ဖိုးထက် - သံသရာလမ်းပေါ်က အငှားကား မောင်းသမား


ဖိုးထက် - သံသရာလမ်းပေါ်က အငှားကား မောင်းသမား
သြဂုတ် ၃၀၊ ၂၀၁၄


    ကိုတိုးကြီး တစ်ယောက် နိုင်ငံခြား တိုင်းပြည်တွေမှာ အလုပ်ထွက်လုပ်တာ နိုင်ငံတွေလဲ စုံလှပြီ။ အလုပ်တွေလဲ စုံလှပြီ။ သူ့မိန်းမဖြစ်သူကိုတောင် “ဟေ့..ငါ မင်းတို့ကို လုပ်ကျွေးလာတာ နောက်တစ်ခေါက်ဆိုရင် ရေခဲတောင် တက်ဖို့ဘဲ ကျန်တော့တယ်” လို့ ပြောတတ်သည်။ သဲကန္တာရ တွေ ၀ိုင်း ပါတ်လည်နေသော အရှေ့အလည်ပိုင်း နိုင်ငံလေး တစ်ခုမှာ နှစ်နှစ် ကျော် ကျော်။ မလေးရှားမှာ သုံးနှစ်ကျော်ကျော်။ နောက်ပြီး စင်္ကာပူနိုင်ငံမှာ ပင်လယ်ကူး သဘောင်္ကြီးတွေကို ဆီဖြည့်ပေးသည့် Tanker သဘောင်္ပေါ် သင်္ဘာသား တစ်ပိုင်းနဲ့ လိုက်တာက နှစ်နှစ် နီးပါး ကိုတိုးကြီး အလုပ်တွေ လုပ်ခဲ့သည်။ ကန္တာရထဲ၊ ပင်လယ်ထဲမှာ အလုပ် လုပ်ခဲ့သည်။ ဒါကြောင့်လဲ သူက ရေခဲတောင် တက်ဖို့ဘဲ ကျန်တော့တယ်လို့ ပြောခြင်း ဖြစ်နိုင်သည်။

    ကိုတိုးကြီးလို့ ဆိုတာနှင့် သူ့ လုပ်ဖော်ကိုင်ဖက် ဟောင်းများ၊ အလုပ်ရှင်များ၊ သူဌေးများက အချိန်မရွေး Welcome ။ သူက ခါးချိုး အလုပ် လုပ်သည်။ တာဝန်ယူသည်။ ရိုးသားသည်။ ပေါင်းသင်း ဆက်ဆံရေး ကောင်းသည်။ ဒီတော့ သူ မြန်မာနိုင်ငံအပြီး ပြန်တော့မယ်လို့ ပြောတုံးက သူ့သူဌေးက အသဲအသန် လိုက်ညှိသည်။ လစာ ပိုလိုချင်လို့လား။ ခွင့်ရက် အရှည်ကြီး ယူချင်လို့လား။ ကိုတိုးကြီး အတွက်က လစာငွေကြေးဆိုတာ အရေးကြီးတာ မှန်ပေမယ့် ငွေထက် အရေးကြီးသော အရာတွေ သူ့ဘ၀မှာ ရှိသေးသည်။

   မြန်မာနိုင်ငံကို သူအပြီး ပြန်ချလာတာ  ငွေကြေးကြောင့်မဟုတ်။ အဓိက က သူ့ကျန်းမာရေး။ အရင်ကလို သူ့ကိုယ်ခန္ဓာကြီးက မလိုက်လျောတော့။ နောက်ပြီး သူ့မိသားစုနဲ့ အချိန်ပေးချင်သည်။ ကလေးတွေ အသက်ကြီးလာကုန်ကြပြီ။ ဘ၀တိုတိုလေးမှာ မသေမချင်း အလုပ်တွေ လုပ်သွားရမှာလို့ သူက ခံယူထားသော်လည်း မိသားစု မေတ္တာဆိုတာကို သူငတ်မွတ်သည်။

