နီနီမာ - ကိုယ့်အသက်ကို ဖက်နဲ့ မထုပ်သော်လည်း
နီနီမာ - ကိုယ့်အသက်ကို ဖက်နဲ့ မထုပ်သော်လည်း
ဇူလိုင် ၃၁၊ ၂၀၁၃
    “ဟေ့ ... မင်းတို့ အသက်တွေ ဖက်နဲ့ ထုပ်ထားကွ။ ဟားဟားဟားဟား”
    “ ခွပ်ခွပ်ခွပ်ခွပ်”
                  ကားပေါ်စတက်တက်ချင်း ကြားလိုက်ရတဲ့  အသံကြောင့် ကြက်သီးမွေးညှင်းတွေထသွားအောင် လန့်သွားတယ်။ကိုယ့်ခေါင်းပေါ်တည့်တည့်က အော်သံကြားရာဆီ မျက်စိရောက်သွားမှ     ရင်ဘတ်ထဲမှ တဖျပ်ဖျပ်ခုန်နေသော လိပ်ပြာလေးကို  ကလူကလူလို့ ပြန်ခေါ်မိတော့တယ်။ ကားခေါင်းခန်းဒရိုင်ဘာထိုင်ခုံ အပေါ်ဖက် တီဗီထဲမှ နှုတ်ခမ်းမွေးကားကား  မျက်နှာထားတင်းတင်းနှင့် လူကြမ်းသရုပ်ဆောင်ကြီးရဲ့   မျက်နှာကြီးက  သူ့အသံလိုပင် ခက်ထန်မာကျောလှတယ်။ ရွာသူရွာသားတွေကို ကြိမ်းမောင်း၊ မြင်းခွါသံတဖြောင်းဖြောင်းနဲ့  ထွက်သွားတာကို မြင်လိုက်ရတဲ့  ခဏတာအတွင်းခရီးစဉ်တလျှောက်  ဒီဇာတ်ကားကြီး မပြီးမချင်း  မကြည့်ချင်မြင်လျှက်သား၊ မကြားချင်နားထောင်လျက်သား ဖြစ်ရမယ့် အရေးကိုတွေးကာ  စိတ်မသက်သာလှပေ။ ရှေးလူကြီးတွေလို အတိတ်နိမိတ်ကောက်တတ်ပုံနှင့်ဆို ခရီးဆက်ဖို့တောင် မလွယ်။
            ထူးပါဘူးလေ။ဗမာပြည်မှာ အမြန်ယာဉ်စီးရတယ်ဆိုတာကလဲ  အသက်ကိုဖက်နဲ့  ထုပ်ထားရသလိုပါပဲလေ။ ခုတလော အမြန်ယဉ်တွေရဲ့  မတော်တဆသတင်းတွေကလည်း  မကြားဝံ့မနာသာ။ 
            မကြာသေးမီကာလလေးကပင်  နေပြည်တော် အမြန်လမ်းမကြီးပေါ်မှ ရာဇာမင်း
အမြန်ယာဉ်တိမ်းမှောက်မှုက အများပြည်သူကြားမှာ  ပူနွေးလတ်ဆတ်စွာခြောက်လှန့်ဆဲ။ ကိုယ်တွေ သွားနေရတဲ့ ရန်ကုန်ပြည်ကားလမ်းမ ပေါ်မှာတော့  ဒီလို ပိုးစိုးပက်စက် အဖြစ်မျိုးသိပ် မဖြစ်တတ်လို့ တော်ပါသေးရဲ့  လို့ ဖြေတွေးတွေးရင်း ကိုယ့်ထိုင်ခုံကိုယ်ထိုင်ပြီး   မျက်စိကို အသာမှိတ်ကာ   ဘုရားစာရွတ်နေလိုက်တယ်။
    “ ကျမ ခုံနံပါတ်(၇)က  နံရံနဲ့  ကပ်လျက်လေ” အမျိုးသမီးတဦးရဲ့  ခပ်အေးအေး လေသံကို
