တူမောင်ညို - ပြည်သူလူထုက တာဝန်ကျေပါတယ်

ပြည်သူလူထုက တာဝန်ကျေပါတယ်
တူမောင်ညို
ဇူလိုင် ၁၇၊ ၂၀၁၄

“စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” ကို အခုရော၊ နောင်ရော တစိုက်မတ်မတ် ဆန့်ကျင်သွားမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို အလေးထားပါတယ်။ ၈၈ အရေးတော်ပုံကြီးနောက်ပိုင်း  (နဝတ-နအဖ) စစ်အစိုးရရဲ့ အပြင်းထန်ဆုံး ဖိနှိပ်ညှင်းပန်းခြင်း၊ သတ် ဖြတ်ခြင်းခံခဲ့ကြရတဲ့ ဒီချုပ်ပါတီဝင်များအပေါ်လည်းစာနာလေးစားပါတယ်။ ဒီချုပ်ပါတီဝင်များက ဒီချုပ်ပါတီကို “တစ်သက်မှာ နှစ်ဘဝ” ပါ လို့ မချင့်မရဲ ပြောဆိုသံကိုလည်း ကြားပါတယ်။

ဒီချုပ်ပါတီဟာ  “တစ်သက် နှစ်ဘဝ” အတွင်းမှာ သဝေထိုးသွားတဲ့ အကြိမ် ၄ ကြိမ်ရှိခဲ့ပါတယ်။

  • ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ချီတက်ရေးကိစ္စ
  • ဂန္ဒီခမ်းမဆုံးဖြတ်ချက်ကို ပစ်ပယ်ကာ ၁၉၉၂ ခုနှစ်၊  အမျိုးသားညီလာခံ( ကျိုက္ကဆံ) တက်ရန်ဆုံးဖြတ်ခြင်းနှင့် (နဝတ) စစ်အစိုးရရဲ့  (၁/၉၀ ကိုလက်မှတ်ထိုးကြခြင်း)
  • (အခြေခံဥပဒေကိုလက်မခံ/ပါတီမှတ်ပုံမတင်ဟုဆုံးဖြတ်ခဲ့ကြပြီး) “ရွှေဂုံတိုင်ကြေညာချက်” ကိုပစ်ပယ်ကာ “အရှိကို အရှိ တိုင်း အသိအမှတ်ပြုတယ်” လို့ဆိုကာ ပါတီမှတ်ပုံတင်ခြင်း/ ကြားဖြတ်ရွေးကောက်ပွဲဝင်ခြင်း
  • “ဇယား ၄ ကတိသစ္စာပြုချက်ပြင်ဆင်ပေးရန်” တောင်းဆိုခဲ့ပြီး “ဇယား ၄ ” ပါ စကားလုံး အတိုင်း ကတိသစ္စာပြုမည်ဟု ဆုံးဖြတ်ကာ ၂ မေ ၂၀၁၂ တွင် လွှတ်တော်ထဲဝင်ရောက်သွားခြင်း
  
အခုဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဖွင့်ပြောလာသကဲ့သို့ပင် (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရဟာ အောက်တန်း အကျဆုံးနည်းတွေ မီးကုန်ယမ်းကုန်သုံးပြီးတိုက်ခိုက်လာနေပါတယ်။ မကြာခင်က မန္တလေးမှာပေါ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်အပေါ် ဒီချုပ်ပါတီက ထုတ်ပြန်ခဲ့သော ကြေညာချက်ကိုပင် “အတု”လုပ်ပြီးဖြန့်တဲ့ အထိ ဇက်ရဲလက်ရဲလုပ်လာကြပါတယ်။

“ပုဒ်မ ၄၃၆ ပြင်ဆင်ရေး” နဲ့ပတ်သက်ရင်  ကြံ့ဖွံ့အစိုးရကလည်းပြင်ချင်တဲ့ဆန္ဒမရှိ၊ စစ်တပ်ကလည်းမပြင်ချင်ဘူးဆိုတာ ဒီချုပ် ပါတီ ကောင်းကောင်းသိနေပါတယ်။ “ဖြောင့်မတ်သော” နာယကကြီးမှာရော ဘယ်လိုဆန္ဒရှိသလဲ။

