အုန်းနိုင် - စစ်အုပ်ချုပ်ရေးအောက်က ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ (၂၀)

စစ်အုပ်ချုပ်ရေးအောက်က ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ (၂၀)
အုန်းနိုင်
ဇွန် ၂၂၊ ၂၀၁၄
 
 

● အနိုင်ရတိုင်းရင်းသားလူမျိုးစုများရဲ့သဘောထား ဒီအချိန်မှာရွေးကောက်ပွဲမှာအနိုင်ရရှိတဲ့လူမျိုးစုအဖွဲ့များနဲ့ရွေးကောက်ပွဲဝင်လူမျိုးစုအဖွဲ့ပေါင်းစုံကဝိုင်အမ်စီအေ ခန်းမမှာ ဒုတိယအကြိမ် ညီလာခံကျင်းပပါတယ်။ သူတို့ကနှစ်ပိုင်းခွဲထားပါတယ်။ တစ်ပိုင်းက မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ နိုင်ငံရေး ပါတီပေါင်းစုံနဲ့  နောက်တစ်ပိုင်းကပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် ဖြစ်ပါတယ်။

ဒါကလည်း  ရွေးကောက်ပွဲမဝင်မီ ဒေါ်အောင်ဆန်းစုကြည်လည်းအဖမ်းမခံရသေးမီ (၁၉၈၉)ခု ဇူလိုင်လမှာ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ဗိုလ်အောင်ကျော်လမ်းမှာညှိနှိုင်းဆွေးနွေးပွဲလုပ်ခဲ့ဖူးပါတယ်။

ရှေ့ပြည်ထောင်စုတည်ဆောက်ရေးနဲ့  ပတ်သက်လို့ ဆွေးနွေးကြတာပါ။ဒီတုန်းက  ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်မှာ တိုင်းရင်းသားလူမျိုးစုပါတီပေါင်း (၁၉)ပါတီ  ပါဝင်ပါတယ်။ ဒါပေမယ့်  သူတို့ဟာလူမျိုးစုများ  စုစည်းမှုသာဖြစ်လို့  ရွေးကောက်ပွဲ ဝင်တဲ့အခါကျတော့ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့လည်းရွေးကောက်ပွဲဝင်ခံသလို ရွေးကောက်ပွဲမှာ သူတို့အဖွဲ့များကရော၊ အခြားလူမျိုးစုအဖွဲ့များကရောအားလုံး(၆၇)နေရာအရွေးခံရပါတယ်။ ဒီအထဲမှာ (SNLD)ခေါ်တဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၂၃) ဦးအရွေးခံရတာမို့ဒုတိယအများဆုံးအရွေးခံရတဲ့အဖွဲ့ပါ။ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း(၁၁)ဦး အရွေးခံရ တာမို့ တတိယအများဆုံအရွေးခံရတာဆိုတော့ ..အဲဒီလူမျိုးစု အင်အားဟာ လွှတ်တော်ဖွဲ့စည်းရင် အတော်အရေးပါမယ့်အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီအင်အားစုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်နဲ့ တွေ့ခွင့်တောင်းတယ်လို့ ကြားရပါတယ်..။

ဦးအောင်ရွှေက တွေ့ဆုံဖို့ စောသေးတယ်လို့ ပြန်ကြားကြောင်းသတင်းကြားရပါတယ်။ ဒီသတင်း ဘယ်လောက်မှန်မမှန်မသိရပါ၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးသာဘန်းကိုမေးကြည်တော့လည်း   သူက အရေးတကြီးဖြစ်နေပြီး ပြောရမှာက အရှည်ကြီး ဖြစ်လို့ဒီစာအုပ်ပဲဖတ်ဆိုပြီး စာအုပ်တစ်အုပ်ကို သူကိုယ်တိုင် လက်မှတ်ထိုးပြီးလက်ဆောင်ပေးသွားပါတယ်။ စာအုပ်ငယ်လေးရဲ့အမည်ကတော့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်တို့ ညှိနှိုင်းဆွေးနွေးပွဲ မှတ်တမ်း ၁၉၈၉ခု၊ဇူလိုင်လ(၁၅)ရက်  ဖြစ်ပါတယ်..။

