(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၉၉၊ ဇွန်လ ၅၊ ၂၀၁၄၊ စာမျက်နှာ ၁၈/၂၂)
မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၆၆)
မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၆၆)
အောင်ဒင်၊ ဇွန် ၁၂၊ ၂၀၁၄
ပြီးခဲ့တဲ့အပါတ်အတွင်း
မြန်မာနိုင်ငံပြည်သူများအကြားမှာ စိတ်ဝင်တစားပြောဆိုကြတာက ကုလသမဂ္ဂအေဂျင်စီ
တစ်ခုဖြစ်တဲ့ ကမ္ဘာ့ကလေးများအရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF) (ယူနီဆက်ဖ်) က
နအဖဗိုလ်ချုပ်ဟောင်းတစ်ယောက်နဲ့ သက်ဆိုင်တဲ့ အိမ်တစ်လုံးကို
ငွေကြေးအမြောက်အများနဲ့ ငှါးရမ်းပြီး ရုံးခန်းဖွင့်တဲ့ သတင်းဖြစ်ပါတယ်။
ဧရာဝတီသတင်းဋ္ဌာနရဲ့ စုံစမ်းဖော်ထုတ်ချက်နဲ့ ယူနီဆက်ဖ်ရဲ့
ရှင်းလင်းချက်များအရ ယူနီဆက်ဖ်အဖွဲ့ကြီးက ၂၀၀၃ ခုနှစ် နှစ်လယ်ပိုင်းကစလို့
ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၂) ရပ်ကွက်၊ အင်းလျားမြိုင်လမ်း၊ ခြံအမှတ်
(၂၃/က) ကို မြန်မာနိုင်ငံရုံးခွဲအဖြစ် တစ်လကို အမေရိကန်ဒေါ်လာ
ရှစ်သောင်းခုနှစ်ထောင် နှုံးနဲ့ (၇) နှစ်နှစ်စာ စာချုပ်ပြီး
ငှါးရမ်းထားကြောင်း သိရပါတယ်။ တစ်လကို အမေရိကန်ဒေါ်လာ ၈၇၀၀၀ ဆိုတာ လက်ရှိ
ပျမ်းမျှပေါက်ဈေး တစ်ဒေါ်လာကို ၉၆၀ ကျပ်နဲ့တွက်မယ်ဆိုရင် ကျပ် ၈၃၅သိန်း နဲ့
နှစ်သောင်း ဖြစ်ပါတယ်။ တစ်လ ကျပ် ၈၃၅သိန်းနဲ့ တစ်နှစ်ဆိုရင် ကျပ်
သိန်းပေါင်း ၁၀၀၂၂၊ ကျပ်သန်းပေါင်း ၁၀၀၂ (အမေရိကန်ဒေါ်လာ တစ်သန်းနဲ့ ၄၄၀၀၀)
ဖြစ်ပါတယ်။ သာမာန်ပြည်သူတစ်ယောက်အတွက် တစ်နေ့ဝင်ငွေ ကျပ် ၂၀၀၀ (တစ်လကို
ကျပ် ၆သောင်း၊ တစ်နှစ်ကို ကျပ် ၇သိန်း ၂သောင်း) လောက်ရရင် လုံလောက်တယ်လို့
ဒုသမ္မတတစ်ယောက်က ပြောဆိုဘူးတဲ့ မြန်မာနိုင်ငံမှာ အိမ်တစ်လုံးငှါးလို့
တစ်နှစ်ကို ကျပ်သန်းပေါင်း ၁၀၀၀ ရတယ်ဆိုတာ အင်မတန်များပြားလှပါတယ်။
ဧရာဝတီသတင်းဋ္ဌာနရဲ့ဖော်ထုတ်ချက်အရ
အိမ်ပိုင်ရှင်ဟာ နအဖစစ်အစိုးရလက်ထက်က လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဋ္ဌာန ဝန်ကြီးအဖြစ်တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း
ညွန့်တင်ရဲ့ ဆွေမျိုးတော်စပ်တယ်လို့လည်း သိရပါတယ်။
UNICEF ရုံးဖွင့်ထားသော ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် ခြံအမှတ် ၂၃/အေ (ဓာတ်ပုံ – ဟိန်းထက် / ဧရာဝတီ)
တကယ်တော့လည်း မြန်မာနိုင်ငံရဲ့ ရန်ကုန်၊
မန္တလေးလို ထင်ရှားတဲ့ မြို့ကြီးတွေမှာ အကွက်အကွင်းကောင်းတဲ့၊