အမတ်တစ်ယောက် လစာ ၃ သိန်းသာရနေချိန် အမတ်ချုပ်လစာ ၃၅ သိန်းရနေလို့ မလုံမခြုံခံစားရတယ်လို့ (မဲဆွယ် အပြော လေးနဲ့) နတ်သံနှောနေတဲ့ အမတ်ချုပ် ဗိုလ်ရွှေမန်းက ပုဒ်မ ၄၃၆ ကိစ္စကိုတော့ ဘာခံစားချက်မှ မရှိဘဲပြောထွက်လာပြီ။

ဗိုလ်အောင်သောင်း၊ ဗိုလ်ဌေးဦး တို့ခြံရံထားတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမတ်ချုပ်ဗိုလ်ရွှေမန်းက ဒီချုပ်ပါတီက လုပ်နေတဲ့ ပြင်ဆင်ရေးလှုပ်ရှားမှုတွေဟာ “၃၁ ဦးကော်မတီ” အပေါ် “သိပ်ပြီးသြဇာသက်ရောက်မှုမရှိပါဘူး”လို့ ပြောနေပြီ။ ဒီပြောဆိုချက်က ဒီချုပ် ပါတီအနေနဲ့ လက်မှတ်တွေ ဘယ်လောက်ပဲရရ အရေးမစိုက်ဘူးလို့ပြောတာပါ။

 ဒီစကားကို  ဗိုလ်အောင်သောင်းနဲ့ဗိုလ်ဌေးဦးတို့ ဝဲယာခြံရံပြီးမှ ပြောတာမို့ ကြံ့ဖွံ့ပါတီရဲ့သဘောထားလည်းဖြစ်တယ်။ ဒီတော့ ကြံ့ဖွံ့အမတ်တွေနဲ့ ကာချုပ်အမတ်တွေ စီးနင်းထားတဲ့ လွှတ်တော်ဟာ ဘယ်လိုအဆုံးအဖြတ်ပေးမယ်ဆိုတာရှင်းနေပါတယ်။

ဒါကြောင့် “ပြင်မပေးရင် ဘာဆက်လုပ်မလဲ” လို့ ပြည်သူတွေက  ဒီချုပ်ပါတီကို မေးနေကြတာပါ။ ပြည်သူတွေရဲ့ ဒီမေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေမှာ “တာဝန်ရှိတယ်” လို့ပြောပြီး ပြန်အဖြေပေးနေပါတယ်။

 ၁၉၉၀ ရွေးကောက်ပွဲမှာလည်း တာဝန်သိတဲ့ ပြည်သူတွေဘက်က တာဝန်ကျေခဲ့ကြပါတယ်။ ဒီချုပ်ပါတီကို မဲတွေပုံအောပေး ခဲ့ကြပါတယ်။ “ဂန္ဒီခမ်းမလှုပ်ရှားမှု” ဆိုတော့လည်း ပြည်သူတွေပဲ အားတက်သရော ဝန်းရံခဲ့ကြတာပါ။ (စီအာပီပီ) ဆိုပြန်တော့လည်း  ပြည်သူတွေဟာ ဗေဒါပျံအံကိုခဲဆိုတာလို ရင်စီး၊ခါးစီးပြီး အားပေးခဲ့ကြတာပဲ မဟုတ်ပါလား။ ဒါပေမယ့် ဘာတွေဖြစ်သွားခဲ့သလဲ။

 ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်သူတွေဟာ အားတက်သရော ဒီချုပ်ပါတီကို မဲတွေပုံအောပေးခဲ့ကြပြန်ပါတယ်။ အခုလည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ ပြည်သူတွေဟာ တက်တက်ကြွကြွပါဝင် လက်မှတ်ရေးထိုးနေကြပါတယ်။ ဇွန်လ ၃၀ ရက်မှာ ထုတ်ပြန် တဲ့ ဒီချုပ်ကြေညာချက်အရ (၃၃ သိန်း) ရနေပြီလို့ဆိုပါတယ်။

