တောင်းပန်သူ ဗိုလ်အောင်မင်းသည် အင်္ဂုလိမာလဂိုဏ်းသားလော
ဒေဝဒတ်ဂိုဏ်းသားလော
တူမောင်ညို (၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်)
ချစ်စနိုးနဲ့
(ချို) ဂျို ကိုင်ကြည့်တာပါလို့ဆိုဆို၊ ပမာမခန့်နဲ့ အမြှီးတက်နင်းတာပဲဖြစ်ဖြစ် စစ်အုပ်စုက
အကဲဆတ်တယ်၊ ကျွဲမြှီး တိုတယ်ဆိုတာကို ဗိုလ်အောင်မင်း တောင်းပန်စာက ထင်ဟပ်ဖော်ပြနေပါတယ်။
စစ်အုပ်စုတခြံထဲပေါက်အချင်းချင်းပင်ဖြစ်ပါစေ သည်းမခံဘူးလို့ ပြောချင်ပြချင်ပုံရပါတယ်။ ဒါ့အပြင်
မင်းတို့ပြောနေ၊ဆိုနေတာတွေကို ငါတို့မပြတ်စောင့်ကြည့်နေတယ်လို့ သတိပေး ချင် ပုံလည်းရပါတယ်။
ဗိုလ်အောင်မင်းခမျာ “သစ္စာဖောက်ခဲ့ခြင်းမရှိ၊
နောင်လည်းသစ္စာဖောက်မည်မဟုတ်ပါ”လို့ စစ်အုပ်စုထံ (အငြိမ်းစားပါ မကျန်) ရှိခိုးဦးတင်
တောင်းပန်ရပါတယ်။ တကယ်တော့ အငြိမ်းစားနေတာဆိုလို့ ဗိုလ်သန်းရွှေနဲ့ဗိုလ်မောင်အေးပဲရှိတာပါ။
ဗိုလ်အောင်မင်းက လေးကောင်ဂျင်သမား၊ ဖဲသုံးချပ်သမားလို
စကားတွေပြောတတ်သူပါ။ အခုဟာကလည်း ဗိုလ်အောင်မင်း ထုံးစံအတိုင်း အာချောင်ပြီး “သူရ/သီဟတွေ”
ရဲ့ အမြှီးနင်းမိသွားတာပါ။
ဗိုလ်အောင်မင်းတို့အပါအဝင် စစ်အုပ်စုဟောင်း/သစ်တွေဟာ
ပြည်သူလူထုအပေါ် မောက်မာ၊ ရမ်းကား၊ ရိုင်းစိုင်းပြီး
အကြမ်း ဖက်ဖိနှိပ်သတ်ဖြတ်ခဲ့ကြသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ အဲဒီလို ရာဇဝတ်မှုလုပ်ရပ်တွေနဲ့ပတ်သက်လို့
ပြည်သူလူထုအပေါ် ဘယ်တုန်းကမှ ဝန်ချတောင်းပန်တာမျိုး လုံးဝမရှိခဲ့ပါဘူး။ ဝေးဝေးကအကြောင်းတွေကို
မပြတော့ပါဘူး၊ လတ်တလောကာလမှာပဲကြည့်လိုက်ပါ။
လျှပ်စစ်ဝန်ကြီး
ဗိုလ်ဇော်မင်း၊ လယ်ဆည်ဝန်ကြီး ဗိုလ်မြင့်လှိုင်၊ မွေး/ရေလုပ်ငန်း ဝန်ကြီး ဗိုလ်အုန်းမြင့်၊စက်မှုဝန်ကြီး
ဗိုလ်အေးမြင့်၊ ဘူးလက်ဗိုလ်လှဆွေတို့ ပြည်သူလူထုအပေါ် ရိုင်းရိုင်း စိုင်းစိုင်းပြုမူပြောဆို
