အရှင်စန္ဒိမာ (မွန်စိန်တောရ) - မည်ကဲ့သို့ လုပ်လိုက်သည်မသိ

မည်ကဲ့သို့ လုပ်လိုက်သည်မသိ
အရှင်စန္ဒိမာ (မွန်စိန်တောရ)
ဇွန် ၈၊ ၂၀၁၄
 
 

စကားနည်းပြီး အပြစ်ကင်းစင်တဲ့ ပြုံးသယောင် မျက်နှာပိုင်ရှင် လူငယ်ကျောင်းသား တစ်ယောက်အဖြစ် သူ့ကို သိခဲ့တယ်။ လယ်သမား မိဘမျိုးရိုးမှ ဆင်းသက်လာသူ လူငယ်လေးဟာ ဆယ်တန်းကို နှစ်ချင်းပေါက် အောင်ခဲ့တယ်။ သူဟာ တက္ကသိုလ်ကျောင်းပြီးတာနဲ့ ဗိုလ်သင်တန်း တက်ခွင့် ရသွားခဲ့တယ်။ စစ်ဗိုလ်ဖြစ်ပြီးနောက် အနယ်နယ်အရပ်ရပ်မှာ တာဝန်ထမ်းဆောင်နေစဉ် ခွင့်နဲ့ မိဘရပ်ထံ ပြန်ပြီး တစ်ပတ်လောက် ဒုလ္လဘရဟန်း ခံခဲ့တယ်။

ခေတ္တ ရဟန်းဝတ်ခဲ့စဉ်မှာ တက္ကသိုလ်ကျောင်းပြီးကတည်းက ရဟန်းဘဝ ခံယူသွားခဲ့သူ သူ့ကျောင်းနေဖက် သူငယ်ချင်းဟောင်းနဲ့ ပြန်ဆုံခဲ့တယ်။ သူ့သူငယ်ချင်းကို သူ ပြန်ပြောပြခဲ့တဲ့ အတွေ့အကြုံတွေထဲမှာ ဘယ်လိုတာဝန်တွေကို ဘယ်လိုပုံစံနဲ့ ထမ်းဆောင်ခဲ့ရတယ် စတဲ့ စစ်တပ်အတွေ့အကြုံတွေလည်း ပါဝင်တယ်။

ကျေးလတ်ဒေသတွေကို နယ်မြေ ရှင်းလင်းရေးအနေနဲ့ စစ်ကြောင်းထွက်ရတဲ့ အခါမှာ အဖေအရွယ် ဘကြီးအရွယ် အဖိုးအရွယ် ဒေသခံ ရပ်ရွာလူကြီးတွေကို သူပုန် သို့မဟုတ် သူပုန်ဘက် ပါသူ ဆိုပြီး ဖမ်းဆီးနှိပ်စက် ကိုယ်တိုင် ရက်ရက်စက်စက် သတ်ခဲ့ရတဲ့ အဖြစ်တွေလည်း ပါဝင်တယ်။

ဒီလို ရက်စက်မှုမျိုးတွေဟာ လက်နက်ကိုင် ပဋိပက္ခရှိတဲ့ တိုင်းရင်းသားဒေသတွေမှာ မထူးဆန်းတဲ့ ဇာတ်လမ်းတွေပါ။ စစ်တပ်က ကျူးလွန် တဲ့ မဒိမ်းကျင့် လူသတ် ပေါ်တာဆွဲ ပစ္စည်းလု ရွာမီးရှို့ စတဲ့ လူမဆန်တဲ့လုပ်ရပ်တွေဟာ လူ့အခွင့်အရေးဆိုတဲ့ စကားလုံး မြန်မာနိုင်ငံမှာ မတွင်ကျယ်ခင် မဆလ တပါတီ အာဏာရှင် ခေတ်ကတည်းက ရှိခဲ့တာပါ။

အဆိုပါ ပုဂ္ဂိုလ်ဟာ တပ်မတော်မှာ အလယ်အလတ်အဆင့် အရာရှိတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေဆဲပါ။ ယခုတော့ သူဟာ စစ် တပ်အတွက် မြေယာသိမ်းဆည်းရေးနဲ့ ပက်သတ်တဲ့ ဌာနတစ်ခုမှာ ကြီးကြပ် တာဝန်ယူရတယ်လို့ ဆိုတယ်။ သူ ဘေးပေါက်ရတဲ့ လစဉ် ဝင် ငွေက သူ့လစာကို ၁၅ နဲ့ မြှောက်လိုက်ရင် ရတဲ့ ရလဒ်နဲ့ ညီမျှပါတယ်။