    ရန်ကုန်ကို သူပြန်ရောက်ရောက်ချင်း ဘာ အလုပ် လုပ်လို့ လုပ်ရမှန်း မသိ။ ကိုယ်ပိုင်စီးပွားရေး လုပ်ရအောင်ကလဲ သူ့မှာ အဲဒီလောက် ငွေကြေးများများ စားစား မရှိ။ ရှိတဲ့ ငွေလေးကို စွန့်စားခန်းဖွင့်ပြီး အလုပ် လုပ်ရလောက်အောင်လဲ သူမစွန့်စားရဲ။ အမှားအယွင်းတစ်ခုခုကြောင့် သူ့ငွေကြေးလေးပါသွားရင် အရင်လို နိုင်ငံခြား ပြန်ထွက်ရအောင်ကလဲ သူ့အသက်က ငယ်တော့တာ မဟုတ်။ လခစား လုပ်မယ်ဆိုရင်လဲ ဘာကြောင့် လစာနည်းသော ပြည်တွင်းမှာ လုပ်မှာလဲ။ နိုင်ငံခြားမှာဘဲ ဆက်လုပ်မှာပေါ့လို့ သူက ခံယူသည်။ နောက်ဆုံးတော့ Taxi လေး တစ်စီးဝယ်ပြီး မောင်းဖို့ ဖြစ်လာခဲ့သည်။ အုံနာခအတွက် ပူနေစရာ မလို။ နားနားနေနေ မောင်းရင်း တစ်လကို ငါးသိန်း၊ ခြောက်သိန်းလောက် ၀င်ငွေရှိရင် ဖြစ်ပြီ။

    ကိုတိုးကြီး Taxi စဆွဲခါစက အလွန်ဒုက္ခများသည်။ ခရီးသည် ငှားသော သွားလိုသည့် နေရာတွေကို သူက သိပ်သိတာ မဟုတ်။ မြို့ထဲဘက် နေရာတွေတော့ အကြမ်းအားဖြင့် သူသိသည်။ ဒီတော့ ငွေတွက်ရတာလဲ လွယ်သည်။ သို့သော် အင်းစိန်၊ မြောက်ဒဂုံ၊ တောင်ဒဂုံ ဘက်တွေဆိုရင် နည်းနည်းမှ သူ မသိ။ ခရီးသည်ကို လမ်းပြခိုင်းပြီး အဆင်ပြေသလို ပေးသွားပါလို့ ပြောရသည်။ အဲဒီလို ကြုံရလျှင် တစ်ချို့ ခရီးသည်များက သူမနာ ကိုယ်မနာ ပေးသွားတတ်ကြသည်။ တစ်ချို့ကတော့ ဘယ်လို စိတ်ထားမျိုးနဲ့ ဘယ်လို ဆိုးယုတ်သည် မသိ။ နှိမ်ပေးသွားပြီး ကားပေါ်ကနေ ဇွတ်ဆင်းပြေးသွားကြသည်။ သူက ကားကြီး ထားခဲ့ပြီး နည်းနည်း ထပ်ပေးပါအုံးဗျာလို့ လိုက်တောင်းလို့ ရတာလဲ မဟုတ်။

    နောက်ပြီး လူမျိုးစုံ တွေ့ရ ကြုံရသည်။ ဟန်များသော သူများ။ ကြွားဝါသော သူများ။ Taxi သမားတွေကို သူတို့ အောက်လက်ငယ်သားတွေလို ဆက်ဆံချင်တတ်သော သူများ ကိုလဲ တွေ့ရသည်။ တစ်ချို့ကတော့ လမ်းကူးလိုက်လျှင် လိုချင်သည့် နေရာ ရောက်နေပေမယ့် ကားလမ်းကြပ်နေတာကြီးကို ဇွတ် ဂ ငယ်ကွေ့ ကွေ့ခိုင်းပြီးမှ ဆင်းတတ်သည်။ ပါးစပ်ကလဲ “ငှားကတည်းက ဒီကို သွားမယ်လို့ ပြောငှားလာတာ။ ဒီကိုအရောက်ပို့ရမှာပေါ့” လို့ ပြောသွားတတ်သေးသည်။

    သဘောသကာယ အလွန်ပြည့်သော သူများကိုလဲ ရှိသည်။ နှစ်ဦးသဘောတူ သတ်မှတ်ထားသော ငွေကြေးပမာဏနှင့် ငှားပြီးမှ လမ်းမှာ ကားကြပ်လို့ဘဲ ဖြစ်ဖြစ်၊ ခရီးက လိုတာထက် ပိုဝေးသွားတာဘဲ ဖြစ်ဖြစ် ပိုပေးသွားတတ်သည်။ တစ်ချို့က ပါးစပ်ကပင် တောင်းပန်သွားလိုက်သေးသည်။