    “ကျမက ခုံနံပါတ်(၈)ပေမဲ့   နံရံနဲ့  ကပ်ရက်မှာ ထိုင်ရမယ်လို့  လက်မှတ်ရောင်းသမားတွေက ပြောလိုက်တယ်” ခပ်စူးစူး ခပ်စွာစွာ အမျိုးသမီးတယောက်အသံက တုန့်ပြန်လိုက်တယ်။
       မျက်စိကို အသာဖွင့်ရင်း သူတို့ အငြင်းပွါးမှုကို နားစွင့်မိတယ်။ကားနံဘေးနံရံတွေပေါ်က ခုံနံပါတ်တွေ ရေးထားတဲ့အရဆို ခုံနံပါတ်(၇) အမျိုးသမီးက မှန်နေပေမဲ့  ခုံနံပါတ်(၈) အမျိုးသမီးက  ခပ်တင်းတင်းနဲ့   လက်မှတ်ရောင်းတဲ့  ကားဂိတ်က အမျိုးသမီးလေးကို သွားခေါ်လာတယ်။
    လက်မှတ်ရောင်းတာဝန်ခံ အမျိုးသမီးငယ်လေးက  ခရီးသည်တယောက်ချင်းရဲ့  မှတ်ပုံတင်နံပါတ်တွေ မေးပြီး  စာရင်းသွင်းရင်း  အငြင်းပွါးရာ ခုံတွေအနီးရောက်လာတော့  ကားပေါ်က ခရီးသည်တွေက  သူတို့ကို အာရုံစိုက်နေတာပေါ့။
လက်မှတ်ရောင်းအမျိုးသမီး။   ။  “အမတို့ ကားလက်မှတ် ဘယ်လောက်တန်တွေ ဖြတ်ခဲ့ လဲ”
ခုံနံပါတ်(၇) အမျိုးသမီး။     ။၄၅၀၀
ခုံနံပါတ်(၈) အမျိုးသမီး။      ။“ငါက ၅၀၀၀ တန် ဖြတ်တာ”
လက်မှတ်ရောင်းအမျိုးသမီး။   ။ဒါဆို  ၅၀၀၀တန် ဖြတ်တဲ့  အမကို နံရံနားကို  ထိုင်ခိုင်းလိုက်ပါ”
 တကားလုံးက ၀ိုင်းကြည့်နေလို့လားမသိ၊ နံရံနားကပ်ရက်ထိုင်ခုံဖြစ်သော ခုံ နံပါတ်(၇)  ပိုင်ရှင်အမျိုးသမီးက  ဘာမှ မပြောတော့ပဲ နေရာလဲပေးလိုက်တယ်။ မျက်နှာကတော့ သိပ်ကျေနပ်ပုံမပေါ်။ သူတို့ကို ကြည့်ရင်း  ကိုယ့်စိတ်ထဲမှာတော့  ခိုးလိုးခုလု။ တမျိုးကြီး။ ပြီးတော့မှ  ကိုယ်လဲ  လက်မှတ်ဖြတ်တုန်းက  ၅၀၀၀ကျပ် ပေးလိုက်ရတာကို  သတိပြန်ရတယ်။ ခါတိုင်း ဒီလမ်းဒီခရီးဆို (၄၅၀၀)ကျပ်ပါ။ ဈေးတက်တာထင်ပါရဲ့ လို့ သာမန်ကာလျှံကာတွေးပြီး ၅၀၀၀တန်တရွက် အလွယ်တကူ ပေးခဲ့ မိတာ။ခုတော့  ကားလက်မှတ်က နှစ်မျိုးနှစ်စားရှိနေပါလား။ ၅၀၀ ကျပ် ပိုပေးတဲ့ သူက  မမှန်မကန်လုပ်လဲ အခွင့်အရေးပိုရနေပါလား။
           ဒါနဲ့   ကိုယ့်အနားကို ရောက်လာတဲ့  လက်မှတ်ရောင်းအမျိုးသမီးလေးကို “လက်မှတ်က  ဘာလို့ ၄၅၀၀နဲ့  ၅၀၀၀ နှစ်မျိုးရှိနေတာလဲ”လို့ မေးလိုက်တော့
