မောင်ရစ် - အယ်ဒီတာ ဆရာမောင်ဝံသ အမှတ်တရ


မောင်ရစ် - အယ်ဒီတာ ဆရာမောင်ဝံသ အမှတ်တရ 

( သြဂုတ် ၁၁ ရက်နေ့ထုတ်၊ မောင်ဝံသကွယ်လွန်ခြင်း ၁ နှစ်၊ အမှတ်တရစာအုပ်ကနေ ကူးယူဖော်ပြတယ်)
(မေ ၉၊ ၂၀၁၄)


          ဆရာ့အတွက် အမှတ်တရစာရေးမယ်ဆိုတော့ အတွေးထဲမှာပဲ စီနေမိတယ်။ အမှတ်ရစရာတွေလည်း အများကြီးပဲကိုး။ ဆရာမဆုံးခင် ၂၀၁၀ အမေရိကန်လာတော့ ကျနော်တို့နဲ့ တွေ့တယ်။ ဒီဇင်ဘာလမှာ။ ၂၀၁၀ ရွေးကောက်ပွဲက ပြီးခါစဆိုတော့ ဆရာက စစ်အစိုးရရွေးကောက်ပွဲအကြောင်း ပြောစရာတွေ၊ ခန့်မှန်းချက်တွေ ပါလာတယ်။ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရတာဆိုတော့ သမ္မတဖြစ်မယ့်လူက ဦးသိန်းစိန် သို့မဟုတ်ရင် ဦးရွှေမန်း တဦးဦးလို့ ခန့်မှန်းနေဆဲမှာ ဆရာက ဦးသိန်းစိန်ဖြစ်လိမ့်မယ်လို့ မှန်းတယ်။

          နောက်တခုကတော့ ၂၀၁၀ ဇူလိုင်လမှာ ပြည်သူ့ခေတ်ဂျာနယ်ကို ဆရာ စတင်ထူထောင်ထုတ်ဝေခဲ့တယ်။ စစ်အစိုးရက တဖက်ပွင့် တဖက်ပိတ်နဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ပေးခါစ (ရွေးကောက်ပွဲကလည်း နီးပြီ) ဆရာကိုယ်တိုင်က ပြည်သူ့ခေတ်ဂျာနယ်ကို ထုတ်ဝေတော့ မောင်ရစ်ကိုယ်တိုင်က သိပ်အစာမကျေဘူး။ သူတို့ရွေးကောက်ပွဲတွေ သူတို့သတင်းတွေ တင်ဖို့ စာစောင်တွေထဲမှာ ပြည်သူ့ခေတ်လည်း ပါတော့မှာကိုး။ သည်တော့ ဆရာက သူတို့ ပြည်သူ့ခေတ်ကို ထုတ်ဝေဖို့ ရုန်းကန်ကြိုးပမ်းရပုံတွေ ပြောပြတယ်။ လွတ်လပ်တဲ့ စာနယ်ဇင်းကောင်စီတခု ပေါ်ပေါက်လာဖို့ ပြင်ဆင်လှုံ့ဆော်နေရပုံတွေကို ရှင်းပြတယ်။ လက်ရှိအာဏာပိုင်တွေနဲ့ ယုံကြည်မှုတို့ အပေးအယူတို့ သွေးတိုးစမ်းတာတို့ လုပ်နေတာတွေနဲ့ ပတ်သက်ပြီး အပြင်ကနေ အမြဲဆန့်ကျင်၊ အဆိုးမြင်နေသူတဦးအနေနဲ့ကတော့ ဆရာ့ကို သိပ်မကြည်ဘူးပေါ့ဗျာ။ ဒါပေမယ့် ဆရာနဲ့ ကျနော်နဲ့ကလည်း နှစ်ပေါင်းများစွာ ကွဲကွာခဲ့ကြလို့ လူချင်းမတွေ့ဆုံခဲ့ကြသော်လည်း စိတ်ချင်းနီးသူတွေ ဖြစ်တာကြောင့် ပြောပြောဆိုဆို ဆွေးဆွေးနွေးနွေးနဲ့ အမြင်ချင်း ဖလှယ်ခဲ့ကြတာပါပဲ။

