တင်မောင်ထွေး - အစ္စရေးတို့အကြောင်း မီဒီယာမပြောသမျှ


အစ္စရေးတို့အကြောင်း မီဒီယာမပြောသမျှ
တင်မောင်ထွေး၊ ဇူလိုင် ၁၈၊ ၂၀၁၄


အစ္စရေးတို့တိုက်ခိုက်မှုကြောင့် လူဦးရေ ၁၇ ဦးရှိတဲ့ မိသားစုတစ်စု ရုတ်ခနဲ ပျောက်ကွယ်သွားခဲ့တယ်။ မသန်စွမ်းသူတွေထားတဲ့ စင်တာတစ်ခု ဗုံးမှန်ခဲ့တယ်။ ကျောင်းတွေ၊ ဝတ်ပြုဆောင်တွေ တိုက်ခိုက်ခံရတယ်။ လက်ရှိအချိန်ထိ အပြစ်မဲ့လူသေဆုံးမှုနှုန်းက နှစ်ရာနီးပါး ရှိနေပါပြီ။

Operation Protective Edge လို့ ကုဒ်အမည်ပေးထားတဲ့ အစ္စရေးရဲ့ စစ်ဆင်ရေးကတော့ ဂါဇာအတွက် အန္တရာယ်ဆိုးကြီး ဖြစ်လို့နေပါတော့တယ်။ ဒါကိုပဲ အစ္စရေးတို့က self-defense ခေါ် ခုခံကာကွယ်ရေးလို့ ကင်ပွန်းတပ်ထားကြတာပါ။

ကျွမ်းကျင်သူတွေကတော့ အစ္စရေးရဲ့ ဆင်ခြေကို သဘောမတူပါ။ ကုလရဲ့ ထိပ်တန်းအဆင့် လူ့အခွင့်အရေးတာဝန်ခံ နဗွီးပီလေးက အစ္စရေးရဲ့ စစ်ဆင်ရေးဟာ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေစံညွှန်းတွေနဲ့ လိုက်လျောညီထွေ ရှိနေသလားဆိုတာကို အလေးအနက် သံသယဝင်မိတယ် လို့ ဆိုပါတယ်။ HRW နဲ့ Amnesty International စတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးချိုးဖောက်မှု စောင့်ကြည့်ရေးအဖွဲ့တွေကတော့ နိုင်ငံတကာ စစ်ရာဇဝတ်မှုခုံရုံးတက်ပြီး အစ္စရေးကို စွဲချက်တင်ဖို့  ပါလစ္စတိုင်းသမ္မတ မာမွတ်အာဘတ်စ်ကို တောင်းဆိုထားပါတယ်။

အနောက်တိုင်းက အစ္စရေးထောက်ခံသူတွေကတော့ အစ္စရေးဟာ တရားမမျှတတဲ့ ဝေဖန်မှုတွေ ခံနေရတယ်လို့ ထင်နေကြမှာပါပဲ။ ဗြိတိသျှ ဂျာနယ်လစ် မဟ်ဒီဟဆန်ကို အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဟောင်း ရှလိုဘန်အာမီက " မင်းက အစ္စရေးကို special case ခေါ်တဲ့ အထူးကရုပြုစိစစ်ရမယ့် ကဏ္ဍအောက် ဆွဲထည့်နေတာလား" လို့ ၂ဝ၁၃ ခုနှစ် အလ်ဂျဇီးယားအင်္ဂလိပ်ပိုင်း အင်တာဗျူးတစ်ခုမှာ ဒေါသတကြီး ပြောခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ဘန်အာမီနဲ့ တူတဲ့အစိုးရတွေ၊ အဲဒီထက်ပိုဆိုးတဲ့ အကြမ်းဖက်အဖွဲ့တွေ ရှိပါသေးတယ်။  အခုအချိန်မှာ အစ္စရေးကိုချည့် ဘာကြောင့် ယိုးမယ်ဖွဲ့နေကြတာလဲ။ တရုတ်၊ ရုရှ၊ ဆီးရီးယား၊ ဆော်ဒီ၊ အီရန်၊ အီရတ်နဲ့ ဆူဒန်တို့ကိုရော မေ့ပစ်လိုက်ကြပြီလား။ ပါကစ္စတန်က တာလီဘန်၊ နိုင်ဂျီးရီးယားက ဘိုကိုဟာရမ်နဲ့ အီရတ်က အိုင်အက်စ်အိုင်အက်စ်တို့ကိုရော ဆန္ဒပြ ကန့်ကွက်ကြတာမျိုး မတွေ့မိပါလား။