စီးပွါးရေးအချက်အချာနေရာတွေ၊ သီးသန့်ဆိတ်ငြိမ်ရပ်ကွက်တွေမှာ
နန်းတော်ကြီးတွေလို ကြီးမားခန်းနားလှတဲ့ အိမ်ခြံဝင်းကြီးတွေအများစုကို နဝတ၊
နအဖလက်ထက် စစ်ဗိုလ်ချုပ်များ၊ အလိုတော်ရိစီးပွါးရေးသမားများ၊
အာဏာလက်ရှိပုဂ္ဂိုလ်များနဲ့ ဘိန်းဘုရင်ဟောင်းများက ပိုင်ဆိုင်ကြတာပါ။
နိုင်ငံရေး၊ စီးပွါးရေးအနည်းငယ်ပွင့်လင်းလာတဲ့ အချိန်မှာ နိုင်ငံတကာက
စီးပွါးရေးလုပ်ငန်းရှင်တွေ၊ အကူအညီပေးရေးအဖွဲ့အစည်းတွေ၊
ငွေရေးကြေးရေးအဖွဲ့အစည်းတွေ၊ သံတမန်အဆက်အသွယ်တိုးမြှင့်တည်ထောင်တာတွေ
စသဖြင့် နိုင်ငံတကာအဖွဲ့အစည်းတွေ မြန်မာနိုင်ငံထဲကို အလုံးအရင်းနဲ့
ဝင်ရောက်လာကြချိန်မှာ ၎င်းအဖွဲ့အစည်းများအတွက် ရုံးခန်းတွေ
အမြောက်အများလိုအပ်သလို ၎င်းအဖွဲ့အစည်းများမှာ တာဝန်ထမ်းဆောင်ဖို့
ပြည်ပကခေါ်ဆောင်လာတဲ့ အရာရှိများ၊ ကျွမ်းကျင်သူပညာရှင်များ၊ သံတမန်များ
နေထိုင်ဖို့ အိမ်များလည်း အမြောက်အများလိုအပ်ပါတယ်၊
အဲဒီအဖွဲ့အစည်းများကလည်း သာမန်ဆင်းရဲသားရပ်ကွက်မှာ ရုံးခန်းမဖွင့်ချင်ကြပါ။
နိုင်ငံခြားသားများကလည်း ဆင်းရဲသားရပ်ကွက်မှာ မနေနိုင်ကြပါ။
သူတို့ကိုယ်စားပြုတဲ့ အဖွဲ့အစည်းရဲ့ အဆင့်အတန်းအရဆိုပြီး ရုံးခန်းတွေ၊ လူနေအိမ်တွေကို မြို့တော်ကြီးရဲ့ အချက်အချာနေရာနဲ့ သီးသန့်ဆိတ်ငြိမ်ရပ်ကွက်တွေမှာပဲ ရှာဖွေကြပါတယ်။
ဈေးကြီးပေးပြီး ငှါးရမ်းကြပါတယ်။ အဲဒီ ကုန်ကျစားရိတ်ကိုလည်း
မြန်မာနိုင်ငံအတွက် သုံးစွဲဖို့ဆိုပြီး သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းက
သတ်မှတ်ပေးတဲ့ ဘတ်ဂျက်ထဲက သုံးစွဲတာမို့ ဘယ်လောက်ပဲ ဈေးကြီးကြီး
မပေးနိုင်စရာမရှိပါ။
ဒီလိုနဲ့
သူဋ္ဌေးရပ်ကွက်မှာမှ ရုံးခန်းဖွင့်လို၊ နေထိုင်လိုကြတဲ့
နိုင်ငံတကာအဖွဲ့အစည်းများနဲ့ သူဋ္ဌေးရပ်ကွက်မှာ အိမ်ကြီးအိမ်ကောင်းတွေကို
ပိုင်ဆိုင်ကြတဲ့ စစ်ဗိုလ်ဟောင်း၊ စစ်ဗိုလ်သစ်များ၊ အာဏာရှင်အဟောင်းများ၊
အာဏာလက်ရှိများ၊ ခရိုနီများ၊ ဘိန်းဘုရင်များ ပေါင်းစည်းမိကြပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် မှန်မှန်ကန်ကန်ပေါ်ထွန်းရေး၊
တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်သန့်ရှင်းသော အစိုးရဖြစ်ရေး၊
နိုင်ငံရေးအကျဉ်းသားလုံးဝမရှိရေး၊ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး စတဲ့
ကြွေးကြော်သံတွေနဲ့ ဝင်ရောက်လာကြတဲ့ နိုင်ငံတကာအစိုးရများ၊
အဖွဲ့အစည်းများဟာ ဒီမိုကရေစီစနစ်ကို ကန့်သတ်ချုပ်နှောင်ခဲ့တဲ့၊