ဒါဖတ်ကြည့်တော့ သူတို့အစည်းအဝေးတွေမှာ ဒေါ်အောင်ဆန်းစုကြည်အဖမ်းမခံရမီက တက်ရောက်ပြီး သဘောထားတွေ ပေးခဲ့ပေမယ့် အခုနောက်အစည်းအဝေးကျတော့ အင်အယ်ဒီက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးကျော်မင်းနဲ့ဦးခင်မောင်ဆွေတို့သာ တက်ရောက် ကြောင်း တွေ့ရပါတယ်။ သဝဏ်လွှာလည်းပေးခဲ့ပါတယ်။ ကျန်ပုဂ္ဂိုလ်များ တက်ရောက်ခြင်းမရှိပါဘူး..။ တိုင်းရင်းသားလူမျိုးစုများ အစည်း အဝေးကို ၁၉၉၀ ပြည့်၊ ဇွန် (၂၉)ရက်နေ့က ဇူလိုင်လ(၂)ရက်နေ့အထိ ကျင်းပပြီး...

၁.   လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ ဦးနု၊ဦးတင်ဦးနှင့်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ညိုထွန်းတို့အပါအဝင်တားဆီးခြင်းနှင့် ဖမ်းဆီးခြင်းခံနေရသော နိုင်ငံရေးအကျဉ်းသားအားလုံးကိုချက်ခြင်း လွှတ်ပေးရန်

၂. တိုင်းပြည်အနာဂတ် အေးချမ်းသာယာရေးကို ရှေးရှု၍ အာဏာချောမောလျင်မြန်စွာလွှဲပြောင်းနိုင်ရေးအတွက် အနိုင်ရပါတီနှင့် တရား ဝင် ဆွေးနွေးရန်

၃. ပြည်သူ့လွှတ်တော်အမြန်ဆုံးခေါ်ယူကျင်းပပေးရန်

၎.  အာဏာကိုငြိမ်းချမ်းစွာဖြင့်အမြန်ဆုံးလွှဲအပ်ရန်အထက်ပါလုပ်ငန်းစဉ်(၄)ရပ်ကို ယနေ့အမျိုးသားရေးတာဝန်အဖြစ် (နဝတ)စစ်အစိုးရ ကကတိရှိသည့်အတိုင်း လျင်မြန်စွာ ဆောင်ရွက်ပေးရန် ပြည်နယ်(၇)ခုမှတိုင်းရင်းသားလူမျိုးအပေါင်းတို့က လေးနက်စွာ တိုက်တွန်းကြောင်း တင်ပြလိုက်ရပေသည်။ဒီမိုကရေစီရရေးနှင့်တန်းတူရေးမုချအောင်ရမည်။

ဆိုတော့...ဒီလိုလူမျိုးစုတွေဘက်ကတောင်တက်တက်ြွကြွကထောက်ခံတောင်းဆိုနေတယ်ဆိုတာတွေကို တွေ့ရပါတယ်။

အဲဒီနောက်မှာတော့ ဇူလိုင်လ(၁၂)ရက်နေ့မှာမှ လူမျိုးစုရေးရာမူဝါဒကော်မတီကို   အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်က လက်ခံဆွေးနွေးပါတယ်။ လူမျိုးစုများဘက်က