အစ္စရေးလိုလားပြီး အပြစ်မဆိုချင်တဲ့ သူတွေအတွက်တော့ ဖော်ပြပါ ဆင်ခြေတွေက အရံသင့်စောင့်ဆိုင်းနေပါတယ်။ ပထမအချက်က - အစ္စရေးအနေနဲ့ ပါကစ္စတန်၊ နိုင်ဂျီးရီးယားနဲ့ အီရန်တို့လို ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးသော လူ့အခွင့်အရေးချိုးဖောက်သူ နိုင်ငံများစာရင်းမှာ ပါဝင်ဖို့ ဆန္ဒများ ရှိပါသလား။ အရှေ့အလယ်ပိုင်းမှာ တစ်နိုင်ငံထဲသော လစ်ဘရယ်ဒီမိုကရေစီနိုင်ငံအဖြစ် အစ္စရေးတို့ ကြွေးကြော်ရပ်တည် လိုပါသလား။ ပထမမေးခွန်းအတွက် အဖြေက yes ဆိုရင်တော့ ကိစ္စမရှိပါ။ အစ္စရေးကို တာလီဘန်တွေနဲ့ တတန်းထဲ ထားလိုက်ယုံပါပဲ။

ဒုတိယ - အခုအစ္စရေးကို လိုလားသူတွေ လုပ်နေပုံမျိုးက  "whataboutery" လို့ခေါ်တဲ့ ဒါမျိုးကျတော့ ဘာဖြစ်လို့ မပြောကြ ဆန္ဒမပြကြတာလဲ၊ အစ္စရေးကိစ္စကျမှ ဘာလို့ ပြောဆိုနေကြတာလဲဆိုတဲ့ ဆင်ခြေပေးတဲ့ပုံစံမျိုးတွေမှာ အဆိုးရွားဆုံးသော  ပုံစံမျိုး ဖြစ်နေပါတော့တယ်။ ၂ဝ၁၁ ခုနှစ်တုန်းက လစ်ဗျားမှာလည်း အခုအစ္စရေး-ပါလစ္စတိုင်းမှာလိုမျိုး ဖြစ်ခဲ့ဖူးပါတယ်။ နောက်ဆုံးမှာတော့ လစ်ဗျားကို နေတိုးတပ်ဖွဲ့ ဝင်ရောက်ခဲ့တယ်။ နေတိုးဝင်တာကို ကန့်ကွက်ခဲ့တဲ့သူတွေ ရှိပါတယ်။ အဲဒီလူတွေကို ဗြိတိန်ဝန်ကြီးချုပ်  ဒေးဗစ်ကင်မရွန်းက - " ခင်ဗျားအနေနဲ့ မှန်ကန်တဲ့ကိစ္စတစ်ခုကို နေရာတိုင်းမှာ လုပ်လို့မရဘူး ဆိုတာနဲ့ပဲ နေရာတစ်နေရာမှာတော့ မှန်ကန်တဲ့ကိစ္စတစ်ခု ဆောင်ရွက်လို့ ရနိုင်နေသေးတယ်ဆိုတဲ့အချက်ကို ပစ်ပယ်လိုက်ဖို့ မသင့်တော်ပါဘူး" လို့ ပြောခဲ့ပါတယ်။ ကောင်းပါပြီ။ ဒေးဗစ်ကင်မရွန်းပြောခဲ့တဲ့ အချက်ကိုပဲ အခု အစ္စရေးကိစ္စမှာ ထည့်သွင်းစဉ်းစားကြပါစို့။ ကျွန်တော်တို့က လူ့အခွင့်ရေး ချိုးဖောက်ကျူးလွန်နေတဲ့ အစိုးရတိုင်းကို ဆန့်ကျင်ရှုံ့ချ မကန့်ကွက်ကြ၊ မကန့်ကွက်နိုင်တာနဲ့ပဲ အခု အစ္စရေးရဲ့ ဂါဇာမှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှုကို ကန့်ကွက်ရှုံ့ချအသံထွက်ကြတာတွေကနေ ပိတ်ပင်တားမြစ်တာမျိုး မခံရသင့်ပါဘူး။