    အခုတော့ ကိုတိုးကြီးတစ်ယောက် နေရာတွေကိုလဲ အတိအကျ မသိရင်တောင် ဈေးအကြမ်း ကောင်းကောင်း တွက်တတ်ပြီ။ ခရီးသည်ကို အကဲခတ်တတ်ပြီ။ ဆေးရုံကိစ္စ၊ နာရေးကိစ္စ နှင့် အပူမိနေသော ခရီးသည်များဆိုရင် သူကပင် ကူငွေပြန်ပေးလိုက်သေးသည်။ ဒါပေသိ သူ့ကို နောက်ကနေ မြန်မြန် မြန်မြန် မောင်းခိုင်းသော ခရီးသည်များကိုတော့ ပြတ်ပြတ်သားသား ငြင်းသည်။ အမြန်လိုချင်နေရင် နောက် တစ်စီး ပြောင်းစီးဖို့။ သူ့တာဝန်က သူနဲ့ သူ့ခရီးသည် ဘေးအန္တရာယ်ကင်းကင်း ရှင်းရှင်း လိုရာရောက်ဖို့ လို့ ယဉ်ယဉ်ကျေးကျေး ရှင်းပြရသည်။

    ရန်ကုန်မှာ Taxi မောင်းတာ လမ်းကြောသိဖို့က ပထမ ဖြစ်သည်။ ဒါသိရင် ဈေးတွက်ရတာ ပိုပြီး အဆင်ပြေသည်။ ဥပမာ အင်းစိန်ဘက်ကို လိုက်ရပြီ ဆိုပါစို့။ အင်းစိန်ဘက်ကို ဘယ်အချိန်လောက် ရောက်နိုင်သလဲ။ မြို့ထဲကို ပြန်လာရင် ခရီးသည် ရနိုင်၊ မရနိုင် တွက်ရသည်။ ရနိုင်သည့် အချိန်ဆိုလျှင် အင်းစိန်အသွားဘက် တစ်ခြမ်းကို ဈေး အသင့် အတင့်နဲ့ လိုက်သွားလို့ ရသည်။ အပြန်မှာလဲ ခရီးသည် ရှာပြီး ဈေးသင့်အောင် တောင်းလို့ ရနိုင်သည်။ နောက်ပြီး ဘယ်နေရာ၊ ဘယ်အချိန်မှာ ခရီးသည် ရနိုင်သည်ဆိုတာ တွက်တတ်ရသည်။ ဥပမာ မနက်ခင်း စောစော တွေဆိုရင် ခရီးသည် ရတတ်သည့် ဟိုတယ်များ။ ဒါတွေက နေ့ချင်း ညချင်း တတ်နိုင်သော Taxi မောင်းခြင်း အနုပညာများ မဟုတ်။ ကိုတိုးကြီးကို ခရီးသည်များ နှင့် အချိန်က သင်ပေးခဲ့တာ ဖြစ်သည်။ ဒီပညာတွေ မတတ်သေးခင်ကတော့ သူ့မှာ ဆီဖိုးနဲ့ စားစရိတ် မရှုံးအောင် မနည်း မောင်းခဲ့ရသည်။

    ကိုတိုးကြီးက နိုင်ငံခြားတိုင်းပြည်တွေကလို Taxi တွေကို မီတာ စနစ်နဲ့ သွားစေချင်သည်။ ဒီလိုဆိုရင် ခရီးသည်နဲ့ ဈေးစကား ပြောရတာ သက်သာသွားမည်။ ကြိုက်သလောက် မောင်းခိုင်း၊ ကျသလောက်ရှင်း။ အပိုစကားတွေ ပြောစရာမလို။ သူက လျှော့တောင်းထားတာကိုဘဲ “ဟာ များတာပေါ့ အစ်ကိုရာ။ လျှော့ပါအုံး။ ဒီခရီးနဲ့ ဒီခရီးကို” လို့ လုပ်တတ်သော သူများကို စိတ်ခုစရာ မလိုတော့။ သူ့ရှေ့မှာ ဒီခရီးနဲ့ ဒီခရီးကို အလွန်အကျွံဇွတ်တင်တောင်းနေသော Taxi မောင်းသမားများကိုလဲ စိတ်ဆိုးစရာမလိုတော့။