ခဲ့တာတွေကိုဘယ်သူကများ ၊ ဘယ်လိုအနူး အညွတ်ဝန်ချတောင်းပန်ခဲ့ကြဖူးသလဲ။ မတောင်းပန်တဲ့အပြင်
ပြန်ကြားရေးဝန်ကြီး ဗိုလ်အောင်ကြည်တို့၊ သမ္မတပြောခွင့်ရ ဗိုလ်ရဲထွဋ် တို့က ဝိုင်းဝန်း၊ဖာထေး၊အကာကွယ်ပေးနေကြတာကို
မျက်မြင်နားကြားပဲမဟုတ်ပါလား။
ဗိုလ်သန်းရွှေဓါတ်ပုံနဲ့အတူယှဉ်တွဲ ချိတ်ဆွဲထားတဲ့
စစ်အုပ်စုရဲ့ ဂေါ့ဖားသားဖြစ်တဲ့ ဗိုလ်နေဝင်း ကိုကြည့်ပါ။ “၇ ရက်ဇူလိုင် အရေးအခင်း”နဲ့
(တကသ) အဆောက်အအုံဖြိုချတာကို တောင်းပန်ခဲ့ဖူးသလား။ “ဒါး - ဒါးခြင်း၊ လှံ - လှံခြင်း”ဆိုပြီး
လူမိုက်လို စိန်ခေါ် ပါတယ်။ “၈၈ အရေးတော်ပုံကြီး”
ကြောင့် မတတ်သာပဲ အာဏာပလ္လင်ပေါ်ကဆင်းသွားရတော့လည်း “စစ်တပ်ဆိုတာ မိုးပေါ်ထောင် ဖောက်တာမပါဘူး
- ပစ်ရင်တည့်တည့်ပစ်တယ်”လို့ ကြုံးဝါးသွားခဲ့ပါတယ်။ ဒီတော့ ဘမျိုးဘိုးတူဆိုတာလို ဗိုလ်နေဝင်း
- ဗိုလ်သန်းရွှေ တို့ရဲ့ အမွေစားအမွေခံ ယနေ့ စစ်အုပ်စုဟာ ပြည်သူလူထုအပေါ် မတောင်းပန်တာ
သိပ်တော့မဆန်းလှပါဘူး။
သူတို့လောဂျစ်က လူထုဆိုတာစော်ကားဖို့၊
အကြမ်းဖိနှိပ်၊သတ်ဖြတ်ဖို့ပဲဖြစ်ပါတယ်။ သူတို့ဟာ ပြည်သူလူထုအပေါ် နေနဲ့မီးလို ကျင့်ကြံပြုမူကြပြီး၊
ထိပ်သီးစစ်အာဏာရှင်များအပေါ်မှာတော့ ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးဆိုတာလို သစ္စာမြဲကြပါတယ်။
တကယ်တော့“သီဟတွေ၊သူရတွေ” ဆိုတာ စစ်အုပ်စုထိပ်သီးကသူသိမ်းပိုက်ထားတဲ့အာဏာကို
မိုက်မိုက်ကန်းကန်းကာကွယ် ပေးတဲ့သူ၊မျက်ကန်းတစ္ဆေမကြောက်လုပ်ဝံ့သူတွေကို စစ်အုပ်စုထိပ်သီးက
ပေးသနားတဲ့ “ဆု” ဖြစ်ပါတယ်။ ပြည်ပ ကျူးကျော်မှု ရန်စွယ် ကို တိုက်ဖျက်နိုင်လို့၊တိုင်းပြည်နဲ့ပြည်သူကို
စွန့်စွန့်စားစားကာကွယ်ခဲ့လို့ပေးတာမှမဟုတ်ဘဲ။ ဦးတင်ဦး(ဒီချုပ်ပါတီနာယကကြီး)ကတော့
