ဟန်သစ်နိုင် - မီဒီယာလွတ်လပ်ခွင့်ဆုံးရှုံးခြင်းသည် ဒီမိုကရေစီဆုံးရှုံးခြင်းဟု မင်းကိုနိုင်ပြောကြား

 ဟန်သစ်နိုင် - မီဒီယာလွတ်လပ်ခွင့်ဆုံးရှုံးခြင်းသည် ဒီမိုကရေစီဆုံးရှုံးခြင်းဟု မင်းကိုနိုင်ပြောကြား
ဇူလိုင် ၂၄၊ ၂၀၁၄          
 
   ဇူလှိုင်၁၈ရက် နေ့လည်၂နာရီက ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးတွင် သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး ၈၈မျိုးဆက်ခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုထွန်းမြင့်အောင်နှင့် MJNမှ ကိုနိုင်မင်းဝေ၊ကိုထက်နိုင်ဇော်၊ သတင်းလွတ်လပ်ခွင့်ကော်မတီမှ ကိုသာလွန်ဇောင်းထက်၊အိမွန်ကျော်တို့ ဆွေးနွေးခဲ့ကြသည်။        
        ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်က မီဒီယာများအား ပြောကြားရာတွင်
“ဒီမိုကရေစီရအောင်ကြိုးစားရာတွင် သတင်းလွတ်လပ်ခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ အတူတူတွဲပါနေကြောင်း၊ အနာဂတ်လူ့ဘောင်ကြီးတစ်ခုလုံးအတွက် သတင်းသမားတွေက သတင်းအလုပ်လုပ်နေသလို မိမိတို့သည်လည်း ပြည်သူလူထုအခွင့်အရေး၊ တိုင်းပြည်ရဲ့မူဝါဒပြောင်းလဲမှုများနှင့် နစ်နာဆုံးရှုံးမှုများကိုဖော်ထုတ်ကြိုးစားနေကြောင်း၊သတင်းသမားများသည် မျက်နှာစာသုံးခုလုံးကို ရှင်းရှင်းလင်းလင်းသတင်းစကားပေးရန်၊ ပထမတစ်ခုမှာ အုပ်ချုပ်ရေးဖြစ်ပြီး သတင်းသမားများ၏လှုပ်ရှားမှုမှန်သမျှကိုကန့်သတ်ခံရမှုနှင့်သတင်းရယူမှုများကို ခြိမ်းခြောက်ခံနေရခြင်းသည် အုပ်ချုပ်ရေးယန္တရားပေါ်တွင်ရှိနေခြင်း၊ ဒုတိယတစ်ခုမှာ သတင်းသမားများ အာမခံမရှိသည့်အတွက် သတင်းလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး ဥပဒေအကာအကွယ်စောင့်ရှောက်မှုပိုရရန် ဥပဒေပြုအာဏာဖြစ်သည့် လွှတ်တော်အတွင်းသတင်းစကားတင်ရန်၊ တတိယတစ်ခုမှာ တရားစီရင်ရေးဖြစ်သည့်အတွက် တရားစီရင်ရာတွင် နောင်လာနောင်သားများအား ခြိမ်းခြောက်မှုများဖြစ်စေနိုင်သည့် လိုတာထက်ပိုသည့်တရားစီရင်ရေးများမဖြစ်စေရန် သတင်းသမားများအား သတင်းစကား ရှင်းရှင်းလင်းလင်းပေရန် ပြောသည်။ 
    ဆက်လက်ပြီး “သတင်းလွတ်လပ်ခွင့်ဆုံးရှုံးခြင်းဟာ ဒီမိုကရေစီဆုံးရှုံးခြင်းလို့မြင်သည့်အတွက်ကြောင့် သတင်းသမားတွေရဲ့လွတ်လပ်ခွင့်နဲ့အတူ တိုင်းပြည်ရဲ့နိုင်ငံသားတွေလွတ်လပ်ခွင့်ဟာလည်း တစ်သားတည်းကျတယ်လို့ ခံယူတဲ့အတွက်ကြောင့် သတင်းသမားတွေရဲ့တရားမျှတမှုမှန်သမျှကို ကျနော်တို့ ထောက်ခံအားပေးသွားမယ်လို့” ပြောသည်။