ယခုအချိန်ဟာ အိမ်မဲ့ မြေမဲ့ လယ်ယာမဲ့ ဘဝ ရောက်နေကြရတဲ့ ခြံသမား တောင်သူ လယ်သမား ဆင်းရဲသား ပြည်သူပြည်သားများရဲ့ သောကမျက်ရည်နဲ့ စစ်တပ်အရာရှိများနဲ့ ခရိုနီသူဌေးများ စီးပွါးရေး သောင်းကျန်းချိန် ဖြစ်ပါတယ်။

သစ် ရေနံ သဘာဝဓါတ်ငွေ့ အဖိုးတန် တွင်းထွက် စသည် စသည် အထူး အခွင့်အရေးတွေ အကြီးစား စီးပွါးရေး အကျိုးအမြတ်တွေကို ဘယ်သူတွေက ဘယ်လိုပင် ခံစားခွင့်တွေ ရရှိနေကြပေမယ့် ပြည်သူအများစုရဲ့ လူနေမှုဘဝကတော့ ခက်ခဲကြမ်းတမ်းလျှက်ပါ။  

ပြည်သူအများစု လျှပ်စစ်မီး မသုံးနိုင်ကြပေမယ့် လျှပ်စစ်ဓါတ်အားတွေကို ပြည်ပနိုင်ငံတွေကို ရောင်းမယ့် အကောင်အထည် ဖေါ်ဆဲ အကောင်အထည် ဖေါ်လတ္တံ့  ရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ လွတ်တဲ့ မြစ်တွေ မြန်မာနိုင်ငံမှာ မကျန်သလောက်ပဲ ထင်ပါတယ်။ ဘယ်လို စာချုပ်တွေကို ဘယ်လို အပေးအယူတွေနဲ့ ချုပ်ဆိုခဲ့တယ် ဆိုတာကို ပြည်သူအများ သိခွင့် မရကြပေမယ့် နစ်နာဆုံးရှုံး ပေးဆပ်နေရသူတွေ ကတော့ ပြည်သူပါ။

ပြည်သူသာ အမိ ပြည်သူသာ အဖ လို့ ပြောခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စကားနဲ့အညီ လက်တွေ့မှာ စစ်တပ်ဟာ ပြည်သူပြည်သားများကို အမိ အဖလို သဘောထားပြီး ကြင်နာသနား ထောက်တားငဲ့ညှာမှု ရှိပါရဲ့လား???

မိဘပြည်သူများ ခင်ဗျာ လို့ နှုတ်ခွန်းဆက်စကား ဆိုလေ့ရှိတဲ့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ လက်တွေ့ လုပ်ဆောင်မှုတွေဟာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ အမှန်တကယ် ကိုက်ညီပါရဲ့လား???     

မြန်မာနိုင်ငံမှ စစ်အရာရှိများဟာ ဘာကြောင့်  ဒီလောက်တောင် ဝိသမလောဘတွေ ထူပြောသွားရပါသလဲ??? ဘာကြောင့် ဒီလောက်တောင် တစ်နိုင်ငံတည်းသား တိုင်းရင်းသား ပြည်သူပြည်သားအချင်းချင်း အပေါ်မှာ စာနာမှု ကင်းမဲ့စွာ ယုတ်မာ ရက်စက် ကရုဏာ ကင်းမဲ့သွားရ ပါသလဲ???

