ထူးထူး (တောင်ငူ) - သွပ်သွပ်ရဲ့ဖြစ်ပုံ

သွပ်သွပ်ရဲ့ဖြစ်ပုံ
ထူးထူး (တောင်ငူ)၊ ဇူလိုင် ၁၆၊ ၂၀၁၄


မြန်မာပြည်မှာကျေးရွာပေါင်း (၆၃,၀၀၀) ကျော်ရှိတဲ့အနက်  ပျဉ်းမနားမြို့အနီးက သူကြီး သိန်ပေါသွပ် အုပ်ချုပ်တဲ့ “အလျှင်လို” ရွာလေးရဲ့သတင်းဟာ ဒီနယ်တစ်ဝိုက်မှာတော့ မွှေးပျံလျက်ရှိပါတယ်...

သတင်းမွှေးတယ်ဆိုတာကလည်း ရွာကိုအုပ်ချုပ်တဲ့သူကြီး၊ စစ်ပြန်ကြီး “သိန်ပေါသွပ်”ကြောင့်ပေါ့ - သူတပ်ထဲမှာတာဝန်ထမ်းဆောင်ခဲ့စဉ်က ရှေ့တန်းစစ်မြေပြင်တွေမှာရွပ်ရွပ်ချွံချွံ ကတုပ်ကျင်းထဲမှာ ဝပ်နေခဲ့သလို၊ နောက်တန်း ရောက်တော့လည်းစာရင်းဇယားတွေကို နိုင်နိုင်နင်းနင်းနဲ့စီမံခန့်ခွဲနိုင်လို့ သူ့ကို “စာရေးကြီး” လို့လည်းခေါ်ကြတယ်။ ခင်မင်ရင်းနှီးတဲ့သူတွေကသူ့ကို “သွပ်သွပ်” လို့လည်း အဖျားဆွတ်ကြပြန်တယ်။

သုံးမည်ရသွပ်သွပ်ကားရွာလေးကို မည်သို့မည်ပုံတိုးတတ်အောင်လုပ်ဆောင်ရမည်ဆိုတာကို နေ့စဉ် အချိန်နဲ့အမျှ မြန်မာ့အသံရေဒီယိုနားထောင်ရင်းကြံစီတွေး တောနေတဲ့သူတစ်ယောက်ဖြစ်တယ်။

လယ်ထဲ၊ ကိုင်းထဲမှာတစ်နေကုန်အလုပ်လုပ်ကြရတဲ့ ရွာသူရွာသားတွေဟာ အလုပ်သိမ်းလို့ အိမ်ပြန်ရောက်တာနဲ့ ညစာအတွက်ပြင်ဆင်၊ စားသောက်ပြီး၊ မအိပ်ခင် သွပ်သွပ်အိမ်ကိုသွားပြီး၊ သွပ်သွပ်ပြောပြတဲ့ရှေ့ဟောင်းနှောင်းဖြစ်တွေ၊ တိုက်ပွဲအကြောင်းတွေ၊ သတင်းထူးတွေ၊ ရွာရဲ့ရှေ့ရေး အတွက် သွပ်သွပ်ချမှတ်တဲ့ လမ်းစဉ်တွေ၊ မူဝါဒတွေကို သွားနားထောင်ကြပါတယ်။

ရိုးသားဖြူစင်တဲ့ရွာသူရွာသားတွေဟာ အမြဲတမ်း သွပ်သွပ်ပြောသမျှကို ဘာစောဒကမှမတတ်ဘဲ
ငြိမ်ငြိမ်လေးနားထောင်လေ့ရှိပါတယ်။ သွပ်သွပ်ရဲ့လက်စွဲတော်  နှလုံးပြူးကြီးနဲ့ အိမ်အောက်က ထိပ်တုံးကိုကြောက်တာလည်းပါတာပေါ့လေ...

+++

အခုတစ်ခေါက်တော့ သူကြီးပြောသမျှကို အမြဲတမ်းငြိမ်ပြီးနားထောင်လေ့ရှိတဲ့၊ ရွာသားတွေဟာ သွပ်သွပ်ကိုမေးခွန်းတွေပြန် မေးနေလို့သွပ်သွပ်တစ်ယောက်ဇောချွေးပြန်နေရပါပြီ...