    သို့သော် အဲဒီ Taxi တွေကို မီတာစနစ်နဲ့ သွားဖို့ဆိုတာ ကိုတိုးကြီး မိတ်ဆွေ တစ်ယောက်ပြောဘူးတာက GPS စနစ် ကောင်းကောင်း ရှိရမယ်တဲ့။ ယာဉ်ကြော၊ လမ်းကြောတွေ၏ အနေအထားက ဘယ်အချိန်ရောက်လို့ ရောက်မှန်း မသိ ယာဉ်ကြောပိတ်မနေဖို့ လိုသည်တဲ့။ ဖြစ်နိုင်သည်။ အခုလိုမျိုး လမ်းကြိုလမ်းကြားက ခရီးသည် သွားလိုသော နေရာကို အချိန်မှီရောက်ဖို့ မောင်းရပုံမျိုးနဲ့ဆိုရင် မီတာစနစ်နဲ့ တောင်းခြင်းက ခရီးသည်နဲ့ ကားသမား ရန်ဖြစ်လို့ ဆုံးမည် မထင်။ အရင်တုံးက စစ်တပ် စီးပွားရေး ကြောထောက်နောက်ခံ အဖွဲ့အစည်းကြီး တစ်ခု ကျေးဇူးဖြင့် Taxi တွေ မီတာ မတပ်မနေရ တပ်လိုက်ကြရသေးသည်။  မီတာတွေက တရုတ်လုပ်တွေ။ ကား Milage နဲ့ ချိတ်ဆက်ပြီး တပ်ကြခြင်းဖြစ်သည်။ မြန်မာပြည်က လမ်းများ၊ တစ်ပါတ်ရစ် ကားများ နှင့် Made In China တွေ့ကြသော အခါ အဘယ်မှာ ကြာရှည်ခံအံ့နည်း။ ခရီးသည်လဲ မကြေနပ်။ မောင်းသူများလဲ မစားသာ။ အလုပ်မဖြစ်။ ရွှေဥာဏ်တော် စူးရောက်လိုက်ပုံက ထို ပရောဂျက်ကို လုပ်ခွင့်ရသော ကုပ္မဏီဘဲ ကြားက မျိုးမျိုး မြက်မြက် စားလိုက်ရဘူးသည်။ အခုတော့ ကြားနေရပြန်ပြီ။ Taxi မီတာတွေ တပ်အုံးမယ်တဲ့။

    နောက်တစ်ခုက ရန်ကုန်မှာ ဘတ်စ်ကားတွေ ပြီးလျှင် Taxi တွေက စည်းကမ်း အပျက်ဆုံးလို့ နာမည်ဆိုးရှိသည်။ ထို စည်းကမ်းပျက်သော Taxi သမားတွေထဲမှာ ကိုတိုးကြီး မပါရအောင် ဂရုစိုက်သည်။ ရန်ကုန်မှာက ခရီးသည်တွေက Taxi တွေကို တားလိုသည့် နေရာက စိတ်ရှိသလို တားသည်။ ပြီးတော့ သွားလိုသည့် နေရာကို ပြောသည်။ ထို့နောက် ဈေးစကား ပြောသည်။ အပြန်အလှန် ညှိရသည်။ ဒီတော့ ခရီးသည်နဲ့ ကားသမား ဈေး မတည့်ခင်မှာ ကားက ဘယ်လိုဘဲ လမ်းဘေး ချရပ်ရပ် ယာဉ်ကြော တစ်ကြော ပိတ်သွားတတ်သည်။ သူတို့ နှစ်ဦး ဈေးမတည့်မချင်း စောင့်ပေအုံးတော့ နောက်က ကားတွေ။