           တကယ်ဆို  လက်မှတ်ရောင်းကတည်းက  ခရီးသွား အာမခံ(၅၀၀)ကျပ် ရှိတယ်။အာမခံမထားချင်လဲ ရတယ်။ကားလက်မှတ်ကတော့ ၄၅၀၀ ပါ။ ဒီလို ရှင်းရှင်းလင်းလင်း ပြောရမှာ။ ဒါခရီးသည်တွေကို မလိမ့်တပတ်လုပ်တာပဲလို့  တွေးရင်း  ဒေါသထွက်လာတယ်။ ခုံနံပါတ်(၇) အမျိုးသမီးကြီးဆို ခရီးသွားအာမခံမထားလို့  ၄၅၀၀ပဲ ပေးရတာပေါ့။ အင်းလေ ... ကိုယ့်ဖာသာပဲ အပြစ်တင်ပါတော့မယ်။ ခုံနံပါတ်(၇) အမျိုးသမီးကြီးလို  ဂဃနဏ မမေးပဲ လွယ်လွယ်ကူကူ  (၅၀၀၀) ထုတ်ပေးလိုက်တဲ့ ကိုယ်ညံ့လို့ပေါ့လေ။
               စိတ်စနောင့်စနင်းရှိနေတုံးကားက ဖွင့်ထားတဲ့  တီဗီကလည်း ခရီးသည်တွေကို ဖြေဖျော်ရာ မရောက်တော့ပဲ  အသံရော ရုပ်နဲ့ ပါ နှိပ်စက်နေလေတယ်။ ကဲပါလေ - ဘုရားစာလဲ  ရွတ်လို့မရမယ့်အတူတူတော့ စာဖတ်တာပဲ ကောင်းပါတယ်လို့ တွေးရင်း  လမ်းက ၀ယ်လာတဲ့   ပြည်သူ့ခေတ်ဂျာနယ် ကို ထုတ်ဖတ်လိုက်တယ်။ပြည်သူ့ခေတ် အတွဲ ( ၄)  အမှတ်(၁၁၉  )ထဲက ဆောင်းပါးတွေကို  စိတ်ဝင်စားသွားလိုက်
တာ ကားဘယ်ရောက်နေမှန်းနဲ့   ကားထဲမှာ ဘာဖြစ်နေမှန်းတောင် မေ့သွားတယ်။
               ဟော ... စာမျက်နှာ(၂၇ )က ဦးဟံသာမြင့် ရဲ့  “ရာဇာမင်း၊အမြန်လမ်းနှင့် မင်းရာဇာများ      ”  ဆိုတဲ့  ဆောင်းပါးခေါင်းစဉ်ကို  မြင်လိုက်တော့မှ ကိုယ်ကိုယ်တိုင်   အမြန်ကားစီးနေဆဲအဖြစ်ကို သတိပြန်ရသွားပြီး  ကျောထဲမှာ စိမ့်ချမ်းလာသလိုလို ဖြစ်လာတယ်။
           ဟောရှေ့ နားမှာက  နွားရိုင်းသွင်းချိန်မို့ နွားအုပ်တအုပ်ကို မြင်လိုက်ရပြန်တယ်။ ပေကပ်ကပ် ကျွဲတကောင်က  နွားအုပ်ထဲက  ဖဲ့ ထွက်ပြီး လမ်းပေါ်ဖြတ်လိုက်သေးတယ်။
    “ ပွမ်ပွမ်ပွမ်”
    ကားဟွန်းသံရှည် ဆွဲနေတာတောင်  ခြေလှမ်းမပျက်  လမ်းဖြတ်နေတဲ့  ကျွဲကို ကြည့်ပြီး  စပယ်ယာလေးက
    “ ကျွဲပါး ဟွန်းတီးဆိုတာ - ဒါပဲ ဆရာသမားရေ ... ဟိုးထား”