တရားစီရင်ရေးစနစ်ကို ဖျက်စီးခဲ့တဲ့၊ နိုင်ငံရေးသမားများကို ထောင်ချခဲ့တဲ့၊
ဆင်းရဲနွမ်းပါးမှုကြီးမားသထက် ပိုကြီးမားအောင် ဖန်တီးခဲ့ကြတဲ့
ပုဂ္ဂိုလ်တွေရဲ့ ဘဏ္ဍာတိုက်ထဲကို အမေရိကန်ဒေါ်လာတွေ သန်းပေါင်းများစွာ ဖြည့်တင်းပေးနေတာဖြင့် ဒီနေ့ခေတ်ရဲ့ ဝမ်းနည်းစရာအကောင်းဆုံး ဟာသတစ်ပုဒ်ဖြစ်ပါတယ်။
ရန်ကုန်မြို့
တစ်မြို့ထဲမှာတင် နိုင်ငံခြားသားများကို ရုံးခန်းများ၊
နေအိမ်များငှါးရမ်းပြီး အမေရိကန်ဒေါ်လာတွေ လက်ခံရရှိနေသူတွေ ထောင်နဲ့ချီပြီး
ရှိပါလိမ့်မယ်။ ယူနီဆက်ဖ်ရဲ့ အဆိုအရ ဗိုလ်တစ်ထောင်၊
ကျောက်တံတား၊ ကမာရွတ်၊ ရန်ကင်း၊ ပန်းဘဲတန်း၊ လှိုင်၊ မရမ်းကုန်း၊
ဗဟန်းမြို့နယ်များမှာ ရုံးခန်းဖွင့်ဖို့ သင့်တော်တဲ့နေရာ ရှာဖွေရာမှာ
ငှါးရမ်းခက အနည်းဆုံး ဧရိယာစတုရန်းတစ်ပေကို အမေရိကန်ဒေါ်လာ ၃
ဒေါ်လာနည်းပါးရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့လို့ လက်ရှိငှါးရမ်းထားတဲ့
အင်းလျားမြိုင်က အိမ်ခြံဝင်းကြီးဟာ စတုရန်းပေ ၃၃၀၀၀ ကျော်ရှိတာလို့
ငှါးရမ်းခ တစ်လကို ဒေါ်လာ ၈၇၀၀၀ နဲ့ရတာ တန်တယ်လို့ ဆိုချင်ပုံရပါတယ်။
ဒီဈေးနှုံးနဲ့ဆိုရင် အလျား ပေ ၄၀၊ အနံပေ ၆၀ (ဧရိယာစတုရန်းပေ ၂၄၀၀) ရှိတဲ့
အိမ်တစ်လုံးတောင် ငှါးရမ်းခ တစ်လကို ဒေါ်လာ ၇,၀၀၀ လောက် (ကျပ်
၆၆သိန်းကျော်)၊ တစ်နှစ်ကို ဒေါ်လာ ၈၃၀၀၀ ကျော် (ကျပ် သိန်း ၈၀၀ ကျော်)
ရမှာပါ။ ဒီငှါးရမ်းမှုတွေအပေါ်မှာ အိမ်ပိုင်ရှင်တွေက ဝင်ငွေခွန်
ဆောင်ပါရဲ့လား။ အိမ်ပိုင်ရှင်တွေက ဒီအိမ်တွေကို ဘယ်လို ပိုင်ဆိုင်ခဲ့ပါသလဲ။
ဒီအိမ်တွေကို ပိုင်ဆိုင်မှုမှာ အဂတိလိုက်စားမှုတွေ၊ ငွေကြေးခဝါချမှုတွေ
ကင်းရှင်းခဲ့ပါရဲ့လား။ မေးခွန်းထုတ်စရာတွေ အများကြီးရှိလာပါတယ်။ ဒါတွေကို
မေးခွန်းထုတ်ဖို့က ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်ဖြစ်ပါတယ်။
#၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ
၂၀၁၄
ခုနှစ်၊ မတ်လ (၂၈) ရက်နေ့မှာ ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ
ကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂၀/၂၀၁၄) အဖြစ် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။ ဒီဥပဒေ
ထုတ်ပြန်ပြီးနောက်ပိုင်းမှာလည်း ပြည်တွင်းအခွန်ဦးစီးဋ္ဌာနက
စီးပွါးရေးလုပ်ငန်းများ၊ သမဝါယမလုပ်ငန်းများ၊ နိုင်ငံသားများကို
တာဝန်ရှိသလို ဝင်ငွေခွန်များ၊ ကုန်သွယ်လုပ်ငန်းခွန်များ ပေးဆောင်ကြဖို့
