(မဇ္ဈိမနေ့စဉ်သတင်းစာ၊ ဇူလိုင် ၁၆၊ ၂၀၁၄၊ စာမျက်နှာ ၁၇)
အောင်ဒင် - ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်နှင့် ပြည်တွင်းငြိမ်းချမ်းရေး
အပိုင်း (၂)
အောင်ဒင်
#နိုင်ငံရေးဆွေးနွေးပွဲ ယဉ်ကျေးမှု
သမ္မတဦးသိန်းစိန်က
မိန့်ခွန်းတွေထဲမှာ မြန်မာနိုင်ငံသားအချင်းချင်း
နိုင်ငံရေးသဘောထားမတူညီမှုတွေကို လက်နက်ကိုင် မဖြေရှင်းပဲ စားပွဲဝိုင်းမှာ
ဆွေးနွေးဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ကို တည်ဆောက်မည့် အကြောင်း
မကြာခဏ ထည့်သွင်းပြောကြားတာ ကြားရတော့ ဝမ်းသာမိပါတယ်။ အာဏာရ အစိုးရမှာ
ဒီလို သဘောထားရှိတယ်ဆိုရင် ကျနော်တို့ နှစ်ပေါင်းများစွာ
ငတ်မွတ်ဆာလောင်နေတဲ့ ငြိမ်းချမ်းရေးကို ရကောင်းရဲ့လို့ မျှော်လင့်မိပါတယ်။
ဒါပေမည့် နိုင်ငံရေးဆွေးနွေးပွဲယဉ်ကျေးမှုကို တည်ဆောက်ရာမှာ
မရှိမဖြစ်ကျင့်သုံးရမည့် ကျင့်ဝတ်တွေကို သက်ဆိုင်သူအားလုံးက
လက်ခံကျင့်သုံးကြမှပဲ ဆွေးနွေးပွဲတွေ အောင်မြင်မှာပါ။ အဲဒီ ကျင့်ဝတ်တွေက
(၁) တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်လေးစားမှုရှိဖို့ လိုအပ်ပါတယ်၊ (၂) တစ်ဖက်နဲ့
တစ်ဖက်အပြန်အလှန် သီးခံခွင့်လွှတ်ဖို့ လိုအပ်ပါတယ်၊(၃) ငြိမ်းချမ်းရေးကို
ဆွေးနွေးညှိနှိုင်းပြီး မဖြစ်မနေတည်ဆောက်ကြမည်ဆိုတဲ့ ခိုင်မာတဲ့
ဆုံးဖြတ်ချက်ရှိဖို့လိုအပ်ပါတယ်၊ (၄) စိတ်ရှည်လက်ရှည်ဆွေးနွေးဖို့
လိုအပ်ပါတယ်၊ (၅) အပေးအယူမျှတမှုဖို့ လိုအပ်ပါတယ်၊ မဖြစ်နိုင်တာတွေကို
မရမနေတောင်းဆိုတာနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကို လက်မခံပဲ ခေါင်းမာမာနဲ့
ငြင်းဆန်တဲ့ အစွန်းနှစ်ဖက်ကို ရှောင်ဖို့လိုအပ်ပါတယ်၊ (၆)
ဆွေးနွေးစဉ်ကာလမှာ တစ်ဖက်နဲ့ တစ်ဖက် အထင်အမြင်လွဲစေနိုင်တဲ့ အပြုအမူတွေ၊
ရန်စောင်မှုတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်၊ (၇) ဆွေးနွေးပွဲများနဲ့
ပါတ်သက်ပြီး အများပြည်သူအပေါ် ပွင့်လင်းဖို့လိုအပ်ပါတယ်၊ (၈) ဆွေးနွေးပွဲက
ရရှိလာတဲ့ သဘောတူညီမှုတွေကို လက်ခံပြီး ရဲရဲရင့်ရင့် အကောင်အထည်ဖော်ရေး
တာဝန်ယူမှုတွေ လိုအပ်ပါတယ်။
ဒီကျင့်ဝတ်မှုတွေ ပြည့်စုံမှပဲ နိုင်ငံရေးဆွေးနွေးပွဲ ယဉ်ကျေးမှု အဓွန့်ရှည်မှာပါ။
အခုချိန်အထိတော့
၂၀၁၃ ခုနှစ်ကတည်းက ကြိုးစားနေတဲ့ “တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး
သဘောတူစာချုပ်” ချုပ်ဆိုရေးကိစ္စ အောင်မြင်မှု မရှိသေးပါ။ စာချုပ်မှာ
ပါဝင်သင့်တဲ့ အချက်အလက်များနဲ့ ပါတ်သက်ပြီး အစိုးရရဲ့ ကိုယ်စားလှယ်
"ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး အလုပ်ကော်မတီ" နဲ့
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ကိုယ်စားလှယ်
"အန်စီစီတီ" (တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့)
တို့ အကြိမ်များစွာ ဆွေးနွေးခဲ့ကြပြီး ၂၀၁၄ ခုနှစ်၊ မေလ (၂၃) ရက်နေ့မှာ
စာချုပ်၊ ဒုတိယမူကြမ်းကို နှစ်ဖက်အတူ ပြုစုနိုင်ခဲ့ပါတယ်။ အဲဒီ ဒုတိယ
မူကြမ်းမှာကိုပဲ နှစ်ဖက်လက်မခံနိုင်တဲ့ စကားလုံးတွေ၊ အချက်အလက်တွေ