    ကားဒရိုင်ဘာကတော့ ကားကို အရှိန်သတ်ရင်းသူ့ထုံးစံအတိုင်း ကွမ်းသွေးတွေနီရဲနေတဲ့  ပါးစပ်ကြီးနဲ့  ကျွဲကို ဆဲပါတော့တယ်။
    အချိန်မီကားစက်မရပ်နိုင်ရင် မရှောင်နိုင်ရင် မတွေးရဲစရာပါလား။
    ခရီးစဉ်တလျှောက်လုံး ခရီးသည်တွေရဲ့  အသက်နဲ့  ကံကြမ္မာကို  ကားဒရိုင်ဘာရဲ့  လက်ထဲ  ၀ကွက် အပ်ထားရတာပါလား။
    ကားဒရိုင်ဘာ တချက်မှားရင်၊ ဒါမှမဟုတ် - ကားလမ်းမရဲ့  ချို့ယွင်းချက်ကြောင့်  တစုံတရာ မတော်တဆမှု တခုခု ဖြစ်ခဲ့ ရင်ခရီးသည်တွေရဲ့ အသက်တွေ ဘ၀တွေ ဆုံးရှုံးမှုတွေ။
    အိုး ... တွေးရင်း တွေးရင်း ... ရာဇာမင်းကား ကြီး ချောက်ထဲတိမ်းမှောက်ကျသွားစဉ်က  ကားပေါ်ပါတဲ့ ခရီးသည်တွေရဲ့ 
ထိတ်လန့်တကြား အော်ဟစ်နေကြမဲ့အသံတွေကို ကြားယောင်လာတယ်။ သူတို့ရဲ့ အသက်တွေ  ဘ၀တွေ ဒီလိုဆုံးရှုံးရလိမ့် မယ်ဆိုတာ - ဒီကားပေါ်က စတက်တဲ့အချိန်မှာ   ဘယ်တွေးမိပါ့မလဲ။ ဘယ်တွေးချင်ပါ့မလဲ။  ပေါက်တတ်ကရ အတွေးတွေကို  ထုတ်ပစ်ဖို့  ခေါင်းကို ယမ်းခါရင်း ဖတ်လက်စ ဆောင်းပါးကို ဆက်ဖတ်လိုက်တော့ ...
      “အာဏာပိုင်များရဲ့  တုံ့ ပြန်ဖြေရှင်းမှုတွေထဲမှာ ခရီးသွားပြည်သူလူထု ချက်ခြင်း ခံစားလိုက်ရတာကတော့ ခရီးသွားအာမခံ ဆိုတာပါပဲ။ သမတကြီးရဲ့  အမိန့်နဲ့ လို့ ဆိုပြီး အမြန်ယာဉ်လိုင်းတွေမှာ လက်မှတ်ဝယ်ကတည်းက ငွေ(၃၀၀)ကို ကြိုပေါင်းပြီး  အာမခံကြေး ပေးနေရပါပြီ။ မ၀ယ်မနေရ မဟုတ်ပါဘူး ဆိုပေမဲ့  ငြင်းလို့မရတော့ ဘာထူးသေးလဲ ”
              ဟာ .... ဆောင်းပါးထဲကအဆိုအရ  နေပြည်တော်အမြန်လမ်းမကြီးပေါ်က ကားလိုင်းတွေတောင်  ခရီးသွားအာမခံကြေး  ၃၀၀ ဆိုပါလား။ လမ်းကြောင်းတိုတဲ့  ပြည် - ရန်ကုန် အမြန်ကားတွေစီးတဲ့ခရီးသည်ဖြစ်ပြီး   ခရီးသွားအာမခံကြေး ၅၀၀ ပေးလိုက်ရတဲ့  ကိုယ့်အဖြစ်ကို တွေးလေတွေးလေ  ဒေါသတွေ အလိပ်လိုက်ထလာလေပဲ။ ခုချိန်မှ ကားပေါ်က ဒရိုင်ဘာ စပယ်ယာနဲ့  ငွေကိုင်ကားတာဝန်ခံကိုပြောရကောင်းမလား။