ဂါဇာနဲ့ West Bank တို့ဟာ လွတ်လပ်တဲ့ သီးခြားနိုင်ငံလို့ ဆိုကြပါတယ်။ မှားပါတယ်။ ဂါဇာနဲ့ West Bank တို့ဟာ လွတ်လပ်တဲ့ သီးခြားနိုင်ငံလို့ မဆိုသာပါဘူး။ အစ္စရေးဝန်းရံထားတဲ့ ဂါဇာနဲ့ West Bank တို့မှာ မွေးဖွားလာတဲ့ ပါလစ္စတိုင်းကလေးတိုင်းဟာ အစ္စရေးလူဝန်မှုကြီးကြပ်ရေးမှာ မှတ်ပုံတင်ကြရပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ မွေးဖွားပြီး အိမ်နီးချင်း ရန်ဘက်အခြားတစ်နိုင်ငံမှာ မှတ်ပုံတင်သွားလုပ်ကြရတာမျိုးကို ကြားဖူးကြပါသလား။ အခု စစ်ပွဲမှာ အစ္စရေးရော၊ ဟားမတ်စ်တို့ကပါ ခုခံကာကွယ်နေကြတာလို့ ဆိုနေကြပါတယ်။ အစ္စရေးကတော့ ဂါဇာနဲ့ West Bank က ဟားမတ်စ်တွေကို ရနိုင်သလောက်အမြစ်ဖြုတ်မယ်၊ အရပ်ဘက် အပြစ်မဲ့ ပြည်သူဆိုတာ သူတို့အတွက်မရှိဘူး၊ ပါလစ္စတိုင်း အားလုံးဟာ ရန်သူပဲ။ ဟားမတ်စ်ကတော့ အိပ်ငိုက်နေတဲ့ အာရပ်ကမ္ဘာကို လှုပ်နှိုးချင်တယ်၊ လက်ရှိ မာမွတ်အာဘတ်စ် အစိုးရကို အသိအမှတ်မပြုဘဲ သူတို့ကိုယ်တိုင် အာဏာ ရ အစိုးရအဖွဲ့ လုပ်ချင်တယ်။ အဲဒါမျိုးကို ခုခံကာကွယ်ရေး စစ်ပွဲလို့ ခေါ်နေကြတာဖြစ်ပါတယ်။ အစ္စရေးရော၊ ဟားမတ်စ်ပါ ကြွေးကြော်နေကြတဲ့ ခုခံရေးစစ်ပွဲဆိုတာက ရယ်သွမ်းသွေးဖွယ် ဖြစ်နေပါတယ်။

ပါလစ္စတိုင်းကလေးတွေ အစ္စရေးမှာ အတင်းအကျပ် မှတ်ပုံမတင် မနေရလို့ စည်းမျဉ်းချမှတ်ခံနေရတယ်၊ အစ္စရေးနိုင်ငံကပေးတဲ့ နိုင်ငံကူးလက်မှတ် ကို လိုချင် သူများကတော့ ဂျူးလူမျိုးသာ ဖြစ်ရပါတယ်။ ဂျူးဘာသာဝင်သာ ဖြစ်ရပါတယ်။ ဂျူးဘာသာဝင် ဟုတ်မဟုတ်ကို စစ်ဆေးတဲ့ အစ္စရေးရဲ့ နည်းလမ်းကတော့ ရိုးရှင်းပါတယ်။ လူဝန်မှုကြီးကြပ်ရေး တာဝန်ခံ ရှေ့မှာ တမန်တော် မုဟမ္မဒ်ကို အမနာပ ဆဲရေးတိုင်းထွာပြရပါတယ်။ ဒါဆို ပတ်စ်ပို့ သို့မဟုတ် မှတ်ပုံတင် ရပါပြီ။