နှိုးဆော်နေတာ တွေ့ရပါတယ်။ ဒီဥပဒေ၊ အခန်း (၆)၊ ပုဒ်မ (၂၂) အရ မည်သူမဆို
"လစာ၊ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ ပစ္စည်း၊ စီးပွါးရေးလုပ်ငန်းနှင့်
အခြားရလမ်းများမှ" ဝင်ငွေများအပေါ်မှာ ဝင်ငွေခွန် ပေးဆောင်ရမှာ ဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ နှုံးထားများအရ သက်သာခွင့်များ ခုနှိမ်ပြီးနောက် ဝင်ငွေ ကျပ်
သိန်း ၂၀၀ မှ သိန်း ၃၀၀ အတွင်း ရရှိသူများဟာ ဝင်ငွေရဲ့ (၂၀) ရာခိုင်နှုံး၊ ဝင်ငွေ ကျပ် သိန်း ၃၀၀ ရဲ့အထက်ရရှိသူတွေဟာ ဝင်ငွေရဲ့ (၂၅)
ရာခိုင်နှုံး ဝင်ငွေခွန် ဆောင်ရမှာ ဖြစ်ပါတယ်။ ပုဒ်မ (၂၅) အရ ဝင်ငွေကို
နိုင်ငံခြားငွေဖြင့် ရရှိတယ်ဆိုရင် နိုင်ငံခြားငွေနဲ့ ဝင်ငွေခွန်ဆောင်ရမှာ
ဖြစ်ပါတယ်။
ဒီဆောင်းပါးမှာ
ရည်ညွှန်းတင်ပြတဲ့ ယူနီဆက်ဖ်က ငှါးရမ်းထားတဲ့ အိမ်ခြံဝင်းဟာ ဆိုရင်
တစ်နှစ်ငှါးရမ်းခ ကျပ် သန်း တစ်ထောင်ကျော်ရှိတာမို့ (၂၅)
ရာခိုင်နှုံးဖြစ်တဲ့ ကျပ် သန်းပေါင်း (၂၅၀) နှစ်စဉ် ဝင်ငွေခွန်
ဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအိမ်ခြံပိုင်ရှင်က တာဝန်ရှိတဲ့
ဝင်ငွေခွန်ပမာဏကို (၂၀၁၃-၂၀၁၄) ဘဏ္ဍာနှစ် အတွက် တာဝန်ကျေကျ
ဆောင်ခဲ့ရဲ့လားဆိုတာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက
လွှတ်တော်အစည်းအဝေးကနေ ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဋ္ဌာနကို
တရားဝင်မေးမြန်းသင့်ပါတယ်။
ဒီလောက်နဲ့ မလုံလောက်သေးပါ။ ပြည်ထောင်စုအစိုးရရဲ့ တာဝန်ရှိဝန်ကြီးဋ္ဌာနများက မြန်မာနိုင်ငံတွင်းမှာ အခြေချ လုပ်ငန်းဆောင်ရွက်နေကြတဲ့ ပြည်ပသံရုံးများ၊
ပြည်ပအဖွဲ့အစည်းများ၊အားလုံးကို ၎င်းတို့ရဲ့ ရုံးခန်း၊
နေအိမ်ငှါးရမ်းမှုများနဲ့ ပါတ်သက်ပြီး နေရပ်လိပ်စာနဲ့ အိမ်ခြံပိုင်ရှင်အမည်၊
ငှါးရမ်းခနှုံးများ၊ အိမ်ငှါးစာချုပ်များနဲ့ အိမ်ငှါးခငွေကို
ဘယ်လိုနည်းလမ်းနဲ့ ပေးဆောင်ကြတယ်ဆိုတာကို တရားဝင်ဖော်ထုတ်ဖို့
တောင်းဆိုသင့်ပါတယ်။ ဒါမှလည်း ရန်ကုန်မြို့နဲ့ အခြားမြို့ကြီးတွေမှာ
နိုင်ငံခြားသားများကို ငှါးရမ်းထားတဲ့ အိမ်ခြံများ၊ ငှါးရမ်းသူ
အိမ်ခြံပိုင်ရှင်များနဲ့ ငှါးရမ်းခနှုံးထားများကို အသေးစိတ်သိရမှာ
ဖြစ်ပါတယ်။ အဲဒီလို သိမှလည်း သက်ဆိုင်ရာ အိမ်ခြံပိုင်ရှင်များဟာ
သူတို့ပေးဆောင်ဖို့ ရှိတဲ့ ဝင်ငွေခွန်ကို မှန်မှန်ကန်ကန် ပေးဆောင်ခြင်း
ရှိ၊ မရှိ ဖော်ထုတ်ပြီး လိုအပ်သလို အရေးယူနိုင်မှာဖြစ်ပါတယ်။