အများကြီး ရှိသေးတာမို့ ၂၀၁၄ ခုနှစ်အတွင်းမှာ
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်ရဲ့ ပထမအဆင့်ဖြစ်တဲ့
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကိုတောင်
အားလုံးသဘောတူ လက်မှတ်ရေးထိုး အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာ
သံသယဖြစ်မိပါတယ်။
#ငြိမ်းချမ်းရေးအတွက် အဓိက ပြသနာနှစ်ခု
ပြည်တွင်းငြိမ်းချမ်းရေးအတွက်
မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်နေကြတဲ့
အဖွဲ့အစည်းများအားလုံး ဆွေးနွေးညှိနှိုင်းကြရာမှာ အဓိကပြသနာက
နှစ်ခုရှိပါတယ်။ (၁) မြန်မာနိုင်ငံအတွင်းမှ
တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှအခွင့်အရေးရှိတဲ့
ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ခြင်းနဲ့ (၂)
ပြည်ထောင်စုတိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုတပ်မတော်
ဖွဲ့စည်းပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို
ပြည်ထောင်စုတပ်မတော်အတွင်း အသွင်ပြောင်းဖွဲ့စည်းခြင်းတို့ ဖြစ်ကြပါတယ်။
ဒီနှစ်ချက်စလုံးကြောင့်လည်း အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုရေးကိစ္စ
ဒီကနေ့အထိ မအောင်မြင်သေးတာပါ။
ဒီနှစ်ချက်စလုံး
ဖြစ်ပေါ်လာရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများမှာ
မဖြစ်မနေဆွေးနွေးမည်ဆိုတဲ့ အာမခံချက်ကို
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ အဓိက
ထည့်သွင်းရေးဆွဲချင်ပြီး အစိုးရနဲ့ တပ်မတော်ကတော့ ဒီအချက်တွေဟာ
အပစ်အခတ်ရပ်စဲရေးစာချုပ်နဲ့ မသက်ဆိုင်ပဲ နိုင်ငံရေးဆွေးနွေးပွဲအတွက်
မူဘောင်များဆွေးနွေးတဲ့အခါကျမှ ထည့်သွင်းဆွေးနွေးရမှာဖြစ်တယ်လို့
ခံယူထားပါတယ်။
နှစ်ဖက်ပြုစုထားတဲ့ အပစ်ရပ်စာချုပ်၊ ဒုတိယမူကြမ်းရဲ့ (Single Text, Second Draft) "နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်း" ခေါင်းစဉ်အောက်၊ ပုဒ်မ (၂၁)၊ ပုဒ်မခွဲ (ဃ) မှာ အစိုးရဘက်က "ပြည်ထောင်စုမပြိုကွဲရေး၊
တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်
အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေနိုင်မည့် ကိစ္စရပ်များမှ
အပ အခြားဆွေးနွေးသင့်သော ကိစ္စရပ်များအားလုံးကို နိုင်ငံရေးဆွေးနွေးပွဲတွင်
ထည့်သွင်းဆွေးနွေးရန်" လို့ ထည့်သွင်းချင်ပါတယ်။ တိုင်းရင်းသားများက အဲဒါကို လက်ခံပေမည့် အဲဒီစာသားနဲ့ တစ်ဆက်တည်း "နှင့်
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအပါအဝင် ပြည်ထောင်စု၏
နိုင်ငံရေးအရင်းခံပြသနာဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထောင်စုတပ်မတော်ဆိုင်ရာ
ကိစ္စရပ်များ၊လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များကိုပါ
ထည့်သွင်းဆွေးနွေးရန်။" ဆိုပြီး ဖြည့်စွက်ထည့်သွင်းချင်ပါတယ်။ အစိုးရဘက်က သဘောမတူပါ။
#ပြည်ထောင်စု တပ်မတော်
ဒီဆောင်းပါးမှာ ပြည်ထောင်စုတပ်မတော်အရေးကိစ္စကို ဦးစားပေး ဆွေးနွေးချင်ပါတယ်။
၂၀၁၄
