ဇွန်မိုး - မြန်မာပြည်သို့ပေးစာ - မမေ့နိုင်တဲ့ ၁၉ ဇူလိုင်


မြန်မာပြည်သို့ပေးစာ - မမေ့နိုင်တဲ့ ၁၉ ဇူလိုင်
ဇွန်မိုး၊ ဇူလိုင် ၁၈၊ ၂၀၁၄

သူငယ်ချင်းတို့ရေ …
မင်းတို့ ပြန်စာကိုစောင့်မျှော်နေရင် ဒီတပတ်အတွင်းမှာ ကျရောက်မယ့် အာဇာနည်နေ့ကို တမ်းတလွမ်းဆွတ်ရင် ဒီစာကို ရေးလိုက်တာပါ။ ဇူလိုင် (၁၉) ရောက်တိုင်း တို့ငယ်ငယ်တုန်း (အလယ်တန်း၊ အထက်တန်း ကျောင်းသားဘဝ) က နှစ်စဉ် တို့ ချစ်ကြောက်ရိုသေလေးစားတဲ့ ဆရာဦးသိန်းဝင်း ဦးဆောင်မှုနဲ့ ဗိုလ်ချုပ်အောင်ဆန်း အိမ် (ပြတိုက်)၊ အာဇာနည်ဗိမာန်တို့ကို သွားခဲ့ကြတာကို အမှတ်ရ သတိရတယ်ကွာ။ စာအုပ်စာတမ်းတချို့ ၊ အဝတ်အစားဝတ်စုံတချို့ ၊ အိပ်ခန်း၊ ဘုရားခန်းနဲ့ ဘာပစ္စည်း၊ ဘာအဆောင်အယောင်မှ မရှိတဲ့ ဗိုလ်ချုပ်အိမ်ကြီးကို လည့်ပတ်ကြည့်၊ နံရံမှာရေးထိုးထားတဲ့ ဗိုလ်ချုပ်မိန့်ခွန်း ကောက်နုတ်ချက်တွေကို ကူးရေး၊ အိမ်နောက်ဖက်က ဗိုလ်ချုပ်ရဲ့  စိုက်ခင်းကလေး နဲ့ ခြံထဲကအပင်တွေကိုကြည့်၊ ဗိုလ်ချုပ်သားငယ် အောင်ဆန်းလင်း ရေနစ်သေဆုံးခဲ့တဲ့ ရေကန်လေး၊ ဆရာပြောပြတဲ့ သမိုင်းအချက်အလက်တွေနဲ့ တို့တတွေ ဗိုလ်ချုပ်အောင်ဆန်းအိမ်ကို အကြိမ်ပေါင်းများစွာ ရောက်ခဲ့ကြတယ်။ နောက် တို့တွေ ဗိုလ်ချုပ်ကြေးရုပ်နားကနေ၊ ကန်တော်ကြီး၊  မြေပဒေသာကျွန်းကို ဖြတ်လျှောက်ပြီး၊ အာဇာနည်ဗိမာန်ကို သွားရောက်ကြပြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို တလေးတစား ဂါရဝပြုကြတယ်။ နေ့လည်ပိုင်းမှာ ကန်တော်ကြီး မြေပဒေသာကျွန်းမှာ ဆော့ကစား၊ အနားယူကြ။ နောက် တိရစ္ဆာန်ရုံသွား လှည့်ပတ်ကြ၊ ညနေပိုင်းမှာ ရွှေတိဂုံဘုရားတက် ဘုရားဝတ်ပြုကြတာတွေကို ဒီရက်ဒီအချိန်ရောက်ရင် တီဗီဖန်သားပြင်ပေါ်မှာ ကြည့်နေရသလို ပြန်မြင် ယောင်ပြီး အားလုံးကို သတိရလွမ်းတယ်ကွာ။ ဆရာကိုတွေ့ရင် သတိရကြောင်း၊ ကျေးဇူးအထူးတင်ကြောင်း ပြောပေးပါ။
တို့တတွေ အထက်တန်းအောင်ပြီး တက္ကသိုလ်ရောက်တော့လည်း တို့ညီငယ်၊ ညီမလေးတွေ၊ အိမ်နားက ခလေးတွေခေါ်ပြီး အဲဒီနေရာတွေကို သွားခဲ့ကြတာကိုလည်း သတိရတယ်။ တနေ့က ငါ့ညီတစ်ယောက်နဲ့ ဖုန်းစကားပြောပြီး သူတို့ငယ်ငယ် က ငါတို့  သူတို့ကို ခေါ်သွားသလို သူ့သမီး နဲ့ တူ၊ တူမလေးတွေ၊ အိမ်နားက ခလေးတွေကိုခေါ်ပြီး ဗိုလ်ချုပ်ပြတိုက်နဲ့ အာဇာနည်ဗိမာန်တို့ကို သွားကြဖို့ တိုက်တွန်းလိုက်သေးတယ်။ ငါ့ညီရဲ့  ဆင်ခြေဆင်လက်ကတော့ တနေကုန် မိသားစုဝမ်းရေး ကုန်ရုန်းနေရလို့ အချိန်မရှိလို့ သွားနိုင်မှာ မဟုတ်ဘူးလို့ပြောတယ်။ ငါ့အနေနဲ့ သူတို့ကို သွားစေချင်လို့ အဲဒီနေ့ အလုပ်နား၊ သူ့ဝင်ငွေလုပ်စာကို ငါ ပေးမယ်လို့ ပြောလိုက်တယ်။