    ပြောလဲ - ဂိတ်က ဖြတ်တာ ... ကျနော်တို့ နဲ့  မဆိုင်ဘူးဆိုပြီး ကျွဲပါးစောင်းတီးဖြစ်ဦးမယ်။ ထူးပါဘူးလေ၊ ညံ့ဦးဟဲ့  ... ခံဦးဟဲ့  ... လို့ပဲ ကိုယ့်ပေါင်ကို ပြန်ဆိတ်ပြီး ဆုံးမလိုက်ပါတယ်။ ဆောင်းပါးကို ဆက်ဖတ်တော့
    “ကားမှောက်လို့ သေရင် ကျပ်သိန်း (၃၀) လျှော်ကြေးရမယ်တဲ့။ ဘယ်သူကမှ  ဒီခရီးမှာ ငါသေမသေ ဆိုပြီး ကိုယ့်အသက်ကို တသောင်းလေး တလေး  လောင်းချင်ပါ့မလဲ။ဒါကြောင့် အကာအကွယ်ရအောင် အစိုးရအာဏာနဲ့  အတင်းရောင်းတာပါ ဆိုလာရင်တော့ ပြောစရာတွေ ရှိပါတယ်”
        အင်းလေ ...  ပြီးခဲ့ တဲ့  ရာဇာမင်းပြုတ်ကျကာစရက်က သတင်းတွေထဲမှာ အာမခံ ၀န်ကြီးတပါးက
    “ ခရီးသွား အာမခံထားခြင်းဖြင့် ငွေ ၃၀၀ ရင်းလိုက်ထားတာကနေ   သိန်း(၃၀) ပြန်မြတ်တာ”လို့  လူ့ အသက်ကို ဖက်ရွက်လောက်  သဘောထားပြီး အရောင်းမြှင့်တင်ရေး လုပ်လိုက်လို့ သတင်းစာတွေ ဂျာနယ်တွေ က ထောက်ပြဝေဖန်သံတွေ သောသောညံခဲ့ သေးတာကို အမှတ်ရ လိုက်ပါသေးတယ်။ ပြည်ထောင်စုဝန်ကြီးတွေ ပြောတတ်ဆိုတတ် ရှိကြပုံကတော့  ကမ္ဘာမှာ မြန်မာဟေ့လို့ တောင် ကြံဖန်ဂုဏ်ယူလိုက်ချင်ပါသေးတယ်။ဒါနဲ့ ဆရာဦးဟံသာမြင့်ရဲ့ ဆောင်းပါးကို ဆက်ဖတ်တော့
           “အများပြည်သူ မ၀ယ်မနေရ လုပ်ဖို့ဆိုရင်  ဥပဒေတခုခု ရှိဖို့လိုမယ်ထင်ပါတယ်။ ဘယ်ဥပဒေ နည်းဥပဒေတွေအရ  လုပ်တာပါလဲ” လို့ မေးခွန်းထုတ်ပါတယ်။
      “ပြည်သူလူထုက  ဘာမသိညာမသိနဲ့  ပိုက်ဆံပိုကုန်ရုံတင်မကပါဘူး။ အရင်က မြန်မာ့အာမခံတစ်ခုတည်းက ခရီးတကြောင်းကို ၁၀၀နဲ့ ရောင်းနေတဲ့ အာမခံကို  သုံးရာအထိတင်လိုက်ပြီး ပုဂ္ဂလိက အာမခံကုမ္မဏီတွေ အားလုံးကို ရောင်းချခွင့်ပေးလိုက်ပါတယ်။မော်တော်ယဉ်လိုင်းတွေကိုတော့  ကုမ္မဏီများ ကိုယ့်ဖာသာမျှရောင်းကြ။ ကိုယ်ပိုင်ကားတွေကိုတော့ ကြည့်ရောင်းကြ။ ရတဲ့အထဲက တ၀က်ကို မြန်မာ့အာမခံကို ပြန်သွင်း စသဖြင့် စီမံခန့်ခွဲတယ်လို့ ကြားပါတယ်”
