မဟာသန္တိသုခကျောင်းနဲ့ ပတ်သက်ပြီး ဒီလိုမြင်တယ်
အရှင်စန္ဒိမာ (မွန်စိန်တောရ)၊ ဇွန် ၁၃၊ ၂၀၁၄
မဟာသန္တိသုခကျောင်းကို နှစ်ကြိမ်လောက် ရောက်ဖူးတယ်။ ကျောင်းက အတော်ကို ခန်းနားတယ်။
ကျောင်းကို စတင် အကောင်အထည်ဖေါ်စဉ်က အာဏာပိုင်တွေရဲ့ အကူအညီတော့ ပါခဲ့မယ်။ ဒါပေမယ့် ပီနန်ဆရာတော်ကြီးရဲ့ ဘုန်းကံအရှိန်အဝါ မပါဘဲ ဒီလို ကျောင်းမျိုး ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး။
အစောပိုင်းမှာ မင်္ဂလာဆောင်တွေ လက်ခံကျင်းပခဲ့တယ်။ သံဃာတော်တွေကိုလည်း ဆွမ်းဆပ်ကပ်လှူဒါန်းတာတွေ ရှိတော့ မင်္ဂလာဆွမ်းသဘောလည်း ဖြစ်တယ်။ အပြင်ဟိုတယ်တွေမှာ မင်္ဂလာပွဲလုပ်ရင် အကုန်အကျ ပိုများမယ်။ ဘုန်းကြီးကျောင်းမှာ လုပ်တော့ အကုန်အကျလည်း သက်သာ၊ သံဃာတော်တွေကို ဆွမ်းကပ်ခွင့်လည်းရ ဆိုတော့ နှစ်ဦးနှစ်ဖက် အကျိုးများတယ်။
ဒါနဲ့ မင်္ဂလာဆောင်တွေ လက်ခံကျင်းပတာ များလာမယ်။ ဝင်ငွေတွေ များလာမယ်။ ချစားမှုတွေ ရှိလာမယ်။ ပီနန်ဆရာတော်ကြီးလည်း ပြည်ပမှာ အနေများတော့ အုပ်ချုပ်ရေးပိုင်းမှာ အားနည်းလာမယ်။ ပြဿနာက အဲဒီကနေ စတယ် ပြောနိုင်တယ်။
ကျောင်းက သိပ်ကောင်းနေတော့ အစိုးရက သွားရည်ကျလာခဲ့တယ်။ သွားရည်ကျတဲ့ လူတွေက အထူးသဖြင့် သာသနာရေးဌါနက လူတွေပါ။ ဒါနဲ့ မဟနလက်ထဲ ရောက်သွားရတော့တာပါ။ ကျောင်းက မဟနလက်ထဲ ရောက်သွားတော့ မင်္ဂလာဆောင်တွေ လက်ခံကျင်းပတာလောက် မဟုတ်တော့ဘဲ စီးပွါးရေးဆန်လာတယ် ပြောရမယ်။ ချစားမှုတွေ ပိုများလာမယ်။
ပီနန်ဆရာတော်ကြီး ပြည်တွင်း ပြန်ရောက်လာပြီး ကျောင်းကို ပြန်တောင်းတယ်။ သူစတင် တည်ထောင်ခဲ့တဲ့ ကျောင်းမို့ သူ့ကို ပြန်အပ်သင့်တယ်။ ဒါပေမယ့် စားကွက်က သိပ်ကောင်းနေတော့ ဆရာတော်ကို ပြန်မပေးချင်တော့ပါဘူး။ ပြဿနာက ဒါပါပဲ။
သံဃာတော်တွေကို အင်အားသုံး ဖယ်ရှားပြီး ကျောင်းကို ချိတ်ပိတ်တယ်။ စစ်သားဦးနှောက်ဆိုတော့ ဒီလောက်ပဲ စဉ်းစားတတ်မှာပါ။ တရားမျှတမှုမရှိ အကျင့်ပျက်မှုများတဲ့ စစ်တပ်လွှမ်းမိုးတဲ့ အခုလို ခေတ်ပျက်ကြီးမှာ ဒီလို ဖြစ်တာ ဆန်းတော့ မဆန်းပါဘူး။
စကားပြောစက် တကားကားနဲ့ ဆောင့်ကြွားကြွား ဘုန်းကြီးပုံတွေ မြင်ရတော့ တော်တော်ကို စိတ်ပျက်မိတယ်။ မစို့မပို့ လုပ်ပိုင်ခွင့်လေး ရလိုက်တာနဲ့ကို လူ့စိတ်ကို ဖေါက်ပြန်သွားစေပါလား ဆိုပြီး သံဝေဂလည်း ဖြစ်မိတယ်။
တရားမျှတ မှန်ကန်တည့်မတ်တဲ့ ဒီမိုကရေစီစနစ် မပေါ်ပေါက်သရွေ့ ဒီလို အကျည်းတန် အရုပ်ဆိုးတဲ့ သံသရာက ရပ်သွားမှာ မဟုတ်ပါဘူး။
ဒါပေမယ့် မျိုးစောင့်တွေ ဘာတွေနဲ့ တလွဲဆံပင်ကောင်းကြတုန်းပါပဲ။ အော်ရီဒူးကို သပိတ်မှောက်တာလည်း ပါသေးတယ်။ အလုပ်မရှိ ကြောင်ရေချိုးတယ် ပြောရမလားပဲ။ ဒီလို ဥာဏ်ကြီးရှင်တွေ များနေသရွေ့ ပြည်သူတွေ စစ်ကျွန်ဘဝမှ လွတ်လမ်း ဝေးနေအုံးမှာပါ။
(Photo - Mizzima)