ငါ သိသလောက်တော့ ငါ ထွက်လာပြီးမှမွေးတဲ့ တူတူမတွေ နဲ့ တူတူမအကြီးတွေရဲ့  သားသမီးတွေ ဗိုလ်ချုပ်ပြတိုက်၊ အာဇာနည်ဗိမာန်တို့ ဘာတို့ကို မရောက်ဖူးကြသေးဘူး။ သူတို့လေးတွေမှ မဟုတ်ပါဘူး၊ သိရသလောက် ဒီနေ့ခေတ် ခလေးတွေ တော်တော်များများ ဗိုလ်ချုပ်ဆိုရင် သူတို့ မိဘတွေ၊ အဖိုးအဖွားတွေကို ဗိုလ်ကျနှိပ်စက်ပြီး၊ တိုင်းပြည်ဆင်းရဲအောင် လုပ်နေကြတဲ့ ဗိုလ်ချုပ်တွေပဲ သိကြတယ်။ ဗိုလ်ချုပ်ဆိုရင် ကောင်းတယ်လို့ မမြင်ကြဘူး။ အာဇာနည်ဆိုရင်လည်း အဆိုတော် R ဇာနည် ကိုပဲ သူတို့ သိကြတယ်။ ဒါကလဲ သူတို့အပြစ် မဟုတ်ပါဘူး။ ငါ့ညီ ပြောတာရှိသေးတယ် အာဇာနည်နေ့မှာ အာဇာနည်ဗိမာန်ကို သာမန်ပြည်သူတွေ သွားခွင့်ရှိလို့လားတဲ့။ ဒီလိုဖြစ်ရတာ နိုင်ငံတော်က အာဇာနည်ပုဂ္ဂိုလ်ကြီးတွေနဲ့ အာဇာနည်နေ့အကြောင်းကို ဘာမှ (ကြိုတင်) ထုတ်လွှင်ြ့ခင်းမရှိ၊ ပြည်သူတွေ သိသင့် လုပ်နိုင်တာတွေကို မတင်ပြတော့ သာမန်ပြည်သူတွေက အာဇာနည်နေ့မှာ အစိုးရအာဏာပိုင်များနဲ့ နိုင်ငံရေးပါတီတွေ လုပ်တဲ့အလုပ်လို့ မြင်ကြတယ် ထင်တယ်။ ဗိယက်နမ်မှာဆိုရင် သူတို့ရဲ့  အာဇာနည်ကြီး ဟိုချီမင်း ဂူဗိမာန်နဲ့ သူ့အိမ်ကို သွားကြည့်ရင် ပြည်သူပြည်သားတွေ နေ့စဉ်သွားရောက် ဂါရဝပြု၊ လည်ပတ်ကြတာကို တွေ့နိုင်သလို။ အမေရိကန်ပြည်ထောင်စုမှာလည်း ဂျော့ခ်ျဝါရှင်တန် အိမ်ကို တနှစ်ပတ်လုံး ပြည်သူပြည်သားတွေ သွားရောက်လည်ပတ်လေ့လာကြတယ်။
ငါ့အနေနဲ့တော့ မင်းတို့ အချိန်ပေးပြီး ခလေးတွေနဲ့ သွားကြကွာ။ အာဏာရှင်တွေ အကွက်ကျကျ အမှောင်ချထားတဲ့ သိသင့်သိထိုက် သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေ၊ သမိုင်းဝင်နေ့ကို ခလေးတွေ သိနားလည်း၊ မြင်စေချင်တယ်။ မင်းတို့ သိတဲ့အတိုင်းပဲ အာဏာရှင်တွေရဲ့  အာဃာတစိတ်က အရမ်းဆိုးလွန်တယ်။ ပြည်သူ့အကျိုးအတွက် သူတို့ အာဏာကို ထိပါးလှုပ်ကိုင်၊ စိန်ခေါ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ဖခင်ကြီး၊ အာဇာနည်ကြီးရဲ့  ရုပ်ပုံလွှာကို ပြည်သူ့တွေ နှလုံးသားထဲက ဖယ်ရှားဖို့ ပေါ်တင်ကြီး လုပ်ခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ပိုက်ဆံတွေကို ဖျက်သိမ်းခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံတွေကို ကျောင်း၊ ရုံးတွေက ဖယ်ရှားခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေကို မထုတ်လွှင့်တော့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ အာဇာနည်ဂူဗိမာန်တွေကို ပြည်သူပြည်သားတွေ လည်ပတ်နိုင်ခွင့်ကို ပိတ်ပင်သလို လုပ်ထားတယ်။ တနေ့က ထုတ်ပြန်လိုက်တဲ့ အရေးပေါ်အမိန့်ဆိုရင် တော်တော်လေးကို အောက်တန်းကျ၊ ရယ်စရာကောင်းလွန်တယ်။ ဘာတဲ့ အာဇာနည်နေ့မှာ ကားတွေ ဟွန်းရှည်မတီးရဘူးတဲ့။ တက္ကစီမောင်းတဲ့ ငါ့ညီတယောက်ကို မင်းဘော်ဘော်တွေစု၊ လှုံဆော်ပြီး မနက်ပိုင်းမှာ အာဇာနည်ဗိမာန်နားမှာ ဗိုလ်ချုပ်တို့ကို ဂုဏ်ပြုတဲ့ ဟွန်းရှည်ကြီးတွေ တီးကြ။ နေ့လည်ပိုင်းမှာ အာဇာနည်တွေကို ရွံမုန်းတဲ့ ဗိုလ်ချုပ်ရွာတဝိုက် တီးချင်သလို သွားတီးကြ။ ပြီးတော့ ပြောလိုက်ကြ အဲဒီမှာ တီးတဲ့ကွက်ကြားဟွန်းက သူတို့ကို ဂုဏ်ပြုတဲ့ ဟွန်းတော့မဟုတ်ဘူး။ မကောင်းဆိုးဝါးတွေ နှင်ထုတ်တဲ့ ဟွန်းလို့။
ခလေးတွေနဲ့ တို့ ခြေရာထပ်ခဲ့ကြတဲ့ နေရာတွေကို ပြန်သွားကြဖို့ ပြောနေရင် ဟို ကယ်တင်ရှင်တွေလုပ်တဲ့ ကလေးကလားလုပ်ကွက် ခေါင်းတွေဝင်လာလို့ တခြားအကြောင်းတွေ ရောက်မလို ဖြစ်သွားတယ်။ ထားလိုက်တော့ ဒီ အာဏာရှုးတွေ ဘယ်လိုနည်း ဘယ်ပုံစံနဲ့ သူတို့ထက် မြင့်မြတ်တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေ၊ သမိုင်းရာဇဝင်တွေကို ဖျောက်ဖျက်ဖို့ ကြိုးစားပါစေ၊ တို့တတွေ (ပြည်သူပြည်သားတွေ) အနေနဲ့ သူတို့ဖောက်တဲ့မြောင်းထဲ မျှောမပါသွားကြဖို့။ ကိုယ့်အသိစိတ် ကိုယ့်ဆန္ဒနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်သွားကြဖို့ အရေးကြီးတယ် မဟုတ်လား။ အနည်းဆုံး တနှစ်တခါ နောင်လာနောင်သား ခလေးငယ်တွေကိုခေါ်ပြီး ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ အာဇာနည်ဗိမာန်တို့ကို သွားကြတာ လုပ်နိုင်တဲ့အလုပ်၊ လုပ်သင့်တယ်လို့ ငါတော့ ယုံကြည်ခံယူတယ်။ တို့ ငယ်ငယ်တုန်းကလို ကျောင်းတွေမှာ စာစီစာကုန်း၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲ၊ အာဇာနည်နေ့အကြောင်း စာရေးဆရာကြီးတွေရဲ့  စာပေဟောပြောပွဲတွေ မရှိကြတော့ဘူးဆိုတာလည်း စိတ်မကောင်းဘူး။ ဖြစ်နိုင်ရင် ရပ်ကွက်ထဲမှာ ကိုယ်ထူကိုယ်ထ လုပ်နိုင်ရင်ကောင်းမယ်။ စာစီစာကုန်း၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲတွေအကြောင်းပြောလို့ ပန်းချီဆွဲကောင်းတဲ့ ငါတို့သူငယ်ချင်း အောင်မျိုးချစ်ကို သတိရတယ်ကွာ။ ဒီကောင်ကြီး အခုဆိုရင် တိမ်ညိုမိလ္လာ တိမ်ပန်းချီတွေ၊ နတ်သမီး ပုံတူပန်းချီအပ်ထည်တွေနဲ့ နိဗ္ဗာန်ဘုံနန်းမှာ တော်တော်အလုပ်ရှုပ်နေမယ်။