၁။ ဦးအေးဖေ(ရခိုင်)
၂။ နိုင်ခင်မောင်(မွန်)
၃။ ဦးခွန်ထွန်းဦး(ရှမ်း)
၎။ ဦးအေးသာအောင်(ရခိုင်)
၅။ ဆလိုင်းလျှန်မှုန်း(ချင်း)
၆။ ခွန်တင်ရွှေ (ပအိုဝ်) တို့တက်ရောက်ကြပြီး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်များ ဘက်က
၁။ ဦးအောင်ရွှေ
၂။ ဦးကြည်မောင်
၃။ ဦးချစ်ခိုင်
၎။ ဦးလွင်
၅။ ဦးရွှေ
၆။ ဒေါ်မြင့်မြင့်ခင်
၇။ ဦးခင်မောင်ဆွေ
၈။ ဦးစိုးသိန်း
၉။ ဦးကျော်မင်း
၁၀။ဦးချမ်းအေးတို့ပါဝင်တယ်လို့သိရပါတယ်။

●အာဇာနည်နေ့တောင်အဆင်လျော့သွားပြီ
ဒီအတွင်းမှာပဲ နေ့ကြီးရက်ကြီး အခမ်းအနားတွေလုပ်ဖို့ ရက်တွေရောက်လာပါတယ်။ ဆဲဗင်းဇူလိုင်က ပထမပါ။ ပေါင်းတည်မှာ ရုံးတွင်း အထိမ်းအမှတ်အစည်းအဝေးပဲ ကျင်းပနိုင်ပါတယ်။ ဒုတိယ လာမှာက ဇူလိုင် (၁၉) ရက်အာဇာနည်နေ့ပါ။(၁၉၈၉)ခုနှစ် ဇူလိုင်လတုန်း က ရန်ကုန်မှာ အကြီးအကျယ် စစ်ပြင်ခဲ့တဲ့ကိစ္စပေါ်ပြီး ဒေါ်စုကို နေအိမ်မှာထိန်းသိမ်း၊ အဖွဲ့ချုပ် ခေါင်းဆောင်အများလည်းအဖမ်းခံရဖြစ်ခဲ့တာပါ။ ဒီမြို့မှာလည်း အာဇာနည်နေ့ကို တစ်ဖွဲ့ကိုလူနှစ်ဆယ်ပဲ ချီတက်ရမယ်ဆိုတာကို ကျနော်တို့အဖွဲ့က လူနှစ်ရာကျော် ချီတက် အလေးပြုပြီး တစညကပန်းခွေကြီး လဲကျသွားတဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ဒီနှစ်တော့ ရွေးကောက်ပွဲအနိုင်ရပြီးချိန်မှာ ဗဟိုကတောင် အနိုင်ရတာကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ပါ..။ ထိပ်တိုက်ရင် ဆိုင်ဖြစ်မယ့် အဖြစ်မျိုးကို အနိုင်ရပါတီအနေနဲ့ မလုပ်သင့် ဘူးဆိုတဲ့ သဘောတွေ ပြနေတော့ ဘယ်လိုလုပ် ရမယ် မစဉ်းစားတတ်သေးပါဘူး..။ ထုံးစံအတိုင်း.. အာဇာနည်နေ့ ဦးစီးကော်မတီအဖြစ်

၁။ ဦးအုန်းနိုင်
၂။ ဦးမြင့်သိန်း
၃။ ဦးအေးသန်း
၎။ ဦးသန်းထွန်း
၅။ ဦးမြမောင်တို့ ပါတဲ့အဖွဲ့ဖွဲ့လိုက်ပါတယ်။

ဇူလိုင်(၁၀)ရက်နေ့လောက်က နဝတရဲ့သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူး(၁)ဗိုလ်ခင်ညွန့်ကအာဇာနည်နေ့မှာ အာဇာနည်ဗိမာန် ကို အများပြည်သူ လာရောက်အလေးပြုနိုင်တယ် လို့ပြောပါတယ်။ အဲဒီနေ့ ရှင်းလင်းတဲ့ အထဲမှာလည်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမရှိသေးပဲနဲ့တိုင်းပြည်ကို ဘယ်လို အုပ်ချုပ်မလဲဆိုတဲ့သဘောမျိုး၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲဖို့က အဓိက အချက်ဖြစ်တဲ့ သဘောမျိုး ပြောသွား ပါတယ်။ နဝတက သဝေထိုးချင်တဲ့ ပုံစံတွေပြနေပါတယ်။

