ဂျော်ဒီး - ဗြုတ်စဗျင်းတောင်းရွာအတွက် အမှိုက်ပုံး


ဂျော်ဒီး - ဗြုတ်စဗျင်းတောင်းရွာအတွက် အမှိုက်ပုံး
သြဂုတ် ၈၊ ၂၀၁၄

    "ဗြုတ်စဗျင်းတောင်းကျေးရွာမှ လှိုက်လှဲစွာကြိုဆိုပါ၏"
    ဟေမန်သဇင်၊ ဂျူနီယာ၊ ဂျော်ဒီးတို့ သူငယ်ချင်းတစု ကျောင်းပိတ်ရက်တွင် လေ့လာရေးခရီးထွက်လာခြင်း ဖြစ်သည် ။ ဟေမာန်သဇင်၏ ညီမအငယ်ဆုံးလေး မီးမီးလဲ ပါလာသည်။ သူတို့အမေ  ဒေါ်ရစ်ကြီး က အလွန်အလုပ်ရှုပ်ဖြင့် ကလေးမထိန်းနိုင်။ လေ့လာရေးခရီးထွက်လိုလျှင် ကလေးကိုပါ တပါတည်းခေါ်သွားမှ ခွင့်ပြုမည်ဟု  ဆိုသဖြင့်   မီးမီးကို ခေါ်လာရလေသည်။ ရွာထိပ်ကို ၀င်လာသည်နှင့် ခန့်ညားသော  ဆိုင်းဘုတ်ကြီးက နွေးထွေးစွာဆီးကြိုသည် ။ ဆိုင်းဘုတ်အနီး  သစ်ပင်ကြီးများပေါ်တွင် ယှက်သန်းနေသော ပင့်ကူအိမ်များ ထဲတွင် တကုပ်ကုပ် အလုပ်ရှုတ်နေသော  ဧရာမတောကြီးပင့်ကူများ ။ လေအဝေ့တွင် ဝေ့၀ဲနေသော ဖုန်မှုန့်ဖြူဖြူများ နှင့်အတူ  ရွှံ့ ဗွက်ထူထူများ။
    “ဒါ - ကယ်သွေညွှန်လိုက်တဲ့ ဗြုတ်စဗျင်းတောင်းကျေးရွာ အစစ်ပဲ ။ရောက်ပြီဟေ့ ”
    ဗြုတ်စဗျင်းတောင်းရွာလည်တွင် သူတို့သွားလိုသော ဂျီးဒေါ်အိမ်ရှိသည်။ သူတို့ရောက်တော့  မြို့မှ ဧည့်သည်လေးများကို တောဓလေ့ စားစရာများဖြင့် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးမွေးရန် ဂျီးဒေါ်တယောက် စမ်းတ၀ါးဝါး ပြင်ဆင်နေလေသည် ။ ရောက်ရောက်ချင်းပင် ထမင်းပွဲပြင်လေရာ ဂျော်ဒီးတို့အဖွဲ့ မှာ ၀ိုင်းဝန်းကူညီ ခူးခပ်ရင်း ထမင်းပွဲဝင်ရတော့၏။ ဂျီးဒေါ်၏ အထူးဟင်းလျာကား ၀ါးပိုးမျှစ်ဆတ်နှင့် ကြက်သားဟင်ပင်။ မြို့ သူလေး မီးမီးကား ၀ါးပိုးဝါးကို ဟင်းချက်ထားသည်ဆို၍ အထူးစိတ်ဝင်စားလေသည် ။
    ဂျီးဒေါ်မှ “ဒါက ၀ါးပိုးဝါး ဖြစ်လာမယ့် အပင်ပေါက်အစို့လေးတွေကို  လှီးပြီး ချက်ထားတာကွဲ့ ” ဟု စိတ်ရှည်လက်ရှည်ရှင်းပြရာ သဘာဝပတ်ဝန်းကျင်ချစ်တတ်သူ မီးမီးက မျက်လုံးမျက်ဆံပြူးကာ ပြောရှာသည်။
    “ဟင် ... ဒါဆို ။ သူတို့ဝါးပင် မဖြစ်ရခင်  လူတွေ ချက်စားပစ်ကြတာလား ။ နှမျောစရာနော် မစားရက်တော့ဘူး”