အဲဒီလိုအခြေအနေမျိုးတွေကြားမှာ အန္တီဆီးမိုက်ဆိုတဲ့ အစ္စရေးမုန်းတီးရေး ဝါဒီလူနည်းစု အုပ်စုတွေ ထွက်ပေါ်လာတာဟာ အံ့အားသင့်စရာ မဟုတ်ပါ။

အနောက်နိုင်ငံတွေအနေနဲ့ အစ္စရေးရဲ့ ရာဇဝတ်မှုတွေကို ဖုန်းကွယ်ထားပြီး ဆီးရီးယားက အတွဲလိုက်ပေါက်တဲ့ ဗုံးတွေအကြောင်း၊ တရုတ်ပြည်က အဓမ္မစေခိုင်းခံထားရတဲ့ အလုပ်သမားတွေအကြောင်း ဒါမှမဟုတ် ရုရှရဲ့ မိန်းမလျာဖိနှိပ်ရေးအကြောင်း စတာတွေ ပြောနေကြပါတယ်။  အစ္စရေးကြောင့် စွန်းထင်းရတဲ့ သွေးကို အဲဒီအကြောင်းအရာတွေက လျှော်ပစ်နိုင်မယ် မဟုတ်ပါ။
၁၉၈ဝ ပြည့်လွန်နှစ်တွေက မင်ဒဲလားတို့ တိုင်းပြည်အကြောင်း လူတိုင်း သိကြတယ်။ လူဖြူအစိုးရရဲ့ လုပ်ရပ်ကို လူတိုင်း ဆန့်ကျင်တယ် ရှုံ့ချခဲ့ကြတယ်။

ဒါပေမယ့် အဲဒီ ၁၉၇ဝ-၈ဝ ဝန်းကျင်မှာပဲ အီသီယိုးပီးယားမှာ လူပေါင်း မီလီယံဝက်လောက် သတ်ပစ်ခဲ့တဲ့ ဆိုဗီယက်ယူနီယံ အထောက်ပံ့ခံ မန်ဂစ်စတု (Mengistu) နဲ့ အမေရိကန် ဒေါ်လာ ၄ ဘီလီယံကနေ ၁၅ ဘီလီယံလောက်တန်ဖိုးထိ အကျင့်ပျက် ခြစားခဲ့တဲ့ အမေရိကန် စီအိုင်အေနဲ့ ဘယ်လ်ဂျီယံတို့ရဲ့ ကြိုးဆွဲကရုပ် ကွန်ဂိုက မိုဘုတု (Mobutu) တို့အကြောင်းကျ သိတဲ့လူတောင် ခပ်ရှားရှားပါပဲ။  အဖြူအစိုးရက တောင်အာဖရိကမှာ ရာဇဝတ်မှု ကျူးလွန်နေတဲ့အချိန် မရှေးမနှောင်းမှာပဲ အာဖရိကရဲ့ အခြားနေရာတွေမှာ လူမည်းအစိုးရတွေကလည်း ရာဇဝတ်မှု ကျူးလွန်နေခဲ့ကြတယ်။ ခုလည်းပဲ မီဒီယာတွေ အသားပေးဖော်ပြတဲ့ အိုင်အက်စ်အိုင်အက်စ်၊ တာလီဘန်နဲ့ အစ္စလာမ်မစ်အကြမ်းဖက်တွေက လူတွေရဲ့ အာရုံမှာ သာပြီး ကြီးစိုးနေကြတာကနေ အစ္စရေး ဘာလုပ်လုပ် ဘာမှ မပြောပဲ လက်ပိုက်ကြည့်နေကြတာမျိုး ဖြစ်နေပါပြီ။