ဒါလည်း မဆန်းလှပါဘူး..။ ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံပြီး အရှုံးကြီးရှုံးခဲ့ရတဲ့ ဝိဓူရ သခင်ချစ်မောင်လို ခေါင်းဆောင်ကြီး တစ်ယောက်ကတောင် “အနည်းဆုံးသူတစ်ယောက်လောက်တော့ဖြင့် နိုင်ကောင်းပါရက်ကနဲ့  ကျောင်းသား ကလေးတွေကဝင်ပြီး မျက်ရည်ခံထိုးလို့ နိုင်သွားတဲ့ဒီချုပ်”လို့ မလိုတမာ ပြောပြီး“ဒီချုပ်ဘယ်လဲ”   ဆိုတဲ့ စာတမ်းတစ်စောင် ထုတ်လိုက်တယ်။ သူက နိုင်ငံရေးသု ခမိန်ကြီးလုပ်ပြီး ရွေးကောက်ပွဲနိုင်တဲ့ ဒီချုပ်ဟာဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲဖို့ အရေးကြီးတယ်...။ဒီလိုဖွဲ့စည်းပုံ အခြေခံဥပဒေကို အနိုင်ရပါတီတစ်ခုထဲက မဆွဲသင့်ဘူး..။

တိုင်းရင်းသား လူမျိုးစု အများအပြားရှိလို့ တိုင်းရင်း သားလူမျိုးစုထဲက အရွေးချယ်ခံရတဲ့ပါတီရော၊ အရွေးအချယ်မခံရတဲ့ ပါတီရော၊ တစ်တိုင်းပြည်လုံးကပါတီတွေ ရော၊ တခြားပါဝင်သင့်တဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် နိုင်ငံရေးသမား ဟောင်း ကြီးများ၊ တပ်မှူးဟောင်းကြီးများ ပါဝင်တဲ့ အမျိုးသားညီလာခံကိုခေါ်ဆိုရမယ်လို့ နှပ်ကြောင်း ပေးထားပြီးပြီကိုး။ နဝတ က.. သခင်ချစ်မောင်ရဲ့  နှပ်ကြောင်းကို.. ဝင်ချိုးတာပေါ့။ အပေးအယူကို ဖြောင့်သွားတာပဲ။

အာဇာနည်နေ့ကိစ္စ ပြန်ကောက်ရရင် အာဇာနည်ဗိမာန်မှာ လူတိုင်းအလေးပြုနိုင်တယ်ဆိုရင် ဒီမြို့က အာဇာနည် ကျောက်တိုင်မှာလည်းအလေးပြုနိုင်မှာပဲလို့ထင်မိပါတယ်။ ဒါပေမယ့် ဇူလိုင်(၁၇)ရက်နေ့ကျတော့မဝတရုံးက အစည်းအဝေး ခေါ်ပါတယ်။ (၁၃.၇.၉၀) နေ့စွဲနဲ့ ကြေးနန်းကို ရလို့ချက်ခြင်းခေါ်ပြောတာပါတဲ့။ အာဇာနည်နေ့ကို ခင်ဗျားတို့အဖွဲ့ ရုံးတွင်းမှာပဲလုပ်ခွင့်ရမယ်။ အလံတစ်ဝက်ထူနိုင်တယ်၊ ဆွမ်းကပ်နိုင်တယ်၊ ဆောင်းဘောက်သုံးနိုင်တယ်၊ ပြီးတော့ အဲဒါတွေကိုသိကြောင်းနဲ့ အမိန့်၂/၈၈ကိုမကျော်လွန်ပါဘူးလို့ ဝန်ခံကတိပြုလက်မှတ်ထိုးရမယ်ဆိုတဲ့အကြောင်း ပြောပါတယ်။