    ဂျီးဒေါ်က  ပြုံးရင်း  “မနှမျောပါနဲ့  မီးမီးရယ်။ ခုလို မိုးဦးကျဆို ၀ါးတောထဲမှာ ဒီလို ၀ါးမျှစ်စို့ တွေက မြေကြီးထဲက  တိုးထွက်လာတာ။ သူတို့ကို အကုန် ဒီအတိုင်း မနှုတ်ပဲ ထားရင် ၀ါးပင်တွေ ကြပ်သိပ်ပြီး ကြီးသင့်သလောက် မကြီးတော့ဘူး ။ဒါကြောင့်  တချို့ ကို ခုလို  အစို့ပေါက်ဘ၀မှာ ကတည်းက နှုတ်ပြီး ဖယ်ပေးရတယ် ။ဒါမှ ၀ါးတောကို  ထိန်းသိမ်းရာကျတာလေ ။အကုန်တော့ နှုတ်မပစ်သင့်ဘူးပေါ့။ မလိုတဲ့  အမှိုက်ကို ဖယ်ပေး ပေါင်းသင်ပေးတဲ့ သဘောပေါ့”
      အမှိုက် ဆိုသော အသံကြားသည်နှင့်  ဟေမန်သဇင်တို့ ခေါင်းထောင်ထလာသည် ။ သူတို့ ဒီရွာကိုလာဖို့  အကြောင်းဖန်လာသည်ကား အမှိုက်ကြောင့်ပင်တည်း ။ ဟေမာန်သဇင်၊ ဂျော်ဒီး၊ ဂျူနီယာတို့ သူငယ်ချင်းတစု အမှိုက်ဘာသာရပ်ကို လေ့လာနေသည်။ ကမ္ဘာရွာကြီးတွင် တနေ့တခြားတိုးပွါးလာသော အမှိုက်များကို  ဘယ်လို စနစ်တကျစွန့်ပစ်မည်၊ လူသားအကျိုးပြုရန် ဘယ်လို ပြန်လည်အသုံးပြုမည် ဆိုသည်ကို  လေ့လာနေကြခြင်းဖြစ်သည် ။ အမှိုက်ကို စနစ်တကျ မစွန့်ပစ်လျင် ထွက်ပေါ်လာသောအနံ့ဆိုးများ၊ ဓါတ်ငွေ့ များကြောင့် လူတွေကို ကျန်းမာရေးထိခိုက်စေခြင်း၊ ဆိုးကျိုးများ ခံစားရစေခြင်းတွေကို လူတွေသိအောင် ပညာပေးကြမည် ။ သို့သော် စွန့်ပစ် အမှိုက်များ၏ တနေ့တခြား များပြားလာမှု အန္တရာယ်ကလည်း  မသေးသဖြင့် အမှိုက်ကရွှေဖြစ်ဆိုသလို နည်းပညာကျေးဇူးဖြင့် လူသားအကျိုးပြု လျှပ်စစ်မီးတောင် ထုပ်လုပ်နိုင်နေကြောင်းစသဖြင့် အမှိုက်များထဲမှ ရသမျှ ပြန်လည်အသုံးပြုနိုင်ရန်လိုကြောင်းလည်း  ဖြန့်ဝေပညာပေးကြမည်  ။ဒါကြောင့်  အမှိုက်များ
ပေါသည်ဆိုသော ဗြုတ်စဗျင်းတောင်း ကျေးရွာသို့ လေ့လာရေးခရီးထွက်ရန် အသင့်တော်ဆုံးဖြစ်ကြောင်း သူတို့သူငယ်ချင်း ကယ်သွေကလမ်းညွှန်သည်။ ဗြုတ်စဗျင်းတောင်းကျေးရွာတွင် ဘူးခွံ ပုလင်းခွံစသည့်အမှိုက်များကို အိမ်တွင်းအလှဆင်ကာ  နေထိုင်နေသည့် ဂျီးဒေါ်ရှိကြောင်းလည်း သတင်းရထားလေသည်။
