညနေ ၇ နာရီမှာ လူဆုံတော့ ဖယောင်းဖောက်တဲ့အလုပ်စကြပါတယ်။ စာစောင်က ဖူးစကက်စာရွက်သုံးရွက်ကို တဝက်ချိုးလိုက်ပြီး စာမျက်နှာ ၁၂ မျက်နှာဖြစ်အောင်လုပ်ထားတဲ့ပုံစံရှိပါတယ်။ ရှေ့ဆုံးစာမျက်နှာရဲ့လေး ပုံတပုံက အောင်ပင်လယ်စာစောင်ဆိုတဲ့ဘလောက်က နေရာယူထားပါတယ်။ ကျန်တဲ့နေရာက မျက်နှာဖုံးပုံစံ သရုပ်ဖေါ်ပုံဆွဲဘို့စိတ်ကူး ကြပါတယ်။ မန္တလေးတိုင်းဒေသ ကောလိပ် မန္တလေးဆိုတဲ့စာသားရယ်၊ ဇူလိုင်လမှာစထုတ်လို့ ဇူလိုင်ဆိုတာရယ်၊ အောင်ပင်လယ်စာစောင်ဆိုတာတွေကို ပုံစံအမျိုးမျိုးနဲ့ရေးဘို့ သဘောတူကြပါတယ်။ နောက်ဆုံးစာမျက်နှာမှာတော့ ကာတွန်းလေးကွက်ထည့်ဖို့ စိတ်ကူးရှိကြပါတယ်။ အတွင်းစာမျက်နှာတွေမှာ ဆောင်းပါးတွေပေါ့ဗျာ။ အယ်ဒီတာအာဘော်ဖတ်လိုက်တော့ အတော်စိတ်ညစ်သွားပါတယ်။ ဆိုရှယ်လစ်ပါတီတည်ထောင်တဲ့နေ့ကို ဂုဏ်ပြုပြီးစာစောင်ကိုထုတ်လုပ်ပါသည်ဆိုပြီး ရေးထားပါတယ်။ ဆောင်းပါးတွေကလဲ ရှေ့သို့၊ အလုပ်သမားဂျာနယ်တွေထဲမှာပါတဲ့ဆောင်းပါတွေလို ဖြစ်နေတယ်။ ဘုန်းတော်ဘွဲ့ဆောင်းပါးတွေပေါ့။ ကဗျာကလဲ အလုပ်သမားခေတ်လယ်သမားခေတ်ရောက်ပြီဆိုတဲ့စာသားတွေနဲ့ မလွတ်ပါဘူး။ ဘယ်တတ်နိုင်ပါမလဲ။ မနက်ဖန်ထွက်အောင် အပြီးရေးရမှာပါ။ တကယ်ပင်ပန်း တာက ရေးရတဲ့ကလေးပါ။ နောက်ဆုံး ရေးတာက မျက်နှာဖုံးပါ။ ရေးတဲ့သူကလဲ အိပ်ငိုက်နေတော့ ကျွန်တော်တို့လိုချင်တဲ့စာလုံးတွေကို ပန်းချီဆန်ဆန် ကောက်ခြစ်နေတာကို တွေ့ရပါတယ်။ ရေးပြီးတဲ့ဖယောင်းတွေကို ချက်ချင်းစာကူးစက်နဲ့လှည့်ပါတယ်။ အဖုံးကိုလှည့်ပြီး တာနဲ့ စာစောင်တွေကိုစီပြီး ထုတ်ပိုးရပါတော့တယ်။ ဖြန့်ချိမဲ့သူတွေဆီကို စာစောင်တွေပေးပြီး ခဏမှေးမလို့ကြံနေတုံး စာစောင်ကိုဖြန့်ချိ ခွင့်မပေးဘူးလို့ လာပြောပါတယ်။ ပြစ်ချက်က မျက်နှာဖုံးမှာအလှဆင်လိုက်တဲ့ ဇူလိုင်ဆိုတာ ခုနစ်လုံးဖြစ်နေလို့တဲ့ဗျာ။ ကံဆိုးတာကရေးတဲ့ကျောင်းသားလေးပါ။ ဘာရည်ရွယ်ချက်နဲ့ ရေးတာလဲ၊ ဘယ်သူကရေး ခိုင်းသလဲလို့ အမေးခံရတော့တာပေါ့။ ကံကောင်းတာက ဘုန်းတော်ဘွဲ့ရေးသူတွေက အဖွဲ့ထဲမှာပါနေတာရယ်၊ ညက သူတို့လဲရှိနေတော့ အန္တရာယ်ဘေးက ကင်းခဲ့ရတယ်။ ဒုတိယအကြိမ်ထွက်ပြီးတော့ စာစောင် လုံးဝရပ်သွားပါတယ်။ ဒီစာစောင်ကြောင့် စာရူး ပေရူးလေးတွေက အဖွဲ့ကြကာ လက်ရည်သွေးကြရင်း စိန်သီးဦး၊ မြင့်သိန်း (ကိုချစ်)နဲ့ ကျွန်တော်တို့က စာဆက်ရေးဖြစ်လာကြပါတယ်။ နိုင်ငံရေးလုပ်စားသူတွေဟာ ဘာမဟုတ်တဲ့ ကျောင်းစာစောင်လေးကိုတောင် ကြောက်နေပါလားဆိုတာကို သိလိုက်ရပါတယ်။
ကျွန်တော်ဆန္ဒက စာစောင်မှာ သတင်းတွေ၊ ကျောင်းသားတွေအတွက် လိုအပ်ချက်တွေကို ထည့်ပေးချင်တာဖြစ်ပါတယ်။ ပိတ်သွားတဲ့ ဟံသာဝတီသတင်းစာအစား သတင်းလေးတွေ ပေးချင်တာပါ။ ကာတွန်းလေးကွက်မှာ တကွက်က အပိတ်ခံရပါသေးတယ်။ ဖယောင်း စာရွက်ပေါ်မှာ ဖယောင်းပိတ်ဆေးတွေနဲ့ ပိတ်လိုက်ရတာပေါ့။ သူတို့ကတော့ သတိဝီရိယနဲ့စိစစ်တယ်လို့ပြောနေပေမဲ့ သူတို့ကြောက်နေတယ်ဆိုတာကိုသိနေရပါတယ်။ ဆိုရှယ်လစ်စီးပွားရေးမှာ အဓိကထောင့်တနေရာမှာပါတဲ့ သမဝါယမအဖွဲ့တွေက တက္ကသိုလ်ကောလိပ်တွေမှာပါ ဖွဲ့စည်းထားရပါတယ်။ ကျောင်းသားတွေ ဝန်ထမ်းတွေရဲ့သက်သာချောင်ချိရေးအတွက်ဖွဲ့ရတာလို့ပြောပါ တယ်။ အလကားသက်သာအောင်လုပ်ပေးတာမဟုတ်ပါဘူး။ အသင်းဝင်ကြေးပေးတဲ့သူတွေကိုသာ ပေးတာပါ။ မူဝါဒအရ ဝန်ထမ်းတိုင်းဟာ သမအဖွဲ့ဝင်ဖြစ်စေရမည်လို့ မပါပါဘူး။ ဒါပေမဲ့ လစာထုတ်ပေးတဲ့နေရာက ပိုက်ဆံကို ဖြတ်ယူထားလိုက်တော့ ဝန်ထမ်းတိုင်း အသင်းဝင်ဖြစ်သွားတာပေါ့။ လစာ ၃၅၀ ကျပ် ကျော်ကျော်လေးရတဲ့ ဝန်ထမ်းတွေအတွက်တော့ ၂၅ ကျပ် အဖြတ်ခံရတာ မနဲပါဘူး။ တလတခါတော့ ဆန်ခြောက်ပြည်၊ အဝတ်လျှော် ဆပ်ပြာနှစ်တောင့်၊ ဖယောင်းတိုင်တထုတ်၊ ဆီ ၂၅ ကျပ်သား စသဖြင့် ရတတ်ပါတယ်။ သမကော်မီတီတွေက သက်သာချောင်ချိရေးအတွက် သက်သာလက်ဖက်ရည်ဆိုင်ဖွင့်ဘို့ စီစဉ်နေကြပါတယ်။ ဆိုင်ဖွင့်ဘို့ ဝန်ထမ်းတယောက် ၂၅ ကျပ်ထည့်ရပြန်ပါတယ်။ ပထမလကတော့ အရသာကောင်းကောင်း မုန့်ကောင်းကောင်းနဲ့ လူစည်နေတာပေါ့။ လကုန်တော့ အမြတ်ငါးကျပ်လား ပြန်ရသေးတယ်။ခြောက်လလောက်ကြတော့ အရသာကညံ့လာ၊ မုန့်က မစုံနဲ့ ဆိုင်မှာလူမရှိတော့ပါဘူး။ ဒီတော့ ဆိုင်ကိုပိုကောင်းအောင်လုပ်ဖို့ တယောက် ၂၅ ကျပ်ဆီထပ်ထဲ့ရပြန်ပါတယ်။ အဲဒီကစ အမြတ်လဲမရ၊ အရင်းလဲ ပြန်မရတော့ပဲ ဆိုင်သာပြုတ်သွားပါတယ်။ နောင်မှသိရတာက ကော်မီတီဝင်တွေကရတဲ့နို့ဆီတွေကို ထုတ်ရောင်းတာ တလ တလ အတော်ရကြပါတယ်လို့ ဆိုပါတယ်။ ဖျက်လိုက်တဲ့ဆိုင်အဟောင်းကို ရောင်း တာလဲ သူတို့အိပ်ထဲဝင်သွားပါတယ်။ ဒါကြောင့်လဲ နိုင်ငံရေးလုပ်စားလို့ရတဲ့ ကော်မီတီဝင်ဖြစ်ချင်ကြတာပါလားလို့ ထပ်သိလာရပြန်ပါတယ်။
ဝန်ထမ်းတွေလဲဆန်ပဲရတော့တယ်။ ကျန်တာတွေက ထုံးစံအတိုင်း ကော်မီတီတွေ ထုတ်ရောင်းမှာပေါ့။ မကျေနပ်ချက် အနာ တွေခံစားနေ ရတဲ့ပြည်သူပြည်သားတွေဟာ ငွေစက္ကူတွေကို တရားမဝင်ဘူးလို့ ကြေငြာလိုက်ကထဲက ပါတီနဲ့အစိုးရကို အလိုမရှိဖြစ်နေကြပါပြီ။ စက်မှုတက္ကသိုလ်ကျောင်းသား ဘုန်းမော်ကို စစ်တပ်ကပစ်လို့သေသွားရပြီဆိုတဲ့သတင်းက တပြည်လုံးပြန့်သွားပြီး ပါတီနဲ့အစိုးရကို အသေ ခံပြီး ဆန္ဒဖေါ်ထုတ်ချင်တဲ့သူတွေများလာပါတယ်။ လူတွေကို လူတွေလို့မသတ်မှတ်ပဲ အစိုးရကထုတ်တဲ့အမိန့်ကို အတင်းလိုက်နာခိုင်းနေတာကို လူထုကသီးမခံနိုင်တော့တာကို ပါတီကအမာခံလူတွေက မယုံကြည်ကြသေးပါဘူး။ ထစ်ကနဲဖြစ်တာနဲ့ စစ်တပ်နဲ့အင်အားပြ၊ ပုဒ်မ ၁၄၄ ထုတ်၊ ညမထွက်ရကြေငြာဆိုတဲ့ ပုံသေနည်းအတိုင်းလုပ်နေပါတော့တယ်။ ပါတီဥက္ကဌ (ကြီး) ဦးနေဝင်းက အခြေအနေမ လှ တာကိုရိတ်မိပြီး၊ သူကိုတိုင်စိတ်ကြိုက်ရေးထားတဲ့ဥပဒေကို ဖောက်ဖျက်ကာ ပါတီကနေ နုတ်ထွက်ခွင့်တောင်းပါတယ်။ ရိုးရိုးတောင်း ခံတာမဟုတ်ပဲ စစ်တပ်ဆိုတာပစ်ရင်မှန်အောင်ပစ်တယ်လို့ ခြိမ်းချောက်ပါသေးတယ်။ ဒီစကားလုံးရယ်၊သူကရွေးချယ်လိုက်တဲ့ သားသတ်သမားသမတကြောင့် ပြည်သူတွေက ပိုညီညွတ်သွားကာ၊ ပါတီစုံစံနစ်ကို တောင်းဆိုလာကြပါတော့တယ်။ ပါတီစုံစံနစ်နဲ့သွားဖို့က ပါတီတွေရှိဘို့လိုပါတယ်။ ဒီအခွင့်ကောင်းကိုအရယူကြပြီး ပါတီတွေဖွဲ့ကြပါတော့တယ်။ နိုင်ငံရေးလုပ်စားသူတွေ တော်တော်များများပေါ် လာပြန်ပါတယ်။ နိုင်ငံရေးလုပ်သူအားလုံးကို လုပ်စားတယ်လို့ထင်တာ မဟုတ်ပါ၊။ ခေတ်အဆက်ဆက် အခွင့်ကောင်းယူခဲ့သူများကိုသာ ဆိုလိုပါတယ်။
(နောက်လဆက်ပါအုံးမယ်)