ပြည်သူတွေဘက်ကပြောရင် ဘယ်အခြေအနေမှာဖြစ်ဖြစ် တာဝန်ကျေပါတယ်။ ပြည်သူတွေဘက် တာဝန်ပျက်ကွက်တာ မရှိခဲ့ ပါဘူး။ ပြည်သူတွေဟာ တရားရှိနဲ့တရားမဲ့သူ၊ ဖိနှိပ်အုပ်စိုးသူနဲ့ အဖိနှိပ်ခံတွေဘက်ကရပ်တည်တိုက်ပွဲဝင်သူကို ရှင်းရှင်းပြတ်ပြတ် ခွဲခြား သိမြင်နိုင်သူတွေဖြစ်ပါတယ်။ ပွင့်လင်းမြင်သာတွေ၊ တရားဥပဒေတွေစိုးမိုးတာတွေမစိုးမိုးတာတွေ၊ အခြေခံဥပဒေဘာညာတွေ၊ နိုင်ငံရေး သဘောတရားဘာညာဟောတတ်ပြောတတ်ချင်မှပြောတတ်ကြပါလိမ့်မယ်။ အမှန်နဲ့အမှား၊ အတုနဲ့အစစ်၊ တရားတာနဲ့မတရားတာတော့ ကောင်းကောင်း ခွဲခြားသိကြသူတွေဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူလူထုမှာ တာဝန်ရှိသလို၊ ပြည်သူလူထုကိုခေါင်းဆောင်နေတဲ့ပုဂ္ဂိုလ်တွေ၊ ပါတီအဖွဲ့အစည်းတွေမှာလည်း မှန်ကန်တဲ့ဦးတည်ချက်ကို ချီတက်နိုင်ဖို့ ဦးဆောင်လမ်းပြရမယ့်တာဝန်ရှိပါတယ်။ မှန်ကန်ပြတ်သားတဲ့ ဦးဆောင်မှုရှိမှသာ သိသာထင်ရှား တဲ့ ရလဒ်ပေါ်ထွက်လာမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောနေဆိုနေတာတွေချုပ်ကြည့်လိုက်ရင် စိမ်ခေါ်ခြင်းတစ်ဝက်၊ ဖြောင့်ဖျနားချခြင်း တစ်ဝက်နဲ့သူ့ဘက် ကနေ အလျော့အတင်းအပေးအယူတွေ ကမ်းလှမ်းနေတာကို တွေ့ရပါလိမ်မယ်။

သာဓကပြရရင်ဖြင့် စစ်သားအမတ် ၂၅% နဲ့ပတ်သက်ပြီး “ လွှတ်တော်အတွင်းမှာ ပြည်သူလူထုကရွေး ချယ်တင်မြှောက်ထား ခြင်း မရှိတဲ့ ကိုယ်စားလှယ်တွေပါရင်ပါ ပါစေ၊ဒါပေမဲ့ အဓိကကျတဲ့ ကိစ္စတွေမှာတော့ မဲပေးပိုင်ခွင့်တော့ မရှိစေသင့်ဘူး” တဲ့။