မြန်မာ့အသံရေဒီယိုကိုနားထောင်ပြီး၊ သွပ်သွပ်တစ်ယောက် အခုလာမယ့် (၁၉) ဇူလိုင် အာဇာနည်နေ့ မှာ ဆူဆူညံညံအသံတွေ မလုပ်ဖို့တစ်ချက်လွတ်အမိန့်ထုတ်လိုက်တာပါ ...

“ကဲ ငြိမ်ငြိမ်နားထောင်ကြ၊ အခုလာမယ့် (၁၉) ဇူလိုင်၊ အာဇာနည်နေ့မှာ ဆူဆူညံညံအသံတွေ မကြားချင်ဘူး။ တစ်ရွာလုံး တိတ်တိတ်နေရမယ်။ ဖြစ်နိုင်ရင် လေတောင်မလည်နဲ့။  မဟုတ်ရင် လိုင်စင်သိမ်းမယ်၊ ထိပ်တုံးနဲ့တွေ့မယ်” လို့ စစ်သားလူထွက်ပီပီ သွပ်သွပ်တစ်ယောက် သြဝါဒပေးလို့မှ မဆုံးသေးဘူး...

နားထောင်နေတဲ့ရွာသားတွေလှုပ်လှုပ်ရွရွဖြစ်သွားပြီး၊ မေးခွန်းတွေမမေးစဖူး ပြန်မေးနေကြပါပြီ...

+++

ပထမဦးဆုံးမေးတဲ့သူကတော့

ဗိုက်ကြီးသည်မဖြူအေး ။ ။ “သူကြီး ကျုပ်ဗိုက်ကနေ့စေ့လစေ့ဖြစ်နေပြီတော့...
အကယ်လို့များ အာဇာနည်နေ့မှာ ဗိုက်နာရင် မအော်ရတော့ဘူးလား။ တော်က ဟိုဟာ ပိတ်မယ်ဆိုတာကိုကျုပ်နားမလည်ဘူး။ ရှင်းပြပါအုံးတော် ... ကျုပ်ယောက်ျားကိုရင်သာလှ ကိုပြန်ရှင်းပြရအောင်လို့ .... တော်တော်ကြာ သူကျုပ်ကိုစိတ်ဆိုးနေအုံးမယ်တော့” ....

ဝမ်းဆွဲဆရာမဒေါ်သန္တာစိုး ။ ။ “သူကြီး ... ကျွန်မတစ်ခုမေးပါရစေ။ ဆူဆူညံညံ လုပ်ရင် လိုင်စင် သိမ်းမယ်ဆိုတာမဖြစ်သင့်ဘူးထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကတစ်ခါတစ်လေ... မွေးလူနာတွေကို အားပေးရင်း ကိုယ်ပါဝင်ဝင်ပြီး အော်မိတယ်။ အာဇာနည်နေ့မှာ မွေးလူနာရှိလို့ အော်မိရင် ဒုက္ခ”....

သွပ်သွပ် တစ်ယောက်ဘာပြန်ပြောရမှန်းမသိဖြစ်နေတုန်း....

ဘုန်းကြီးကျောင်းသားပုရစ် ။ ။ “သူကြီး ... ကျုပ်ကနံနက်တိုင်း ဘွန်တော အော်ရတာဗျ။ အဲ့နေ့မှာ မအော်ရတော့ဘူးလား”...

ကျောင်းဆရာမလေး ချိုချိုအောင် ။ ။ ရဲဝံ့ပြတ်သားစွာနဲ့လူပုံအလည်မှာမတ်တတ်ထရပ်ပြီး ရင်လေးကိုကော့ခါ “သူကြီးရှင့် ... ကျွန်မတစ်ခုမေးပါရစေ... အာဇာနည်နေ့မှာ ကျောင်းတတ်၊ ကျောင်းဆင်း နဲ့ အတန်းပြောင်း ခေါင်းလောင်းတွေ မထိုးရ တော့ဘူးလား” ....

ဇောချွေးတွေ ဇီးသီးလုံးလောက်ထွက်နေတဲ့ သွပ်သွပ်ကချွေးမသုတ်အားသေးဘဲ၊ ပြန်ပြောလိုက်ပုံက “ဟေ့ တိတ်ကြစမ်း၊ ဒီကိစ္စအတွက် ငါအမြန်ဆုံး စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့မယ်” တဲ့ ဗျာ....။

Illustration - Cartoon Saw Ngo