          အဲသည်တုန်းမှာ ဆရာက မိုးမခအတွက် ကလောင်အမည်တမျိုးနဲ့ စာရေးပေးတယ်၊ သူ့နာမည်ကို မဖော်ပြဘဲနဲ့ အတိုက်အခံပါတီ NLD ရဲ့ အာဏာရှင်ခေတ်အောက် အမှောင်တိုက်ကြီးထဲ ရုန်းကန် တိုက်ပွဲဝင်မှုတွေ၊ ရွေးချယ်မှုတွေကို ထင်မြင်ချက်ပေးတဲ့ အင်တာဗျူးတခု ပေးခဲ့တယ်။ မောင်ရစ်ကိုလည်း အတွေးအမြင်မှာ စာပြန်ရေးဖို့ အားပေး တိုက်တွန်းခဲ့ပြန်တာပါပဲ။

          အဲသည်အချိန်ပတ်ဝန်းကျင်လောက်မှာ အွန်လိုင်းပေါ်မှာ မောင်ဝံသကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ အခန်းဆက်ဆောင်းပါးတွေ တက်လာတယ်။ အခြား စေ့စပ်ရေး၊ ရွေးကောက်ပွဲဝင်ရေး မျက်စပစ်တဲ့ စာရေးဆရာကြီးတချို့နဲ့ ခိုင်းနှိုင်းပြီးတော့ ဆရာ့ကိုလည်း ဒီမိုကရေစီအရေးတော်ပုံကို မျက်ကွယ်ပြုသူ၊ အင်န်အယ်ဒီပါတီရဲ့ အဲသည်တုန်းကရပ်တည်ချက်ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲသပိတ်မှောက်တာကို ထောက်ခံမှု မပြုသူ စသည်ဖြင့်တွေနဲ့ ပုတ်ခတ်ရေးထားတာတွေဖြစ်ပါတယ်။ အဲသည်စာတွေကို မိုးမခကိုလည်း ပို့လာပါတယ်။ ကျနော်ကတော့ မထည့်ဘူး၊ အသိအမှတ်လည်း မပြုဘူး။ သည်တော့ အဲသည်လူတွေဘက်က ပြောစရာက မောင်ရစ်ဆိုတဲ့သူက အတွေးအမြင်ကနေ စာရေးဆရာဖြစ်လာတော့ မကင်းရာမကင်းကြောင်းမို့လို့ မောင်ဝံသကိုတော့ အကာအကွယ်ပေးတယ်ပေါ့လေ။ ပုဂ္ဂိုလ်ရေးဝေဖန်တဲ့နေရာမှာ ကိုယ့်အမည်ကိုယ်မဖော်ဘဲနဲ့ သူများကို တဖက်သတ် ပုတ်ခတ်ရေးသားတဲ့စာတွေမို့ ပစ်ပယ်တာပါ။ သို့သော်လည်း မောင်ဝံသမို့လို့ မောင်ရစ်က ဘက်လိုက်တယ်လို့ ပုဂ္ဂိုလ်ရေးဆန်ဆန် အပြစ်တင်ချင်လည်း ‘ဟုတ်တယ်ကွာ’ လို့ တခွန်းတည်း ဖြေချင် ဖြေလိုက်မှာပါပဲ။

          အဲသည်တုန်းက NLD ပါတီက ခွဲထွက်သွားတဲ့ NDF ပါတီရဲ့ တွေ့ဆုံပွဲတခုမှာ ထင်ပါရဲ့။ ဆရာက အဲသည်ပွဲကို သတင်းသမားတဦးအဖြစ် တက်ရောက်ပါတယ်။ အဲသည်လူတွေနဲ့ အဲသည်စာရေးဆရာတွေနဲ့ တတန်းတည်း ထိုင်နေပါတယ်။ အဲသည်ဓာတ်ပုံကို မိုးမခက ရတော့ အဲသည်သတင်းကို တင်ဖြစ်တယ်။ အဲသည်အကြောင်းကို ဆရာက အမှတ်တရရှိရှိနဲ့ ပြန်ပြောတယ်။ အဲသည်လိုမျိုး ပရိသတ်တွေက မြင်သွားတော့ သူ့အပေါ်ကို တွေးစရာ မြင်စရာတွေ ရသွားမယ်တဲ့။ သူကလည်း အဲသည်ပွဲမှာ ရည်ရွယ်ချက် ရှိရှိနဲ့ တွဲပြီးတော့ ထိုင်တာမျိုး မဟုတ်ပါဘူး တဲ့။ မမျှော်လင့်ဘဲ နေရာချထားတဲ့အတိုင်း ထိုင်ရတာကို သတင်းဓာတ်ပုံသမားတွေက လုပ်လိုက်တာ သူစိတ်မကောင်းဖြစ်တယ်လို့ သူက ပြောတယ်။ အဝေးကနေ သတင်းလုပ်နေရသူတွေမှာ တခါတလေ ကိုယ့်မိတ်ဆွေတွေနဲ့ အချိတ်အဆက် နားလည်မှုတွေ လွဲတတ်တာ သဘာဝမို့ သင်ခန်းစာယူစရာလို့ ကိုယ့်ဖာသာပဲ ကောက်ချက်ဆွဲလိုက်ပါတယ်။