ခုနှစ်၊ မေလ ၂၃ ရက်နေ့မှာ နှစ်ဖက်ပူးတွဲ ပြုစုတဲ့ "တစ်နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်၊ ဒုတိယ မူကြမ်း"၊ အခန်း (၁) အခြေခံမူများ၊
ပုဒ်မ (၁)၊ ပုဒ်မခွဲ (င) မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက "တိုင်းရင်းသားလူမျိုးပေါင်းစုံပူးပေါင်းပါဝင်သော
ပြည်ထောင်စုတပ်မတော်ကို စစ်မှန်သော ဖက်ဒရယ်မူနှင့်အညီ
တည်ဆောက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို
နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးသွားရန်
သဘောတူကြသည်။" လို့ ထည့်သွင်းရေးဆွဲချင်ပါတယ်။ အစိုးရဘက်က သဘောမတူပါ။ ၎င်းစာသားအစား အစိုးရဘက်က "ပြည်ထောင်စုတပ်မတော်ဆိုသည်မှာ
တပ်မတော်တွင် နိုင်ငံရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ
ပါဝင်ဖွဲ့စည်းထားကြောင်းတွေ့ရှိရသဖြင့် ပြည်ထောင်စု တပ်မတော်ပင် ဖြစ်ပါသည်။" လို့ ထည့်သွင်းရေးဆွဲဖို့ အဆိုပြုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက သဘောမတူပါ။
ဒါ အဓိကပြသနာ တစ်ခုပါ။
ပြည်ထောင်စုတပ်မတော်ကိစ္စကို အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ မထည့်ဖို့
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက သဘောတူရင်တောင်မှ ဒီကိစ္စဟာ
နိုင်ငံရေးဆွေးနွေးပွဲမှာ မလွဲမသွေဆွေးနွေးဖြေရှင်းကြရမည့် ကိစ္စဖြစ်ပါတယ်။
လက်ရှိ အခြေအနေမှာကိုပဲ နှစ်ဖက်သဘောထားများက အကြီးအကျယ်ကွဲပြားကြပါတယ်။
တိုင်းရင်းသားများက လက်ရှိတပ်မတော်ကို ပြည်ထောင်စုတပ်မတော်ဖြစ်အောင်
ပြန်လည်ဖွဲ့စည်းရမယ်လို့ ရပ်တည်ပါတယ်။ လက်ရှိတပ်မတော်ကြီးက မပြောင်းမလဲ
ဒီအတိုင်းရှိနေသ၍ သူတို့တပ်တွေကို ဖျက်သိမ်းမှာ၊ သူတို့တပ်တွေကို
တပ်မတော်ရဲ့ လက်အောက်ခံအဖြစ် အသွင်ပြောင်းမှာ မဟုတ်ပါ။
အစိုးရနဲ့ တပ်မတော်ဘက်ကလည်း လက်ရှိတပ်မတော်ကို
ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးကို လုံးဝ လက်မခံပါ။ လက်မခံတဲ့အပြင်
လက်ရှိတပ်မတော်ဟာ တိုင်းရင်းသားအားလုံးပါဝင်တဲ့
ပြည်ထောင်စုတပ်မတော်ဖြစ်တယ်လို့တောင် ပြောနေပါပြီ။
#တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတောင်းဆိုသည့် ပြည်ထောင်စုတပ်မတော်
တိုင်းရင်းသားများမျှော်လင့်တဲ့
ပြည်ထောင်စုတပ်မတော်နဲ့ ပါတ်သက်ပြီး "ညီညွတ်သောတိုင်းရင်းသားများ
ဖက်ဒရယ်ကောင်စီ" က တိုင်းရင်းသားညီလာခံကို တင်သွင်းတဲ့ စာတမ်းမှာ
အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
“ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေးဆိုင်ရာ မူဝါဒများ
ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ရာတွင် ကာကွယ်ရေးဆိုင်ရာမူဝါဒများကို အောက်ပါအတိုင်းချမှတ်ရမည်။
၁။ ဖက်ဒရယ်ပြည်ထောင်စု၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် နိုင်ငံသားတိုင်း၌ တာဝန်ရှိသည်။
၂။ ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေးတပ်မတော်သည် ဖက်ဒရယ်ပြည်ထောင်စု၏ အချုပ်အခြာအာဏာကို ထိပါးလာမည့် ပြည်ပရန်မှ ကာကွယ်ရန် တာဝန်ရှိသည်။