      ဆောင်းပါးကို  ဖတ်ပြီး ငိုချင်ရက်လက်တို့ လိုက်သလိုပါပဲ။ အော် ... တရားဝင် ၁၀၀တန် အာမခံကို တရားမ၀င့်တ၀င် ၃၀၀ ကျပ်နဲ့ တင်  ရောင်းခိုင်းတယ်။ တဆင့်ခံတွေက  ၅၀၀ကျပ်နဲ့ ခရီးသွားပြည်သူကို ရောင်းစားပြန်တယ်။ သူတို့ မျှစားဝေစား စီမံချက်တွေထဲမှာတို့ ပြည်သူတွေ နင်းသမျှ ပြားနေရတဲ့အဖြစ်ကို  တွေးမိတိုင်း  အရိုးပါမက   ကလီစာတွေပါ နာလာပါတယ်။ ဆောင်းပါးကို  ဆက်ဖတ်လိုက်တော့   ကလီစာတွေတင်မက အကြောအသွေးအသားတွေပါ တဆစ်ဆစ် နာလာပါတော့တယ်။
           “ဒါနဲ့ ပတ်သက်လို့  ပထမပြောစရာရှိတာက  အများပြည်သူသုံးလမ်းပေါ်မှာ သွားတဲ့စက်တပ်ယာဉ်မှန်သမျှနဲ့  သက်ဆိုင်တဲ့  ၁၉၇၆ ခုနှစ် သူတပါးထိခိုက်မှု  အာမခံဥပဒေဆိုတာ အခုထိ အသက်ဝင်နေပါသေးတယ်။ အဲဒီ  ဥပဒေအရ  မော်တော်ယဉ်ပိုင်ရှင်မှန်သမျှဟာ လိုင်စင်နှစ်စေ့သွားရင် သက်တမ်းမတိုးမီ ပရီမီယံ ဆောင်ရတယ်ဆိုတာ  အားလုံးအသိပါ။ ဒါပေမဲ့  ဘာကြောင့် ပေးနေရတယ် ဆိုတာ သိသူနည်းပါတယ်။ အစိုးရကို အာမခံအခွန် ပေးနေရတာလို့  ထင်နေကြပါတယ်”
    အင်း... မြန်မာပြည်သူအများစု (ကိုယ်အပါအ၀င်) ကိုယ်စီးတဲ့  မြင်းကို အထီးလား အမလားမသိကြတာ များများနေတော့  အစိုးရအတွက်တော့ မျက်ဖြူဆိုက်လေဆရာကြိုက်လေ ဖြစ်နေပါတယ်။
             “ သူတပါးထိခိုက်မှုအာမခံဆိုတာ စီးပွါးရေးလုပ်ငန်းမဟုတ်ပါ။တကယ်တော့  လူမှုဖူလုံရေး ရံပုံငွေကောက်သလိုပါပဲ။ သူတပါးထိခိုက်မှု အာမခံဆိုတာ အရေးပေါ်ကိစ္စပေါ်လာရင်  သုံးဖို့ကြိုတင်ကောက်ခံ စုဆောင်းတာပါ။ ကွာခြားချက်က  လူမှုဖူလုံရေး ရံပုံငွေက စုဆောင်းသူအလုပ်သမားမိသားစုအတွက်ရည်ရွယ်တာ ဖြစ်ပြီး သူတပါးထိခိုက်မှု အာမခံကတော့  ဥပဒေနံမည်အတိုင်းပဲ မော်တော်ယာဉ်ကို  အများပြည်သူကြားမှာ သွားလာသုံးစွဲခြင်းကြောင့် သေဆုံးထိခိုက်ဒဏ်ရာရ ဆုံးရှုံးရတဲ့   ကားပိုင်ရှင်မဟုတ်တဲ့  သူတပါး(စီးနင်းတဲ့ ခရီးသည်များ အပါအ၀င်)ကို  ငွေကြေးအရ ပေးလျှော်ထောက်ပံ့ နိုင်အောင် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။အစိုးရရဲ့  အခြားသောလုပ်ငန်းများအတွက် ကောက်ခံတာ မဟုတ်သလို မြန်မာ့အာမခံလုပ်ငန်းရဲ့ အခြားသောလုပ်ငန်းများလို  အမြတ်အစွန်းအတွက်  အတွက် စီးပွါးရေး လုပ်ငန်း မဟုတ်ပါဘူး”
                အခုလို ဆောင်းပါးရှင် ဦးဟံသာမြင့်က  တာဝန်သိသိ ကလောင်စွမ်းနဲ့  မီးမောင်းထိုးပြတာကို ဖတ်လိုက်ရတော့မှပဲ "အော် ... ငါတို့ညံ့လို့ သူတို့ အနိုင်ကျင့်ယုတ်မာသမျှ ခံနေရပါလား ..." လို့  နားမျက်စိတွေ ပွင့်လာပါတော့တယ်။
    ဆရာက  ဆက်ပြီး နှစ်ပေါင်းလေးဆယ်ကျော်နီးပါး သူတပါးထိခိုက်မှု အာမခံက နှစ်တိုင်း အမြတ်ပေါ်ခဲ့ တာတွေကို ကိန်းဂဏန်းတွေနဲ့ တွက်ချက်ပြပါတယ်။
    “ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ပရီမီယံ ၈၃ ဘီလျှံကျပ် ၀င်ခဲ့တာ။ ပေးလျော်တာ ၀ဒသမ ၅၉ ဘီလျှံသာရှိခဲ့လို့  ၉၃ ရာခိုင်နှုန်းနီးပါး မြတ်နေတာကို တွေ့ ရတယ်။ လူမှုရေး လုပ်ငန်းတခုမှာ ၉၃ရာခိုင်နှုန်း မြတ်နေတယ် ဆိုတာ  ဘယ်လိုမှကြားလို့ မကောင်းတဲ့  ကိစ္စရပ်ပါ။ ဒီလောက်မြတ်နေရင် လျော်ကြေးနှုန်းကို ဆယ်ဆတင်လိုက်ရင်တောင်မှ အစိုးရက စိုက်ပေးစရာမလိုပါဘူး။ ဒီတော့  မြန်မာ့အာမခံ ကပဲ သေဆုံးတဲ့ ခရီးသည်များအတွက် တဦးကို  အခုပေးလျော်နှုန်း  ၅သိန်းကနေ ဆယ်ဆတိုးပြီး သိန်း (၅၀) ပေးမယ်ဆိုရင်၊ ခရီးသွားအာမခံဆိုတာ  ထားစရာတောင် မလိုတော့ပါဘူး”
          ကြည့်စမ်း။ဒီလောက် ၀င်ငွေတွေ ရှိနေရဲ့ သားနဲ့  ဘာလို့များပြည်သူတွေအပေါ်ပဲ အမြဲထပ်ကောက်ဖို့ ဆီလို အပေါက်ရှာနေရက်ကြတာလဲ။ ဒီနိုင်ငံမှာ အာမခံလုပ်ငန်းတင်မကပါဘူး။ အထွေထွေ အခွန်အခတွေ လျှပ်စစ်မီတာခ ထပ်တိုးကောက်တာမျိုးတွေနဲ့   ပြည်သူတွေ ပဲဝန်ထုပ်ဝန်ပိုးတွေ   ထပ်ထပ်ထမ်းနေရတာ။  
             သူ့ဆောင်းပါးထဲ မှာ    အာမခံလုပ်ငန်းရဲ့ သဘာဝတွေကို ပြည်သူတွေ ပွင့်ပွင့်လင်းလင်းသိအောင် လုပ်ပေးဖို့လိုတဲ့ အကြောင်း။