ဒီငှါးရမ်းခတွေကို
ငှါးရမ်းသူ နိုင်ငံခြားသားများက ဘယ်လိုပေးဆောင်သလဲ ဆိုတာလည်း
အရေးကြီးပါတယ်။ ဒီအိမ်ခြံပိုင်ရှင်များဟာ ငွေကြေးနဲ့
အာဏာကျောထောက်နောက်ခံကြီးသူတွေမို့ ပြည်ပနိုင်ငံများ (ဥပမာ စင်္ကာပူနိုင်ငံ)
မှာ ကိုယ်ပိုင်နိုင်ငံခြားငွေဘဏ်စာရင်းတွေ ရှိကြမှာပါ။ တကယ်လို့
နိုင်ငံခြားသား အိမ်ငှါးသူက အိမ်ငှါးခကို အိမ်ပိုင်ရှင်ရဲ့ ပြည်ပက
ဘဏ်ငွေစာရင်းထဲကို ထည့်ပေးတာဆိုရင် အိမ်ရှင်ဟာ
ဝင်ငွေခွန်မပေးဆောင်ချင်လို့ အခွန်ရှောင်တာဖြစ်ပြီး နိုင်ငံခြားသား
အိမ်ငှါးသူမှာလည်း အိမ်ရှင်နိုင်ငံနဲ့ အစိုးရအပေါ်မှာ
ပွင့်လင်းမြင်သာရမည့်ကျင့်ဝတ်ကို ချိုးဖောက်တာ၊ အခွန်ရှောင်မှုကို
အားပေးအားမြှောက်ပြုတာ ဖြစ်ပါတယ်။
#ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ
ပြည်ထောင်စုလွှတ်တော်က
အတည်ပြုပြီးသား "ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ" ကို ၂၀၁၄ ခုနှစ်၊ မတ်လ
(၁၄) ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုးပြီး
"ပြည်ထောင်စုလွှတ်တော် ဥပဒေ (၁၁/၂၀၁၄)" အဖြစ်နဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီဥပဒေအရ "ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့" နဲ့ "ငွေကြေးဆိုင်ရာ
စုံစမ်းထောက်လှမ်းရေးအဖွဲ့" များ ဖွဲ့စည်းပြီး တရားမဝင်နည်းလမ်းဖြင့်
ရရှိသော ဝင်ငွေများ၊ ပိုင်ဆိုင်မှုများအား စုံစမ်းဖော်ထုတ်
အရေးယူရန်ဖြစ်ပါတယ်။
ဒီဥပဒေရဲ့
ပုဒ်မ (၃)၊ ပုဒ်မခွဲ (ထ) မှာ "တရားမဝင်သော နည်းလမ်းဖြင့်
ရရှိသည့်ငွေကြေးနှင့် ပစ္စည်းများ" ဆိုတာကို "ဤဥပဒေနှင့် သက်ဆိုင်သော
ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှဖြစ်စေ၊
ယင်းပြစ်မှုတစ်ရပ်ရပ်ကျူးလွန်ခြင်းနှင့် စပ်ဆိုင်သော ပြုလုပ်မှု သို့မဟုတ်
ပျက်ကွက်မှုမှ ဖြစ်စေ၊ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍လည်းကောင်း
ရရှိသော ငွေကြေးနှင့် ပစ္စည်းများကို ဆိုသည်။ ယင်းစကားရပ်တွင် အဆိုပါ
ငွေကြေးနှင့် ပစ္စည်းများကို အခြေခံ၍ ဖြစ်ထွန်းလာသော ငွေကြေးသို့မဟုတ်
ပစ္စည်းများနှင့် အကျိုးအမြတ်များသည်လည်းကောင်း၊ အခြားပစ္စည်းအဖြစ်ဖြစ်စေ၊
စီးပွါးရေးလုပ်ငန်းအဖြစ်ဖြစ်စေ လွှဲပြောင်းခြင်း သို့မဟုတ်
ပြောင်းလဲခြင်းပြုလုပ်ထားသည့် ငွေကြေး သို့မဟုတ် ပစ္စည်းများသည်လည်းကောင်း
ပါဝင်သည်။" လို့ အဓိပ္ပာယ်ဖွင့်ထားပါတယ်။
အခန်း