ဒီချုပ်ကပြင်ဆင်လိုတဲ့ “ပုဒ်မ ၁၆၈ခု”  (၂၀၀၈ အခြေခံဥပဒေပေါ်လေ့လာသုံးသပ်အကြံပြုချက်စာတမ်း) ထဲမှာ အခြေခံဥပဒေ၊ ပုဒ်မ ၆ (ဃ)  “စည်းကမ်းပြည့်ဝသော”ဆိုတဲ့ စာသားကိုဖြတ်ပယ်ရန်နဲ့ ပုဒ်မ ၆(စ) “နိုင်ငံတော်၏အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်း ကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းနိုင်ရေးတို့ကိုအစဉ်တစ်စိုက်ဦးတည်သည်”ဆိုတဲ့ ကို စာပိုဒ်များ၊ ပုဒ်မများ ကို ဖြုတ်ပယ်ရမယ်လို့ဆို ထားသော်လည်း  ပုဒ်မ ၁၄ “ကာချုပ်ခန့်စစ်သားအမတ်များကိစ္စ”ကိုမူ “ဒီမိုကရေစီစံနှုန်းနှင့်ဆန့်ကျင်နေသောကြောင့်” ဆိုတဲ့ အကြောင်း ပြချက်ပေးကာ “အထွေထွေသဟဇာတဖြစ်ရေးအတွက် ဆွေးနွေးညှိနှိုင်းပြီး တစ်ဆင့်ပြီးတစ်ဆင့်ပြင်ဆင်သွားရန်” အဆိုပြုထားပါတယ်။

ဒီအချက်တွေကတစ်ဖက်မှာ  အခြေခံဥပဒေပြင်ဆင်ရေးကို စိမ်ခေါ်သလို အလေးတင်းပြောနေပေမယ့်လည်း အခြားတစ်ဖက် မှာ “အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ပန်းတိုင်ကို ဘယ်တော့မှ မျက်ခြည်မပြတ်ပါဘူး ”ဆိုတဲ့ လေပြေထိုးမှု ကလေးတွေနဲ့ဖြစ်ပါ တယ်။  ဒါပေမယ့် ဒီအချက်တွေနဲ့ပတ်သက်လို့ တစ်ဖက်က (ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့ဘက်က) စိမ်းကားလှပါ တယ်။ ဘာမှမတုန့်ပြန်ပါဘူး။

ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟောပြောနေတဲ့ ဒီမိုကရေစီစံနှုန်းတွေကို တွေကိုမသိလို့မဟုတ်ပါဘူး၊သိပ်သိပါတယ်။ “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”ဆိုတာစစ်အုပ်စုက သူတို့ပေးချင်သလောက်သာ အကန့် အသတ်နဲ့ပေးသနားထားတဲ့“ဒီမိုကရေစီအခွင့်အရေး”မျှသာဖြစ်ပါတယ်။ ဒါဟာ“၂၀၀၈အခြေခံဥပဒေ” ရဲ့ အနှစ်သာရလည်းဖြစ်ပါတယ်။

သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အကန့်အသတ်နဲ့သာနေရာပေးချင်တာပါ။ အာဏာခွဲဝေပေးဖို့ သူတို့မှာ သဘောထားမရှိပါဘူး။ အနောက်အုပ်စုနဲ့သူတို့အကြားက ၁၉၈၈ ကတည်းကစိမ်းကားဝေးကွာသွားကြတာကိုပြန်လည်နီးစပ်ရေးအတွက် ၂ ဖက်စလုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခဲ့ကြတာ၊ အသုံးချနေကြတာသာဖြစ်ပါတယ်။

ကာချုပ်ဗိုလ်မင်းအောင်လှိုင်က ထိုင်းကာချုပ်နဲ့တွေ့စဉ်ပြောတဲ့စကားက ရှင်းနေတာပါပဲ။ “ဒီမိုကရေစီသည် စည်းနှင့် ကမ်းနှင့် သွားရသည်ဆိုသည့် အမြင်ရှိရန်လိုအပ်ကြောင်း”ပြောနေတယ်မဟုတ်ပါလား။

ဘာပဲဖြစ်ဖြစ် “၂၀၀၈အခြေခံဥပဒေ”ကို လွှတ်တော်တွင်းကနေပြင်ဆင်ရေးဆိုတဲ့ ဒီချုပ်ပါတီရဲ့ “စမ်းသပ်ချက်” ဟာ လုံးဝ မအောင်မြင်နိုင်ဘူးဆိုတဲ့ အတွေ့အကြုံနဲ့သင်ခန်းစာရရှိတယ်ဆိုတဲ့  ဘက်ကပြောမယ်ဆိုရင် ပြည်သူများအတွက် အကျိုးရှိပါတယ်။