မောင်စိုးချိန် - စစ်ကျွန်ကို ဖျက်သိမ်းပစ်

စစ်ကျွန်ကို ဖျက်သိမ်းပစ်
မောင်စိုးချိန်
ဇူလိုင် ၇၊ ၂၀၁၄


ပခုံးပေါ်
တံပိုးတင်ရုန်းခိုင်း
အဓမ္မ အထပ်ထပ်
မချိမဆန့်
ခံရလွန်းတဲ့ဘဝ
ဖော်ပြနေခဲ့
စစ်ကျွန်……. စစ်ကျွန်…….စစ်ကျွန်။

ဆိုးဝါးလိုက်တဲ့ အနံ့အသက်
ပုတ်အက်အက်
ညှိုးခြောက်အရောင်အဆင်း
မလင်းဘူး….မဝင်းဘူး။

သံမဏိ သံချွန်တတ်
စစ်သံဖနှောင့်အောက်မှာ
လူ့သိက္ခာ ကြေမွသွား
နှစ်ပြားတစ်ပဲတောင် မရှိ
လူ့အဆင့်က
သံချွန်တတ် ကြိမ်လုံးအောက်က
ခိုင်းနွားဘဝ အဆင့်မျှသာ။

စစ်ကျွန် အံကြိတ်ခံလေ
အုပ်စိုးသူ ခိုင်းလို့ကောင်းလေ
အမိန့်ပေးလို့ နာခံလေ
သေနတ်မိုး အုပ်စိုးလို့ ကောင်းလေ
ခိုင်းနွားနဲ့ တထပ်ထဲပဲလေ
ဒါပေမဲ့ ကြေကွဲစရာ
လူမှ မဟုတ်တော့တာ။

လူဟာ သေမျိုးပဲ
စစ်ကျွန်ဘဝဆိုးနဲ့ အဆုံးသတ်
လူဖြစ်ကျိုး မနပ်
မနပ်လိုက်တာလေ။

ဘယ်လိုနေ ဘယ်လိုသေမလဲ
လူဟာ လူလိုပဲနေ
လူလိုပဲ သေသင့်ပေါ့
စစ်ကျွန်ဘဝ စွန့်လွှတ်
ကျွတ်လွတ်အောင် တိုက်ပွဲနဲ့ရုန်း
လူဖြစ်ကျိုး မရှုံးတော့ဘူးပေါ့။

မောင်စိုးချိန်
မေလ ၃၀၊ ၂၀၁၄