ချွင်းချက်ပေါ့။ သူက ကူမင်တန် တရုတ်ဖြူကျူးကျော်စစ်ပွဲမှာ ရခဲ့တာလို့ထင်ပါတယ်။ ဗိုလ်ရွှေမန်းရှေ့က “သူရ” ဆိုတာကတော့ (KNU) နဲ့ တိုက်လို့ရတာ
ဖြစ်ပါလိမ့်မယ်။
ဒါ့အပြင် ဗိုလ်အောင်မင်းပြောတဲ့ စကားတိုင်းဟာ
အတည်ယူလို့ရတာတွေမဟုတ်ပါဘူး။ “အလွတ်သဘော”ပြောတာဆိုတော့ ပါးစပ်ထဲရှိတာပြောတာပါ။ သူ့ကို
ဒီလိုပြောခွင့်ပေးထားတာပါ။
ဗိုလ်အောင်မင်းနဲ့တွေ့ကြရတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲကအချို့နဲ့
ဒီမိုကရေစီအင်အားစု တွေထဲက အချို့ဟာ ဗိုလ်
အောင်မင်းအပြောမှာ “မျော” သွားကြတယ်။ ဗိုလ်အောင်မင်း ဒိုင်ကြောင်တွေကို “ခိုက်”သွားကြပါတယ်။
ဗိုလ်အောင်မင်းလေမှာ အအေး မိနှာစေးကုန်ကြပါတယ်။တချို့များဆိုရင်နှစ် ၂၀ လောက်ကွဲနေတဲ့ “အမေ့မောင်” ကို ဗြုံစားကြီး ပြန်တွေ့ရသလို
ရင်ထဲ တလှပ်လှပ် ဖြစ်ကြရတဲ့ ပုံစံမျိုးတွေပြောတာ ကြားရပါတယ်။ ဒါကြောင့် ဗိုလ်အောင်မင်းနဲ့စကားပြောနေကြသူတွေ သတိရှိစေချင်ပါတယ်။
နောက်တစ်ခုက “ သင်လို့လွယ်တဲ့သူ နဲ့ သင်လို့ခက်တဲ့လူ
” သို့မဟုတ် “အင်္ဂုလိမာလဂိုဏ်း” နဲ့ “ဒေဝဒတ်ဂိုဏ်း” ဆိုပြီး ခွဲပြော နေတဲ့ကိစ္စဖြစ်ပါတယ်။
တကယ်တော့ (နဝတ-နအဖ) စစ်အုပ်စုနဲ့သူတို့ အမွေစားအမွေခံတွေဟာ ဘယ်လိုပဲဂိုဏ်းကွဲနေပါစေ
သူတို့ အားလုံးဟာ အမိအဖ ဆိုတဲ့ ပြည်သူလူထုအပေါ် လက်ညှိုးလည်းဖြတ်မယ်၊ ခြေဖဝါးကို ဓါးနဲ့ခွဲပြီးဆားသိပ်မယ်ဆိုတဲ့
သူတွေ ချည်းဖြစ်ပါ တယ်။
ဒါကြောင့်
အဓိကသတိပြုစေချင်တဲ့ အချက်ကတော့ သူတို့ဟာ ဒေဝဒတ်ထက် အပြန်တစ်ရာမက မိုက်မဲသူတွေဖြစ်တယ်
ဆို တာပါပဲ။ “သင်နိုင်ကောင်းရဲ့/ ကျွတ်နိုင်ကောင်းရဲ့” လို့ မျှော်လင့်နေခြင်းဟာ စိတ်ကူးယဉ်တာသာဖြစ်ပါလိမ့်မယ်။
စစ်အုပ်စုကို ထိထိရောက်ရောက်သင်ကြားပြောင်းလဲပေးနိုင်မယ့်၊
ချွတ်နိုင်/ကျွတ်နိုင်စေမယ့် သူကတော့ပြည်သူ့တော်လှန်ရေး ဆိုတဲ့ ဆရာသမားကောင်းသာလျှင်ဖြစ်ပါတယ်။