ကိုယ်နှစ်သက်တယ်ထင်မှ ထောက်ခံမယ်၊ မုန်းတီးမှုအပေါ်အခြေခံပြီး အမှန်တရားကို မျက်ကွယ်ပြုမယ်၊ ဒါမှမဟုတ် အကြောင်းအရာတစ်ခုက ကိုယ်နဲ့ အဝေးကြီးမှာ ဖြစ်ပျက်နေပေမယ့် အဲဒီအကြောင်းကို ဖန်တီးရကောင်းလားဆိုပြီး ယိုးမယ်ဖွဲ့ကာ လူတစ်စုသို့မဟုတ် သူတို့နဲ့ ဆက်နွယ်နေတဲ့ တခြားနေရာ အဝေးကြီးက လူတစ်စုရဲ့ အခွင့်အရေးကို မျက်ကွယ်ပြုထားမယ်၊ အဲဒီလိုမျိုး စိတ်ဓါတ်အခြေအနေကို ဘယ်လို ခေါ်ကြမလဲ။ ဒါမျိုး စိတ်ဓါတ်အဆင့်အတန်းကို inconsistent ၊ မညီမျှတဲ့ စိတ်ဓါတ်လို့ခေါ်ပြီး ကိုယ်လိုချင်မှ အလေးထားမယ်၊ တူညီတဲ့အကြောင်းအရာဖြစ်နေပေမယ့် ကိုယ်မလိုချင်ရင် မျက်ကွယ်ပြုတတ်တဲ့ စိတ်ဓါတ်လို့ သမုတ်ကြရပါမယ်။

"တချိုတချို့သော မတရားမှုမျိုးဟာ လူအုပ်စုတစ်စုအတွက်တော့ အခြားလူတွေထက်ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်စရာမျိုး ဖြစ်နေတတ်တယ်။ (ခုနက ပြောတဲ့ inconsistent  ခေါ် မညီမျှခြင်း) ရဲ့ အဓိက အရင်းအမြစ်ကတော့ irrational ဆိုတဲ့ လိုက်လျောညီထွေမဖြစ်တဲ့ ဆင်ခြေမျိုး ဒါမှမဟုတ် disturbing လို့ခေါ်တဲ့ (တခြားလူကို) စိတ်အနှောင့်အယှက်ပေးတာမျိုးဖြစ်တယ်။ ဒါပေမယ့် ( စိတ်ဓါတ်က inconsistent  ဆိုတဲ့ မညီမျှခြင်းကို ထုတ်ပေးနေပေမယ့်လည်း) စိတ်ဓါတ်ပိုင်ရှင် ဂရုဓမ္မပြုတဲ့ ဖိနှိပ်မှုတွေကျရင်တော့ ဆန့်ကျင်ကန့်ကွက်ဖို့ အသင့်ဖြစ်သွားကြပြန်ပါတယ်။" (ကိုးကား Peter Beinart, The Crisis of Zionism, December 2013)

အခုအခြေအနေမျိုးမှာ ဒီလိုမျိုးစိတ်ဓါတ်ပိုင်ရှင်တွေဟာ မိမိတို့ကိုယ်ကို သုံးသပ်ကြပြီး မတရားမှုတိုင်းမှာ ကန့်ကွက်မှုအသံတွေကို တူညီစွာထုတ်ဖြော်ပသခဲ့သလားဆိုတာ စိစစ်ကြရပါမယ်။ မွတ်စလင်တွေကိုယ်တိုင်ကလည်း မိမိတို့ကိုယ်ကို စိစစ်ကြရမယ့်အထဲမှာ ပါဝင်နေပါတယ်။