(၃) မှာ ဒီဥပဒေနဲ့ သက်ဆိုင်သော ပြစ်မှုများကို ဖော်ပြထားပြီး တစ်ခုက "ပုဒ်မ
(၅)၊ ပုဒ်မခွဲ (င)၊ အခွန်တိမ်းရှောင်မှုနှင့် အခြားအခွန်ဆိုင်ရာ
မှုခင်းများနှင့် သက်ဆိုင်သည့် ပြစ်မှုများ" ဖြစ်ပါတယ်။
တရားမဝင်ငွေကြေးဆိုတာ
အရိုးဆုံး၊ အရှင်းဆုံးပြောရရင် (က) ဝင်ငွေရရှိသည့်နည်းလမ်းကို
မဖော်ပြနိုင်သည့် ဝင်ငွေများ၊ (ခ) ကျသင့်သည့် ဝင်ငွေခွန်
ပေးဆောင်ထားခြင်းမရှိသည့် ဝင်ငွေများ ဖြစ်ကြပါတယ်။ ရှိတဲ့ အာဏာကို
အလွဲသုံးစားလုပ်လို့၊ အဂတိလိုက်စားလို့၊ မူးယစ်ဆေးဝါးရောင်းလို့ စတဲ့
နည်းလမ်းများနဲ့ ရတဲ့ ငွေများဟာ တရားမဝင်တဲ့ ငွေများဖြစ်ပါတယ်။
တရားမဝင်တာမို့၊ ပြီးတော့ ရတဲ့ လစာငွေထက် အဆမတန်များနေလို့ ဝင်ငွေအဖြစ်
ကြေညာပြီး အခွန်မဆောင်ကြပါ။ အဲဒီ တရားမဝင်ငွေကြေးတွေကို အိမ်၊ ခြံမြေများ၊
နိုင်ငံခြားငွေမာများ၊ ရွှေ၊ စိန် စတဲ့ ရတနာများ ဝယ်ယူပြီး
အသွင်ပြောင်းလိုက်ကြပါတယ်။ အဲဒီ တရားမဝင်ငွေကြေးတွေနဲ့ ၎င်းငွေကြေးတွေကို
အသွင်ပြောင်းလိုက်တဲ့ အိမ်၊ ခြံမြေ ပိုင်ဆိုင်မှုတွေဟာ
မြန်မာတစ်နိုင်ငံလုံးအနှံ့မှာ စစ်အစိုးရအုပ်ချုပ်မှုသက်တမ်းအတွင်း
တရားဝင်တည်ရှိခဲ့၊ တည်ရှိနေဆဲပါ။ တရားမဝင်ရတဲ့ ငွေနဲ့ အိမ်တွေ၊
ခြံတွေဝယ်တယ်၊ အဲဒီအိမ်၊ ခြံတွေကို နိုင်ငံခြားသားတွေကို ဈေးကြီးကြီးနဲ့
ငှါးရမ်းတယ်။ ငှါးရမ်းခကိုလည်း အပြည့်အဝ မကြေညာ၊ ကျသင့်တဲ့
ဝင်ငွေခွန်မဆောင်တော့ နောက်ထပ် တရားမဝင်ငွေကြေးများ
ထပ်မံတိုးပွါးပြန်ပါတယ်။
ဒါကြောင့်မို့
"ငွေကြေးခဝါချမှု ဥပဒေ" ကို တိတိကျကျကျင့်သုံးပြီး အိမ်၊ ခြံမြေဈေးများ
အဆမတန် တက်နေခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့
တရားမဝင်ငွေကြေးပိုင်ဆိုင်မှုများကို စုံစမ်းဖော်ထုတ်အရေးယူဖို့
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက အစိုးရကို ပြင်းပြင်းထန်ထန်
ဖိအားပေးသင့်ပါတယ်။
#အဂတိလိုက်စားမှု (လာဘ်ပေးလာဘ်ယူမှု) တိုက်ဖျက်ရေးဥပဒေ
ပြည်ထောင်စုလွှတ်တော်က
ပြဋ္ဌန်းအတည်ပြုတဲ့ "အဂတိလိုက်စားမှု (လာဘ်ပေးလာဘ်ယူမှု) တိုက်ဖျက်ရေးဥပဒေ"
ကို ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့မှာ "ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်
(၂၃/၂၀၁၃)" အဖြစ် သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုးပြီး
ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီဥပဒေ အရ နိုင်ငံတော်သမ္မတ နဲ့ လွှတ်တော်ဥက္ကဋ္ဌ