၃။ ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေးတပ်မတော်သည် ဖက်ဒရယ်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရမည်။
၎။ ဖက်ဒရယ်ပြည်ထောင်စု၏ ကာကွယ်ရေးဆိုင်ရာမူဝါဒများကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ဥပဒေပြု ပြဋ္ဌာန်းပေးရမည်။

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဆိုင်ရာ မူဝါဒများ
၁။ ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေးတပ်မတော်သည် ဖက်ဒရယ်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရမည်။
၂။ ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေးတပ်မတော်သည် နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်မှု မရှိစေရပဲ စွမ်းရည်ပြည့်ဝသောတပ်မတော် (Professional Army) သာ ဖြစ်စေရမည်။
၃။ ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေးတပ်မတော်သည် မည်သည့်အချိန်အခါတွင်မဆို အရပ်ဖက်အုပ်ချုပ်ရေးအောက်တွင် (Civilian Control) ရှိစေရမည်။ မည်သည့်လက်ရှိတာဝန်ထမ်းဆောင်နေသော စစ်အရာရှိ (Active Duty) ပုဂ္ဂိုလ်ကိုမျှ ကာကွယ်ရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာန ညွှန်ကြားရေးမှူးများအဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးခြင်းမရှိစေရ။
၎။ ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေးအတွက် ဖွဲ့စည်းထားသော တပ်မတော်သည် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဘဝလုံခြုံရေးအတွက် ဖွဲ့စည်းထားသော ပြည်ထောင်စုရဲတပ်ဖွဲ့/ပြည်နယ်ရဲတပ်ဖွဲ့တို့နှင့် သီးခြားထားရှိရမည်။

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် စုဖွဲ့ပုံ
၁။
ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်စုဖွဲ့ရာတွင် တပ်သားသစ်စုစောင်းခြင်း၊
အရာရှိသင်တန်းပေးခြင်း၊ စစ်တက္ကသိုလ်အဆင့်ရွေးချယ်ခြင်းတို့၌
တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ တင်ကြိုညှိနှိုင်းသဘောတူသတ်မှတ်ထားသော
အချိုးကျစနစ် (Negotiated Proportionate System) ကို ကျင့်သုံးရမည်။
မှတ်ချက်။ ။ မည်သည့်တိုင်းရင်းသားလူမျိုးတစ်မျိုးကမှ တပ်ဖွဲ့ဝင်ဦးရေ ထက်ဝက်ကျော်အရေအတွက် မရှိစေရ။
၂။ ဖက်ဒရယ်ပြည်ထောင်စု လိုအပ်ချက်နှင့်အညီ ကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့ကို သီးခြားစီခွဲ၍ ဖွဲ့စည်းထားရှိရမည်။
၃။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်လက်အောက်ခံ တပ်ဖွဲ့များအတွင်း ရာထူး/တာဝန်ခန့်အပ်မှုများနှင့် ပါတ်သက်၍ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ မျိုးရိုး၊ အသားအရောင်နှင့် လိင်ကွဲပြားမှုတို့အပေါ်တွင် အခြေခံ၍ ခွဲခြားဆက်ဆံခြင်း မရှိစေရ။
၎။ ပညာပေးရေးကိစ္စ
(က) စစ်လေ့ကျင့်ရေးကျောင်းများ၊ စစ်တက္ကသိုလ်များကို သီးခြားဖွဲ့စည်းထူထောင်ရမည်။