မြန်မာနိုင်ငံလို ထေရဝါဒ ဗုဒ္ဓဘာသာထွန်းကားတဲ့ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတွေမှာ ၃ နှစ် ၄ နှစ်လောက် နေထိုင်ခဲ့ဖူးပါတယ်။ ထိုနိုင်ငံတွေမှာ စစ်တပ်နဲ့ ပြည်သူအကြား နွေးထွေးတဲ့ ဆက်ဆံရေးကို သတိပြုမိခဲ့ပါတယ်။


သိရသလောက် အနောက်နိုင်ငံတွေမှာ စစ်သည်တွေကို ဘာသာရေးအသိအမြင် လူ့ကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားတွေကို သင်ကြားပေးရတဲ့ Military Chaplain ဆိုတဲ့ ဘာသာရေး ဆရာတွေကို စစ်တပ်မှာ ခန့်အပ် တာဝန်ပေးထားပါတယ်။ Chaplain ဆိုတဲ့ စကားလုံးက ခရစ်ယာန်ဘာသာကနေ ဆင်းသက်လာခဲ့ပေမယ့် ယခုတော့ စစ်တပ်မှာ တာဝန်ထမ်းဆောင်ကြရတဲ့ ဗုဒ္ဓဘာသာ ခရစ်ယာန် ဟိန္ဒူ အစ္စလမ် ဂျူး စတဲ့ ဘာသာရေးဆရာ အားလုံးကို ကိုယ်စားပြုတဲ့ စကားလုံး ဖြစ်နေပါပြီ။

အမေရိကန်စစ်တပ်မှာ Military Chaplain ထားရှိရေးကို ၁၇၉၁ ခုနှစ်က စပြီး အမေရိကန် ကွန်ကရက်က ခွင့်ပြုခဲ့ပါတယ်။ မျက်မှောက်ခေတ် အမေရိကန်စစ်တပ်မှာ Military Chaplain သုံးထောင်နီးပါးလောက် ရှိပါတယ်။ Armed Forces Chaplains Board ဆိုတဲ့ စစ်တပ် ချပလိန် ဘုတ်အဖွဲ့ က ကာကွယ်ရေးဝန်ကြီးကို ဘာသာရေး လူ့ကျင့်ဝတ် ကိုယ်ကျင့်တရားဆိုင်ရာ ကိစ္စတွေနဲ့ ဘာသာရေးအပေါ် သက်ရောက်မှုရှိတဲ့ မူဝါဒ ချမှတ်ရေး ကိစ္စတွေမှာ အကြံပေးရပါတယ်။ အမေရိကန် ကြည်းတပ် ရေတပ် လေတပ် တစ်ခုစီမှာ ဘာသာရေးဆိုင်ရာ အကြီးအကဲ တစ်ဦးစီနဲ့ လက်ထောက်အကြီးအကဲ တစ်ဦးစီ ခန့်အပ်တာဝန်ပေးထားပါတယ်။

မြန်မာ့တပ်မတော်ကို ပြည်သူက အားကိုး ယုံကြည် လေးစားထိုက်တဲ့ ပြည်သူချစ်တဲ့ ပြည်သူ့တပ်မတော်အဖြစ် အသွင်ပြောင်းမယ်ဆိုရင် စစ်တက္ကသိုလ် စစ်သင်တန်းကျောင်းများနဲ့ တိုင်း တပ်မ တပ်ရင်း တပ်ဖွဲ့တွေမှာ Military Chaplain များကို ခန့်အပ်တာဝန်ပေးရန် သင့် မသင့် ပညာရှင်များ စဉ်းစားသုံးသပ်ကြပါကုန်။

ကျောင်းသားလူငယ်ဘဝက ဖတ်ခဲ့ဖူးတဲ့ သိုင်းဝတ္ထုတစ်ပုဒ်ရဲ့ စာသားတစ်ပိုဒ်ကို ပြန်သတိရပါတယ်။ “မည်ကဲ့သို့ လုပ်လိုက်သည်မသိ” ဟူသတဲ့။

ဩော်... ရိုးသား အပြစ်ကင်းစင်ပြီး ယဉ်ကျေးသိမ်မွေ့ခဲ့တဲ့ လူငယ်လေးဟာ ယခုလို ရိုင်းစိုင်းကြမ်းကြုပ်တဲ့ စစ်အရာရှိတစ်ယောက်အဖြစ် မည်သူတွေက မည်ကဲ့သို့ လုပ်လိုက်ပါလိမ့် ဆိုတာကို စဉ်းစားနေမိပါတယ်။

 ကိုးကား 
- http://en.wikipedia.org/wiki/Military_chaplain
- http://en.wikipedia.org/wiki/United_States_military_chaplains