နှစ်ဦးတို့က ရွေးချယ်တာဝန်ပေးသူ ငါးဦးစီနဲ့ စုစုပေါင်း
ပုဂ္ဂိုလ် (၁၅) ဦးပါဝင်တဲ့ "လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကော်မရှင်" ကိုလည်း
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။ ပုဒ်မ
(၄)မှာ ပြဋ္ဌန်းထားတဲ့ ဒီဥပဒေရဲ့ ရည်ရွယ်ချက်အချို့က "လာဘ်ပေးလာဘ်ယူမှုများ
ပပျောက်ရေး၊ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်
ဖြစ်ထွန်းရေး၊ လာဘ်ပေးလာဘ်ယူမှုများကြောင့် နိုင်ငံတော်ပိုင် ပစ္စည်းများ၊
လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွါးများကို
မထိခိုက်စေရေး" တို့ဖြစ်ကြပါတယ်။ ဥပဒေအရ ဒီကော်မရှင်ရဲ့
လုပ်ပိုင်ခွင့်များထဲမှာ လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝချမ်းသာလာမှုများကို
စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး အရေးယူရန်ဖြစ်ပါတယ်။
အခုဆိုရင်
နိုင်ငံခြားသားများကို အိမ်ကြီးအိမ်ကောင်းကြီးများကို ဈေးကြီးကြီးနဲ့
ငှါးရမ်းပြီး အကျိုးစီးပွါးဖြစ်ထွန်းနေကြသူများဟာ မှန်မှန်ကန်ကန် တရားသော
နည်းလမ်းနဲ့ ကြွယ်ဝချမ်းသာကြတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးသင့်ပြီ
ဖြစ်ပါတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်လို ပိုင်ဆိုင်ခဲ့တယ် ဆိုတာကို
စစ်ဆေးရင် အလွယ်တကူ သိနိုင်မှာပါ။ အဲဒီ အိမ်၊ ခြံမြေ ပိုင်ရှင်များဟာ
သူတို့ရဲ့ အိမ်၊ ခြံမြေတွေကို ဘယ်လို ပိုင်ဆိုင်ခဲ့ကြသလဲ။ အမွေရတာဆိုရင်
အမွေပေးသူရဲ့ တရားဝင် ပိုင်ဆိုင်မှုနဲ့ အမှန်တကယ်
ပိုင်ဆိုင်ခြင်း၊ တရားနည်းလမ်းတကျ အမွေပေးခြင်း ဟုတ်၊ မဟုတ်၊
ဝယ်ယူခဲ့တာဆိုရင်လည်း ဝယ်နိုင်လောက်တဲ့ တရားဝင်နည်းလမ်းနဲ့ ဝင်ငွေ
အမှန်တကယ်ရှိ၊ မရှိ၊ စတာတွေကို စစ်ဆေးမယ်ဆိုရင် အင်မတန်ကြီးမားတဲ့
လာဘ်ပေးလာဘ်ယူမှုကြီးတွေကို ဖော်ထုတ်အရေးယူနိုင်မှာ ဖြစ်ပြီး
သန့်ရှင်းသောအစိုးရနဲ့ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ကို
အကြီးအကျယ်အထောက်အကူပြုမှာပါ။ ဒါကြောင့်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက "လာဘ်ပေးလာဘ်ယူမှု
ပပျောက်ရေးကော်မရှင်" ကို ဖိအားပေးပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့
တောင်းဆိုသင့်ပါတယ်။
#ဥပဒေပြုခြင်း၊ ဥပဒေများ၏ သက်ရောက်မှုကို စစ်ဆေးခြင်း
ပြည်ထောင်စုလွှတ်တော်က
နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် အကျိုးရှိမည့် ဥပဒေတွေ ပြဋ္ဌန်းထားပါတယ်။