(ခ) အဆိုပါ စစ်လေ့ကျင့်ရေးကျောင်းများ၊ စစ်တက္ကသိုလ်များတွင် သင်ကြားပို့ချရာ၌ စစ်ဘက်ဆိုင်ရာဘာသာရပ်များအပြင် ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးဘာသာရပ်များ၊ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာရေးဘာသာရပ်များ၊ အရပ်ဘက်အုပ်ချုပ်ရေးဆိုင်ရာ အခြေခံသဘောတရားဘာသာရပ်များနှင့် ဂျီနီဗာကွန်ဗင်းရှင်း (Geneva Convention) မှ ချမှတ်ထားသော နိုင်ငံတကာအဆင့် တိုက်ပွဲအတွင်း လိုက်နာရမည့် စည်းကမ်းများ (Rules of Engagement) နှင့် ပြည်သူလူထုနှင့်ဆက်ဆံရာတွင် လိုက်နာရမည့်စည်းကမ်းများ (Code of Conducts) တို့ကိုလည်း သင်ကြားရမည်။
၅။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် စစ်ဦးစီးများအဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ လက်အောက်တွင်ဖွဲ့စည်းထားရှိရမည်။ စစ်ဦးစီးများအဖွဲ့တွင် တိုင်းရင်းသားလူမျိုးအသီးသီး၏ စစ်ဦးစီးချုပ်များ အချိုးကျပါဝင်စေလျက် ၎င်းတို့အချင်းချင်းထဲမှ ကာကွယ်ရေးဦးစီးချုပ်တစ်ဦးကို (၁) နှစ်သက်တမ်းအတွက် အလှည့်ကျ ရွေးချယ်ခန့်အပ်ရမည်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တောင်းဆိုတဲ့ ပြည်ထောင်စုတပ်မတော်ဆိုတာ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ အရပ်ဘက်အုပ်ချုပ်ရေးရဲ့ လက်အောက်ခံဖြစ်တဲ့ တပ်မတော်ပါ။ အထက်ဖော်ပြပါ
တိုင်းရင်းသားများရဲ့ မျှော်လင့်ချက်တွေဟာ အမေရိကန်ပြည်ထောင်စု
တပ်မတော်ဖွဲ့စည်းပုံနဲ့ အများအားဖြင့် တူညီပါတယ်။ တပ်မတော်ဟာ
အရပ်ဘက်အုပ်ချုပ်ရေးရဲ့ လက်အောက်ခံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခုဖြစ်ပြီး
အရပ်သား ကာကွယ်ရေးဝန်ကြီးက အုပ်ချုပ်ရမယ်။ ကြည်းတပ်တစ်ခုတည်းက
အင်အားကြီးမား၊ ဩဇာကြီးမားတာမျိုးမဟုတ်ပဲ ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေဟာ
သီးခြားစီဖွဲ့စည်းပြီး တန်းတူညီမျှရှိရမယ်။ တပ်မတော်ကို ကြည်း၊ ရေ၊ လေ
စစ်ဦးစီးချုပ်များ ပါဝင်တဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က
ခေါင်းဆောင်ပြီး ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌကို
စစ်ဦးစီးချုပ်များထဲက အလှည့်ကျရွေးချယ်တာဝန်ပေးရမယ်။ တပ်မတော်ဟာ
ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ မဟုတ်ပဲ
လေးစားလိုက်နာဖို့ ဖြစ်တယ်။ တပ်မတော်ဟာ ရဲတပ်ဖွဲ့နဲ့ သီးခြားဖြစ်ရမယ်။
အဲဒီမျှော်လင့်ချက်တွေကို ဦးသိန်းစိန်အစိုးရနဲ့ မြန်မာ့တပ်မတော်က
လိုက်လျောလိမ့်မယ် မထင်ပါ။ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ
တစ်နိုင်ငံလုံးမှာ အမြင့်မားဆုံးအာဏာရှိနေတဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့
မြန်မာ့တပ်မတော်က တပ်မတော်ပြန်လည်ဖွဲ့စည်းရေးနဲ့ တပ်မတော်ကို
အရပ်သားအုပ်ချုပ်ရေးလက်အောက်ခံဖြစ်ရေး တောင်းဆိုချက်တွေကို
လုံးဝလိုက်လျောလိမ့်မယ် မထင်ပါ။ ဒါဆိုရင်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း သူတို့ရဲ့
လက်နက်ကိုင်တပ်ဖွဲ့များကို ဖျက်သိမ်းကြ၊ အသွင်ပြောင်းကြမှာ မဟုတ်ပါ။
ဒီလိုဆိုရင်ဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေရဦးမှာပါ။