မောင်ဦး - လေးစားတယ် ဆိုတာ
ဇူလိုင် ၂၁၊ ၂၀၁၄
မိတ်ဆွေတစ်ယောက်က ဒီနေ့ RIT(YTU) ကျောင်းသားတွေက ဆရာတွေကို မထေမဲ့မြင် လုပ်ကြတဲ့အကြောင်း၊ နီးစပ်ရာတွေက ဆုံးမပဲ့ပြင်ပေးကြဖို့ တိုက်တွန်းတဲ့အကြောင်းကို ရေးထားတာကို ဖတ်ရတဲ့အခါ ...
"လေးစားမှုက ဘယ်ကလာလဲ"
"တစ်စုံတစ်ယောက်ကို လေးစား၊ ချစ်ခင်လာတဲ့စိတ် ဖြစ်ပေါ်လာအောင် ဘယ်အရာတွေက စေ့ဆော်ပေးသလဲ"
"လေးစားကြပါ၊ လေးစားကြပါ လို့ တိုက်တွန်းပေးလိုက်ရုံနဲ့ လက်ခံပါ့မလား"
စတဲ့ ... မေးခွန်းတွေ အတွေးထဲကို ရောက်လာတယ်။
တကယ်တော့ လေးစားမှု ဆိုတာဟာ အတွင်းထဲက ထွက်ပေါ်လာတဲ့အရာပါ။ ပြင်ပကနေ ထည့်သွင်းပေးလို့ ရနိုင်တာ မဟုတ်ပါဘူး။
နောက်ပြီး ... အပြန်အလှန် သဘောလည်းပါပါတယ်။ ကိုယ်က လေးစားမှ သူက ပြန်ပြီး လေးစားမှာပါ။
အတွေ့အကြုံလေးတစ်ခု ပြောပြချင်ပါတယ်။
ကျွန်တော်တို့ Mechanical မှာ ဒေါက်တာ ကျော်စိန်က machine design သင်တယ်။ fifth year မှာ ထင်ပါရဲ့။ အချိန်က နွေရာသီကြီး။ ပူလောင်၊ အိုက်စပ်နေတဲ့အချိန်။
သူ စာသင်နေတုန်း ကျောင်းသားတစ်ယောက်(အဆောင်နေ ကျောင်းသားဖြစ်မယ်လို့ ထင်တယ်) က စွပ်ကျယ် ချိုင်းပြတ်နဲ့ အတန်းဝင်တက်တာကို မြင်တော့ နောက်ဆိုရင် ရှပ်အင်္ကျီ ၀တ်ပြီးလာဖို့၊ စာသင်ခန်းကို လေးစားမှုရှိဖို့ ပြောတယ်။ ပြီးတော့ ဆရာ ဆက်ပြောတာကို ဒီနေ့အထိ (အနှစ် ၂၀ ကျော်တဲ့အထိ) မှတ်မိနေသေးတယ်။
"ခင်ဗျားတို့ကို လေးစားလို့ တိုက်ပုံဝတ်ပြီး စာသင်နေတာ။ ခင်ဗျားတို့ပဲ အိုက်တယ် ထင်မနေကြနဲ့။ ကျွန်တော့်နောက်ကျောကို ကြည့်လိုက်"
ပြောပြောဆိုဆိုနဲ့ သူ့နောက်ကျောကို အတန်းဘက်ကို လှည့်ပြလိုက်တယ်။
သူ့ကျောတပြင်လုံး ချွေးတွေ ရွှဲနစ်လို့။ ။
မိတ်ဆွေအားလုံးကို လေးစားလျက် ...
စက်မှု(၉၃)မှ ကျောင်းသားတစ်ဦး
(မူအောင်ဖေ့စ်ဘွတ်ကယူတယ်)