ပြောမယ်ဆိုရင် ပြောစရာတွေက ပြောမကုန်ဆိုသလို ငါ ထပ်ပြောချင်တာက တို့တတွေရဲ့  ငယ်ဘဝကိုလည်း အလွမ်းပြေ၊ ခလေးတွေလည်း ဗဟုသုတ တိုးပွား၊ သူငယ်ချင်းတွေလည်း ကျောင်းပိတ်ရက်၊ အလုပ်ပိတ်ရက်မှာ နားနားနေနေ မိသားစုတွေနဲ့ လည်ပတ်နိုင် - တချက်ခုတ် အချက်များစွာပြတ်ပေါ့။ ဘာမှ စဉ်းစားမနေနဲ့ အချိန်ပေးပြီး သွားကြကွာ၊ ပူဇော်ဂုဏ်ပြုထိုက်သူကို အစဉ်အမြဲ ဂုဏ်ပြုဂါရဝပြုနိုင်တာ မင်္ဂလာပါ။ အာဇာနည်နေ့မှာ အာဏာပိုင်တွေရဲ့  ဟန့်တားပိတ်ပင်မှုတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ရှုပ်နေ၊ လူကြပ်မယ်ဆိုရင်လည်း နောက်နေ့ ကျောင်းပိတ်ရက်၊ အလုပ်နားရက်တွေမှာ သွားကြပေါ့။ ငါလည်း အခုရက်အတွင်း နေ့စဉ်ရက်ဆက် ဗိုလ်ချုပ်မိန့်ခွန်းတွေ နားထောင်၊ အဆိုတော်ကြီး မေလှမြိုင်ရဲ့  “အာဇာနည်နေ့ မမေ့အပ်ပေ” “အလေးပြုပါသည်” နဲ့ ပြည်လှဖေ၊ ကိုမြကြီး၊ မာမာအေး၊ ခင်ညွှန့်ရီတို့ရဲ့  အာဇာနည်နေ့သီချင်းတွေကို နားထောင်ပြီး မြင့်မြတ်တဲ့ အာဂသူရဲကောင် အာဇာနည်ကြီးတွေကို တမ်းတအောက်မေ့နေမိတယ်။ မင်းတို့အားလုံးနဲ့ သွားလာခဲ့တာတွေကို သတိရလွမ်းနေတယ်။
စကားမစပ် ဒီမှာတော့ နိုင်ငံတော်သမ္မတကိုယ်တိုင် နှစ်စဉ်ကျင်းပတဲ့ စစ်မှုထမ်းဟောင်းများနေ့၊ ကျဆုံးစစ်သည်များ အောက်မေ့ဘွယ်နေ့တွေမှာ မြို့ တော်ဝါရှင်တန်ဒီစီ က အမျိုးသားစစ်သင်္ချိုင်းမှာ လွမ်းသူ့ပန်းခွေချ၊ အညတရစစ်သည်များ ဂူဗိမာန်ကိုသွားရောက် အလေးပြုတယ်။ တို့မြန်မာနိုင်ငံတော်မှာတော့ မြန်မာ့တပ်မတော်ရဲ့  ဖခင်ကြီး၊ အာဇာနည်ပုဂ္ဂိုလ်ကြီးကို ဘာကြောင့် ဦးနေဝင်း က စပြီး၊ ဒီနေ့အထိ နိုင်ငံတော်သမ္မတ၊ စစ်ဗိုလ်ချုပ်အကြီးအကဲတွေ အလေးပြုဂါရဝပြုဖို့ ဝန်လေးနေကြသလဲ။ မင်းတို့ မဖြေခင် ငါအထင်ကို ပြောမယ်ကွာ … သူတို့ အလေးပြုဂါရဝ မပြုချင်ကြတာ မဟုတ်ဘူး။ တို့ ဗိုလ်ချုပ်က သူတည်ထောင်ခဲ့တဲ့ တပ်မတော်ကိုဖျက်ဆီး၊ တိုင်းသူပြည်သားကို မတရားဖိနှိပ်နေတဲ့ အာဏာမှူးတွေကို အလေးပြုခွင့် မပေးတာ ဖြစ်မယ်။
ကဲ စကားဆက်နေရင်တော့ ပြီးမှာမဟုတ်တော့ဘူး။ တော်သေးပြီကွာ။ နောက်မှ ပြောချင်ဆိုချင်တာတွေ ထပ်ရေးလိုက်မယ်။ တခြားသူငယ်ချင်းတွေကိုလည်း နှုတ်ဆက်ကြောင်း။ မင်းတို့အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
မင်းတို့ရဲ့ 
ဇွန်မိုး