“ရွေးကောက်ပွဲအနိုင်ရပါတီဆိုတာ အာဏာရပါတီလို့တောင်ခေါ်နိုင်တယ်”လို့ မဝတဥက္ကဌက အချွန်နဲ့ ပင့်ပါ တယ်။ “အခုတော့အာဏာရ ပါတီမဟုတ်ပဲ အာဏာအပြခံရတဲ့ပါတီဖြစ်နေတယ်ဗျာ”လို့ ကျွန်တော်က အောင့်သက်သက်နဲ့ ပြောတော့ ရုံးအဖွဲ့မှူးက ရယ်နေပါတယ်။ မတတ်နိုင်ဘူး၊ ကိုယ့်အဖွဲ့ရဲ့ ဗဟိုအလုပ်အမှုဆောင်ကတောင် သိပ်မလှုပ်ရဲသေးတာ..။ ပြီးတော့ ဝိဒူရ သခင်ချစ်မောင်လိုပုဂ္ဂိုလ်က မျက်နှာလိုအားရလုပ် တာတွေရှိနေပြီး ကိုယ့်ဘက်က တင်းတင်းရင်းရင်းရှိတာက လူမျိုးစုပါတီတွေရယ်၊ ကိုယ့်အဖွဲ့ကို မဲပေးထားတဲ့ မဲဆန္ဒရှင်တွေ ရယ်ပဲရှိနေသေးတော့“နိုင်ပေမယ့်အရှုံးပေး၊ နှလုံးအေးမယ့်ဆေး”ဆိုပြီး လက်မှတ်ထိုးခဲ့ရပါတယ်။

အာဇာနည်နေ့မှာ ဘုန်းကြီးဆွမ်းကပ်တော့ ဘုန်းကြီးက “ဒကာကြီးတို့အဖွဲ့က မလှုပ်သေးဘူးလား” လို့ မေးပါတယ်။ “တင်ပါ့ဘုရား၊ ခေါင်ချုပ်ကိုဖိထားတော့ လက်ရှိခေါင်းဆောင်တွေကလည်း တတိယတန်း အဆင့်လောက်က ထိပ်တက်ထိုင်နေရတော့ မရဲတရဲဖြစ်နေဟန်တူပါတယ်ဘုရား”လို့ပဲလျှောက်ရပါတော့တယ်။

ဆွမ်းကပ်ပြီးတော့ မြို့ပေါ်ရပ်ကွက်(၁၂)ရပ်ကွက်က (၅)ယောက်စီဖိတ်ထားတဲ့ပရိတ်သတ်ရယ်၊ စည်း ကော်မတီရယ်၊ လူငယ်အဖွဲ့ဝင် တွေရယ် အခမ်းအနားလုပ်ပြီး အလေးပြုကြပါတယ်။ ထူးခြားတာကတော့ (၄၃) နှစ်မြောက် အာဇာနည်နေ့က စပြီး (၁၀)နာရီ(၃၇)မိနစ်မှာ ဥဩဆွဲတာ၊ ကားဟွန်းတီးတာ၊ရေဒီယိုက ဥဩဆွဲသံ လွှင့်ပေးတာတွေ မလုပ်တော့တာပါပဲ။

၁၉၉၀ ကစပြီး.. အာဇာနည်နေ့ရဲ့အဆင့်ကို တထစ်လျှော့ချလိုက်တာပါပဲ။

(စစ်အုပ်ချုပ်ရေးအောက်က ၁၉၉၀ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲခေါင်းစဉ်ဖြင့် အပိုင်း(၂၀)အထိကို ဒီမှာအဆုံးသတ်ပါမယ်။ ကျန်အပိုင်း များကို “ဂန္ဒီခန်းမကြေညာစာတမ်း” ခေါင်းစဉ်ဖြင့် အပိုင်းလိုက်ဆက်လက်ဖော်ပြပါမယ်..။)