          ပြန်စဉ်းစားကြည့်လိုက်တော့ ဆရာနဲ့ ကျနော်နဲ့ ဆုံရတာဟာ မတော်တဆဆုံကြရတာပါပဲ။ ၁၉၈၈ အရေးတော်ပုံ အနိမ့်ပိုင်းအချိန် (၁၉၉၀ ရွေးကောက်ပွဲအပြီးကာလ၊ ထောင်ထဲ တောထဲမှာ ကျောင်းသားခေါင်းဆောင်၊ ပါတီခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်တွေအားလုံးနီးပါး ရောက်နေချိန်) ကျောင်းသားလှုပ်ရှားမှုတွေ ရေနည်းငါးဖြစ်နေတော့ လမ်းပေါ်လည်း မထွက်နိုင်၊ မြေအောက်စာစောင်တွေကလည်း အားနည်းလာချိန် … ဘာလုပ်ရမှန်းမသိ ယောင်ချာချာနဲ့ အတွေးအမြင်တိုက်ကို ၀င်၊  စိတ်ကူးအိပ်မက်တွေကို စာနဲ့ ရေးချပြီးတော့ ဆရာတို့ဆီ စာမူပို့ခဲ့တာက စတဲ့ မတော်တဆမှုပါပဲ။ စာမူတွေကို ဆရာတို့က စိစစ်ပြီး တင်ပေးတာကနေစပြီး အတွေးအမြင်မှာ စာ စရေးမိတော့တာပါပဲ။ အဲသည်တုန်းက စာပေလက်နက်ဖြင့် တိုက်ပွဲဝင်အံ့ပေါ့လေ။ စာပေနဲ့ စာနယ်ဇင်းတိုက်ပွဲဟာ ဘယ်လောက်တောင် သံမဏိသက်ရှည် ကြာရှည်လေးမြင့် ပင်ပန်းဆင်းရဲတယ်ဆိုတာကိုလည်း သပိတ်မှောက်ကျောင်းသားပေါက်စက ဘယ်သိမှာလဲ။

          မှတ်မိတာ တခုကတော့ နည်းပညာတော်လှန်ရေးဆိုတဲ့အကြောင်းကို ရေးချင်လို့ အချက်အလက်တွေရှာ၊ စကားတွေ လိုက်ပြောတဲ့အခါ ဆရာက စိတ်ရှည်လက်ရှည် နားထောင်ပြီး ကူညီခဲ့တာ။ သူတို့အရင်က ဆောင်းပါးတွေထဲမှာ ပါခဲ့တဲ့အကြောင်းအရာ အစုအဆောင်းတွေ ထုတ်ပေးပြီး အားပေးကူညီခဲ့တာ။

 နောက်တော့ ၁၉၉၆ နောက်ပိုင်းမှာ ကျနော်လည်း စာမရေးတော့ဘူး။ ကာတွန်းလည်း မဆွဲတော့ဘူး။ စာပေနဲ့ စာနယ်ဇင်းအလုပ်က အမှောင်ကျတဲ့ကာလကြီးမှာ ဒုက္ခပေါင်းစုံ စိန်ခေါ်မှု ပေါင်းစုံကို ရင်စီးခံပြီး လုပ်ရတာပဲ။ ကျနော်ကတော့ ကိုယ့်ဘ၀က တခြား၊ ကိုယ့်ယုံကြည်မှုက တနေရာ ဖြစ်နေတဲ့ လူငယ်တဦးရဲ့ လေလွင့်သူတဦးလို ခံစားချက်နဲ့ စာလည်း မရေးနိုင်၊ ကာတွန်းလည်း မဆွဲနိုင်တော့ဘဲ အဆက်ဖြတ်ခဲ့ပါတော့တယ်။ ၇ နှစ်လောက်တော့ ကြာမယ် ထင်တယ်။