တတိယအချက် - အခုအချိန်မှာ အစ္စရေးကိုလည်း ခွဲခြား ဆက်ဆံနေကြပါပြီ။ ထူးဆန်းတာက သူ့ရဲ့ ရန်သူတွေကပဲ အစ္စရေးကို ခွဲခြားဆက်ဆံနေတာမဟုတ်ဘဲ မိတ်ဆွေတွေကပါ တခြားနိုင်ငံအုပ်စုများနဲ့ ခွဲခြားပြီးတော့ကို ဆက်ဆံနေခဲ့တာပါ။ အစ္စရေးအတွက် ပြိုင်စံရှားတဲ့ ငွေရေးကြေးရေး အထောက်အပံ့တွေ၊ စစ်ရေးအထောက်အပံ့တွေ၊ သံတမန်ရေးရာအထောက်အပံ့တွေကို အင်အားကြီးအနောက်နိုင်ငံတွေက ပေးနေကြပါတယ်။ ဒါကပဲ အစ္စရေးရဲ့မိတ်ဆွေတွေက တခြားနိုင်ငံတွေနဲ့ ဆန့်ကျင်ပြီး အစ္စရေးကို ခွဲခြားဆက်ဆံလိုက်တာပါ။ ဘန်အာမိုရဲ့စာလုံးအတိုင်းဆိုရင်တော့  "special case" ခေါ် အထူးအခွင့်အရေးလို့ ခေါ်ရတော့မှာပါ။
အမေရိကန်ပြည်ထောင်စုရဲ့ တစ်နှစ်ထောက်ပံ့ငွေ ဒေါ်လာ ၃ ဘီလီယံ လက်ခံရရှိနေတဲ့ နိုင်ငံမျိုး ရှိပါသေးသလား။ အဲဒီနိုင်ငံက နှစ်ပေါင်း ၄၇ နှစ်တိုင် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်နေခဲ့ပါသေးတယ်။ အစ္စရေးအပြင် ဘယ်နိုင်ငံမျိုးက ဈေးကွက်တစ်ခုဖွင့်ပြီး ရောင်းချလို့ရလောက်အောင်ပမာဏများပြားတဲ့ နြူကလီးယားလက်နက်တွေ တိတ်တဆိတ် ထုတ်လုပ်ခွင့် ရနေပါသလဲ။

၂ဝ၁ဝ ခုနှစ်မတ်လမှာ အစ္စရေးကို သွားခဲ့တဲ့ အမေရိကန် ဒုတိယ သမ္မတကို  နတန်ယာဟု ကအရှက်ခွဲခဲ့တဲ့အကြောင်း Ma'ariv ဆိုတဲ့ အစ္စရေးသတင်းစာကနေ ဖော်ပြခဲ့ပါတယ်။ အဲဒီလို အမေရိကန် ဒုသမ္မတလို အဆင့်ကို အရှက်ခွဲဖို့ ဘယ်နိုင်ငံက လုပ်ရဲကြပါမလဲ။ နောက်တစ်နှစ်ကြာတော့ နတန်ယာဟု အမေရိကန်ကို အလည်အပတ်သွားခဲ့ပါတယ်။ အမေရိကန်ကွန်ဂရက်က အမတ်ပေါင်း ၂၉ ဦးဟာ မတ်တပ်ရပ် လက်ခုပ်တီးကာ ကြိုဆိုခဲ့ပါတယ်။ အမေရိကန် ကွန်ဂရက်တည်ရာ Capitol Hill မှာ အစ္စရေးနဲ့ ပတ်သတ်ပြီး ဆုံးဖြတ်တိုင်း အမေရိကန်အမတ်တွေဟာ တဘက်သတ်ရပ်တည်ခဲ့ကြတာချည့်ပါပဲ။ ရလဒ်တွေက ထောက်ခံ ၄၁ဝ ၊ ကန့်ကွက် ၈။ ဒါမှမဟုတ် ထောက်ခံ ၃၅၂ ကန့်ကွက် ၂၁၊ ဒါမှမဟုတ် ထောက်ခံ ၃၉ဝ ကန့်ကွက် ၅။