    ဂျီးဒေါ့်တအိမ်လုံးတွင် ပုလင်းလွတ်များ၊ စက္ကူဗူးခွံများ အတိုအစများဖြင့် - ဗြုတ်စဗျင်းတောင်းရွာသူပီသလှလေသည်။ ဂျီးဒေါ်ကား ထို အရာများကို အမှိုက်ဟုမြင်ပြီး လွှင့်မပစ်ရက်။ လိုအပ်သလို ပြန်လည် အသုံးချနိုင်ရန် သိမ်းဆည်းထားပုံရသည် ။ ဟေမန်သဇင်က ဂျီးဒေါ်အား
အထင်ကြီးလေးစားစွာ ... “ဟာ - ဂျီးဒေါ်ကတောမှာ နေပေမဲ့ ခေတ်မီတယ်တော့ ။ အမှိုက်တွေထဲက ရသမျှ ပြန်ဆယ်ယူဖို့ ကြိုးစားထားတာပဲ။ နိုင်ငံတကာမှာဆို Diversion  Rateကို ရည်မှန်းချက် ပန်းတိုင်ထားပြီးတော့ကို အမှိုက်တွေထဲက  ရသမျှ ပြန်ဆည်ဖို့ ကြိုးစားနေကြတာ”
    ဂျီးဒေါ်ကား မိန့်မိန့်ကြီး ပြုံးနေလေသည် ။ အမှန်ကား ဘာမှန်းမသိအောင် တောက်တိုမယ်ရ အလုပ်ရှုပ်သယောင်ယောင်ရှိခြင်းနှင့်အတူ ပျင်းရိခြင်းကြောင့်  ဂျီးဒေါ်အိမ်အမှိုက်ထူနေရသည်ကို  ကိုယ့်ဝမ်းနာ ကိုယ်သာသိလေသည်။
    ဟေမန်သဇင်ကား ဘုတ်အုတ်တအုပ်ထုတ်ကာ အမှိုက်များနှင့်အတူနေသော ဂျီးဒေါ်အကြောင်း မှတ်တမ်းတင်နေသည် ။
    “ကဲ ... တို့တွေ ဗြုတ်စဗျင်းတောင်းရွာထဲကို သွားလည်ကြမယ်လေ။ ဗြုတ်စဗျင်းတောင်းရွာကကလေးတွေ စာသင်တဲ့  ကျောင်းကလေးကိုလည်း သွားကြည့်ကြမယ် ”  ဂျူနီယာက နှိုးဆော်သည်။
    ထိုစဉ် ဂျီးဒေါ်အိမ်ရှေ့ မှ  မြင်းလှည်းတစီးကို  မီးမီးကမြင်သွားပြီး ခုန်ဆွ ခုန်ဆွ အားရ၀မ်းသာ သတင်းပေးလေသည် ။
            “မမတို့ရေ - မြင်းကလေးကို  ပန်းပန်ပေးထားတယ် ကြည့်ကြစမ်း”
    ခေါင်းတွင်  ပန်းပွင့်ကလေးနှင့်မြင်းကလေးကို ကြည့်ပြီး မြင်းစီးလိုနေသော မီးမီးကို  ဂျီးဒေါ်က နောက်တခါလာရင် မြင်းစီးသင်ပေးမည်ဟု ကတိပြုလေသည်။ သို့နှင့် ဗြုတ်စဗျင်းတောင်း ရွာတွင်းသို့  မြင်းလှည်းကလေးစီးကာ  လှည့်လည်ကြလေသည် ။ ပထမဆုံး  ရွာကျောင်းမှ ကလေးငယ်များဆီ ပါလာသော လက်ဆောင်များပေးရန် လာခဲ့ ကြသည်။ ရွာကျောင်းမှ ကလေးများနှင့် မီးမီးမှာ အရွယ်တူချင်း သူငယ်ချင်း
လွယ်စွာဖြစ်ကြလေသည်။ မီးမီးက  ဒီရွာအရောက် သူလာခဲ့ ပုံကို ပြောပြမိတ်ဆက်ရင်း ကလေးများ ရည်မှန်းချက်ကို စူးစမ်းလေသည်။ ကလေးများကား  အတန်ငယ် စဉ်းစားလျှက် တယောက်က -