သည်လိုနဲ့ စားဝတ်နေရေးအတွက် ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေသူတဦးအဖြစ်ကနေ မိုးမခမီဒီယာဆိုတာကို စာပေနဲ့ နိုင်ငံရေးခံယူချက် တူညီသူ မိတ်ဆွေ သူငယ်ချင်းကောင်းများရဲ့ ကူညီစောင့်ရှောက်အားပေးမှုတွေနဲ့ ၂၀၀၃ က စပြီး ပြန်လည်တည်ဆောက်ဖြစ်ပါတယ်။ အဲသည်အခါမှာ မိမိနဲ့အဆက်ပြတ်နေတဲ့ အတွေးအမြင်စာစောင်က ဆောင်းပါးတွေ ပြန်လည်ဖတ်ရှုရင်းနဲ့ ဆရာ့စာတွေ၊ အတွေးအမြင်ဆောင်းပါးတွေကနေ ပြန်လည်လေ့လာ သင်ယူရပြန်တော့တယ်။ အဲသည်အချိန်မှာ အတွေးအမြင်ဟာ အစဉ်အမြဲ အားကောင်းမောင်းသန်၊ ယုံကြည်ချက်ခိုင်မာသူ စာပေမိတ်ဆွေတွေရဲ့ စာမူတွေနဲ့ အမြဲစိမ်းလန်းရှင်သန်နေဆဲဆိုတာ တွေ့ရပါတယ်။ ဆရာဟာ အတွေးအမြင်ဆိုတဲ့ စာနယ်ဇင်းအလံတစင်းကို အမြဲတန်း အမြင့်မားဆုံးလွှင့်ထူထားနိုင်တာကို တွေ့ရတော့ ဆရာနဲ့ ၀ိုင်းတော်သားတွေအတွက် ဂုဏ်ယူရသလို၊ တခါက အတွေးအမြင်ဆောင်းပါးရေးခဲ့သူတဦးအနေနဲ့လည်း ဂုဏ်တက်မိရပြန်ပါတယ်။

မောင်ဝံသနဲ့ စာပေမိတ်ဆွေ၊ စာနယ်ဇင်းမိတ်ဆွေ ဖြစ်ခွင့်ရလို့၊ စာရေးသူ တပည့်တဦးဖြစ်ခွင့်ရလို ဂုဏ်ငယ်သွားတယ် မရှိပါဘူး။ အတွေးအမြင်စာစောင်မှာ ခြေချခွင့်ရလို့ အဲသည်ကနေ စာပေရေးသားခွင့်ရလို့ မိမိဂုဏ်သိက္ခာ ထိခိုက်ပွန်းပဲ့ရတယ် မရှိပါဘူး။ ဆရာတို့အတွေးအမြင် မိတ်ဆွေ အပေါင်းအသင်းတွေဆိုတာ တသက်တာဂုဏ်ယူ ၀မ်းမြောက်စရာ ဖြတ်သန်းမှု မှတ်တိုင်တွေသာ ဖြစ်ပါတယ်။ ဆရာမောင်ဝံသနဲ့ အတွေးအမြင်စာစောင် ကိုယ်တိုင်ကလည်း စာပေ စာနယ်ဇင်းနဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကို ထာဝရ ထိန်းသိမ်းမြှင့်တင် စောင့်ရှောက်သွားနေတာကြောင့် နောင်လည်းပဲ မျိုးဆက်သစ်တွေ ဆက်လက်ဂုဏ်ရှိနေရမယ့် စာပေစင်မြင့်တခုအဖြစ် တည်ရှိနေမှာ ဖြစ်ပါတယ်။

အခုတော့ ဆရာလည်း မရှိတော့ပါ။ ကျနော်လည်း အတွေးအမြင်မှာ ဆောင်းပါးရေးသူတဦးအဖြစ် ပြန်လည် ထမ်းဆောင်လျက်ရှိပါတယ်။ ကျနော်လည်း စာပေနဲ့ စာနယ်ဇင်းအလုပ်ကို တစိုက်မတ်မတ် အားမလျော့တမ်း မမှိတ်မသုံလုပ်ဖို့ ဆက်လက်ကြိုးစားပါဦးမယ်။

ဆရာနဲ့ ဘဘဦးဝင်းတင်တို့ ဆုံဖြစ်ကြရင် ကျနော် သတင်းမေးလိုက်တယ် ပြောပါ။

(မောင်ရစ်)
(ဓာတ်ပုံ၊ မိုးမခ၊ ဆရာဦးဝံသကို ဆန်ဖရန်ဘေးအတွင်းက Alcatraz  အကျဉ်းထောင်ကျွန်း(ဟောင်း) ကို နောက်ခံထားလျက် တွေ့ရစဉ်၊ ၂၀၁၀ ဒီဇင်ဘာ)