အဲဒီဥပဒေတွေ မှန်မှန်ကန်ကန် အသက်ဝင် အာဏာတည်အောင် ဆောင်ရွက်ရမှာက အစိုးရရဲ့
တာဝန်ဖြစ်ပါတယ်။ အစိုးရက လွှတ်တော်က ပြဋ္ဌန်းအတည်ပြုထားတဲ့ ဥပဒေတွေ
တစ်နိုင်ငံလုံး အနှံ့ ဖြန့်ကျက်ပြီး အညီအမျှ ဩဇာသက်ရောက်မှုရှိအောင်
အကောင်အထည်မဖော်နိုင်ရင်၊ ဥပဒေတွေရဲ့ အောက်မှာ သာမာန်ပြည်သူအများစုကြီးသာ
ရှိနေပြီး အခွင့်ထူးခံလူတစ်စုက ဥပဒေရဲ့ အထက်မှာရှိနေရင် လွှတ်တော်ရဲ့ ဥပဒေပြူအာဏာဆိုတာ လေးစားစရာမရှိတော့ပါ။ ဒါကြောင့် ဥပဒေပြုလွှတ်တော်က အစိုးရရဲ့ ဥပဒေအကောင်အထည်ဖော်ဆောင်ရွက်မှုများကို အမြဲတမ်းစောင့်ကြည့်စစ်ဆေး ဝေဘန်နေရမှာပါ။
အခု
ဧရာဝတီသတင်းဋ္ဌာနက ဖော်ထုတ်လိုက်တဲ့ နိုင်ငံခြားသားများက
အင်မတန်ကြွယ်ဝချမ်းသာတဲ့ ဗိုလ်ချုပ်ဟောင်းများ၊ ဗိုလ်ချုပ်သစ်များ၊
အာဏာရှင်ဟောင်းများ၊ အာဏာလက်ရှိများ၊ ခရိုနီများ၊
ဘိန်းဘုရင်ဟောင်းများထံကနေ နေအိမ်နဲ့ ရုံးခန်းတွေကို ဈေးနှုံးကြီးကြီးနဲ့
ငှါးနေရတယ်ဆိုတဲ့ ကိစ္စကို ပြည်သူလူထုက သာမာန်သတင်းတစ်ပုဒ်လို
အလွယ်တကူမေ့ပစ်လိုက်မှာ မဟုတ်ပါ။ ဆင်းရဲတွင်းထဲ အနက်ကြီးနက်နေကြရတဲ့
သာမာန်ပြည်သူများအဖို့ ပြည်သူတွေကို တစ်နေ့ဝင်ငွေ ကျပ် ၂၀၀၀ နဲ့
လောက်ငှအောင် နေခိုင်းတဲ့၊ ထမင်းတစ်နပ်ပဲ စားဖို့ အကြံပေးတဲ့အစိုးရက
ဒီလူချမ်းသာကြီးတွေ ပို၍ချမ်းသာသထက် ချမ်းသာအောင် ဖန်တီးကူညီနေတယ်လို့
ထင်မြင်ယူဆပြီး နာကျည်းနေကြမှာပါ။
ပြည်သူလူထုကို ကိုယ်စားပြုတယ်ဆိုတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ပြည်သူလူထုဘက်က ရပ်တည်ပြီး အစိုးရရဲ့ ဥပဒေသက်ရောက်အောင်
အကောင်အထည်ဖော်မှုကို စမ်းသတ်စစ်ဆေးရမည့် အချိန်ပါ။ မတော်မတရား
ကြွယ်ဝချမ်းသာမှုနဲ့ တရားမဝင်ငွေကြေးပိုင်ဆိုင်မှုတွေကို
စုံစမ်းဖော်ထုတ်အရေးယူဖို့၊ မှန်မှန်ကန်ကန် ဝင်ငွေခွန်ဆောင်ဖို့၊
လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်ဖို့ ပြည်ထောင်စုလွှတ်တော်က ဥပဒေများ
ပြဋ္ဌန်းပေးပြီး ဖြစ်ပါတယ်။ ဒီဥပဒေများကို အသုံးပြုပြီး ပြည်ထောင်စုအစိုးရက
နိုင်ငံခြားသားများကို နေအိမ်ငှါးရမ်းပြီး အကျိုးစီးပွါးဖြစ်ထွန်းနေကြတဲ့
ကြွယ်ဝချမ်းသာသူများအားလုံးကို ဖော်ပြပါ ဥပဒေများနှင့် ညိစွန်းခြင်းရှိ၊
မရှိ စုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူရေး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက
ဖိအားပေးတောင်းဆိုသင့်ပါကြောင်း။
အောင်ဒင်
မေလ ၂၃၊ ၂၀၁၄
မေလ ၂၃၊ ၂၀၁၄