          “ကျောင်းဆရာမဖြစ်ချင်တယ်” ဟု သူ့ရှေ့ မှ  အတန်းပိုင်ဆရာမကို ကြည့်ရင်း ဖြေလေရာ ကျောင်းဆရာဆရာမ လုပ်လိုသူတွေ  အလျှိုလျှို ပေါ်လာလေသည်။ နောက်တယောက်ကတော့
    “ဆရာဝန် လုပ်မယ် ။အိမ်က  အမိုး နေမကောင်းတိုင်း ဆရာဝန်ပြရတာ ပိုက်ဆံတွေ အရမ်းကုန်တာပဲ ။ငါ ဆရာဝန်ဖြစ်မှ  အမိုးကို
ဆေးကုပေးမယ် ” စသဖြင့် သူတို့နှင့်  နီးစပ်ရာအလုပ်အကိုင်များကို တွေးတောကာ တယောက်တမျိုး ဆန္ဒတွေ ဖော်ထုပ်ကြလေသည်။
    “ငါက စစ်သားလုပ်မယ် ။စစ်တိုက်ချင်လို့” ဟု ကလေးတယောက်က ပြောရာ သူ့နံဘေးမှ  ကလေးက
    “စစ်သားလုပ်ရင်တော့   မင်းသေပြီသာမှတ် ။ ငါက ဗိုလ်ချုပ်မှူးကြီးလုပ်မှာ။ ဒါမှ ငါလုပ်ချင်ရာတွေ  လုပ်ပြီး ကျိကျိတက် ချမ်းသာမှာကွ ။ငါတို့ရွာနားက  ဗိုလ်ချုပ်ကြီးတွေဆို ငါတို့လယ်မြေတွေလဲ သိမ်းလို့ရတယ် ။ စစ်လဲ ကိုယ်တိုင်တိုက်စရာမလိုဘူး”
      သို့နှင့် တယောက်တပေါက် ငြင်းခုန်နေကြရာ ဂျော်ဒီးက  -
    “ကဲ ... ကဲ ... မင်းတို့အထဲမှာ  စာရေးဆရာတို့၊ ကဗျာဆရာတို့ရော ဖြစ်ချင်ကြသူတွေ  မပါကြဘူးလား” ဟု မေးလိုက်သည် ။
    ကလေးများမှာ  တုတ်တုတ်မှ  မလှုပ် ။ သူတို့ စိတ်ထဲမှာ စာရေးဆရာ ကဗျာဆရာဆိုတာကို  ကွင်းကွင်းကွက်ကွက် မြင်ပုံမပေါ်ကြ ။ အမှန်တော့  သူတို့မှာ  ကျောင်းစာအုပ်မှ လွဲပြီး အပြင်စာအုပ်စာတမ်းများကို ဖတ်ခွင့်မရကြရှာပေ ။ကလေးတို့အတွက် သုတရသစာအုပ်များကား ခုလို တောရွာလေးတွေမှာ  ရှားပါးပါဘိ  ။ သူတို့ဆီကို  ဖတ်စရာကလေးစာအုပ်ကလေးတွေ တတ်နိုင်သမျှ အရောက်ပို့ရန်. ဂျူနီယာတို့အားလုံး  တိတ်တိတ်ကလေး ဆုံးဖြတ်မိသည် ။
    ဟေမန်သဇင်ကတော့ အမှိုက်ဟု ရေးထားသော သူ့ဘုတ်အုပ်ကြီးထဲမှ  recycle ဆိုသော ခေါင်းစဉ်အောက်တွင် ပြန်လည်ရွေးထုတ်အသုံးပြုရန်ဟု ခေါင်းစဉ်ကို တေးမှတ်ကာ တစုံတရာကို ရေးနေလေသည် ။ ဘယ်အမှိုက်တွေထဲမှ ဘာကို ပြန်လည်ရွေးထုတ်ရန်
 ကြံစည်နေသည်ကို  မသိ ။
             ထို့နောက် ကလေးများကို  နှုတ်ဆက်ကာ  ရွာတွင်းသို့ ဆက်လာကြသည် ။ ရွာလမ်းတလျှောက်တွင်  အမှိုက်များကား ပေါပါဘိ ။အမှိုက်ဆိုလျှင် စိတ်ဝင်တစားလေ့လာချင်သော  ဟေမာန်သဇင်ပင် ခေါင်းတွေ မူးလာသည်။
        “အမှိုက်တွေကလည်း များတယ်နော်” ဂျူနီယာက ညည်းပြောလေး ပြောလေသည်။
“ အဲဒါ  - ရွာလူကြီးနဲ့သူ့အဖွဲ့က   နေ့တိုင်းလိုက်ချထားတဲ့ အမှိုက်တွေလေ ။ အဲဒါကြောင့် ဗြုတ်စဗျင်းတောင်း ကျေးရွာမှာ အမှိုက်တွေ ပေတယ်ဆို  ... နံမယ်ပျက်နေတာ” ဟု ဂျီးဒေါ်က ပြောရာ ဂျော်ဒီးတို့က
    “ဟင် ... ရွာလူကြီးနဲ့အဖွဲ့ က  ဘာလို့ တမင် အမှိုက်တွေ လိုက်ချရတာလဲ ။ သူတို့က သိမ်းတောင်ပေးရဦးမှာလေ”
    “သူတို့က  ရွာသားတွေကို လမ်းဖြောင့်ဖြောင့် မသွားစေချင်ကြဘူးလေ ။ ရွာသားတွေ အလျှောက်များတဲ့လမ်းဆို သူတို့က အမှိုက်တွေ ချကြတော့တာပဲ ။ဒါမှ ရွာသားတွေ အလုပ်ရှုပ်ပြီး ခရီးမတွင်မှာ။ ရွာသားတွေ အလုပ်ရှုပ်လေ သူတို့လုပ်ချင်ရာ လုပ်လို့ ရလေလို့
တွက်ပြီး အမှိုက်တွေကို တပုံတပင် ကြံဖန် ချကြတာပဲ ”
    ဂျီးဒေါ်စကားကို ကြားပြီး သူတို့အားလုံး  ရွာလူကြီးတို့အဖွဲ့ ကို ရွံရှာစက်ဆုပ်မိကြသည် ။
    “ဒါပေမဲ့ - တို့ဗြုတ်စဗျင်းတောင်း ရွာသားတွေက  သူတို့ ဘယ်လိုပဲ အလုပ်ရှုပ၊ ခရီးမတွင်အောင်  မျက်စိလှည့်လှည့်။ ကိုယ်သွားရမဲ့  လမ်းကို ကိုယ်သိကြတယ် ။ ဒါကလည်း ခေါင်းဆောင်ကောင်းတွေ ရှိလို့ပေါ့ ။ ဟော ဟိုမှာကြည့်  လမ်းတလျှောက် တို့ရွာသားတွေ
အမှိုက်ကောက်နေကြတာ”
  ရွာသား လူရွယ်တစုက ဦးဆောင်ကာ  ရွာလမ်းတလျှောက် အမှိုက်များကောက်နေကြသည် ။သူတို့အထဲမှ
ခေါင်းဆောင်ဖြစ်သူ "ကိုရွာလူကြီး ကိုနိုင်"  က
    “ ကျနော်တို့ သွားရမဲ့  လမ်းကို ထွေပြားအောင် အမှိုက်တွေ အမျိုးမျိုးချနေပေမဲ့  ကျနော်တို့ သတိကြီးကြီးနဲ့  လမ်းလျှောက်ရင်း
ကောက်ဖယ်ကြရတယ် ။ ဒါမှ ကိုယ့်လိုရာ ခရီးကို  ရောက်မယ်လေ ”
    ဟေမန်သဇင်က  ရွာသားများ ကောက်ဖယ်နေသော အမှိုက်များတွင်  ပြန်လည်အသုံးပြုနိုင်မည့်  ပစ္စည်းပါမပါ သိလိုလှသည် ။သို့နှင့် သူတို့ ကောက်ထားသော အမှိုက်အိတ်အနီးသို့ တိုးကပ်ရင်း အတွင်းသို့ကြည့်လိုက်ရာ အမှိုက်အိတ်အတွင်းတွင်
