မင်းကောင်းချစ် - “ သံမဏိလိပ်ပြာ “


“ သံမဏိလိပ်ပြာ “
မင်းကောင်းချစ်၊ ဇွန် ၁၅၊ ၂၀၁၄

တော်လည်းတုန်ဟီး၊ ရှစ်လေးလုံးဘီးကြီးရုန်းကြွ
အဖိနှိပ်ခံတို့ကုန်းထခိုက်
တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်
ဖုတ်ရထားကြီးလည်း ဆိုက်လာခဲ့။

 ထီးလိုမင်းလို၊ ပြည်သူငိုပေါ့
လက်သည်းဆိတ်တော့ လက်ထိပ်နာ
မနေစိမ့် နိုင်သူဟာ
ရွှေတိဂုံအနောက်မုဒ်ကို
အောင်မြေသမုတ်
ပန်းတစ်ဆုပ်ကြီးခေါင်းမှာပန်
ဗေဒါပျံနဲ့ ဒီတစ်လုံး
ဒီမိုကရေစီပိုးတုံးလုံး
ဗြုန်းစားကြီးအတောင်ပေါက်
သံမဏိလိပ်ပြာဘ၀ရောက်ခဲ့။

 ခဲယမ်းမီးပေါက်၊ ဗုံးအမြောက်နတ္ထိ
လက်နက်ဆို အပ်တို့မရှိတဲ့
အဲ့ဒီ ဂန္ဓ၀င်လိပ်ပြာကို
ဗလာနံစစ်ဂမျင်းမသားတွေအပထား
ခေါ်ဘဏီကျော်များတဲ့
တပ်နီတော်သားများလည်း ဒူးတုန်အောင်ကြောက်ရ။

 ဒီသံမဏိလိပ်ပြာဟာ
ဘယ်လက်မှာဥာဏ်ပညာနှင်တံ
ညာလက်မှာအမှန်တရား
မကြောက်တရား ချပ်ဝတ်မိန်ညိုကိုရုံ
ပါရမီအဖုံဖုံဖြည့်ဆည်း
အဖေတူသမီးမို့ ကြီးမြတ်လေသလား။

 ဆင်ပြောင်ငါးစီး၊ အားမာန်ကြီးသူမို့လား၊
သူမရဲ့သံမဏိအတောင်ပန်နှစ်ချပ်
တစ်ဟုန်ဟုန်းခပ်တဲ့အခါ
တစ်ဝုန်းဝုန်း တစ်ဖွားဖွား
 သစ္စာမီးပွင့်မီးလျံများ
တရှိန်ရှိန်တငြီး ငြီး
ဂြိုလ်ပြာကြီးကိုထိန်ငြီးစေခဲ့
အလင်းဝေခဲ့ပြီမို့
ဦးနှိမ်ရှစ်ခိုး၊ ငါရို့ကြိုးသည်
              သံမဏိလိပ်ပြာ၊ မိမာတာ။            ။

(သရုပ်ဖော် - ပန်းချီမမွှေး၊ ဒေါ်စု ၆၉ နှစ် မွေးနေ့ အမှတ်တရ ပန်းချီကား၊ ပန်းချီမမွှေးဖေ့စ်ဘွတ်က ယူပါတယ်)