    ကိုတိုးကြီးကတော့ ယာဉ်ကြော အရမ်းရှုပ်နေပြီး လမ်းဘေး ချရပ်စရာ နေရာ မရှိရင် ခရီးသည် တားသည်ကိုဘဲ ရပ်မပေးတော့။ သူ့ကြောင့် နောက်က ကားတွေ မပိတ်စေချင်။ ဒီလို မရပ်ပြန်တော့လဲ သူ့ဝင်ငွေ ထိခိုက်ပြန်သည်။ ခက်သည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ကိုတိုးကြီးက အမြဲလိုက်နာသည်။ ဘယ်လောက် ကား ပိတ်ပိတ်၊ ခရီးသည် ဘယ်လောက် ပူပူ ဆူဆူ ယာဉ်ကြောပြောင်းပြန်တော့ လုံးဝမမောင်း။ လူကူးမျဉ်းကြားနား နီးလာလျှင် အရှိန်လျှော့သည်။ လမ်းဖြတ်ကူးသူများကို နောက်က ကားများဘယ်လောက် လှမ်းဆဲနေနေ ဦးစားပေးသည်။ ဒီအတွက် ကားမောင်းနေတာ တုံ့နှေးတုံ့နှေးနဲ့ ဆိုကာ စိတ်ဆိုးပြီး ဆင်းသွားကြသော ခရီးသည်တွေကိုလဲ သူတွေ့ဘူးသည်။ ပြီးတော့ သက်ကြီး ရွယ်အိုတွေ၊ ကလေးလေးတွေ ပါသော ခရီးသည်တွေဆိုလျှင် ကိုတိုးကြီးက သူကိုယ်တိုင် ဆင်းပြီး ကားတံခါး ဖွင့်၊ ပိတ် လုပ်ပေးသည်။

    အလုပ်တစ်ခုဟာ အစမှာ သိပ်ခက်ပေမယ့် နောင်မှာ အလုပ်က ပြန်သင်သွားတယ်ဆိုတာ သိပ်မှန်တယ်လို့ ကိုတိုးကြီး ထင်သည်။ အခုတော့ တစ်နေ့ကို နှစ်သောင်းခွဲလောက် ကျန်အောင် ကိုတိုးကြီး ခရီးသည် ရှာတတ်နေပြီ။ ဒါတောင် နားနား နေနေ အေးအေး ဆေးဆေး မောင်းခြင်း ဖြစ်သည်။ တစ်ပါတ်မှာ တစ်ရက် သူနားသေးသည်။

    တစ်မြန်မနေ့က နိုင်ငံခြားမှာ သူနဲ့ အလုပ် အတူတူ တွဲလုပ်ဘူးသည့် သူ့ မိတ်ဆွေ တစ်ယောက် မြန်မာနိုင်ငံ ပြန်ရောက်နေကြောင်း သူ့ကို ဖုန်းဆက် လာသည်။ သူ့ကို ချိန်းသည်။ ဒီလူက စာလေး ဘာလေး အနည်းအပါး ရေးသည်လို့ သိုးသိုးသဲ့သဲ့ ကြားဘူးသည်။ ဘယ်မှာ ဘယ်လို ရေးနေသလဲ သူမသိ။ သူ တစ်ခါမှ မဖတ်ဘူး။ ဒါပေသိ သူတို့က ညီရင်း အစ်ကိုတွေကို တစ်ယောက်နဲ့ တစ်ယောက် ခင်မင်၊ သံယောဇဉ်တွယ်ကြသူတွေ။ ဘ၀အမောတွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ကြသူတွေ။ အခု တစ်ခေါက်တွေ့တော့ သူ့ Taxi မောင်းနေမှန်း သိသော အခါ ဒီလူက သူ့ Taxi ကို နှစ်ရက် သုံးရက်လောက် မောင်းကြည့်ချင်တယ်လို့ ဆိုလာ၏။ နေ့တွက်နဲ့ ငှားပါလို့ ဆိုလာသည်။ ငွေကြေးက သူတို့ နှစ်ဦးကြားမှာ အဓိကထားသော အရာ မဟုတ်။ မောင်းပေါ့။ ယူပေါ့။ ရသလောက်ဘဲ ပေးပါ။ ဘာနေ့တွက်မှ မပေးပါနဲ့ ဆိုပြီး သူ့ကားကို ပေးလိုက်သည်။