    “ ပလီပလာ ပီအာစနစ်ကျင့်သုံးရေး ”
    “လံကြုပ်လူမျိုးရေး၊ ဘာသာရေး  အဓိကရုဏ်း”
    “ဆူပူ အကြမ်းဖက် လမ်းလွှဲမှု ”
    “မတရား လယ်သိမ်းယာသိမ်းမှု ဘုန်းကြီးကျောင်းသိမ်းမှု ”  ... စသော ပုတ်အဲ့  နံစော် ဘယ်လိုမှ  ပြန်လည်အသုံးမပြုနိုင်သော အမှိုက်ဆိုး၊ အမှိုက်သိုး၊ အမှိုက်ဆွေးမြောက်များစွာကို  တွေ့ လိုက်ရရာ၊ ထိုကဲ့သို့  အမှိုက်များစွန့်ပစ်ရန်  အမှိုက်ပုံတခု အမြန်လိုအပ်နေပြီ ဟုစဉ်းစားမိကာ ။ ထိုအမှိုက်များ စွန့်ပစ်မြှုပ်နှံရန်.နေရာတခု၏ လိုအပ်သောအချက်များအား တချက်ချင်း ချရေးလိုက်လေသည် ။ပြီးနောက်  ရွာလူငယ်ခေါင်းဆောင်များ လက်ထဲသို့ အလျင်အမြန် လက်ဆင့်ကမ်းလိုက်လေသည် ။
    “ ဒီအမှိုက်တွေ စွန့်ပစ်ရမဲ့အမှိုက်ပုံဟာ ငလျင်ကြောမှာ မရှိရဘူး။ ကမ်းစပ်ချောင်းစပ် မနီးရဘူး။ လေဆိပ်နဲ့ မနီးရဘူး ။ ဒါ့အပြင်
အနီးအနားမှာရှိတဲ့ ပြည်သူတွေရဲ့ဆန္ဒသဘောထားတွေလည်း ထည့်စဉ်းစားရမယ်။ ပြီးတော့ အမှိုက်ပုံဒီဇိုင်းလုပ်တဲ့အခါမှာလည်း အနည်းဆုံး နှစ် ဆယ်သိန်း အထိ လက်ခံနိုင်မယ့် နေရာအကျယ်အ၀န်း၊ လေထု၊ ရေထုညစ်ညမ်းမှုကို ကာကွယ်ပေးမဲ့အစီအရင်။ ဒါ့အပြင် အဲဒီနှစ် ဆယ်သိန်းအတွင်း ပြောင်းလဲ သွားနိုင်မဲ့ လူမှုဘ၀၊ စီးပွားရေးပြောင်းလဲမှု့  စတာတွေကိုပါ ထည့်စဉ်းစားတာတောင် မပြည့်စုံသေးပဲ အမှိုက်ပုံကို လုံခြုံစိတ်ချစွာ ပိတ်ပြီးသွားတာတောင် ဆက်ပြီးထွက်နေအုံးမဲ့ဓါတ်ငွေ့တွေ၊ သားငန်ရည်တွေကို  နှစ်အတော်ကြာထိဆက်ပြီး စောင့်ရှောက်ရမဲ့ အစီအစဉ် တွေကိုပါထည့်သွင်းစဉ်းစားရမယ်”
           ဒါတောင် သိပ်စိတ်မချရသေး။ ဖြစ်နိုင်လျှင် ဒီအမှိုက်ဆိုးများကို ဗြုတ်စဗျင်းတောင်းရွာမှာသာမက ကမ္ဘာရွာရဲ့အနီးဝန်းကျင်မှာတောင် မထားရှိစေချင်တော့ပေ ။ ဒီအမှိုက်ဆိုးတွေကို  အပြီးတိုင် စွန့်ပစ်နိုင်မည့် အလုံခြုံ စိတ်အချရဆုံး  အမှိုက်ပုံးတခု အမြန်လိုချင်နေပါသည်။