အမေရိကန်ရဲ့ အံ့သြစရာကောင်းလွန်းလှတဲ့ ဗီတိုအာဏာပေါင်း ၄၂ ကြိမ် ကြောင့် ကုလဟာ အစ္စရေးကို အရေးမယူနိုင်ခဲ့ပါဘူး။ ဘယ်နိုင်ငံမျိုးကများ အမေရိကန်ရဲ့ ဗီတိုအာဏာဆင်ဆာရဲ့ အကာအကွယ်ကို အဲဒီလောက်များများ ရခဲ့ဖူးပါသလဲ။ အချက်အလက်တွေအရ အမေရိကန်ရဲ့ အစ္စရေးတစ်နိုင်ငံထဲ အတွက် သုံးခဲ့တဲ့ ဗီတိုဟာဆိုရင် အခြားနိုင်ငံအားလုံးရဲ့ အခြားကိစ္စရပ်တွေ အားလုံးအပေါ်မှာ သုံးခဲ့တဲ့ ဗီတိုစုစုပေါင်းထက်များနေပါသေးတယ်။ အစ္စရေးအတွက် မိတ်ဖက်ကြီး အမေရိကန်ရဲ့ ခွဲခြားဆက်ဆံမှုက ကြောက်စရာကောင်းနေပါပြီ။

စတုတ္ထ - အမေရိကန် ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံတွေက အာဆတ်၊ အယာတိုလာခိုမေနီစသူတွေအတွက်တော့  အကြီးအကျယ်အသံထုတ် ကန့်ကွက်ကြပါတယ်။ အာဆတ်ရဲ့ လူသတ်လက်နက်ကြီးကို အမေရိကန် ပိတ်ဆို့အရေးယူမှုတွေက ရပ်တန့်အောင် လုပ်ပစ်နိုင်ပြီလား။ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေက အီရန်နြူကလီးယားအစီအစဉ်ကို ရပ်တန့်အောင် လုပ်လိုက် နိုင်ပြီလား။ အမေရိကန် နိုင်ငံသား တစ်ယောက်နေရာကနေ ပြောရရင် အစ္စရေးကတော့ ကျွန်တော်တို့ရဲ့ စပယ်ရှယ်သူငယ်ချင်း၊ အနီးဆုံးသော မဟာမိတ်ကြီးပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အစ္စရေးအတွက်  အမေရိကန်တို့လက်နက်ရောင်းပေးရင် အသံတိတ်နေတယ်၊ အစ္စရေးနဲ့ ကုန်သွယ်ရင် အသံတိတ်နေတယ်၊ ကျွန်တော်တို့ အခွန်ငွေတွေ အစ္စရေးကို ထောက်ပံ့ငွေအဖြစ် ရောက်သွားရင်လည်း အသံတိတ်နေတယ်၊ အစ္စရေးအတွက် ကုလမှာ ဗီတိုသုံးတယ် ဒါမှမဟုတ် ထောက်ခံမဲပေးတယ်ဆိုရင်လည်း အသံတိတ်နေကြတယ်မဟုတ်ပါလား။

အစ္စရေးက ယခုလအတွင်း ဂါဇာကို ဗုံးစကြဲတော့ ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းက ဟားမတ်စ်ဒုံးကျည်တွေကြောင့် အစ္စရေးအနေနဲ့ မိမိတို့ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အဖြေကို ထုတ်ပေးခဲ့တယ်။
ပါလစ္စတိုင်း ရာပေါင်းများစွာ သေပွဲဝင်ခဲ့ပါတယ်။ သူတို့မှာရော မိမိတို့ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ဆိုတာမျိုး မရှိဘူးလား။ ဒါမျိုးစကားလုံးကိုတော့ ဗြိတိန်ဝန်ကြီးချုပ် ပြောမထွက်ခဲ့ပါ။