    ပုဂ္ဂလိက အာမခံကုမ္မဏီတွေ အနေနဲ့  ပြည်သူတွေကို   မလိမ့်တပတ် မလုပ်ဖို့ တောင်းဆိုထားပြီး၊ အာမခံကြေးငွေကိုလဲ ဒဏ်ရာရရင် ဆေးကုသစရိတ် ပေးမယ်ပြောထားပေမယ့်၊ ကျိုးကန်းပြတ်တောက် တသက်လုံးသုံးမရ ဖြစ်တော့မှ အချိုးကျ ပေးလျော်မှာဖြစ်ပြီး ဒဏ်ရာရလို့ စမ်းသပ်ခ ဆေးကုသခတွေ အတွက်  မပေးတာတွေရှိနေတာမို့  မျှမျှတတ စဉ်းစားကြဖို့။ကိုယ့်ဖက်က  အနိုင်ကြီးပဲ လုပ်နေရင်
ဒီခေတ်ကြီးထဲမှာ  Business  Model မှားနေပြီ။ ပြင်ကြပါလို့  တိုက်တွန်းထားပါတယ်။
            နောက်ဆုံး ပိုဒ်မှာတော့  ရာဇာမင်း ကားမှောက်စဉ်က အဖြစ်အပျက်ကလေးကို စံနမူနာပြပြီး  ဒီလို ရေးထားပါတယ်။
           “ ခရီးသည် ၁၄ဦး သေဆုံး ရတဲ့ကိစ္စတုန်းက လေအိတ်ကားကြီးဟာ အလုံးစု  အာမခံထားလို့  အဲဒီ အကာအကွယ်အောက်က  ခရီးသည်တဦးကို  ဆယ်သိန်း ပေးလျော်ကြောင်း သတင်းစာထဲမှာပါလာတယ်။ စုစုပေါင်း သိန်း(၁၄၀)ပေါ့။ ကားပျက်စီးတာကိုတော့  သိန်း ၉၀၀ ဆိုလား လျော်မယ်လို့ ပါပါတယ်။ အဲဒီတော့  ခရီးသည်(၄၄)ဦးစလုံး  သေရင်တောင်မှ သိန်း(၄၄၀)ပဲ လျော်ရမှာပါ။ ကားဈေးတ၀က်တောင် မရှိပါဘူး။ လူ့ တန်ဖိုးက  ပစ္စည်းတန်ဖိုးထက် အဆပေါင်းများစွာ နိမ့်နေသလို ဖြစ်နေတာပေါ့”
    စာဖတ်ပြီး စိတ်ရော လူရော အကုန်မောနေတုန်း ...
    “ ဟေ့ ... မင်းတို့  အသက်တွေ  ဖက်နဲ့ ထုပ်ထားကြကွ”
    လာပြန်ပြီ။ကိုယ်စီးနေရတဲ့ ကားခေါင်းပိုင်းက  တယ်လီဗီးရှင်းထဲကနေ ဗီဒီယို သရုပ်ဆောင် လူဆိုးဗိုလ်ကြီးက ငှက်ဆိုးထိုးသံကြီးနဲ့  ကြိမ်းဝါးနေပြန်ပါတယ်။ အသက်ကို ဖက်နဲ့ ထုပ်ခိုင်းတယ်  ဆိုတဲ့ သဘောက ကိုယ့် အသက်ဟာ    မလုံမခြုံတော့ဘူး။ ဘာမဟုတ်တဲ့ ဖက်ရွက်ပါးပါးလေးနဲ့ ထုပ်ထားတော့  ... လို့ ခြိမ်းခြောက် ကြိမ်းမောင်းလိုက်တဲ့ သဘောပေါ့နော်။
         “ ဟုတ်ကဲ့။ ကျမအသက်ကိုတော့  ငါးရာတန်အစုတ်ကလေးတရွက်နဲ့ ထုပ်ထားပါတယ်ရှင်”။    ။