    နှစ်ရက်နဲ့ တစ်ပိုင်းမှာ သူ့ဆီကို ဖုန်းပြန်ဆက်လာသည်။ သူ့ကား လာပြန်ပေးမယ်တဲ့။ တွေ့တော့ “ဟာ မလွယ်ပါဘူးဗျာ။ ခေါင်းတွေ ကိုက်လိုက်တာဗျာ။ လူတွေ…လူတွေ အတော်ခက်ပါလား။ တော်…တော်…ခင်ဗျားကား ခင်ဗျား ပြန်ယူသွားတော့။ ဒီမှာ နှစ်ရက်ခ ငါးသောင်းယူသွား။ ကျွန်တော်မောင်းလို့ ရတာလားတွေ၊ ဘာတွေ မေးမနေနဲ့ ယူသွား” ဟု ဆိုကာ သူ့ကားကို ပြန်အပ်သည်။ ကိုတိုးကြီး က တဟား..ဟားဖြင့် သဘောအကျကြီး ကျသွားသည်။ “ယောက်င်္ကျားလေးဆိုတာ စုံမှကွဲ့” ဟူသည့် ရွှေဥဒေါင်းကြီး၏ အဘွားပြောစကားတွေ ဘာတွေ ကြီးကြီး ကျယ်ကျယ်ပြောသွားခဲ့သော သူ့မိတ်ဆွေကို သဘောကျ နှစ်သက်လို့ မဆုံး။

    ပြီးတော့ သူ့ကို ပြောပြသွားတာ စုံလို့။ လမ်းမပေါ်မှာ ဘတ်စ်ကားသမားတွေက ငါ ကိုင်တုပ်ဆဲသွားကြသည်တဲ့။ ခရီးသည်တွေက တံခါးကို ဆောင့်၊ အောင့်ပြီး ပိတ်သွားကြသည်တဲ့။ နှစ်ဦး နှစ်ဘက် မနာရအောင် ပေးပါဆိုတော့ ငါးထောင်လောက် ပေးရမယ့် ခရီးကို သုံးထောင်လောက်ဘဲ ပေးသွားသည်တဲ့။ ဟိုနေရာ၊ ဒီနေရာ လိုက်ပို့ခိုင်းတာများ သူ့ကို မကောင်းတာ လုပ်စားတဲ့ မိန်းမထိန်းကြီး ကျနေတာဘဲတဲ့။

    ဒီလူ ကံဆိုးဟန်တူသည်။ တစ်ရက်ကျော်ကျော်လေးမှာ အဆင်မသင့်တာတွေဘဲ တွေ့ကြုံခဲ့ရဟန်တူသည်။ ကိုတိုးကြီးအတွက်ကတော့ ဒီဒုက္ခတွေကို လွန်မြောက်ပြီးခဲ့ပြီ။ သူ့ကားကို ပြန်ယူလာခဲ့ပြီး ပြန်ထွက်အလာမှာ ခရီးသည် အမျိုးသမီးကြီး နှစ်ယောက် တားသည်။ ဘုရားသွားချင်သတဲ့။ သူလဲ ဘုရား မရောက်တာ ကြာပြီ။ ဘုရား ၀င်ဖူး အုံးမှလို့ တွေးကာ ဈေး လျှော့တောင်းလိုက်သည်။ ထပ်မဆစ်တော့ဘဲ သူ့ကားပေါ်သို့ တက်လာကြသည်။ သူ့ကားပေါ်က ခရီးသည်များ  ဖြည်းဖြည်း၊ မှန်မှန်နဲ့ စိတ်လက်ချမ်းသာ လုံလုံခြုံခြုံ လိုရာ ခရီးကို ရောက်ဖို့ ကားကို သတိထားမောင်းရင်း ရွှေတိဂုံဘုရားဆီသို့ သူ့ကားကို ဦးတည်လိုက်သည်။ အလုပ်ဆိုတာ ဘယ်အလုပ် လုပ် လုပ် ကုသိုလ်ယူတတ်မယ်ဆို ယူလို့ ရတာချည်းဘဲလို့ တွေးရင်း သူ့ Taxi မောင်းသမား ဘ၀ကို ခင်မင်တွယ်တာသွားသည်။ “သံသရာ တစ်လျှောက် ဘယ်အထိများ ငါ နဲ့ ငါ့ခရီးသည်တွေ သွားနေရအုံးမှာလဲလို့လဲ" အတွေး တစ်ချက် ၀င်လာခဲ့သည်။

Photo Credit - gate20.ca