အစ္စရေးအရပ်သားတစ်ယောက် ဟားမတ်စ်လက်ချက်ကြောင့် သေပွဲဝင်ခဲ့ရတာကို မြန်မာပြည်က မီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။ ဆိုရှယ်မီဒီယာမှာ အဲဒါနဲ့ ပတ်သတ်ပြီး မြန်မာပြည်သူတွေရဲ့ မှတ်ချက်တွေ တက်လာခဲ့ပါတယ်။ ၉ဝ ရာခိုင်နှုန်းက အစ္စရေးရဲ့ ရာဇဝတ်မှုကြီးကို အထောက်အပံ့ပေးထားတဲ့ မုန်းတီးရေးအခြေခံ မှတ်ချက်မျိုးတွေပါ။

ဒါ့ပြင် မြန်မာပြည်က အစ္စလာမ်ဘာသာဝင်အချို့ကလည်း သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေကနေ မကျေနပ်ချက်တွေကို ဖော်ပြထုတ်ဖော်ခဲ့တဲ့နေရာမှာလည်း အစွန်းရောက်နေတာမျိုးတွေ ပါဝင်နေပါတယ်။
ဒါကို အနုပညာသမားတစ်ဦးဖြစ်တဲ့ လဂွန်းအိမ်က အောက်ပါအတိုင်း ထောက်ပြဝေဖန်ခဲ့ပါတယ်။
“ဟစ်တလာက ဂျူးတွေကိုဘာလို့မုန်းသလဲသိပြီတို့
ဂျူးတွေကိုအကုန်သတ်ခဲ့ရမှာတို့  တွေ့လာရရော
ကျွန်တော်စိတ်ပျက်မိပါတယ်
ကုလားတွေအကုန်သတ်ဆိုတဲ့စကားကိုပြောသူကိုကျတော့
ခင်ဗျားတို့မုန်းတတ်ကြတယ် Hate speech ဆိုပြီးကန့်ကွက်တယ်
ဂျူးတွေအကုန်သတ်ဆိုတဲ့စကားကျပြောထွက်တယ်
ဘာကွာလို့လဲ
ခင်ဗျားတို့ ဒီစိတ်ရှိလို့ ဒီလိုအနှိပ်ကွပ်ခံနေရတာလို့ပဲမြင်တယ်
 … … … လူကိုလူလို့မြင်ရင် ပါလက်စတိုင်းကလေးသေနေတာလဲသနားစရာ
ဂျူးကလေးသေနေတာလဲသနားစရာ ကုလားကလေးသေနေတာလဲသနားစရာ
တရုတ်ကလေးသေနေတာလဲသနားစရာ ဗမာကလေးသေနေတာလဲသနားစရာ”

ယူကေအခြေဆိုက် သတင်းစာတစ်ခုရဲ့ လတ်တလောသတင်းအရပဲ အပြစ်မဲ့ကလေးငယ် ၄ ဦးကို ယမန်နေ့က အစ္စရေးတို့ ထပ်မံ သတ်ပြစ်ခဲ့ပါပြီ။ မတရားမှုကို တိုက်ရိုက်ပစ်တင်ပြောဆိုခြင်းကသာ တရားမျှတမှုမည်ပါတယ်။ အမှန်တရားကို ပြောဆိုခြင်းမှာ မုန်းတီးမှုကို အခြေခံလို့ မဖြစ်နိုင်ပါ။

အမှန်တရားကို ထုတ်ဖော်ပြောဆိုဖို့အတွက် မုန်းတီးမှုက အဖုအထစ်ကြီးဖြစ်နေပါသလား။ ဒါဆိုရင်တော့ Peter Beinart ဆိုသလို သဘောသဘာဝ မကျလှတဲ့ မညီမျှမှုကြီး ဖြစ်နေပါပြီ။ မိမိတို့ကိုယ်ကို သုံးသပ်ပြုပြင်ဖို့ အချိန်ကျရောက်ပါပြီ။
လူသားအားလုံး တရားမျှတမှုကို နမ်းရှုပ်ခံစားခွင့် ရနိုင်ကြပါစေ။

ဝန်ခံချက် - မဟ်ဒီဟဆန်၏ Huffington Post ပါ We Single Israel Out Because We in the West Are Shamefully Complicit in Its Crimes ဆောင်းပါးကို  မှီငြမ်းပါသည်။